အခန်း ၉၅
Vol. 10 Ch. 95
Chapter 95
ချန်ကျိုးထံမှ ဆိုင်ခန်းအား လုယူသိမ်းပိုက်ခြင်း ခံခဲ့ရသော မူလဆိုင်ရှင်လေးကို မှတ်မိကြသေးသည် မဟုတ်ပါလော။
ချန်ကျိုး ထွက်ခွာသွားပြီးနောက် သူသည် ဝိညာဉ်ဈေး၏ ဝိညာဉ်စစ်သည်များကို အလျင်အမြန်ခေါ်ဆောင်၍ ရောက်ရှိလာခဲ့သည်။
"ဝိညာဉ်စစ်သည်အစ်ကိုကြီးနှစ်ယောက်၊ ဟောဟိုရှေ့မှာတင်ပါ၊ သူက သူ့ကိုယ်သူ ချန်ကျိုးကြီးလို့ ခေါ်ပါတယ်၊ ခေါင်းပေါ်မှာ လည်း အနီရောင်ပန်းခွေကြီးတွေ အပြည့်ပတ်ထားပြီး သူ့ဘေးမှာ အကောင်သေးသေးလေးနဲ့ ဝိညာဉ်လေးတစ်ကောင်၊ ပြီးတော့ သရဲမတစ်ကောင်လည်း ပါပါသေးတယ်၊ ဟုတ်သားပဲ... သူတို့ဆီမှာ ကျားဝိညာဉ်တစ်ကောင်လည်း ပါသေးတယ်၊ အဲဒီဆိုင်ခန်းက..."
ဆိုင်ခန်းနေရာမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ချန်ကျိုး၏အရိပ်အယောင်ကို ရှာမတွေ့နိုင်တော့ချေ။
"မဟုတ်... မဟုတ်သေးပါဘူး၊ ဒါ... ဒါနဲ့ ချန်ကျိုးကြီးကော"
မူလဆိုင်ရှင်သည် ပတ်ပတ်လည်သို့ ဝေဝေဝါးဝါး လိုက်လံကြည့်ရှုသော်လည်း ချန်ကျိုး၏အရိပ်ကိုပင် မမြင်ရတော့ပေ။
"ဝိညာဉ်စစ်သည်အစ်ကိုကြီးနှစ်ယောက်၊ ချန်ကျိုးကြီးက ခုနတင်က ဒီမှာ တကယ်ရှိနေတာပါ၊ ခေါင်းပေါ်မှာ အနီရောင်ပန်းခွေ ကြီးတွေ အပြည့်နဲ့၊ တခြားဆိုင်ရှင်တွေလည်း မြင်ကြပါတယ်၊ မယုံရင် တခြားဆိုင်ရှင်တွေကို မေးကြည့်ပါလား"
တခြားဆိုင်ရှင်များသည် ခေါင်းငုံ့ထားကြပြီး မည်သည့်ရှင်းပြချက်မျှ မလုပ်ကြချေ။ ဤနေရာမှာ ဝိညာဉ်ဈေးဖြစ်ရာ မည်သူက အားယားနေ၍ သူတစ်ပါးကိစ္စထဲ ဝင်ပါမည်နည်း။
မူလဆိုင်ရှင်မှာ ငိုမဲ့မဲ့မျက်နှာဖြင့် ဝိညာဉ်စစ်သည်နှစ်ယောက်ကို မည်သို့ရှင်းပြရမှန်း မသိတော့ပေ။
ထိုအထဲမှ ဝိညာဉ်စစ်သည်တစ်ယောက်သည် လက်နှစ်ဖက်ကို အချင်းချင်း ပူးကပ်လိုက်ပြီး မိမိခန္ဓာကိုယ်အတွင်းမှ ယင်စွမ်းအင် များကို လက်နှစ်ဖက်ကြားသို့ ပို့လွှတ်လိုက်ကာ လက်ဖဝါးထဲတွင် စုစည်းလာသော ယင်စွမ်းအင်များကို ဆိုင်ခန်းနေရာပေါ်သို့ ဖြန့်ခင်းလိုက်ချေသည်။
ဆိုင်ခန်းရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ခေါင်းတွင် အနီရောင်ပန်းခွေဦးထုပ်ကြီး ဆောင်းထားသော ချန်ကျိုးသည် မူလဆိုင်ရှင်ကို အကြမ်းဖက် မောင်းထုတ်ခဲ့ရုံသာမက ဝိညာဉ်ဈေးအတွင်း၌လည်း ဆူဆူပူပူ လုပ်ဆောင်ကာ အခြားရန်သူများနှင့် ပြောင်ပြောင်တင်းတင်း ရန်စလျက် အခြားလူများနှင့် သရဲများကို အဓမ္မရောင်းဝယ်မှုများ ပြုလုပ်နေချေသည်။
အမည်... ချန်ကျိုးကြီး။
ကျူးလွန်သော ပြစ်မှုများ။
၁။ သူတစ်ပါး ပိုင်ဆိုင်ထားသော ဆိုင်ခန်းနေရာကို မရိုးမသား မောင်းထုတ်ခြင်း။
၂။ ဝိညာဉ်ဈေးအတွင်း အခြားရန်သူများကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြင်း။
၃။ ဝိညာဉ်ဈေး၏ ငြိမ်းချမ်းစွာ ရောင်းဝယ်ခြင်းဆိုင်ရာ စည်းမျဉ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်း။
၄။ ဝိညာဥ်လောက စည်းကမ်းကိုချိုးဖောက်ခြင်း။
မည်သို့မျှ ငြင်းချက်ထုတ်၍ မရတော့သော မူလဆိုင်ရှင်သည် ပုံရိပ်မှ အချက်အလက်များကို မြင်သောအခါ ပြောလိုက်သည်။
"အစ်ကိုကြီးနှစ်ယောက်၊ အကုန်မြင်ရပြီ မဟုတ်လား၊ သူက ဒီလောက်အထိ ရိုင်းစိုင်းလွန်းတာ၊ ဝိညာဉ်ဈေးရဲ့ စည်းမျဉ်းတွေကို သိရက်သားနဲ့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ၊ သူ့ကို သေချာပေါက် အပြစ်ပေးရမယ်၊ မြေအောက်အကျဉ်းထောင်ထဲ ဆွဲသွင်းပြီး အပင်ပန်းဆုံး အလုပ်ကြမ်းတွေကို လုပ်ခိုင်းရမယ်"
"မင်း အရင်ဆုံး ဆိုင်ပြန်ခင်းလိုက်၊ ကျန်တဲ့ကိစ္စတွေကို မင်း စိတ်ပူစရာ မလိုတော့ဘူး"
ချန်ကျိုး၏ပုံရိပ်ကို ထုတ်ဖော်ပြသခဲ့သော ဝိညာဉ်စစ်သည်သည် လက်နှစ်ဖက်ကို ထပ်မံပူးကပ်ကာ နှုတ်မှ သရဲဂါထာကို တိုးတိုးရွတ်ဆိုလိုက်ရာ ဆိုင်ခန်းရှေ့မှ ထိုပုံရိပ်သည် မိမိ၏ပစ္စည်းများကို အဓမ္မ ရောင်းချပြီးနောက် ဝိညာဉ်ဈေးအတွင်းပိုင်းသို့ ဦးတည် လျှောက်လှမ်းသွားသည်ကို မြင်တွေ့ရချေသည်။
ဝိညာဉ်စစ်သည်နှစ်ယောက်သည် ချန်လူတော်ကြီး၏ ပုံရိပ်ပြသချက်အတိုင်း နောက်မှ လိုက်လံ ရှာဖွေကြတော့သည်။
ဝိညာဉ်ဈေး၏တစ်နေရာရှိ ဆိုင်ခန်းတစ်ခုရှေ့တွင် ချန်လူတော်ကြီးသည် ငွေအိတ်များစွာကို ခါးတွင် ချည်နှောင်ထားပြီး လက်ထဲတွင် သစ်မြစ်ကဲ့သို့ ပုံသဏ္ဌာန်ရှိ၍ အမည်းရောင် ပြောင်လက်နေသော ပုလွေတစ်ချောင်းကို ကိုင်တွယ် ကစားနေချေသည်။
[ဝိညာဉ်ပုလွေ - အဆင့်သုံး ဝိညာဉ်လက်နက်၊ အသုံးပြုပုံ - ဝိညာဉ်များကို မေးမြန်းခြင်း၊ အသုံးပြုသူ၏အဆင့်အတန်းအလိုက် သရဲသစ္ဆာများ၊ နတ်ဝိညာဉ်များနှင့် ဆက်သွယ် စကားပြောဆိုနိုင်သည်]
ချန်ကျိုးသည် ဟင်းသီးဟင်းရွက် ဈေးထဲတွင် လျှောက်လည်နေသကဲ့သို့ ရှောင်ကွေ့ထိုနှင့်အတူ ရယ်ရယ်မောမော စကားပြောနေချေသည်။
"ရှောင်ကွေ့ထို၊ ငါက ဘောလုံးလေးကို ဒီပုလွေ လက်ဆောင်ပေးရင် သူ သဘောကျပါ့မလား"
ချန်ကျိုးက နှုတ်ခမ်းနား တေ့၍ မှုတ်ကြည့်လိုက်ရာ လေတိုးသံတစ်ခု ထွက်ပေါ်လာချေသည်။
"သူ သေချာပေါက် အရမ်းသဘောကျမှာပေါ့၊ ချန်ကျိုးကြီးက ကျွန်မကို ပေးတဲ့ ဂီတသေတ္တာလေးကို ကျွန်မ တအားသဘောကျ တာ"
ဝိညာဉ်လေး၏ချီးမွမ်းမှုကို ရရှိသောအခါ ချန်ကျိုးသည် စိတ်ကျေနပ်စွာဖြင့် ဝိညာဉ်ပုလွေကို ကျားဝိညာဉ်ကျောပေါ်ရှိ အထုပ်ထဲသို့ ထည့်သွင်းလိုက်ချေသည်။
ဤလုပ်ရပ်များကြောင့် ဆိုင်ရှင်မှာ ကြောင်အမ်းသွားရတော့သည်။
မင်းက ပစ္စည်းဝယ်တာ ငွေမပေးဘဲ ကိုယ့်အိတ်ထဲကိုယ် တိုက်ရိုက် ထည့်နေတာလား။
"ဒါက ငွေပေးပြီး ဝယ်ရမှာပါ"
ဆိုင်ရှင်က သတိပေးလိုက်ချေသည်။
စိတ်ကျေနပ်နေသော ချန်ကျိုးသည် ဆိုင်ရှင်၏စကားကို ကြားသောအခါ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားရချေသည်။
"မင်းကြည့်ရတာ ဒီချန်ကျိုးကြီးက ပစ္စည်းဝယ်ရင် ငွေမပေးတဲ့လူနဲ့ တူလို့လား"
ချန်ကျိုးသည် ခေါင်းငုံ့ကာ ခါးရှိ ငွေအိတ်ကို ဖွင့်လိုက်ပြီး လက်ကြီးတစ်ဖက်ကို နှိုက်၍ ဝိညာဉ်ဒင်္ဂါးတစ်ပြားကို ထုတ်ကာ ဆိုင်ရှင်၏ ရှေ့မှောက်သို့ ချပေးလိုက်ချေသည်။
"အကြွေပြန်အမ်းစရာ မလိုဘူး"
ထိုဆိုင်ရှင်၏ မျက်နှာအမူအရာမှာ ဆွံ့အသွားရချေပြီ။
အကြွေပြန်အမ်းစရာတောင် မလိုဘူး ဟုတ်လား။
"ကျွန်တော့်ပစ္စည်းက အဆင့်သုံး ဝိညာဉ်ပုလွေဗျာ၊ ဈေးကွက်ပေါက်ဈေးက ဝိညာဉ်ဒင်္ဂါးသုံးထောင်ရှိတယ်"
ဆိုင်ရှင်က လက်ညှိုးသုံးချောင်းကို ထောင်ပြလိုက်ချေသည်။
ချန်ကျိုးသည် ဆိုင်ရှင်ကို ကြည့်ကာ မတတ်သာသည့်အဆုံး လက်ကြီးကို ငွေအိတ်ထဲသို့ ထပ်မံနှိုက်၍ ဝိညာဉ်ဒင်္ဂါးသုံးပြားကို ကျုံးထုတ်ကာ ဆိုင်ရှင်ထံသို့ ပစ်ပေးလိုက်ရင်း ပြောလိုက်သည်။
"အတ္တကြီးတဲ့ ကုန်သည်၊ နှလုံးသားတစ်ခုလုံး မည်းညစ်နေတာပဲ"
ပြောပြီးသည်နှင့် ခေါင်းကိုပင် ပြန်မလှည့်ဘဲ မာန်ပါပါဖြင့် ထွက်ခွာသွားတော့သည်။
ထိုဆိုင်ရှင်သည် ထွက်ပေါ်လာသော ဝိညာဉ်ဒင်္ဂါးသုံးပြားကို ကြည့်ကာ အော်ဟစ်လိုက်ချေသည်။
"မင်း ပြန်လာခဲ့ဦး၊ မင်း ငါ့ကို ဝိညာဉ်ဒင်္ဂါးသုံးရာပေးတာ ဘယ်သူ့ကို အရှက်ခွဲနေတာလဲ၊ ငါ မရောင်းတော့ဘူး ရမလား"
ချန်ကျိုးသည် မည်သည့်နေရာမှ သတ္တိများ ရောက်ရှိလာသည်မသိဘဲ ရိုင်းစိုင်းစွာ ပြန်လည်အော်ဟစ်လိုက်ချေသည်။
"ဒီချန်ကျိုးကြီးရဲ့ ဝိညာဉ်ဒင်္ဂါးက တခြားလူတွေရဲ့ ဝိညာဉ်ဒင်္ဂါးနဲ့ တူပါ့မလား၊ ဒီချန်လူတော်ကြီးရဲ့ ဝိညာဉ်ဒင်္ဂါးတစ်ပြားက တခြားလူတွေရဲ့ ဝိညာဉ်ဒင်္ဂါး ကုဋေကုဋာနဲ့ ညီမျှတယ်၊ မင်း ဒီချန်လူတော်ကြီးဆီက သုံးကုဋေ ရသွားတာကို တိတ်တိတ်လေး ပျော်နေလိုက်စမ်းပါ"
ဆိုင်ရှင်သည် လက်ထဲတွင် ဝိညာဉ်ဒင်္ဂါးသုံးပြားကို ဆုပ်ကိုင်ထားရင်း “ဘာက သုံးကုဋေလဲ၊ ကလေးကို လှည့်စားနေတာလား” ဟု တွေးတောမိချေသည်။
ဆိုင်ရှင်သည် နောက်မှ လိုက်လံဖမ်းဆီးရန် ပြင်လိုက်သော်လည်း ရုတ်တရက် မိမိ၏ခန္ဓာကိုယ်ကြီး လှုပ်ရှား၍ မရတော့သည်ကို သတိပြုမိလိုက်ချေသည်။
[စနစ် စတင်အသုံးပြုခြင်း - ချုပ်နှောင်ခြင်းအတတ်]
ထိုအချိန်တွင် ကျားဝိညာဉ်က နောက်သို့ လှည့်ကြည့်ကာ နှုတ်ခမ်းဘေးမှ အမွှေးအမျှင်များကို လျှာဖြင့် သပ်လိုက်ချေသည်။
ဆိုင်ရှင်သည် အကြောင်းရင်းမရှိဘဲ တစ်ကိုယ်လုံး ချမ်းစိမ့်သွားရတော့သည်တည်း။
“ကောင်းပြီ၊ အဓမ္မ လုယူဝယ်တာပေါ့၊ ကိုယ့်ကိုယ်ကိုယ် ချန်ကျိုးကြီးလို့ ခေါ်တယ်ပေါ့၊ ဝိညာဉ်စစ်သည်တွေ လာဖမ်းတာကိုသာ စောင့်နေလိုက်တော့”
စနစ်က “ချန်ကျိုး လုယူတဲ့ပစ္စည်းတွေနဲ့ ဒီစနစ်နဲ့ ဘာဆိုင်လို့လဲ” ဟု မြည်တွန်တောက်တီးချေသည်။
လုပ်လက်စနှင့်ပင် ရှောင်ကွေ့ထိုအတွက် ဗုံအသေးလေးတစ်ခု ဝယ်ပေးသည်။
အားယန်အတွက် ပန်းအိုးတစ်လုံး ဝယ်ပေးသည်။
ကျားဝိညာဉ်အတွက် ခြူတစ်ခု ဝယ်ပေးသည်။
ကြောင်လေးအတွက် ဘောလုံးတစ်လုံး ဝယ်ပေးသည်။
သုန်းသုန်းချီအတွက်...
လမ်းတစ်ခုလုံးရှိ ဆိုင်ခန်းများအားလုံးမှာ ချန်ကျိုး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ဝိညာဉ်ဒင်္ဂါး အိတ်ဝက်မျှပင် မကုန်သေးချေ။
နှစ်တစ်ထောင် ကျားဝိညာဉ်ကျောပေါ်ရှိ ဟောင်းနွမ်းချိုင့်ဝင်နေသော အထုပ်ကြီးမှာ ချန်ကျိုးကြောင့် ထပ်မံ၍ ပြည့်လျှံသွားရပြီး အတွင်းရှိ ပစ္စည်းအများစုမှာ အရောင်တလက်လက် တောက်ပြောင်နေသော ပစ္စည်းများသာ ဖြစ်ကြချေသည်။
မြင်ကွင်းတစ်ခု ပြောင်းလဲသွားသောအခါ ဝိညာဉ်ဈေး စီမံခန့်ခွဲရေးရုံးတွင် လာရောက်တိုင်တန်းကြသော ဆိုင်ရှင်များဖြင့် ပြည့်နှက်နေချေပြီ။
"ဝိညာဉ်ဈေးက တကယ်ပဲ မစီမံတော့ဘူးလား၊ ချန်ကျိုးကြီးက အဲဒီလိုမျိုး ပစ္စည်းတွေကို အဓမ္မလုယူဝယ်နေတာကို ဒီအတိုင်း လွှတ်ထားတော့မှာလား"
"ဝိညာဉ်ဈေးက ကျွန်တော့်ကို သေချာပေါက် ရှင်းပြချက်တစ်ခု ပေးရမယ်၊ ဝိညာဉ်ဒင်္ဂါးတစ်ရာကို တစ်ထောင်ပါဆိုပြီး ကျွန်တော့်ရဲ့ အဆင့်နှစ် လက်နက်ကိုလုယူသွားတယ်၊ ဒီဆုံးရှုံးမှုကို ဘယ်သူက လျော်ကြေးပေးမှာလဲ"
"မင်းက တော်သေးတာပေါ့၊ သူက ဝိညာဉ်ဒင်္ဂါးတစ်ရာကို ထုတ်ပြီး ဒါက အဆုံးမဲ့ ဝိညာဉ်ဒင်္ဂါးတွေပါဆိုပြီး ကျွန်တော့်ရဲ့ ဆိုင်ခန်းကိုပါ အကုန်လုသွားတာ"
"ချန်ကျိုးကြီးက အဓမ္မလုယူတာဗျာ၊ ကျွန်တော်က မရောင်းဘူးလို့ ပြောမိတာကို သူ့ကို အထင်သေးရမလားဆိုပြီး ကျွန်တော့်ကို ရိုက်နှက်သွားတာ ကြည့်ကြပါဦး"
"မင်းတို့ တာဝန်ရှိသူတွေ ဘယ်မှာလဲ၊ ကျွန်တော်တို့ကို သေချာပေါက် ရှင်းပြချက်တစ်ခု ပေးရမယ်"
"မှန်တယ်၊ ကျွန်တော်တို့က ဝိညာဉ်ဈေးမှာ စည်းကမ်းရှိရှိ ဆိုင်ခင်းနေတာ၊ သေချာပေါက် ရှင်းပြချက်တစ်ခု ပေးရမယ်"
ဝိညာဉ်ဈေးအတွင်းရှိ လမ်းတစ်ခုလုံးမှာ ချန်ကျိုး၏ နှိပ်စက်မှုကို ခံလိုက်ရသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လမ်းအချို့မှာ သတင်းကို ကြားသိရပြီး ဆိုင်ခန်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ကြကာ ချန်လူတော်ကြီး ဖြတ်သန်းသွားပြီးမှသာ ပြန်လည်ခင်းကျင်း ရန် ပြင်ကြချေသည်။ သတ္တိနည်းသော ဆိုင်ရှင်အချို့မှာမူ အိမ်သို့ပင်ပြန်သွားကြချေပြီ။ သရဲပွဲတော်နေ့၏ ငွေအမြောက်အမြားကို မရှာဖွေရလျှင် ရှိပါစေတော့။ ဆုံးရှုံးမှုတော့ မခံနိုင်ပါဟူ၍ဖြစ်သည်။
ဝိညာဉ်ဈေးတွင် အဓမ္မရောင်းဝယ်နေသော ချန်ကျိုးကြီး တစ်ယောက် ပေါ်ပေါက်လာသည်ဟူသော သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားပြီး ဝိညာဉ်ဈေးတစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်ကာ သရဲများကော လူများပါ ထိတ်လန့်တုန်လှုပ်နေကြရချေပြီ။
ဝိညာဉ်ဈေးလမ်းမပေါ်တွင် လျှောက်လှမ်းနေသော ချန်ကျိုးသည် ဆိုင်ခန်းများကို အလျင်အမြန် သိမ်းဆည်းနေကြသော ဆိုင်ရှင်များကို ကြည့်ကာ ကြောင်အမ်းအမ်းဖြင့် အဓိပ္ပာယ်မရှိသလို ခံစားနေရချေသည်။
"ဘာလို့ အကုန်လုံး ဈေးမရောင်းကြတော့တာလဲ"
[စနစ် - ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲဆိုတာ စိတ်ထဲမှာ မသိဘူးလား]
ချန်ကျိုး သံသယဖြစ်နေစဉ်တွင် ဝိညာဉ်ဈေးလမ်းမပေါ်၌ လေပြင်းများ ပြင်းထန်စွာတိုက်ခတ်လာပြီး လေထဲတွင် လွင့်ပျံနေသော စက္ကူငွေစများအနက် တစ်ရွက်မှာ ချန်ကျိုး၏ မျက်နှာပေါ်သို့ လာရောက်ကပ်ငြိချေသည်။
လေထဲတွင် သဲ့သဲ့မျှ ကြားနေရသော ပုလွေမှုတ်သံများလည်း ပါဝင်နေချေသည်။
ချန်ကျိုးသည် မျက်နှာပေါ်မှ စက္ကူငွေစကို ဖယ်ရှားလိုက်ပြီး ပုလွေမှုတ်သံ ထွက်ပေါ်လာရာ အရပ်သို့ လည်ပင်းကို ဆန့်၍ လှမ်းမျှော်ကြည့်ရှုလိုက်ချေသည်။
ဒါက ဘာဖြစ်တာလဲ။
သူ သေချာမမြင်ရသေးခင်မှာပင် မြေပြင်ပေါ်မှ အဖြူရောင် မီးခိုးငွေ့များ ထူထပ်စွာ ရောက်ရှိလာပြီး မှောင်မိုက်နေသော ဝိညာဉ်ဈေးကို အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းလိုက်ချေရာ မူလကပင် မှိန်ဖျော့နေသော အလင်းရောင်မှာ မီးခိုးငွေ့များကြောင့် ပိုမို၍ ကြည့်မရအောင် ဖြစ်သွားရချေသည်။
လမ်းမပေါ်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဝိညာဉ်စစ်သည်တစ်ယောက်သည် မင်ကဲ့သို့ မည်းနက်သော စစ်မြင်းတစ်ကောင်ကို စီးနင်း၍ အရှိန်အဟုန်ဖြင့် ဖြတ်သန်း မောင်းနှင်သွားချေသည်။
လမ်းပေါ်ရှိ လူများနှင့် သရဲများသည် ကျယ်ဝန်းသော လမ်းမကြီးတစ်ခုကို အလိုအလျောက် ဖယ်ရှားပေးကြချေသည်။
"သရဲဘုရင် မင်္ဂလာဆောင်တယ်၊ သက်ဆိုင်သူမရှိရင် ဖယ်ရှားကြ"
"သရဲဘုရင် မင်္ဂလာဆောင်တယ်၊ သက်ဆိုင်သူမရှိရင် ဖယ်ရှားကြ"
သရဲဘုရင် မင်္ဂလာဆောင်တယ် ဟုတ်လား။
သရဲဘုရင်က ဘယ်သူလဲ။
သရဲဘုရင် မင်္ဂလာဆောင်တာနဲ့ ဘာလို့ ဈေးမရောင်းရတော့တာလဲ၊ သူ ပစ္စည်းတွေ ဝယ်လို့ မဝသေးပါချေ။