← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

Chapter 96

"အစ်ကိုကြီး၊ မြန်မြန်ကြည့်ပါဦး၊ ချန်ကျိုးပဲ၊ အဲဒါ ချန်ကျိုးပဲ"

ထိုဆိုင်ခန်းကို အဓမ္မလုယူခံလိုက်ရသည့် ဈေးသည်ငယ်နှင့် ချန်ကျိုးကို လိုက်လံဖမ်းဆီးနေသော ဝိညာဉ်စစ်သည်တို့သည် ချန်ကျိုး၏အရိပ်အယောင်ကို အလျင်အမြန်ပင် မြင်တွေ့သွားကြ လေသည်။

“တူ တူတူ တူတူ”

ပလွေမှုတ်သံသည် တဖြည်းဖြည်းနှင့် ပီပြင်လာခဲ့သည်။

ထိုအချိန်တွင်ပင် မင်္ဂလာဆောင်လှည့်လည်သည့်အဖွဲ့သည် တိုက်ခတ်လာသော ဝိညာဉ်လေပြင်းများနှင့်အတူ မျက်နှာချင်းဆိုင်မှ လျှောက်လှမ်းလာခဲ့သည်။

ဝိညာဉ်စစ်သည်နှစ်ယောက်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သိစိတ်၏ စေခိုင်းမှုအရ ဒူးထောက်ကာ ရိုသေစွာ ကြိုဆိုကြလေသည်။ ဈေးသည်ငယ်သည်လည်း အလျင်အစလို လိုက်လံဒူးထောက်လိုက်ပြီး ၎င်း၏ဦးခေါင်းကို မြေအောက်ကမ္ဘာမြေပြင်နှင့် အနီးကပ်ဆုံး ထိကပ်ထားကာ တစ်ချက်မျှပင် မော့မကြည့်ဝံ့ချေ။

ဤသည်ကား တစ်နှစ်မှတစ်ကြိမ်သာ ရှိသည့် သရဲဘုရင်၏ မင်္ဂလာဆောင်ပွဲ မဟုတ်ပါလော။

သရဲဘုရင်အရှင်မြတ်သည် ဝိညာဉ်ဈေး၏ အရှင်သခင်ဖြစ်ရာ မင်္ဂလာလှည့်လည်သည့်အဖွဲ့ကို အနှောင့်အယှက်ပေးမိပါက လူဖြစ်စေ သရဲဖြစ်စေ အပေါ့စားပြစ်ဒဏ်အနေဖြင့် ဝိညာဉ်အကျဉ်းထောင်သို့ တစ်ခေါက်သွားရမည်ဖြစ်ပြီး အပြစ်ကြီးလေးပါက ဝိညာဉ်လွင့်ပျောက် ပျက်စီးသွားရမည် ဖြစ်သည်။

ထိုဝိညာဉ်စစ်သည်နှစ်ယောက်နှင့် ဈေးသည်ငယ်သည် မင်္ဂလာလှည့်လည်သည့်အဖွဲ့ ထွက်ခွာသွားသည်အထိသာ စောင့်ဆိုင်းနိုင် ပြီးမှ ဝိညာဉ်ဈေး၏လုံခြုံရေးကို နှောင့်ယှက်ဖျက်ဆီးနေသော ထိုရူးသွပ်ရိုင်းစိုင်းသည့် ရန်သူကို သွားရောက်ဖမ်းဆီးနိုင်မည် ဖြစ်သည်။

ပလွေမှုတ်သံများ နီးကပ်လာသည်နှင့်အမျှ နာရေးဝတ်စုံကဲ့သို့ အမည်းရောင် ပိတ်ကြမ်းအင်္ကျီများကို ဝတ်ဆင်ထားသည့် ဝိညာဉ်အဖွဲ့တစ်ဖွဲ့သည် ချန်ကျိုး၏ အမြင်အာရုံထဲသို့ ရောက်ရှိလာခဲ့သည်။

ဝိညာဉ်တစ်ကောင်ချင်းစီတိုင်းသည် အေးစက်လှသော သေခြင်းတရား အငွေ့အသက်များကို ထုတ်လွှတ်နေကြပြီး ခေါင်းဆောင်းဦးထုပ်များဖြင့် မျက်နှာကို ဖုံးအုပ်ထားကြသည်။ ထိုဦးထုပ်များ၏ အရှေ့ဘက်တွင် အဖြူရောင်ပိတ်စတစ်စစီ ချိတ်ဆွဲထားပြီး ပိတ်စဖြူပေါ်တွင် မင်အမည်းဖြင့် မင်္ဂလာဟူသော စာလုံးကို ရေးထိုးထားသည်။

လမ်းမထက်တွင် ဝိညာဉ်မြူခိုးများ တလိမ့်လိမ့်တက်နေပြီး ဝိညာဉ်အငွေ့အသက်များသည် ဝှေ့ယမ်းတိုက်ခတ်လာခဲ့သည်။

လမ်းမဘေးဝဲယာရှိ သက်ရှိဝိညာဉ်ဖြစ်စေ ကွယ်လွန်ပြီးသား ဝိညာဉ်ဖြစ်စေ အားလုံးသည် ဝုန်းကနဲ ဒူးထောက်လိုက်ကြလေသည်။

ချန်ကျိုးနှင့် သူ၏ဝိညာဉ်အစေအပါးအချို့သာလျှင် ထိုနေရာတွင် ထူးထူးခြားခြား မတ်တတ်ရပ်နေကြပြီး မင်္ဂလာလှည့်လည် သည့်အဖွဲ့ကို စူးစမ်းကြည့်ရှုနေကြသည်။

မင်္ဂလာလှည့်လည်သည့်အဖွဲ့သည် မောင်းနှင့်ဗုံများကို တီးခတ်ကာ လမ်းဖွင့်လာခဲ့သည်။ မောင်းကိုးချက်တီးပြီးမှ ဗုံတစ်ချက်တီး သည့်အဖွဲ့က ရှေ့ဆုံးမှ ဦးဆောင်လာကာ ဗုံကြီးနှစ်လုံးကို ဝိညာဉ်အများအပြားက ပင့်မြှောက်ထားကြသည်၊ ဗုံသမားနှစ်ယောက်၏ ဗုံချက်သည် ညီညာလွန်းလှသဖြင့် နားဆင်ရသူ လူနှင့်ဝိညာဉ်တို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်ချောက်ချားစေသည်။

မောင်းကိုးချက်နှင့် ဗုံနှစ်ချက်၏ နောက်ကွယ်တွင် ဝိညာဉ်နှစ်ကောင်သည် ထောင်မတ်နေသော ဆိုင်းဘုတ်တစ်ခုစီကို ကိုင်ဆောင်ထားကြသည်။ ဘယ်ဘက်ဆိုင်းဘုတ်တွင် တိတ်ဆိတ်စေဟူသော စာလုံးနှစ်လုံး ရှိပြီး ညာဘက်ဆိုင်းဘုတ်တွင် ရှောင်ကွင်းသွားစေဟူသော စာလုံးနှစ်လုံး ရှိသည်။

၎င်းတို့၏ နောက်ကွယ်တွင်မူ ဝိညာဉ်ရှစ်ကောင် ထမ်းပိုးထားသည့် သစ်သားဖြင့် ပြုလုပ်ထားသော အနီရောင်မင်္ဂလာဝေါယာဉ် ရှိနေသည်။ ၎င်းသည် ဆန်းပြားလှပသော အချွန်များနှင့် ဝေါယာဉ်အမိုးရှိပြီး ဝေါယာဉ်၏အရောင်သည် တောက်ပသော်လည်း အပေါ်တွင်မူ သရဲမိစ္ဆာပုံသဏ္ဌာန်အမျိုးမျိုးကို ရေးဆွဲထားကာ အနီရောင်ကုလားကာတွင် ကြိုးမျှင်ဖြူများဖြင့် ကြိုးကြာငှက်ပုံကို သီကုံးထားသည်။

ဝေါယာဉ်ထမ်း ဝိညာဉ်ရှစ်ကောင်သည် ဆန်းပြားသော ခြေလှမ်းဟန်ဖြင့် ရှေ့သို့ သုံးလှမ်းတက်ကာ နောက်သို့ နှစ်လှမ်းဆုတ်ရင်း ကိုယ်ခန္ဓာကို လှုပ်ခါ၍ လျှောက်လှမ်းနေကြသည်။

ဝိညာဉ်လေပြင်းများ တိုက်ခတ်လာသောအခါ ဝေါယာဉ်ကုလားကာသည် အထက်အောက် လွင့်ပျံနေသည်။

မင်္ဂလာဝေါယာဉ်၏ နောက်ကွယ်တွင်မူ ဝိညာဉ်အုပ်စုတစ်စုသည် မြေအောက်ကမ္ဘာ၏ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ရာသက်ပန်ပေါင်းဖက်ခြင်းကို ရည်ညွှန်းသည့် မင်္ဂလာလာဘ်ကောင်များကို လက်ဖြင့် ပင့်မထားကြသည်။ ၎င်းတို့၏ နောက်တွင်မူ သေတ္တာကြီးများကို အဆင့်ဆင့် သယ်ဆောင်လာကြပြီး သေတ္တာကြီးတိုင်းပေါ်တွင် အနီရောင်ပိတ်စဖြင့် ပြုလုပ်ထားသော ပန်းပွင့်ကြီးတစ်ပွင့်စီကို ချည်နှောင်ထားသည်။

"ခမ်းနားလိုက်တာ၊ တကယ့်ကို ခမ်းနားလွန်းတယ်"

ချန်ကျိုးသည် ခေါင်းကို ပြူထွက်လျက် မင်္ဂလာလှည့်လည်သည့်အဖွဲ့၏ဝန်းရံခြင်းကို ခံထားရသည့် မင်္ဂလာဝေါယာဉ်နီကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။

ငါသာ ဤဝေါယာဉ်ပေါ်တွင် ထိုင်ပြီး လူအပေါင်းတို့၏ ဒူးထောက်အရိုအသေပြုခြင်းနှင့် ချီးမွမ်းခြင်းကို ခံယူကာ ဤဝိညာဉ်ဈေး လမ်းမထက်တွင် တစ်ခေါက်လောက် လှည့်လည်ခွင့်ရမယ်ဆိုရင် ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်မလဲ။

ဘောလုံးလေးက "ဆရာ၊ ဆရာက အရမ်းမိုက်တာပဲ၊ ကျွန်တော် ဆရာ့ကို တကယ်လေးစားမိသွားပြီ" ဟု ပြောလိမ့်မည်။

သုန်းသုန်းချီက "သုန်းသုန်းယောင်ဟာ ဂြိုဟ်စုကြီးရဲ့ သတ္တိအရှိဆုံး စစ်သည်တော်ဖြစ်ပြီး ဂြိုဟ်စုကြီးရဲ့ အမြင့်ဆုံးဂုဏ်ဒြပ်ကို ကိုယ်စားပြုတယ်" ဟု ဆိုလိမ့်မည်။

ဓားပြဗိုလ်ကြီးက "ဆရာကြီးချန်က တကယ်ကို အစွမ်းထက်လွန်းတယ်၊ ဝိညာဉ်တွေတောင် ချန်ဆရာကြီးကို အလွန်အမင်း ကိုးကွယ်နေကြတယ်" ဟု ပြောပေလိမ့်မည်။

အားယွမ်မျောက်ကလေးကမူ မည်သည့်စကားမျှ မဆိုဘဲ တဆက်ဆက် ဦးချနေပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ချန်ကျိုးသည် မအောင့်နိုင်ဘဲ တဟီးဟီး ရယ်မောမိတော့သည်။

မရတော့ဘူး။

ဒီချန်ကျိုးကြီး မအောင့်နိုင်တော့ဘူး။

ဒီချန်ကျိုးကြီး ဝေါယာဉ်ပေါ် တက်ထိုင်ချင်ပြီ။

ချန်ကျိုးသည် ခြေတစ်လှမ်း တိုးထွက်လိုက်ပြီး လက်နှစ်ဖက်ကို ခါးထောက်ကာ မင်္ဂလာလှည့်လည်သည့်အဖွဲ့၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ရပ်ကြစမ်း၊ အားလုံးပဲ ဒီချန်ကျိုးကြီးအတွက် ရပ်လိုက်ကြစမ်း"

ရှေ့သို့ လျှောက်လှမ်းနေသော မင်္ဂလာလှည့်လည်သည့်အဖွဲ့သည် ရုတ်တရက် တန့်သွားသော်လည်း ထို့နောက်တွင်မူ ပုံမှန်အရှိန်ဖြင့် ပြန်လည်ရွေ့လျားလာခဲ့သည်။

"သေချင်နေတာပဲ"

ရှေ့ဆုံးမှ ဝိညာဉ်မြင်းတစ်ကောင်ကို စီးနင်းလာသော သရဲစစ်သူကြီးအဆင့် အစွမ်းထက်ဝိညာဉ်သည် တစ်စုံတစ်ယောက်က မင်္ဂလာလှည့်လည်သည့်အဖွဲ့ကို တားဆီးဝံ့သည်ကို မြင်သောအခါ မျက်နှာအမူအရာမရှိဘဲ လက်ထဲမှ ဝိညာဉ်ရိတ်သိမ်းတံစဉ်ကို မြှောက်ကာ ချန်ကျိုးထံသို့ လွှဲယမ်းလိုက်သည်။

"တူ...တူ"

ချန်ကျိုးသည် ခုတင်တင်က ဝယ်ယူထားသော ဝိညာဉ်ပလွေကို အသာအယာ ဆွဲထုတ်လိုက်ပြီး ရှေ့ဆုံးမှ သရဲစစ်သူကြီးထံသို့ ချိန်ရွယ်ကာ လက်ညှိုးထောင်လိုက်သည်။

"လက်တွေကို မြှောက်ထားစမ်း" ဟု သူက ဆိုလိုက်သည်။

[စနစ်စတင်အသက်ဝင်ခြင်း - ကိုယ်ခန္ဓာချုပ်နှောင်ခြင်းအတတ်]

ထိုသရဲစစ်သူကြီးအဆင့် အစွမ်းထက်ဝိညာဉ်၏ တံစဉ်လွှဲယမ်းနေသော လက်သည် ရုတ်တရက် အချိန်ကာလ ရပ်တန့်သွားသကဲ့သို့ ငြိမ်သက်သွားပြီး သူ၏မျက်ဝန်းထဲတွင် မှင်တက်ခြင်းနှင့် ထိတ်လန့်ကြောက်ရွံ့ခြင်း အငွေ့အသက်များ ပေါ်ပေါက်လာခဲ့သည်။

"တူ...တူ...တူ"

ချန်ကျိုးသည် ဝိညာဉ်ပလွေကို ဝှေ့ယမ်းကာ မင်္ဂလာလှည့်လည်သည့်အဖွဲ့ထဲတွင် မရပ်မနား ဖြတ်သန်းသွားလာရင်း လိုက်လံတို့ထိလိုက်ရာ မကြာမီအချိန်အတွင်းမှာပင် မင်္ဂလာလှည့်လည်သည့်အဖွဲ့တစ်ခုလုံးသည် အချိန်ကာလ အေးခဲသွားသကဲ့သို့ ငြိမ်သက်သွား တော့သည်။ လူတိုင်းသည် ကိုယ်ခန္ဓာချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး ပလွေမှုတ်သံများလည်း ရပ်တန့်သွားကာ လမ်းမထက်တွင် လေပြင်းများ တိုက်ခတ်သံသာ တဝေါဝေါ မြည်ဟီးနေတော့သည်။

လမ်းမဘေးဝဲယာတွင် ဒူးထောက်နေကြသော သက်ရှိဝိညာဉ်များနှင့် ကွယ်လွန်သူဝိညာဉ်များသည် အခြေအနေ မဟန်မှန်း သိကြသော်လည်း မည်သူမျှ ခေါင်းမော့၍ ခိုးမကြည့်ဝံ့ကြချေ။

ချန်ကျိုးသည် လမ်းတစ်လျှောက် ဟိတ်ဟန်အပြည့်ဖြင့် လျှောက်လှမ်းသွားပြီး မင်္ဂလာဝေါယာဉ် အရှေ့သို့ ရောက်သောအခါ ဝေါယာဉ်ကုလားကာကို ဖွင့်လိုက်သည်။ အတွင်း၌မူ မျက်နှာတွင် သေအံဆဲဆဲကဲ့သို့ ဖြူလျော်နေပြီး ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည့် ဝိညာဉ်အမျိုးသားတစ်ကောင် ထိုင်နေသည်။ ၎င်းသည် ရွှေကြိုးများဖြင့် နဂါးနှင့် တိမ်တိုက်ပုံစံများကို ရက်လုပ်ထားသော မင်္ဂလာဝတ်စုံနီကြီးကို ဝတ်ဆင်ထားသည်။

“အယ်”

“သတို့သမီးက ယောက်ျားကြီးလား”

ချန်ကျိုးသည် သေချာစွာ စိုက်ကြည့်လိုက်သည်။

မှန်ပေသည်။ ယောက်ျားဝိညာဉ် အစစ်အမှန်ပင် ဖြစ်သည်။

သို့သော်လည်း တစ်ခုခုတော့ မှားနေချေပြီ။ ရုပ်မြင်သံကြားထဲတွင် သတို့သမီးကသာ ဝေါယာဉ်စီးရသည်ဟု ပြောကြသည် မဟုတ်ပါလော။

သရဲဘုရင်က ယောက်ျားချင်း သဘောကျတာလား။

ချန်ကျိုးသည် လက်ကို ဆန့်ထုတ်ကာ သတို့သား၏အင်္ကျီကို ပွတ်သပ်ကြည့်ပြီး စမ်းသပ်လိုက်သည်။

"ညီလေး၊ မင်းတို့က ဘယ်သွားကြမလို့လဲ"

သတို့သားသည် တစ်ချက်မျှ မလှုပ်ရှားဘဲ မျက်တောင်လည်း မခတ်ချေ။

သူ ကိုယ်ခန္ဓာချုပ်နှောင်ခံထားရသည်ကို မေ့သွားခြင်း ဖြစ်သည်။

ချန်ကျိုးသည် ဝိညာဉ်ပလွေဖြင့် သတို့သားထံသို့ အသာအယာ တို့လိုက်သည်။

သတို့သားသည် အချုပ်အနှောင်မှ လွတ်မြောက်သွားပြီးနောက် ထိတ်လန့်လွန်းသဖြင့် ဝေါယာဉ်ထဲတွင် ပျော့ခွေသွားကာ တစ်ကိုယ်လုံး တဆက်ဆက်တုန်ရင်နေခဲ့သည်။

"ငါ့ကို မသတ်ပါနဲ့၊ မသတ်ပါနဲ့"

သတို့သားက တောင်းပန်တိုးလျှိုးနေသည်။

ချန်ကျိုးသည် လက်ညှိုးထိုးကာ မင်္ဂလာဝေါယာဉ်ကို ညွှန်ပြလျက် ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"မင်းရဲ့ မင်္ဂလာဝေါယာဉ်ကြီးပေါ်မှာ ငါ့ကို ခေတ္တလောက် ထိုင်ခွင့်ပေးလို့ ရမလား"

"အာ"

သတို့သားသည် ကြောက်လန့်လွန်းသဖြင့် စိတ်ဝိညာဉ်ပင် လွင့်ပြယ်မတတ် ဖြစ်သွားရသည်။

"မင်းက ငါ့ကို မထိုင်စေချင်ဘူးလား"

သတို့သားသည် တုန်တုန်ရင်ရင်ဖြင့် ဝေါယာဉ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဝိညာဉ်အားလုံးသည် တစ်ချက်မျှ မလှုပ်မယှက် ရှိနေကြပြီး အနီးဆုံးရှိ ဝိညာဉ်သည် ခြေဖျားထောက်ထားသည့် ပုံစံအတိုင်း ရှိနေသည်ကို မြင်တွေ့သွားသည်။

ချန်ကျိုး စိတ်မရှည်စွာဖြင့် "မင်းက ငါ့ကို ပေးထိုင်မှာလား၊ ပေးမထိုင်ဘူးလား" ဟု ဆိုလိုက်သည်။

သတို့သားသည် ကြောက်လန့်တကြားဖြင့် ဝေါယာဉ်အပြင်သို့ တွားသွား၍ထွက်လာခဲ့သည်။

"ထိုင်ပါ၊ ထိုင်ပါ၊ မင်း ထိုင်ပါ"

ပြောပြီးသည်နှင့် သူသည် ထွက်ပြေးရန် ပြင်တော့သည်။

"နေဦး၊ ငါ မင်းရဲ့ အင်္ကျီကိုလည်း ဝတ်ကြည့်ချင်သေးတယ်"

သတို့သားသည် စကားအပိုမဆိုဘဲ အင်္ကျီကို အလျင်အစလို ချွတ်ပေးလိုက်သည်။

"မင်းအတွက်ပါ၊ အားလုံးမင်းအတွက်ပဲ၊ မင်းဝတ်ပါ"

သတို့သားသည် အင်္ကျီများကို အကုန်အစင် ချွတ်ပစ်ခဲ့ပြီး မထွက်ခွာမီ အခြားဝိညာဉ်များကို တစ်ချက်လှမ်းကြည့်ကာ ၎င်းတို့ မလှုပ်ရှားနိုင်သည်ကို သေချာစေပြီးမှ ဘာမျှမတွေးဝံ့တော့ဘဲ အဝေးသို့ ထွက်ပြေးသွားတော့သည်။

ရှောင်ကွေ့ထိုသည် သတို့သားချွတ်ပေးခဲ့သော အင်္ကျီများကို ချန်ကျိုး၏ ရှေ့မှောက်သို့ ယူဆောင်လာခဲ့ပြီး အားယန်၏ ပြုစုပေးမှုဖြင့် သေသပ်စွာ ဝတ်ဆင်လိုက်သည်။

ယခုမူ အခြေအနေ ကောင်းမွန်သွားပြီ ဖြစ်သည်။ ယခင်က ခေါင်းတစ်ခုတည်းသာ နီနေခဲ့သော်လည်း ယခုမူ ခေါင်းအစ ခြေအဆုံး နီမြန်းနေခဲ့ကာ မင်္ဂလာသရဖူ၏အလယ်ရှိ ခေါင်းကြီးမှာမူ ကတုံးပြောင်ကြီး ဖြစ်နေချေသည်။

ချန်ကျိုးသည် မင်္ဂလာဝေါယာဉ်နီကြီးထဲတွင် ထိုင်လိုက်ပြီး ဝေါယာဉ်ပြတင်းပေါက်မှ လက်မောင်းကို ဆန့်ထုတ်လိုက်သည်။

လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ပလွေသံသည် ပြန်လည်မြည်ဟီးလာခဲ့သည်။

မင်္ဂလာလှည့်လည်သည့်အဖွဲ့သည် တစ်ဖန်ပြန်လည် ပုံမှန်အတိုင်း ဖြစ်သွားခဲ့သည်။

မင်္ဂလာဆောင် ဝိညာဉ်များသည် ခုတင်တင်က ကိုယ်ခန္ဓာချုပ်တည်းခံထားရသော်လည်း သိစိတ်များ ရှိနေကြသဖြင့် ဝေါယာဉ်ထဲမှ သတို့သားသည် လူလဲသွားပြီဖြစ်ကြောင်း သဘာဝကျစွာပင်သိရှိကြသည်။

သို့သော်လည်း ရောက်ရှိလာသူ၏အစွမ်းသည် အနက်အဓိပ္ပာယ် မဖော်နိုင်လောက်အောင် နက်ရှိုင်းလွန်းလှရာ ၎င်းတို့သည် မည်သို့လျှင် ဆက်လက်လှုပ်ရှားဝံ့ပါဦးမည်နည်း။

"သွားကြလေ၊ မင်းတို့က ဘာလို့ မသွားကြသေးတာလဲ"

ချန်ကျိုးသည် ဝေါယာဉ်ကုလားကာကို ဖွင့်လိုက်ပြီး ဝေါယာဉ်ထဲတွင် ခြေဆောင့်ကာ အော်ဟစ် နေလေသည်။

ထိုအချိန်တွင်ပင် ဆံပင်များကို ရှည်လျားစွာ ထုံးဖွဲ့ထားပြီး အဖြူရောင် နတ်သမီးဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန်လှပသော အမျိုးသမီးတစ်ယောက်သည် နတ်သမီးတစ်ပါးကဲ့သို့ပင် မင်္ဂလာဝေါယာဉ်အရှေ့သို့ အသံမဆိတ်ဘဲ ပျံသန်းဆင်းသက်လာခဲ့သည်။

သူမ၏ မျက်နှာပြင်သည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှပြီး မျက်ခုံးနှစ်ဖက်သည် အနောက်ဘက်သို့ ပင့်တက်နေကာ ခက်ထန်ပြတ်သားသော အငွေ့အသက်အချို့ကို ဖြစ်ပေါ်စေသည်။

သူမသည် ဝေါယာဉ်ကုလားကာကို ဖွင့်လိုက်ပြီး သွယ်လျဖြူစင်သော လက်ချောင်းနှစ်ချောင်းဖြင့် ချန်ကျိုး၏ မေးစေ့ကို အသာအယာ ပင့်မလိုက်ကာ ချန်ကျိုး၏ မျက်ဝန်းများကို စိုက်ကြည့်လျက် "သခင်လေး၊ နင်က ဒီဝေါယာဉ်ကို စီးပြီး သရဲဘုရင်အိမ်တော်ထဲကို ဝင်ချင်တာလား" ဟု မေးမြန်းလိုက်သည်။

ချန်ကျိုးသည် မျက်လုံးအစုံ ပြာဝေသွားခဲ့ရသည်။ ဤမိန်းမသည် အလွန်ပင် လှပလွန်းလှပြီး ဘောလုံးလေးထက်ပင် သာလွန်နေသေးသည်။

ချန်ကျိုးသည် အချိန်အတော်ကြာသည်အထိ စကားမဆိုနိုင်ဘဲ ရှိနေရာ ထိုအမျိုးသမီးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကောင်းပြီလေ၊ ဝေါယာဉ်ကို ဆက်ပြီး ထမ်းကြစို့" ဟု ဆိုလိုက်တော့သည်။

All Chapters