← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

Chapter 100

ထန်ထိုက်မင်ယွဲ့ စိတ်ပျက်အားငယ်နေချိန်တွင် အိမ်တော်အပြင်ဘက်၌ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး ဘယ်ကမှန်းမသိသော သဲပွင့်များက ပြတင်းပေါက်များကို တဖျတ်ဖျတ် လာရောက်ရိုက်ခတ်လေသည်။

တံခါးဝတွင် စောင့်ဆိုင်းနေသော ဝိညာဉ်အစေခံက “သရဲဘုရင်အရှင်မ သရဲပွဲတော် ကုန်ဆုံးပါတော့မှာဖြစ်လို့ ဝိညာဉ်တံခါးကြီးကို ပြန်လည်ဝင်ရောက်ကြတဲ့ ဝိညာဉ်အုပ်ကြီးကြောင့် ခဏတာ ဝိညာဉ်စွမ်းအင် လှိုင်းထန်နေခြင်း ဖြစ်ပါတယ်၊ ဝိညာဉ်တံခါး ပိတ်သွားရင် ပြန်လည်ငြိမ်သက် သွားပါလိမ့်မယ်” ဟု သတင်းပို့သည်။

“သိပြီ”

ထန်ထိုက်မင်ယွဲ့က လက်ဝှေ့ယမ်းကာ ကြမ်းပြင်ပေါ်ရှိ ချန်ကျိုးကို ကြည့်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။

သူမသည် ဤကိုင်တွယ်ရခက်သော ချန်ကျိုးကို မည်သို့နှိမ်နင်းရမည်ကို မစဉ်းစားရသေးချေ။

[စနစ် သတိပေးချက် : ဝိညာဉ်တံခါး ပိတ်တော့မည် ဖြစ်သဖြင့် Host အနေဖြင့် လူ့လောကသို့ အမြန်ဆုံး ပြန်သွားပါရန်]

ချန်ကျိုးသည် ကြမ်းပြင်ပေါ်တွင် ဘေးစောင်းလဲလျောင်းနေပြီး ကိုယ်အလေးချိန်မှာ ဘယ်ဘက်သို့ ရောက်ရှိနေကာ ခေါင်းကို စောင်းလျက် မျက်လုံးတစ်ဖက်ကို တစ်ဝက်ခန့် ဖွင့်ကာ ဟောက်သံများနှင့်အတူ အိပ်မက်ယောင်နေပြီး “ဟိဟိ ဟိဟိ နင့်ရဲ့ ကပ်စေးနည်းတဲ့ ပုံစံလေးကို ကြည့်စမ်း” ဟု ရေရွတ်နေသည်။

ချန်ကျိုး၏ အိပ်မက်ထဲတွင် ဟွမ်ရှောင်မော့၊ ရှောင်ပိုင်၊ သုန်းသုန်းချီ၊ လီချင်ရှန်း၊ အားယွမ်၊ ဓားပြဗိုလ်နှင့် ဝူရွှမ်ချီတို့၏ ပုံရိပ်များ ထပ်မံပေါ်ပေါက်လာသည်။

သူတို့သည် ဘေးချင်းယှဉ်လျက် ရပ်နေကြသည်။

ဟွမ်ရှောင်မော့သည် အနောက်တိုင်းဝတ်စုံအကျီလေးကို ဝတ်ဆင်ထားပြီး “ဟေး ချန်ကျိုး ငါက မင်းရဲ့ ကိုယ်စားလှယ် မြွေပါလေးပဲ မင်းရဲ့အရက်ကို ငါ့ကို တစ်ငုံလောက် တိုက်လို့ရမလား” ဟု မေးသည်။

ဘောလုံးလေးသည် လက်ထဲတွင် ဖရဲသီးကြီးနှစ်လုံးကို ကိုင်ထားပြီး “ဆရာ အမြန်ပြန်လာပါတော့ ဆရာအိမ်ပြန်လာဖို့ ဖရဲသီးကြီးနှစ်လုံး ဝယ်ပြီး စောင့်နေပါတယ်” ဟု ပြောသည်။

သုန်းသုန်းချီသည် ချန်ကျိုး အကြိုက်ဆုံး ခရင်မ်ကိတ်မုန့်ကို ကိုင်ထားပြီး “သုန်းသုန်းယောင် အားလုံးက ငါ့အမှားတွေပါ အသုံးမကျတဲ့ လူသားတွေအပေါ် ငါ သံယောဇဉ်မတွယ်သင့်ဘူး မင်းပြန်လာဖို့ ငါတောင်းပန်ပါတယ် ငါတို့ကို ဦးဆောင်ပြီး ဂြိုဟ်ကပေးတဲ့ တာဝန်တွေကို အတူတူ အကောင်အထည်ဖော်ကြရအောင်” ဟု ဆိုသည်။

လီချင်ရှန်းသည်လည်း မုန့်ပဲသရေစာများကို ကိုင်ဆောင်ထားပြီး “ချန်ကျိုး အမြန်ပြန်လာပါတော့ မင်း ပြန်မလာရင် ငါလည်း ကျင့်စဉ်မကျင့်တတ်တော့ဘူး” ဟု ပြောသည်။

ဓားပြဗိုလ်သည် ငွေစက္ကူအနီ အပုံလိုက်ကို ပွေ့ချီထားပြီး “ဆရာကြီးချန် အမြန်ပြန်လာပါ ဒီပိုက်ဆံတွေ အားလုံးက မင်းအတွက်ပဲ မင်းအတွက်ချည်းပဲ” ဟု ဆိုသည်။

အားယွမ်မှာမူ ဘာစကားမျှမပြောဘဲ ကြမ်းပြင်ပေါ်တွင် ဝပ်စတွက်လျက် ချန်ကျိုး အိမ်ပြန်လာရန် ထပ်ခါတလဲလဲ ဦးချတောင်းပန် နေရှာသည်။

“ဟေး ဟေးဟေး”

ချန်ကျိုးသည် မသိစိတ်ဖြင့် ရယ်မောလိုက်ပြီးနောက် ရုတ်တရက် မျက်လုံးပွင့်ကာ ငါးရံ့ခုန်ထသကဲ့သို့ ဖျတ်ခနဲ ထရပ်လိုက်သည်။

“အင်း အိမ်ပြန်မယ် ငါ အိမ်ပြန်ချင်ပြီ” ဟု အော်သည်။

ချန်ကျိုးသည် လက်ဖြင့် မျက်နှာကို သွတ်သွတ်ခါပွတ်သပ်လိုက်ရာ သူသည် ကြီးပြင်းလာသည့်တိုင် အိမ်နှင့် ယခုကဲ့သို့ အချိန်အကြာကြီး မခွဲခွာဖူးချေ။

အိပ်မက်ထဲတွင် ပေါ်လာသော ထိုပုံရိပ်များကြောင့် သူသည် အိမ်ကို အနည်းငယ် လွမ်းဆွတ်မိသွားသည်။

ချန်ကျိုးသည် ပြောင်သလင်းခါနေသော ခေါင်းကိုကုတ်ကာ မျက်လုံးကို မှေးလျက် “ကြောင်ကြီး ထွက်ခဲ့ ကြောင်ကြီး” ဟု ခေါ်လိုက်သည်။

“ဝေါင်း”

ကြွေးကြော်သံနှင့်အတူ နှစ်တစ်ထောင် ကျားဝိညာဉ်သည် ချန်ကျိုး၏ ခြေရင်းတွင် ပေါ်ပေါက်လာသည်။

ချန်ကျိုးသည် ပျော့ခွေနေသော လက်များဖြင့် ကျားဝိညာဉ်၏ အမွှေးအမျှင်များကို ဆွဲကိုင်လိုက်သည်။

ခြေလှမ်းတစ်ချက် တက်နင်းသည်။

မရောက်ချေ။

နောက်တစ်ချက် ထပ်နင်းသည်။

အရက် အလွန်အမင်း မူးနေသဖြင့် အပေါ်သို့ တက်၍မရသေးချေ။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် စိတ်မရှည်တော့သဖြင့် ချန်ကျိုး၏ အကျီကို ကိုက်ချီကာ ကျောပေါ်သို့ ပစ်တင်လိုက်ရာ ရှောင်ကွေ့ထို ရုတ်တရက်ပေါ်လာပြီး ယိမ်းယိုင်နေသော ချန်ကျိုးကို တွဲပေးထားလေသည်။

ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး ထွက်ပြေးတော့မည်ကို မြင်သောအခါ “ချန်ကျိုး နင် လာချင်တိုင်းလာပြီး သွားချင်တိုင်း သွားရအောင် ငါ့ရဲ့ သရဲဘုရင်အိမ်တော်ကို အများသုံးအိမ်သာလို့ မှတ်နေတာလား” ဟု အေးစက်စွာ ရယ်မောလိုက်သည်။

သူမသည် လေထဲသို့ ပျံတက်လိုက်ရာ ဝတ်ဆင်ထားသော အဝတ်အစားနီများ ပျောက်ကွယ်သွားပြီး အနက်ရောင် ဂါဝန်ရှည်ကြီး အဖြစ် ပြောင်းလဲသွားလေသည်။ ဆံပင်အလှဆင်မှုများလည်း ပြုတ်ထွက်လျက် ဆံနွယ်မည်းများမှာ လေထဲတွင် ဝဲပန်လွင့်မျောနေပြီး နဖူးအလယ်တွင် နီရဲသော စုန်းမီးပုံသဏ္ဌာန် အမှတ်အသားတစ်ခု ပေါ်လာတော့သည်။ မျက်ဝန်းများမှာ နက်မှောင်လျက် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဝိညာဉ်အငွေ့အသက်မည်းများ လွှမ်းခြုံသွားတော့သည်။

ထန်ထိုက်မင်ယွဲ့၏ ရန်လိုမှုကို ခံစားမိသောအခါ ရှောင်ကွေ့ထိုသည် အဆင့်အတန်း ဖိနှိပ်မှုကြောင့် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ မျက်ဝန်းများ နီရဲလာကာ ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ ပျံတက်လျက် ထန်ထိုက်မင်ယွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်လေသည်။

“ကြောင်ကြီး မင်း ချန်ကျိုးကို ခေါ်ပြီး အရင်သွား” ဟု ရှောင်ကွေ့ထိုက ပြတ်သားစွာ ပြောသည်။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် သရဲဘုရင်မကို လှည့်ကြည့်ကာ တစ်ချက် ဟိန်းဟောက် လိုက်ပြီးနောက် အပေါ်သို့ ခုန်တက်လျက် ပိတ်ထားသော အခန်းတံခါးကို တိုက်ဖျက်ကာ တံခါးဝဆီသို့ ပြေးထွက်သွားတော့သည်။

“ပြေးချင်တာလား ဘယ်လွယ်မလဲ”

ထန်ထိုက်မင်ယွဲ့ စိုးရိမ်သွားပြီး နှစ်တစ်ထောင် ကျားဝိညာဉ်ထံသို့ ပျံသန်းကာ အမီလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် “ဒုန်း” ဟူသော အသံကြီး တစ်ချက် ထွက်ပေါ်လာသည်။

[စနစ် - သလင်းကျောက် အကာအကွယ်]

မျက်စိဖြင့် မမြင်နိုင်သော အကာအကွယ်တစ်ခုသည် ထန်ထိုက်မင်ယွဲ့နှင့် နှစ်တစ်ထောင် ကျားဝိညာဉ်ကြားတွင် တားဆီးလိုက်ရာ ထန်ထိုက်မင်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပွင့်လင်းမြင်သာသော သလင်းကျောက်တံတိုင်းကြီးပေါ်သို့ ပြင်းထန်စွာ စောင့်မိသွားသဖြင့် မျက်နှာပင် ပုံပျက်မတတ် ဖြစ်သွားရသည်။

ရှောင်ကွေ့ထိုသည် ထိုအခြေအနေကို မြင်သောအခါ စိမ်းလန်းသော မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ ဘာမှမပြောဘဲ ချန်ကျိုး၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

“မပြေးနဲ့”

ထန်ထိုက်မင်ယွဲ့သည် ဒေါသအဟုန် ထွက်ပေါ်နေပြီး အကယ်၍ ချန်ကျိုးသာ ထွက်ပြေးသွားပါက သူမ၏ နှစ်ပေါင်းသုံးရာကျော် ကြိုးစားအားထုတ်မှုများအားလုံး ပျက်စီးသွားပေလိမ့်မည်။

သို့သော် စနစ်က ဖန်တီးထားသော ထိုကာကွယ်ရေးတံတိုင်းကို ထန်ထိုက်မင်ယွဲ့ မည်မျှပင် ရိုက်နှက်ပုတ်ခတ်ပါစေ အနည်းငယ်မျှပင် ဖျက်ဆီးနိုင်ခြင်းမရှိချေ။

အိမ်တော်ထဲရှိ ဝိညာဉ်အစေခံများသည် နှစ်တစ်ထောင် ကျားဝိညာဉ် ထွက်ခွာသွားသည်ကို တားဆီးရန် ကြိုးစားကြသော်လည်း ကျားဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်ကုန်ကြသည်။

ထန်ထိုက်မင်ယွဲ့သည် အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း အရာမထင်သဖြင့် နောက်ဆုံးတွင် ဝိညာဉ်လေပြင်းများကြား၌ မတ်တပ်ရပ်လျက် လက်သီးကို တင်းတင်းဆုပ်ကာ ချန်ကျိုး ထွက်ခွာသွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေရတော့သည်။

သူမသည် မကြုံစဖူး ထူးကဲသော အရှက်ရမှုကို ခံစားလိုက်ရသည်။

“ချန်ကျိုး နင်စောင့်နေလိုက် နင် ဘယ်လောက်ပဲ စွမ်းရည်ကြီးမားပါစေ ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးပါစေ ငါ ထန်ထိုက်မင်ယွဲ့က နင့်ကို သေချာပေါက် ပြန်ဖမ်းလာပြီး အပိုင်းပိုင်း အစစ ဖြတ်ပစ်မယ်” ဟု တွေးတောရင်း ကျိန်ဆဲနေသည်။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် ချန်ကျိုးကို ပိုးချီလျက် သရဲဘုရင်အိမ်တော်မှ ပျောက်ကွယ်သွားပြီး ဝိညာဉ်စျေးလမ်းမထက်မှ ပျောက်ကွယ်သွားကာ မရဏပန်းပင်လယ်ပြင်ကြီးမှ ပျောက်ကွယ်သွား လျက် နိုင့်ဟယ်တံတားထိပ်မှ ပျောက်ကွယ်သွားတော့ သည်။

ဝိညာဉ်တံခါးအပြင်ဘက် ကျင်းဟိုင်မြို့ ရင်ပြင်ပေါ်တွင် ဖြစ်သည်။

လော့ယွီမင်သည် ဝိညာဉ်တံခါးဝတွင် မတ်တပ်ရပ်လျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ လက်ထဲတွင် ကြိုးမဲ့ရေဒီယိုဆက်သွယ် ရေးကိရိယာကို ကိုင်လျက် ဟိုဟိုဒီဒီ လျှောက်လှမ်းနေသည်။

ယခုနှစ်တွင် ဝိညာဉ်တံခါး ပွင့်ခဲ့သဖြင့် နေရာဒေသအသီးသီးတွင် ဆုံးရှုံးမှု ကြီးမားခဲ့သော်လည်း ကျင်းဟိုင်မြို့ တစ်မြို့တည်း တွင်သာ ဝိညာဉ်တစ်ခုမျှ သုတ်သင်ရှင်းလင်းခြင်းမရှိဘဲ လူတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ချေ။

အထက်လူကြီးများက ဤကိစ္စကို စုံစမ်းစစ်ဆေးရန် သေချာပေါက် လူလွှတ်လိမ့်မည်ဖြစ်ရာ ထိုအချိန်တွင် ရောက်လာသောသူက “မင်းတို့ ကျင်းဟိုင်မြို့ရဲ့ ဝိညာဉ်တံခါးက ပွင့်ခဲ့တဲ့ အရိပ်အယောင် ရှိပါသလား” ဟု မေးမြန်းလာပါက သူက ပွင့်ခဲ့သည်ဟု ဖြေရမည်လော သို့မဟုတ် မပွင့်ခဲ့ဟု ဖြေရမည်လော။

တံခါးက အပြင်ဘက်ကနေ ပွင့်သွားတာဆိုတော့ ပွင့်တယ်လို့ပဲ သတ်မှတ်ရမည် ဖြစ်သည်။

နောက်ပြီး ချန်ကျိုးလည်း ရှိသေးသည် သူသည် ချန်ကျိုး ထိုအထဲတွင် သေဆုံးသွားမည်ကို မစိုးရိမ်သော်လည်း ချန်ကျိုး ပြန်မလာတော့မည်ကိုမူ စိုးရိမ်မိသည်။

ထိုကောင်၏ စွမ်းရည်ဖြင့် ဝိညာဉ်ကမ္ဘာတွင် မည်မျှအထိ လှိုင်းတံပိုးများ ထန်စေမည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

လော့ယွီမင်သည် လုံးဝ အက်ကွဲကြောင်းမရှိသလောက် ဖြစ်နေသော ဝိညာဉ်တံခါးကြီး၏ ရှေ့တွင် ကပ်လျက် မျက်လုံးတစ်ဖက်ကို မှိတ်ကာ ကြည့်သော်လည်း အတွင်း၌ ဘာမှမမြင်ရသဖြင့် ချန်ကျိုး ဤတံခါးမှ ပြန်ထွက်လာမလာကို မသိနိုင်ချေ။

လျိုပန်ချန်းသည် အဝေးတွင် မတ်တပ်ရပ်နေပြီး နတ်ဘုရားကဲ့သို့ အဆင်းရှိကာ မျက်နှာပေါ်ရှိ ညှပ်ဖိနပ်ရာကြီးမှာ သုံးရက်ကြာပြီး နောက် အနီရောင်မှ အညိုပုပ်ရောင်သို့ ပြောင်းလဲသွားပြီး အနည်းငယ် ယောင်ကိုင်းနေသေးလျက် “တူလေးလော့ မင်း ဝိညာဉ်တံခါးနဲ့ ဝေးဝေးမှာ နေပါဦး ဝိညာဉ်တံခါးရဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ တိုက်စားမှုကို မခံရပါစေနဲ့ ဝိညာဉ်စွမ်းအင်ဆိုတာ ယင်စွမ်းအင်နဲ့မတူဘဲ အရမ်းပြင်းထန်တယ်” ဟု ပြောသည်။

လော့ယွီမင်သည် ဤနှစ်ရက်အတွင်း ဦးလေးလျိုကို တမင်သက်သက် မကြည့်ဘဲ နေခဲ့သည်။ သူသည်တည်ကြည်ဖြောင့်မတ်သော အပြုအမူများနှင့် သူ့မျက်နှာပေါ်ရှိ ညှပ်ဖိနပ်ရာကြီးမှာ အလွန်တရာ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် သူ၏ မျက်နှာကို မြင်သည်နှင့် သူသည် လျိုပန်ချန်း ညှပ်ဖိနပ်ဖြင့် ရိုက်ထုတ်ခံရကာ ကြော်ငြာဆိုင်းဘုတ်ပေါ်တွင် ချိတ်ဆွဲခံထားရသော ပုံရိပ်ကို မသိစိတ်ဖြင့် ပြန်လည်တွေးမိနေ၍ ဖြစ်သည်။

ကွက်တိပင်...

“ဝုန်း” ဟူသော အသံကြီး တစ်ချက် ထွက်ပေါ်လာသည်။

ဝိညာဉ်တံခါးဆီမှ အသံတစ်ချက် ထွက်ပေါ်လာသည်။

လော့ယွီမင်သည် အမြန်ဆုံး ဝေးဝေးသို့ပြေးသွားတော့သည်။

ဝိညာဉ်တံခါးကြီးသည် ဖြည်းညှင်းစွာ တုန်ခါလာပြီး အတွင်းဘက်မှနေ၍ တံခါးတစ်ဝက် ပွင့်လာကာ မြေပြင်ကြီးပါ လိုက်လံတုန်ခါ လာပြီး အတွင်းမှ ဝိညာဉ်အငွေ့အသက်များ ပန်းထွက်လာကာ ခဏချင်းအတွင်းမှာပင် ဝိညာဉ်တံခါးကြီး၏ ပုံသဏ္ဌာန်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ဝိညာဉ်တံခါးရှေ့တွင် ဝိညာဉ်စွမ်းအင်များ ဝန်းရံနေသော နှစ်တစ်ထောင် ကျားဝိညာဉ်တစ်ကောင် လူတိုင်း၏ မြင်ကွင်းထဲသို့ ပေါ်ပေါက်လာသည်။

မျက်ဝန်းများတွင် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေပြီး စူးရှသော အစွယ်များဖြင့် အမွှေးအမျှင်များ လေထဲတွင် ဝဲပျံနေကာ ခန္ဓာကိုယ် အရွယ်အစားမှာလည်း ယခင်ကထက် တစ်ဆခန့် ကြီးမားလာပြီး ကြွက်သားများ ရုန်းကြွလျက် ကျားလက်သည်းများမှာ ကွန်ကရစ်မြေပြင်ထဲသို့ နစ်ဝင်နေသည်။

သတ်ဖြတ်ခြင်းအတွက် မွေးဖွားလာသူဟူသော စကားတစ်ခွန်းဖြင့်သာ ဖော်ပြနိုင်သည်။

လျိုပန်ချန်း လန့်ဖျတ်သွားပြီး မသိစိတ်ဖြင့် ဓားကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း မိမိ၏ယင်ယန်ဓားမှာ အလုခံထားရသည်ကို ထိုအချိန်မှသာ သတိရတော့သည်။

“ဦးလေးလျို၊ မလုပ်နဲ့...မလုပ်နဲ့၊ ဒါက ဆရာကြီးချန်ရဲ့ ကျားဝိညာဉ်နဲ့ တူတယ်” ဟု လော့ယွီမင်က လျိုပန်ချန်း၏ လှုပ်ရှားမှုကို တားမြစ်လိုက်သည်။

ကျားဝိညာဉ်၏ ကျောပေါ်တွင် မှောက်လျက် လဲလျောင်းနေသော ချန်ကျိုးသည် လော့ယွီမင်၏ ဆရာကြီးချန်ဟူသော စကားကို ကြားသောအခါ ဝေဝေဝါးဝါး ဖွင့်ကြည့်ပြီး လော့ယွီမင်ထံသို့ လက်ဝှေ့ယမ်းပြလေသည်။

“ဓားပြဗိုလ်ကြီး ဟီးဟီးဟီး” ဟု ရယ်သည်။

“ဆရာကြီးချန်”

လော့ယွီမင် ဘာမှန်းမသိ ဖြစ်သွားရသည် ဆရာကြီးချန်က ဝိညာဉ်ကမ္ဘာကနေ ထွက်လာတာ ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ။

ချန်ကျိုးသည် ကျားဝိညာဉ်၏ ဦးခေါင်းကြီးကို ပုတ်လျက် ပြီးပြီ အိမ်ပြန်မယ် ဟု ပြောသည်။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် တစ်ချက် ဟိန်းဟောက်လိုက်သည်။

“ဝေါင်း”

တစ်ချက်တည်းဖြင့် မီတာအနည်းငယ်ခန့်အထိ ခုန်တက်သွားပြီး Castle Peak စိတ်ရောဂါကုဆေးရုံ တည်ရှိရာ အရပ်မျက်နှာဆီသို့ အပြင်းပြေးထွက်သွားတော့သည်။

All Chapters