အခန်း ၁၀၁
Vol. 11 Ch. 101
Chapter 101
လျိုပန်ချန်းက သံသယစိတ်ဖြင့် ပြောလိုက်သည်။
"မင်းပြောတော့ ချန်ကျိုးရဲ့ကျားဝိညာဉ်က အဆင့်သုံး အငြိုးကြီးတစ္ဆေ အဆင့်ဆို၊ အခု ဒီကောင်က သိသိသာသာကြီး အဆင့်ငါး သရဲစစ်သူကြီး အဆင့် ဖြစ်နေပြီလေ"
"ဆရာကြီးချန်က သာမန်လူမှမဟုတ်တာ၊ ဒီနှစ်တစ်ထောင်ကျားဝိညာဉ်က ဝိညာဉ်ကမ္ဘာကိုသွားပြီး အခွင့်အရေးကြီးနဲ့ကြုံလို့ အဆင့်တက်လာတာ ဖြစ်ရမယ်၊ ရှောင်ကွေ့ထိုနဲ့ အားယန်တို့ကော အဆင့်တက်ကြရဲ့လားမသိဘူး"
လော့ယွီမင်က ကျားဝိညာဉ် ပျောက်ကွယ်သွားရာအရပ်ကို ကြည့်ရင်း အားကျတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
"အဟမ်း...အဟမ်း၊ တူလေးလော့၊ မင်း စောစောက ဦးလေးရဲ့ ယင်ယန်ဓားနှစ်လက်ကို မြင်လိုက်မိသေးလား"
လျိုပန်ချန်းက မျက်နှာပြောင်တိုက်၍ မေးလိုက်သည်။
ထိုဓားပျံနှစ်စင်း ပျောက်ဆုံးသွားပြီးနောက်ပိုင်း သူနှင့် လော့ယွီမင်တို့သည် ချန်ကျိုး လုယူသွားခြင်း ဖြစ်သည်ဟု အသေအချာ ဆုံးဖြတ်ထားကြသော်လည်း စောစောက ချန်ကျိုး ပြန်လာချိန်တွင် ထိုဓားပျံနှစ်စင်းကို လုံးဝမမြင်ခဲ့ရချေ။
လော့ယွီမင် နှမြောတသစွာဖြင့် အကြည့်ကိုရုပ်သိမ်းလိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။
"မမြင်မိသလိုပဲ၊ အကွာအဝေးက အရမ်းဝေးတဲ့အပြင် ဝိညာဉ်အငွေ့အသက်တွေက ကာကွယ်နေတာကြောင့် ဆရာကြီးချန်ရဲ့ ပုံရိပ်ကိုတောင် သဲသဲကွဲကွဲမမြင်ရဘူး၊ ဝိညာဉ်တံခါး ပျောက်ကွယ်သွားတဲ့အထိ စောင့်ပြီးမှ ဆရာကြီးချန်ဆီ သွားမေးကြည့်ရမလား"
"အင်း၊ ငါလည်း မင်းနဲ့အတူ လိုက်ကြည့်ရသေးတာပေါ့၊ စောစောက ဒီဆရာချန်၊ ချန်ကျိုး ပုံစံက ပင်ပန်းနေပုံရတယ်၊ ဝိညာဉ်အငွေ့အသက်တွေကြောင့် အခြေခံအုတ်မြစ်ထိခိုက်သွားတာ ထင်တယ်"
နောက်စကားက သိက္ခာဆယ်ရန် ပြောခြင်းဖြစ်ပြီး ရှေ့စကားကသာ အဓိကရည်ရွယ်ချက် ဖြစ်သည်။
လျိုပန်ချန်းသည် ထိုယင်ယန်ဓားပျံနှစ်စင်းကို ပိုင်ဆိုင်ခဲ့ကတည်းက မိမိ၏ တိုက်ခိုက်ရေးစွမ်းရည် အားလုံးကို ထိုဓားနှစ်စင်း အပေါ်၌သာ အခြေခံ၍ လေ့ကျင့်ခဲ့ခြင်းဖြစ်ရာ ထိုဓားများ မရှိပါက သူ့အစွမ်းက များစွာလျော့ကျသွားမည် ဖြစ်သည်။
ထိုအချိန်တွင် ဝိညာဉ်တံခါးသည် နောက်တစ်ကြိမ် တုန်ခါလာပြီး ဗျောက်အိုးဖောက်သံကဲ့သို့ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ဝိညာဉ်တံခါးသည် လက်သီးဆုပ်ခန့်ရှိသော အနက်ရောင်ကျောက်ခဲများအဖြစ် အပိုင်းပိုင်းကွဲအက်သွားတော့သည်။
ထိုကျောက်ခဲများသည် ကောင်းကင်ယံ၌ ပျံသန်းနေသော ကျီးကန်းများအဖြစ် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်လော၊ အစစ်အမှန်လော ခွဲခြားမရဘဲ ကောင်းကင်သို့ ပျံသန်းသွားရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အစအန ရှာမရတော့ချေ။
"သရဲပွဲတော် ပြီးဆုံးသွားပြီဆိုတော့ ဝိညာဉ်တံခါး ပိတ်သွားပြီပေါ့"
လျိုပန်ချန်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
သူ၏ ဓားပျံနှစ်စင်းကိုသာ ပြန်ရှာမတွေ့ပါက နောင်တွင် သိက္ခာပြန်ဆယ်နိုင်မည့် အခွင့်အရေး ရှိတော့မည်မဟုတ်ချေ။
လော့ယွီမင်ကမူ လူကသာ ဝိညာဉ်တံခါးနားတွင် ရှိနေသော်လည်း စိတ်က ဆရာကြီးချန်နှင့်အတူ ချင်ရှန်း စိတ်ကျန်းမာရေး ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝိညာဉ်တံခါး ပျောက်ကွယ်သွားသည်နှင့် သူသည် ကားမောင်း၍ လျိုပန်ချန်းကို ခေါ်ကာ ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံသို့ မောင်းနှင်ခဲ့သည်။
သူသည် ဆရာကြီးချန်၏ ရှေ့မှောက်သို့ ပထမဆုံး ရောက်ရှိရမည်ဖြစ်ပြီး မိမိက ဆရာကြီးချန်ကို မည်မျှလွမ်းဆွတ်နေရကြောင်း ပြောပြရမည် ဖြစ်ရာ ထိုသို့သော အခွင့်အရေးကောင်းကို လီချင်ရှန်း တစ်ယောက်တည်း အပိုင်စီးခွင့် မပေးနိုင်ချေ။
“ဩော်၊ ဟုတ်သားပဲ၊ ကျိုးအိုက်ကော်ကိုလည်း ဖုန်းဆက်ရဦးမယ်”
ထိုကျိုးအိုက်ကော်ဟူသော အဖိုးကြီးက ဆရာကြီးချန်၏ ရှေ့မှောက်တွင် မိမိထက် ပို၍မျက်နှာပွင့်သူ ဖြစ်သည်။
......
ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံအတွင်း၌ ချန်ကျိုး လူ့လောကသို့ ပြန်လည်ရောက်ရှိလာကတည်းက ဝိညာဉ်အရာရှိဖြစ်သော ဟွမ်ရှောင်မော့က ချန်ကျိုး၏အငွေ့အသက်ကို ပထမဆုံး ခံစားမိလိုက်သည်။
"ချန်ကျိုး ပြန်လာပြီ၊ မြန်မြန်၊ မင်းတို့အားလုံး သေသေချာချာ တန်းစီပြီးရပ်နေကြ၊ နောင်တစ်ချိန် ချန်ကျိုးရဲ့ လက်အောက်မှာ အလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ အမူအရာ အပြုအမူကို သတိထားကြ၊ ချန်ကျိုး မျက်နှာပျက်အောင် လုံးဝမလုပ်ကြနဲ့"
ဟွမ်ရှောင်မော့က အနောက်တိုင်းဝတ်စုံလေးကို ဝတ်ဆင်ကာ စိတ်ရောဂါကုဆေးရုံ ဝင်းကြီးထဲ၌ ရပ်နေပြီး အလှပြင်သရဲမ အပါအဝင် ဝိညာဉ်များက တစ်တန်းတည်း တန်းစီနေကြရာ ဟွမ်ရှောင်မော့က ခေါင်းဆောင်တစ်ဦးကဲ့သို့ ရှေ့တွင် လျှောက်လှမ်းနေသည်။
ကြိုးဆွဲချသရဲက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
"တစ်ကယ်လို့ ဆရာကြီးချန်က ကျွန်တော်တို့ကို အဖွဲ့ထဲဝင်ဖို့ သဘောမတူရင် ဘယ်လိုလုပ်မလဲ"
"သဘောမတူရင်လည်း လာရာလမ်းအတိုင်း ပြန်ပေါ့၊ အလုပ်တောင်မလုပ်ရသေးဘူး၊ ကိုယ့်ဘာသာ စိတ်ဓာတ်ကျနေတယ်၊ အသုံးမကျလိုက်တာ"
အခြားဝိညာဉ်များကလည်း လိုက်လံထောက်ခံကြသည်။
"အသုံးမကျလိုက်တာ"
ကြိုးဆွဲချသရဲက နှုတ်ခမ်းစူကာ ဘာမှဆက်မပြောတော့ချေ။
အဆောက်အအုံအတွင်းရှိ လီချင်ရှန်းက ပြတင်းပေါက်ကို အနည်းငယ် ဟရုံမျှဖွင့်ကာ နားတစ်ဖက်ကို ပြတင်းပေါက်အပြင်သို့ ထုတ်ထားသည်။
ချန်ကျိုး ပြန်လာတော့မှာလား။
မဖြစ်ချေ။
သူ ဒီအတိုင်း ထိုင်စောင့်နေ၍မဖြစ်။ ဒီဝိညာဉ်တွေတောင် ချန်ကျိုးကို ကြိုဆိုရမှန်း သိနေကြတာ။ သူက ဘယ်လိုလုပ် ဒီလိုအခွင့်အရေးကောင်းကို လက်လွတ်ခံနိုင်ပါမည်နည်း။
လီချင်ရှန်းက မိသားစုဝင်များကို စကားအနည်းငယ် မှာကြားပြီးနောက် အဆောက်အအုံအပြင်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။
သူသည် မျက်နှာပြောင်တိုက်ကာ ဝိညာဉ်အဖွဲ့၏ရှေ့ဆုံးတွင် သွားရောက်ရပ်လိုက်ပြီး ချန်ကျိုး သူ့ကို တစ်ချက်တည်းနှင့် မြင်နိုင်ရန် ပြင်ဆင်လိုက်သည်။
“လေ့ကျင့်တုန်းက မင်း မပါဘဲ အခု အကျိုးအမြတ်ရှိတော့မယ်ဆိုမှ ကမူးရှူးထိုး ပြေးထွက်လာတယ်ပေါ့”
ဟွမ်ရှောင်မော့နှင့် ဝိညာဉ်များ၏မျက်လုံးများက လီချင်ရှန်းထံသို့ ဝိုင်း၍ကြည့်လိုက်ကြသည်။
“ငါတို့ မင်းကို ဒီအတိုင်း စိုက်ကြည့်နေမှာ၊ မင်းဘာသာ မင်း အဆင်ပြေအောင်လုပ်”
လီချင်ရှန်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောရင်း ပြောလိုက်သည်။
"ဆရာကြီးချန် ပြန်လာတာပဲ၊ ဆေးရုံအုပ်တစ်ယောက်အနေနဲ့ ငါက ဘယ်လိုလုပ် စံပြအနေနဲ့ ဦးဆောင်မပေးဘဲ နေလို့ရမလဲ"
ထိုစကားမှာ ဟွမ်ရှောင်မော့ကို ခြိမ်းခြောက်လိုက်သလို ဖြစ်သွားသဖြင့် ၎င်း၏ကိုယ်လုံးသေးသေးလေး ဖြင့် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ ပြောလိုက်သည်။
"မင်းက ဦးဆောင်တဲ့လူဆိုတော့ မင်းဘာသာ မင်း ကြိုဆိုလိုက်လေ၊ သွားစို့၊ ငါတို့ အခန်းထဲသွားပြီး ကြိုဆိုကြမယ်"
ဟွမ်ရှောင်မော့က ဝိညာဉ်များကို ဦးဆောင်၍ အခန်းငယ်ဆီသို့ လျှောက်လှမ်းသွားတော့သည်။
လီချင်ရှန်းက နောက်မှ လိုက်လံတားဆီးရသည်။
"ဟေ့ ဟေ့၊ အားလုံးက ကိုယ့်လူတွေပဲလေ၊ စိတ်မဆိုးပါနဲ့၊ ငါ ဒုတိယတန်းမှာ ရပ်ရင် မရဘူးလား၊ မသွားကြပါနဲ့၊ မသွားကြပါနဲ့၊ ငါ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ နောက်ဆုံးတန်းမှာ ရပ်ပါ့မယ်၊ ငါ့ကို အခွင့်အရေးလေး တစ်ခုလောက်ပေးပါ"
ဟွမ်ရှောင်မော့က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လီချင်ရှန်းကို သံသယစိတ်ဖြင့် အကဲခတ်လိုက်သည်။
လီချင်ရှန်းခမျာ ချန်ကျိုးကို ဖားရုံတင်မကဘဲ ဟွမ်ရှောင်မော့ကိုပါ ဖားနေရရှာသည်။
"အခွင့်အရေးလေး ပေးပါဦး၊ အားလုံးက ကိုယ့်လူတွေပဲဟာ"
"အခုမှ ကိုယ့်လူတွေ ဖြစ်သွားတာလား"
ဟွမ်ရှောင်မော့က လက်သည်းလေးဖြင့် အချက်ပြလိုက်ရာ ဝိညာဉ်များအားလုံး မိမိတို့နေရာသို့ ပြန်လည်ရောက်ရှိသွားကြပြီး လီချင်ရှန်းကမူ နောက်ဆုံးတန်းတွင် ရပ်ကာ ချန်ကျိုး မိမိကိုမြင်နိုင်ရန် ခြေဖျားထောက်နေရှာသည်။
ထိုအချိန်တွင် လူနှင့် ဝိညာဉ်များအားလုံးသည် အေးစိမ့်သော အအေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရပြီး နှစ်တစ်ထောင်ကျား ဝိညာဉ်သည် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏တံတိုင်းမြင့်ကြီးကို ကျော်ဖြတ်ကာ ဆေးရုံဝင်းကြီးအတွင်းသို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
လူနှင့် ဝိညာဉ်များအားလုံးက ကျားဝိညာဉ်၏အရှိန်အဝါကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကြိုးဆွဲချသရဲက တအံ့တသြဖြင့် ပြောလိုက်သည်။
"ဒီ... ဒီကျားကြီးက အရင်က ငါတို့လိုပဲ အငြိုးကြီးတစ္ဆေ မဟုတ်ဘူးလား၊ ဆရာကြီးချန်နဲ့အတူ အပြင်ထွက်သွားတာ တစ်ခေါက်တည်းနဲ့ ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် သန်မာသွားရတာလဲ"
"ဘာကြောင်ကြည့်နေတာလဲ၊ မြန်မြန် ကြိုဆိုကြလေ"
ဟွမ်ရှောင်မော့က ပြောလိုက်သည်။
ဝိညာဉ်တန်းကြီးက သတိပြန်ဝင်လာပြီး ဟွမ်ရှောင်မော့၏ ညွှန်ကြားမှုအောက်တွင် အသံကျယ်ကြီးဖြင့် ကြွေးကြော်ကြတော့သည်။
"ကြိုဆိုပါတယ် ကြိုဆိုပါတယ်၊ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ဆရာကြီးချန် ဝိညာဉ်ကမ္ဘာကနေ အောင်ပွဲခံပြီး ပြန်လည်ရောက်ရှိလာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ဆရာကြီးချန် ဝိညာဉ်ကမ္ဘာကနေ အောင်ပွဲခံပြီး ပြန်လည်ရောက်ရှိလာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"
လီချင်ရှန်းလည်း လက်ဟန်ခြေဟန်များဖြင့် ချန်ကျိုး အိမ်ပြန်လာခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည်။
ကျားဝိညာဉ်၏ကျောပေါ်တွင် မှောက်နေသော ချန်ကျိုးသည် လေးလံလှသော ခေါင်းကို မော့လိုက်ရာ မျက်နှာတစ်ခုလုံးတွင် ပေါင်ဒါမှုန့်များနှင့် နှုတ်ခမ်းနီများပေကျံနေပြီး ပါးစပ်ကိုဟကာ စကားကို အတည်တကျမပြောနိုင်တော့ဘဲ ရယ်မောရုံသာ တတ်နိုင်တော့သည်။
"ဟီးဟီးဟီးဟီး ဟားဟေး... အိမ်ရောက်ပြီပဲ..."
အလှပြင်သရဲမက နှာခေါင်းကိုရှုံ့လိုက်ရာ ချန်ကျိုး၏ ကိုယ်ပေါ်မှ သနပ်ခါးနှင့် ရေမွှေးနံ့များ လှိုင်လှိုင်ကြီး နံထွက်နေသဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"မောင်ကြီးကျိုး၊ မောင်ကြီး ဝိညာဉ်ကမ္ဘာကို ဘာသွားလုပ်တာလဲ"
ဟွမ်ရှောင်မော့က ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
"မင်းရဲ့ ဒီလို ဇနီးဆိုး ပုံစံကို ဘယ်တော့မှပြင်မှာလဲ"
အလှပြင်သရဲမက ခြေဆောင့်ကာ ဝမ်းနည်းပက်လက် ဖြစ်သွားရှာသည်။
အိမ်သို့ ရောက်ရှိလာသဖြင့် ရှောင်ကွေ့ထိုနှင့် အားယန်တို့က ချန်ကျိုး၏ကိုယ်ပေါ်မှ ပျံထွက်လာကြပြီး ရှောင်ကွေ့ထိုက ချန်ကျိုးကို ကုတင်ပေါ်သို့ အသာအယာ ချပေးကာ စောင်ခြုံပေးပြီး လေအေးပေးစက်ကိုဖွင့်ပေးလိုက်သည်။
အားယန်က ချန်ကျိုးအတွက် ရေခပ်၍ မျက်နှာသုတ်ပေးရန် ပြင်ဆင်နေစဉ် ဟွမ်ရှောင်မော့က ဝိညာဉ်များကို ဘေးသို့ ဖယ်ခိုင်းလိုက်ပြီး ရှောင်ကွေ့ထိုအား မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"ရှောင်ကွေ့ထို၊ ငါ့ကို အမှန်အတိုင်းပြောစမ်း၊ ချန်ကျိုးက ဝိညာဉ်ကမ္ဘာကို သွားတာ ဝိညာဉ်ပြည့်တန်ဆာအိမ်ကို သွားလည်ခဲ့တာလား"
"ဝိညာဉ်ပြည့်တန်ဆာအိမ်ဆိုတာ ဘာလဲ"
ရှောင်ကွေ့ထိုက ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
"ဝိညာဉ်ပြည့်တန်ဆာအိမ်ဆိုတာ..."
ဟွမ်ရှောင်မော့သည် ရှောင်ကွေ့ထိုက ကလေးငယ်တစ်ဦး ဖြစ်နေသဖြင့် လူကြီးစကားလုံးများဖြင့် ဖော်ပြ၍မရသဖြင့် စဉ်းစားကာ ပြောလိုက်သည်။
"အိမ်ကြီးအိမ်ကောင်း အကြီးကြီးတစ်ခုပေါ့၊ အဲဒီထဲမှာ သရဲမတွေ အများကြီးရှိတယ်၊ အရောင်အသွေး စုံစုံလင်လင် ဝတ်ဆင်ထားကြတယ်၊ အင်း... အခုခေတ် လူ့အဖွဲ့အစည်းလောက်တော့ အရောင်အသွေး စုံချင်မှ စုံမှာပါ၊ အဓိကက ချန်ကျိုးရဲ့ မျက်နှာပေါ်က ရောင်စုံပေကျံနေတာတွေက အဲဒီအထဲမှာ အလုပ်ခံရတာလားလို့"
ရှောင်ကွေ့ထိုက ဝိညာဉ်ကမ္ဘာမှ အတွေ့အကြုံများကို ပြန်လည်တွေးတောလိုက်ရာ ထိုသရဲဘုရင်အိမ်တော်က အလွန်ကြီးမားပြီး အထဲတွင် သရဲမများစွာ ရှိနေသည်ကို သတိရကာ ပြောလိုက်သည်။
"ဟုတ်ပုံရတယ်၊ ချန်ကျိုးက အရမ်းလှတဲ့ သရဲမလေးတစ်ကောင်နဲ့တောင် လက်ထပ်ခဲ့သေးတယ်"
ဟွမ်ရှောင်မော့၏နှလုံးသားလေး တုန်လှုပ်သွားပြီး ဝိညာဉ်ကမ္ဘာက တကယ်ကို ပွင့်လင်းလွန်းလှသည်။ Cosplay လေးတွေပါ လုပ်ကြတာကိုး။ ချန်ကျိုးကဲ့သို့ လူသားတစ်ယောက်အနေဖြင့် အသက်ဓာတ်များ ဆုံးရှုံးမှုကို တောင့်ခံနိုင်ပါ့မလား မသိချေ။