← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

Chapter 103

သရဲဘုရင်အိမ်တော်အတွင်း၌ ထန်ထိုက်မင်ယွဲ့သည် ညှိုးငယ်သော မျက်နှာထားဖြင့် အိပ်ဆောင်ရှိ မှန်တင်ခုံရှေ့တွင် ထိုင်နေသည်။

မှန်တင်ခုံပေါ်တွင် နှုတ်ခမ်းနီနှင့် ပေါင်ဒါမှုန့်များ ရှုပ်ပွစွာ ပျံ့ကြဲနေပြီး ဘေးအနားသတ်များ ကျွမ်းလောင်နေသော ဖိနပ်အစုတ်ကြီးတစ်ဖက်လည်း ရှိနေသည်။

အခန်းတွင်း၌လည်း ဖရိုဖရဲဖြစ်နေပြီး စာအုပ်များ မြေပြင်ပေါ်တွင် ပျံ့ကြဲနေကာ နံရံပေါ်ရှိ မိန်းမလှပုံတူပန်းချီကားမှာလည်း စုတ်ပြတ်သတ်အောင် ပွတ်သပ်ခြင်း ခံထားရသည်။

အိပ်ဆောင်တံခါးရှေ့သို့ ဝိညာဉ်အစေခံတစ်ဦး လွင့်မျောလာပြီး ကိုယ်ကိုညွတ်ကာ တိုးညင်းစွာ လျှောက်တင်သည်။

"သရဲဘုရင်အရှင်မ၊ ကမ္ပည်းတိုင်တင်တဲ့ စားပွဲမှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပျက်နေပါတယ်"

ထန်ထိုက်မင်ယွဲ့၏ အေးစက်သော မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး ထိုင်ရာမှထကာ စားပွဲပေါ်ရှိ ဖိနပ်အစုတ်ကြီးကို ကောက်ကိုင်လိုက်ရင်း တံခါးပြင်ပရှိ ဝိညာဉ်အစေခံအား မိန့်မှာလိုက်သည်။

"အခန်းကို မူလအတိုင်း ပြန်ပြင်ထားလိုက်"

"အမိန့်အတိုင်းပါ"

ထန်ထိုက်မင်ယွဲ့သည် အလယ်ခန်းမသို့ ရောက်ရှိလာပြီး အထဲသို့ လှမ်းကြည့်လိုက်ရာ မူလက အနည်းငယ် ငြိမ်ကျသွားသော ဒေါသမီးများသည် တဟုန်းဟုန်း ပြန်လည်တောက်လောင်လာပြီး နေရာမှာတင် ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။

ကမ္ပည်းတိုင်တင်သည့် စားပွဲပေါ်၌ မှောက်ခုံဖြစ်နေသော ရာဂဏန်းရှိသည့် ကမ္ပည်းတိုင်များသည် ချန်ကျိုး၏ ကမ္ပည်းတိုင်ထံသို့ ဝိညာဉ်အငွေ့အသက်များကို ပို့လွှတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအရာများသည် သူမ သရဲဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အနှစ်သုံးရာ့ခြောက်ဆယ်တိုင်တိုင် ခဲယဉ်းစွာ စုဆောင်းခဲ့ရသည့် သန့်စင်သော ဝိညာဉ်အငွေ့အသက်များ ဖြစ်ကြသည်။

ဒီချန်ကျိုးကြီးဆိုသည့် လူသည် ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူမ၏ အစီအရင်ကြီးကို ဖျက်ဆီးခဲ့ရုံတင်မကဘဲ သူ၏ ကမ္ပည်းတိုင်ကပါ သူမ၏ ဝိညာဉ်အငွေ့အသက်များကို စုပ်ယူနေသေးသည်။

"သွားသေလိုက်တော့"

ထန်ထိုက်မင်ယွဲ့သည် သရဲဘုရင်တစ်ပါးတွင် ရှိအပ်သော ဣန္ဒြေများကို လုံးဝမေ့လျော့ကာ ဖိနပ်အစုတ်ကြီးကို မြှောက်၍ ချန်တာကျိုး၏ ကမ္ပည်းတိုင်ဆီသို့ လွှဲပေါက်လိုက်သည်။

ဖိနပ်အစုတ်ကြီးနှင့် ကမ္ပည်းတိုင်တို့ ရိုက်မိပြီး အပြန်အလှန် လွင့်ထွက်သွားကြသည်။

ဖိနပ်အစုတ်ကြီးသည် မြေပြင်ပေါ်သို့ ကျသွားသည်။

ချန်ကျိုး၏ ကမ္ပည်းတိုင်သည် နောက်သို့ လဲကျသွားသည်။

နောက်တစ်စက္ကန့်တွင်မူ။

ထိုကမ္ပည်းတိုင်သည် လဲရာမှ ပြန်ထသည့် အရုပ်ကဲ့သို့ ထောင်မတ်လျက် ပြန်လည် မတ်တတ်ရပ်လာပြန်သည်။

ထန်ထိုက်မင်ယွဲ့၏လှပသော မျက်ဝန်းအစုံသည် ပြူးကျယ်သွားရသည်။

“နင့်လို လူယုတ်မာကတော့၊ လူက ထွက်သွားတာတောင် ကမ္ပည်းတိုင်တစ်ခု ချန်ထားပြီး ငါ့ကို နှိပ်စက်နေသေးတယ်ပေါ့”

ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏ကမ္ပည်းတိုင်ရှေ့သို့ ချက်ချင်းရောက်ရှိသွားပြီး စားပွဲပေါ်ရှိ ကမ္ပည်းတိုင်ကို ကောက်ယူကာ အခန်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။

ကမ္ပည်းတိုင်သည် ဝေဟင်တွင် လှပသော မျဉ်းကွေးပုံစံအတိုင်း ပျံသန်းသွားပြီး မြေပြင်သို့ မကျရောက်မီမှာပင် ထိုလှပသော မျဉ်းကွေးလမ်းကြောင်းပုံစံ မူလလမ်းဟောင်းအတိုင်း ပြန်လည်ဆုတ်ခွာလာကာ ကမ္ပည်းတိုင်တင်သည့် စားပွဲပေါ်သို့ ပြန်လည်ကျရောက်သွားပြန်သည်။

"တောက်~"

သရဲဘုရင်တစ်ပါး၏ သည်းခံနိုင်စွမ်းတွင် အကန့်အသတ် ရှိပေသည်။ သာမန်မဟုတ်ဘဲ အမျိုးသမီး သရဲဘုရင်တစ်ပါးအတွက်မူ ပိုမိုဆိုးရွားလှသည်။

ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏ကမ္ပည်းတိုင်ကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် လွှင့်မပစ်တော့ဘဲ အလယ်ခန်းမမှ ထွက်ခွာကာ စံအိမ်တော်ရှိ လက်သမားများရှိရာ ဝင်းထဲသို့ လျှောက်လှမ်းသွားသည်။

ချန်ကျိုး၏ ကမ္ပည်းတိုင် နောက်တစ်ကြိမ် ပြန်ပြေးမည်ကို စိုးရိမ်သဖြင့် ထန်ထိုက်မင်ယွဲ့သည် ကမ္ပည်းတိုင်ကို ခြေထောက်ဖြင့် နင်းထားပြီး လက်နှစ်ဖက်ဖြင့် ပုဆိန်ကို မြှောက်ကာ ကမ္ပည်းတိုင်ဆီသို့ အားပြင်းစွာ ခုတ်ချလိုက်သည်။

ကမ္ပည်းတိုင်၏ အသားမှာ ပြောင်းလဲသွားသကဲ့သို့ ပုဆိန်သွားပင် ပဲ့ထွက်သွားသော်လည်း ကမ္ပည်းတိုင်မှာမူ ခြေဖဝါးအောက်တွင် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။

ဟင်းချက်ဓားဖြင့် မွှန်းကြည့်သည်။

မီးဖြင့် ရှို့ကြည့်သည်။

အားလုံးသည် ချန်ကျိုး၏ကမ္ပည်းတိုင်အပေါ် မည်သို့မျှ သက်ရောက်မှု မရှိချေ။

ဒေါသထွက်လွန်းသဖြင့် ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး ကမ္ပည်းတိုင်ပေါ်တွင် ခြေထောက်ဖြင့် ဆက်တိုက် စောင့်နင်းတော့သည်။

သူမ ငိုပင် ငိုချင်လာရသည်။ ချန်ကျိုးကို မရိုက်ရသည့်အပြင် သူ့ ကမ္ပည်းတိုင်ကိုပင် မည်သို့မျှ မတတ်နိုင် ဖြစ်နေရသည်။

ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏ ကမ္ပည်းတိုင်အပေါ် ဒေါသတကြီး သောင်းကျန်းပြီးနောက် နောက်ဆုံးတွင်မူ သက်ပြင်းချကာ ခြေထောက်ကို ပြန်ရုပ်လိုက်ရရုံမှတစ်ပါး အခြားမရှိတော့ဘဲ ချန်ကျိုး၏ ကမ္ပည်းတိုင်သည် အလယ်ခန်းမဆီသို့ ခုန်ဆွခုန်ဆွဖြင့် ပြန်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဝင်းထဲရှိ ဝိညာဉ်အစေခံများသည် သရဲဘုရင်မ စိတ်မကြည် ဖြစ်နေသည်ကို မြင်တွေ့ရသဖြင့် တစ်ယောက်မျှ မလှုပ်ရဲဘဲ ကြောက်ရွံ့တုန်လှုပ်လျက် ရှိကြသည်။

ထန်ထိုက်မင်ယွဲ့သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် စံအိမ်တော်ရှိ လက်သမားကို ခေါ်ယူလိုက်သည်။

"ငါ့အတွက် ချန်ကျိုးကြီးရဲ့ ကမ္ပည်းတိုင် နောက်တစ်ခု ထပ်လုပ်ပေးစမ်း"

"နောက်တစ်ခု ထပ်လုပ်ရမယ် ဟုတ်လား"

လက်သမားသည် အံ့အားသင့်သွားရသည်။

ထန်ထိုက်မင်ယွဲ့က ပြောသည်။

"လက်သည်းခွံလောက်ပဲ ရှိတဲ့ ကမ္ပည်းတိုင်အသေးလေးတစ်ခု ထပ်လုပ်ပေး၊ အပေါ်က စာလုံးတွေကို ရှင်းရှင်းလင်းလင်း မြင်ရရမယ်၊ လုပ်နိုင်မလား"

"အရှင်မရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"

လက်သမားသည် အရိုအသေပေးကာ ဆုတ်ခွာသွားသည်။

ခဏချင်းအတွင်းမှာပင် လက်သမားသည် လက်သည်းခွံအရွယ်အစားသာ ရှိသော ကမ္ပည်းတိုင်အသေးလေးတစ်ခုကို ပြုလုပ်ပြီးနောက် လာရောက်ပေးအပ်သည်။

ထိုအပေါ်တွင် စာသားတစ်ကြောင်းကို ရှင်းလင်းစွာ ထွင်းထုထားသည်။

ကွယ်လွန်သူ ခင်ပွန်း ချန်ကျိုးကြီး၏ ကမ္ပည်းတိုင်။

ထန်ထိုက်မင်ယွဲ့သည် စိတ်ကျေနပ်စွာဖြင့် ကမ္ပည်းတိုင်ကို ယူဆောင်ကာ အလယ်ခန်းမသို့ လာခဲ့သည်။

ကမ္ပည်းတိုင်အကြီးကို ဖယ်ရှားလိုက်ပြီး ကမ္ပည်းတိုင်အသေးလေးကို ထိုနေရာတွင် အစားထိုး အခြေချလိုက်သည်။

မှန်ပေသည်။ အောက်တွင် မှောက်ခုံဖြစ်နေသော သုံးရာ့ခြောက်ဆယ်သော ကမ္ပည်းတိုင်များသည် ကမ္ပည်းတိုင်အသေးလေးထံသို့ ဝိညာဉ်စွမ်းအားများကို စုပ်ယူပို့လွှတ်လာကြချေပြီ။

အောင်မြင်သွားပြီ။

ထန်ထိုက်မင်ယွဲ့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကမ္ပည်းတိုင်အကြီးကို ကိုင်ဆောင်ကာ စားပွဲ၏ ရှေ့မျက်နှာစာသို့ လျှောက်လှမ်း၍ သေချာစွာ ကြည့်ရှုစစ်ဆေးသည်။

လဲကျနေသော ကမ္ပည်းတိုင်အများအပြားပေါ်တွင် သနားစရာကောင်းလောက်အောင် သေးငယ်လှသော ကမ္ပည်းတိုင်အသေးလေး တည်ရှိနေသည်ကို တွေ့ရသည်။ သေချာမကြည့်လျှင် လုံးဝမြင်တွေ့နိုင်မည် မဟုတ်ပေ။ လဲကျနေသော ကမ္ပည်းတိုင်များသည်ပင် ၎င်းထက် များစွာ မြင့်မားနေကြသေးသည်။

"ဟွန်း၊ ချန်ကျိုးကြီး၊ နင်က နင့်ကိုယ်နင် နတ်ဒေဝါတွေထဲက နဂါးနဲ့ ဖီးနစ်လို့ သတ်မှတ်ထားတာ မဟုတ်လား၊ ကမ္ပည်းတိုင်အား လုံးက နင့်ကို ဦးညွတ်ရမယ်လို့ ပြောခဲ့တာ မဟုတ်လား၊ အခုတော့ ဘယ်သူက နင့်ကို ဦးညွတ်မလဲ ကြည့်ကြသေးတာပေါ့"

ထန်ထိုက်မင်ယွဲ့သည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

စွန့်ပစ်ခြင်းခံလိုက်ရသော ကမ္ပည်းတိုင်အကြီးသည် ချန်ကျိုး၏အရှိန်အဝါ ကာကွယ်စောင့်ရှောက်မှု မရှိတော့သဖြင့် ထန်ထိုက်မင်ယွဲ့ စိတ်ကြိုက် နှိပ်စက်ရန် ဖြစ်လာခဲ့သည်။

သူမသည် ခဏချင်းအတွင်းမှာပင် ဝိညာဉ်မီးတောက်ဖြင့် ကမ္ပည်းတိုင်အကြီးကို ပြာကျအောင် ရှို့ပစ်လိုက်ပြီး ဝိညာဉ်အတတ်ဖြင့် ပြန်လည်ကောင်းမွန်အောင် ပြုလုပ်သည်။ ထို့နောက် လေပြင်းဓားကွက်ဖြင့် ကမ္ပည်းတိုင်အကြီးကို အပိုင်းအစပေါင်း သိန်းချီဖြစ်အောင် ပိုင်းဖြတ်ပစ်လိုက်ပြီး တစ်ဖန် ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပြန်သည်။

ဤသို့ဖြင့် ကမ္ပည်းတိုင်အကြီးကို အကြိမ်ပေါင်း ဆယ်ဂဏန်းမက နှိပ်စက်လိုက်၊ ပြန်ပြင်လိုက် ပြုလုပ်ပြီးနောက်တွင်မှ ထန်ထိုက်မင်ယွဲ့သည် မုန့်ချိုရရှိသွားသော ကလေးငယ်တစ်ဦးကဲ့သို့ စိတ်အာရုံ အနည်းငယ် တည်ငြိမ်သွားရသည်။

ထိုအချိန်တွင် ဝိညာဉ်အစေခံတစ်ဦး ဝင်ရောက်သတင်းပို့လာသည်။

"အရှင်မကို လျှောက်တင်ပါတယ်၊ အပြင်မှာ ကွယ်လွန်သူ ဝိညာဉ်သုံးခု ရောက်ရှိနေပြီး သူတို့က ချန်ကျိုးကြီးရဲ့ သတင်းကို သိတယ်လို့ ပြောဆိုနေကြပါတယ်"

ထန်ထိုက်မင်ယွဲ့သည် သူမ၏ ကလေးဆန်သော စိတ်အခြေအနေကို သိမ်းဆည်းလိုက်ပြီး မူလက ရှိရင်းစွဲ သရဲဘုရင်တစ်ပါး၏ ခန့်ညားထည်ဝါမှုကို ပြန်လည်ဖော်ဆောင်ကာ အလယ်ခန်းမမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သရဲဘုရင်အိမ်တော်၏ ဧည့်ခန်းမဆောင်အတွင်း၌ လျိုဝမ်ရှား၊ ဝူကျန်းနှင့် ရှန့်စစ်ပေ့တို့သည် သရဲဘုရင်မ၏ ခေါ်ယူခြင်းကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

ရုတ်တရက် သူတို့သည် တစ်ကိုယ်လုံး အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ အလွန်အမင်း လှပချောမောသော အမျိုးသမီးဝိညာဉ်တစ်ပါးသည် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိ ရှေ့မှောက်တွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

အမျိုးသမီးဝိညာဉ်၏ ကိုယ်ပေါ်မှ တောင်ကြီးတစ်တောင်ကဲ့သို့ အားကောင်းလှသော ဖိအားကို ခံစားလိုက်ရသဖြင့် ဝိညာဉ်သုံးခုသည် သေချာပင်မကြည့်ရဲဘဲ ပြိုင်တူ ဒူးထောက်လိုက်ကြပြီး နဖူးနှင့် မြေပြင်ထိအောင် ဦးချလျက် ကြောက်ရွံ့ရိုသေစွာ ရှိနေကြသည်။

ထန်ထိုက်မင်ယွဲ့သည် ကိုယ်ကိုလှည့်ကာ အဓိကထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"မင်းတို့က ချန်ကျိုးကြီးရဲ့ အကြောင်းကို သိကြတာလား"

လျိုဝမ်ရှားသည် လူ့လောကတွင် ရှိစဉ်က အဆင့်ခုနစ် ကျင့်ကြံသူများနှင့်ပင် မတွေ့ကြုံခဲ့ဖူးချေ။ ထို့ကြောင့် အဆင့်ခုနစ် သရဲဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရချိန်တွင် မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

ထိုသို့ဝိညာဉ်၏ အတွင်းပိုင်းအထိ ဖိနှိပ်ထားသော စွမ်းအားများကြောင့် သူ့ တစ်ကိုယ်လုံးသည် ဆန်ခါဖြင့် ဆန်ချသကဲ့သို့ တုန်ရင်နေရသည်။

"အသုံးမကျတဲ့ ဝိညာဉ်စုတ်တွေ"

ထန်ထိုက်မင်ယွဲ့သည် လက်ကို ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်သုံးခုစလုံး မြေပြင်ပေါ်သို့ လွင့်ထွက်လဲကျသွားကြသည်။

ရှန့်စစ်ပေ့သည် အမြန်ပြန်လည် ဒူးထောက်လိုက်ပြီး လျိုဝမ်ရှားအားပြောလိုက်သည်။

"လျိုဝမ်ရှား၊ မြန်မြန်၊ မြန်မြန်ပြောလေ"

လျိုဝမ်ရှားသည် ကြောက်လန့်တုန်လှုပ်နေသည့်ကြားမှ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုး ဒီချန်ကျိုးကြီးကို သိပါတယ်၊ သူ သူရဲ့ နာမည်အရင်းက ချန်ကျိုး ပါ၊ သူက လူ့လောက ကျင်းဟိုင်မြို့က ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံက လူနာတစ်ယောက်ပါ၊ သူမှာ နှစ်တစ်ထောင် ကျားဝိညာဉ်တစ်ကောင်၊ ဝိညာဥ်လေးတစ်ကောင်၊ သရဲမတစ်ကောင်နဲ့ မြွေပါတစ်ကောင် ရှိပါတယ်"

"ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ ဟုတ်လား"

ထန်ထိုက်မင်ယွဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်၊ ဟုတ်ပါတယ်၊ အဲဒီချန်ကျိုးက ငယ်ငယ်ကတည်းက စိတ်ရောဂါကုဆေးရုံမှာ နေလာတာပါ၊ သူက ပြင်းထန်တဲ့ စိတ်ဝေဒနာရှင်၊ ပြင်းထန်တဲ့ စိတ်ကူးယဉ်ရောဂါ ခံစားနေရသူပါ"

လျိုဝမ်ရှားသည် စိုးစဉ်းမျှ မထိမ်ချန်ရဲဘဲ အမှန်အတိုင်း လျှောက်တင်လိုက်သည်။

ပြင်းထန်တဲ့ စိတ်ဝေဒနာရှင်။

ပြင်းထန်တဲ့ စိတ်ကူးယဉ်ရောဂါသည်။

ထန်ထိုက်မင်ယွဲ့သည် အေးစက်စွာ ပြုံးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်သည်။

"ပြင်းထန်တဲ့ စိတ်ဝေဒနာရှင်တစ်ယောက်၊ ပြင်းထန်တဲ့ စိတ်ကူးယဉ်ရောဂါသည်တစ်ယောက်က ဝိညာဉ်တံခါးကို ဝင်ရောက်လာ ပြီး ဝိညာဉ်စျေးကိုကမောက်ကမဖြစ်အောင် မွှေနှောက်သွားတယ်ပေါ့၊ အဲဒီတော့ ငါကော သရဲဘုရင်တစ်ပါးအနေနဲ့ ဘာဖြစ်သွားရမှာလဲ"

"သရဲဘုရင်အရှင်မ ဘေးရန်ကင်းဝေးပါစေ၊ ဝိညာဉ်ဘုရင်အရှင်မ ဘေးရန်ကင်းဝေးပါစေ၊ ကျွန်တော်မျိုးတို့ မုသားစကား တစ်ခွန်းမှ မပြောရဲပါဘူး၊ အဲဒီချန်ကျိုးက စိတ်ဝေဒနာရှင်တစ်ယောက် ဖြစ်ပေမဲ့ နတ်ဘုရားတွေ သရဲတွေလို နက်နဲဆန်းကြယ်တဲ့ အတတ်ပညာတွေ ရှိပါတယ်၊ ကျွန်တော်မျိုးတို့က မူလက လူ့လောက ကောင်းကင်မိစ္ဆာဂိုဏ်းက ဂိုဏ်းသားတွေပါ၊ ချန်ကျိုးနဲ့ အကြိမ်ကြိမ် ပဋိပက္ခဖြစ်ခဲ့ဖူးပါတယ်၊ အကြိမ်တိုင်းမှာ ကျွန်တော်တို့ အရှက်တကွဲ ဖြစ်ခဲ့ရပါတယ်"

လျိုဝမ်ရှားသည် ဆက်တိုက် ဦးချလိုက်ပြီး မိမိသိရှိထားသော ချန်ကျိုး၏အချက်အလက် အားလုံးကို ထန်ထိုက်မင်ယွဲ့အား အသေးစိတ် ရှင်းလင်း လျှောက်တင်လိုက်သည်။

ထန်ထိုက်မင်ယွဲ့သည် မျက်ခုံးအစုံကို အနည်းငယ် တွန့်လိုက်မိသည်။

သူမ ခံစားသိရှိနိုင်သည်မှာ လျိုဝမ်ရှားသည် မုသားစကား ပြောဆိုနေခြင်း မဟုတ်ချေ။

ချန်ကျိုး သရဲဘုရင်အိမ်တော်သို့ လာရောက်သောင်းကျန်းခဲ့သည့် မြင်ကွင်းကို ပြန်လည်တွေးတောမိရာ ထိုစဉ်ကတည်းက ချန်ကျိုး၏ ဦးနှောက်မှာ တစ်စုံတစ်ရာ ချို့ယွင်းနေသည်ဟု သူမ ထင်မြင်ခဲ့မိသည်။

ထိုစဉ်က သူမသည် အလွန်အကျွံ တွေးတောမိသွားပြီး ချန်ကျိုးသည် ထူးခြားပြောင်မြောက်သော စွမ်းရည်များ ရှိသဖြင့် တမင်သက်သက် ရူးသွပ်ဟန်ဆောင်ကာ မိမိအား နောက်ပြောင်ကျီစယ် နေသည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

သူမသည် အဘယ်ကြောင့် မိမိ၏ထင်မြင်ချက်ကို ဆက်လက်မဆုပ်ကိုင်ခဲ့မိပါသနည်း။

ကြီးကျယ်ခမ်းနားလှသော သရဲဘုရင်အိမ်တော်သည် စိတ်ဝေဒနာရှင်တစ်ဦး၏ မွှေနှောက်ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ဤသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက သရဲဘုရင်အိမ်တော်၏ မျက်နှာကို မည်သည့်နေရာတွင် ထားရမည်နည်း။ ဝိညာဉ်စျေး၏ ဂုဏ်သိက္ခာကိုကော မည်သည့်နေရာတွင် ထားရမည်နည်း။

"ဒါဆို မင်းတို့ပြောတဲ့ သဘောအရ အဲဒီချန်ကျိုးကြီးက အခုအချိန်မှာ လူ့လောကကို ပြန်သွားပြီပေါ့ ဟုတ်လား"

"အမှားအယွင်းမရှိရင်တော့ ဒါဟာ သေချာပါတယ်"

ထန်ထိုက်မင်ယွဲ့သည် စားပွဲကို ပြင်းထန်စွာ ရိုက်လိုက်ပြီး အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

"ဟွန်း၊ လူ့လောကကို ပြန်ပြေးရုံနဲ့ ဘာတတ်နိုင်မှာလဲ၊ နင် ကမ္ဘာမြေအဆုံးအထိ ပြေးရင်တောင် ငါ့မှာ နင့်ကို ဖမ်းဆီးခေါ်ဆောင်လာပြီး အပိုင်းပိုင်း ဖြတ်တောက်ပစ်ဖို့ နည်းလမ်း ရှိတယ်"

All Chapters