← Chapters

အခန်း ၆၇၆

Vol. 65 Ch. 676

အခန်း ၆၇၆

Vol. 65 Ch. 676

အခန်း (၆၇၆)။

ဟင်းလင်းပြင် အလွှာအထပ်ထပ် အတွင်း၌ ပြင်းထန်သော စွမ်းအင်မုန်တိုင်းကြီးတစ်ခု ပေါက်ကွဲထွက်သွားတော့သည်။

ထိုအတိုင်းအဆမရှိသော ဟင်းလင်းပြင်မုန်တိုင်းမှာ မည်မျှကြီးမားကြောင်း မည်သူမျှ ဖော်ပြနိုင်ခြင်း မရှိသလို၊ အသက်နှင့်ရင်း၍ တိုက်ခိုက်ခဲ့ကြသော ခုန်းနှင့် စစ်ဘက်ရေးရာ ဝန်ကြီးတို့ကြောင့် မည်မျှလောက် ပျက်စီးသွားသည်ကိုလည်း မည်သူမျှ တိတိကျကျ မတွက်ချက်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ယန်နတ်ဘုရားများနှင့် ဖန်ဆင်းရှင်များ နေရာအနှံ့ ရှိနေခဲ့သော ရှေးဦးခေတ်၊ (ကမ္ဘာဦးခေတ်) ရှေးဟောင်းခေတ်နှင့် အလယ်ခေတ်များတွင်ပင် ဤကဲ့သို့ သော တိုက်ပွဲမျိုးမှာ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်၏။

တစ်ဦးမှာ သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းခြင်းနယ်ပယ်အထိ ရောက်ရှိနေ သည့် ဤလောကတွင် အသန်မာဆုံး မိစ္ဆာကြီး ဖြစ်သည်။

အခြားတစ်ဦးမှာမူ စစ်ပွဲ၏အရှင်သခင် မသေမျိုး စစ်အလံကို ကိုင်ဆောင်ထားသည့် ဖရိုဖရဲမူလစိတ်ဝိညာဉ်ပိုင်ရှင် စစ်ဘက်ရေးရာ ဝန်ကြီးတစ်ဦး ဖြစ်၏။

သူတို့နှစ်ဦးမှာ အင်အားချင်း ညီမျှနေကြသည်။

အထူးသဖြင့် ဤသည်မှာ သာမန်တိုက်ပွဲ မဟုတ်ဘဲ အသက်နှင့်ရင်းသော တိုက်ပွဲဖြစ်ရာ နှစ်ဖက်စလုံးက တစ်ချက်တည်းနှင့် အဆုံးသတ်နိုင်ရန် သူတို့၏ အရာအားလုံးကို ပုံအော၍ တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။

ခုန်းက ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး မူလစိတ်ဝိညာဉ်ကို သတ်ရန် သူ၏ အစွမ်းကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်သလို၊ စစ်ဘက်ရေးရာဝန်ကြီးကလည်း သူ့ကို အကျပ်အတည်း ဖြစ်အောင် တွန်းပို့ခဲ့သော ဟုန်ယွိကို အပြင်းအထန် ဒဏ်ရာရစေရန် အစွမ်းကုန် ကြိုးစားခဲ့ ခြင်း ဖြစ်သည်။

ဟုန်ယွိက သူ့ကို ဤမျှအထိ အစွမ်းကုန် တွန်းအားပေးနိုင်လိမ့်မည်ဟု စစ်ဘက်ရေးရာ ဝန်ကြီး တစ်ခါမျှ မတွက်ဆခဲ့ဖူးပေ။ သို့သော် ဤကဲ့သို့သော အသက်ဘေးနှင့် ရင်ဆိုင်နေရ သည့် အခြေအနေတွင် အသက်နှင့်ရင်း၍ တိုက်ခိုက်ခြင်းမှာလည်း အကြောက်ရဆုံးနှင့် အထိတ်လန့်ရဆုံးအချိန် ဖြစ်ပေသည်။

“ကောင်းကင်မိစ္ဆာ နတ်ဘုရား သတ်ဖြတ်ခြင်း။ လောကီကြိတ်ဆုံ”

ခုန်း၏ လက်သီးမှာ ရေတိုင်ကီလုံးခန့် ကြီးမားနေပြီး သူ၏ လက်ချောင်းများမှာ လူတစ်ယောက်၏ လက်မောင်းများအလား ရှိနေကာ ရွှေရောင်အမွှေးအမျှင်များမှာလည်း လေထဲတွင် ရမ်းခါနေသည်။ လက်သီးဖြင့် ထိုးနှက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များအားလုံးမှာ စုစည်းသွားတော့၏။ ဟင်းလင်းပြင်နှင့် အချိန်တို့မှာ ကောင်းကင်တိုင်ကြီး ကျိုးပျက်ကာ မြေကမ္ဘာကြီး အက်ကွဲသွားသကဲ့သို့ ပြိုလဲကုန်ကြ သည်။ အထက်မှ စွမ်းအင်များက စီးဆင်းလာပြီး အောက်မှ စွမ်းအင်များက တဟုန်ထိုး ကြွတက်လာကာ ကြီးမားသော ကြိတ်ဆုံကြီး နှစ်ခုအလား အချင်းချင်း တင်းကျပ်စွာ ဝန်းရံ လိုက်ကြသည်။ ၎င်းမှာ အလယ်တွင် ရှိနေသော လူကို အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်မည့် အလားပင်။

အကယ်၍ ခုန်းသာ ဟုန်ယွိကို သတ်ချင်ပါက သူသည် သူ၏ အပြင်းထန်ဆုံး တိုက်ကွက် ဖြစ်သော ‘ကောင်းကင်နှင့်မြေကြီး ကြိတ်ဆုံ’ ကို အသုံးပြုမည်မှာ ဧကန်ပင်။ သို့သော် ယခုအခါတွင်မူ ထိုတိုက်ကွက်ကို စစ်ဘက်ရေးရာဝန်ကြီးကသာ ခံစားလိုက်ရလေတော့ သည်။

“လခွမ်း”

‘စစ်ဘက်ရေးရာဝန်ကြီး’ သည် ဟုန်ယွိကို သတ်ရန် ဒေါသတကြီး ပြေးဝင်လာခဲ့သော် လည်း သူသည် ချက်ချင်းဆိုသလိုပင် ကြိတ်ဆုံနှင့်တူသော စွမ်းအင်နှစ်ခုကြားတွင် ပိတ်မိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် မသေမျိုး စစ်အလံကိုလည်း ရှေ့သို့ အတင်းအကျပ် တွန်းပို့လိုက်၏။ သူတို့နှစ်ဦး၏ စွမ်းအင်များ ပြင်းထန်စွာ တိုက်မိကြပြီး ခဏချင်းမှာပင် သူသည် အပြင်းအထန် ဒဏ်ရာရသွားတော့သည်။

သူသည် ဟုန်ယွိ၏ ‘လက်ငှားပြီး သတ်သည့်’ အကွက်ထဲသို့ ကျရောက်သွားပြီမှန်း သိလိုက်ရသော်လည်း၊ ‘ကောင်းကင်နှင့်မြေကြီး ကြိတ်ဆုံ’ ကြားတွင် အမှုန့်ဖြစ်မခံနိုင် သဖြင့် သူ၏ အသန်မာဆုံး နည်းဗျူဟာကို မတွန့်မဆုတ် ထုတ်သုံးလိုက်ရ၏။ “စစ်အလံ ဝှေ့ယမ်းခြင်း၊ စစ်မီးလျှံများ နေမင်းကို ဖုံးလွှမ်းစေ။”

မသေမျိုး စစ်အလံမှာ တကယ်ပင် ဝှေ့ယမ်းဖြန့်ကျက်သွားပြီး စစ်ပွဲ၏ မီးခိုးငွေ့များမှာ စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ပရမ်းပတာ စစ်ပွဲနယ်မြေမှာ ‘လောကီကြိတ်ဆုံ’ ပေါ်သို့ ထပ်မံ၍ ဆင်းသက်လာပြန်သည်။

ဘုန်း ဘုန်း ဘုန်း...

ကြီးမားလှသော မီးခိုးတိမ်တိုက်ကြီးမှာ ခုန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက် သည်။ ထိုရှေးဦးခေတ် မျောက်ဝံကြီးမှာ နာကျင်စွာ မျက်နှာပျက်သွားပြီး သူ၏ အစွယ်များ ကို ထုတ်ကာ သွေးပျစ်ကြီးများကို အန်ထုတ်လိုက်ရ၏။

ထိုသွေးများမှာ လေထဲသို့ ပန်းထွက်သွားပြီး ပရမ်းပတာ ဒြပ်စင်များအဖြစ် ပြောင်းလဲသွား သည်။ ထို့နောက် ၎င်းတို့မှာ လူးလွန့်လာပြီး လူ့ပုံစံအဖြစ် ပြောင်းလဲရန် ကြိုးစားရင်း အော်ဟစ်နေကြသည်။ သို့သော် အော်သံ တစ်ချက်နှစ်ချက် ထွက်လာပြီးနောက် ချက်ချင်း ပင် ပြန်လည် ပိန်လိမ်သွားတော့သည်။ ထင်ရှားသည်မှာ သူသည် ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းနယ်ပယ်’ သို့ ရောက်ရန် လက်တစ်လုံးအလိုသာ လိုတော့ခြင်းပင်။

ဤသည်မှာ ခုန်း၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်မှာ စစ်ဘက်ရေးရာဝန်ကြီးထက် အနည်းငယ် ပိုမြင့်ကြောင်း သက်သေပြနေခြင်းလည်း ဖြစ်၏။ ခုန်းသည် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်းနယ်ပယ်’ ကို ထိတွေ့နိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း သူသည် စစ်ဘက်ရေးရာဝန်ကြီး၏ ‘စစ်မီးလျှံ’ တိုက်ကွက်ကြောင့် ဒဏ်ရာရ သွားခဲ့ရသည်။

မှန်ပါသည်... ‘လောကီကြိတ်ဆုံ’ ကလည်း စစ်ဘက်ရေးရာဝန်ကြီး၏ မသေမျိုး စစ်အလံ ကို ပြင်းထန်စွာ ကြိတ်ချေလိုက်သည်။ စစ်အလံ၏ တောက်ပမှုနှင့် ခန့်ညားလှသော စစ်ပွဲ ဆန္ဒများမှာ ခဏချင်းမှာပင် အဆပေါင်းများစွာ လျော့ပါးသွားရတော့သည်။ စစ်ဘက်ရေး ရာဝန်ကြီး၏ အားအင်မှာလည်း ဒီရေဆုတ်သွားသကဲ့သို့ ချက်ချင်းပင် ကျဆင်းသွား၏။

သူသည် မူလက အသက်နှင့်ရင်း၍ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ သူ၏ တိုက်ကွက်မှာ ကျရှုံးသွားခဲ့ပြီဖြစ်ရာ သူ၏ အစွမ်းနှင့် စိတ်ခွန်အားများမှာ စတင် တုန်လှုပ်လာတော့သည်။

“ဒီနတ်ဆိုးမျောက်ဝံကြီးသာ မရှိရင် ငါ သေချာပေါက် လွတ်မြောက်သွားမှာ။ ဟုန်ယွိက ငါ့ကို မတားနိုင်ပါဘူး... သူ ငါ့ကို လုံးဝ မတားနိုင်ဘူး...” သူ၏ စိတ်ထဲတွင် နောင်တများစွာ ထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ် ခုန်းရယ်။ မဟုတ်ရင် ဒီလူကြီးကို ကျုပ် ဒီလောက် လွယ်လွယ်နဲ့ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။ အခုတော့ ခင်ဗျားတို့ နှစ်ယောက်လုံး ဒဏ်ရာရသွားပြီဆိုတော့၊ ဒီမှာပဲ နေခဲ့ကြပြီး ကျုပ်ရဲ့ ထိုက်ကျိ မိုးကြိုးရေကန်ကို ပြုပြင်ဖို့ မူလစွမ်းအင်တွေအဖြစ် အသုံးတော်ခံလိုက်ကြတော့။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ စွမ်းအားတွေနဲ့ဆိုရင် ကျုပ် လူသား အင်မော်တယ်ပေါင်း ဒါဇင်နဲ့ချီပြီး ဖန်တီးနိုင်မှာပဲ။ ခင်ဗျားတို့ရဲ့ စွမ်းအင်တွေကို သုံးပြီး ကျုပ်ရဲ့ စိတ်ဝိညာဉ်ကိုလည်း ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်ကို ရောက်အောင် လုပ်မယ်၊ ကျုပ်ရဲ့ ခန္ဓာကိုယ်နဲ့လည်း ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းပြီး လောကမှာ အသန်မာဆုံးလူသား ဖြစ်လာစေရမယ်။”

ခုန်း သွေးများ အန်ထုတ်နေစဉ်မှာပင် သူ၏ နားထဲသို့ အသံတစ်သံ ဝင်ရောက်လာသည်။

ထို့နောက်တွင်တော့ သူ၏ ဦးခေါင်းအထက်၌ ဓားသုံးလက်နှင့် ဆေဘာသုံးလက်မှာ ပြန်လည်ပေါ်လာပြီး သူ့ဆီသို့ ပိုင်းဖြတ်ရန် ဆင်းသက်လာတော့သည်။

“ဟွန်း၊ မင်းက ငါ့ကို ရတနာအဖြစ် သန့်စင်ဖို့ သတ်ချင်တယ်ပေါ့။ ဟုန်ယွိ... မင်း ဒီဘဝ တော့ လုပ်နိုင်မှာ မဟုတ်ဘူး။ မင်း ဒီနေ့ အရမ်း ပါးနပ်ခဲ့တာကိုတော့ ငါ ဝန်ခံပါတယ်။ လောကီကြိတ်ဆုံ။”

ခုန်း၏ ခန္ဓာကိုယ်မှာ ကျုံ့သွားပြီး ဘောလုံးတစ်လုံးအလား ကွေးလိုက်သည်။ သူ၏ စွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒအားလုံးမှာ စုစည်းသွား၏။ တစ်ချိန်တည်းမှာပင် ‘လောကီကြိတ်ဆုံ’ ကို ဟုန်ယွိ၏ ဓားများနှင့် ဆေဘာ များဆီသို့ ပြန်လည် ဝှေ့ယမ်းလိုက် သည်။

ဂျိခနဲ... ဂျိခနဲ...

အသံများစွာ ထွက်ပေါ်လာပြီး ‘လောကီကြိတ်ဆုံ’ တစ်ခုလုံးမှာ ကောင်းကင်ဆန္ဒ၊ စကြဝဠာ၊ အချိန်၊ အသက်၊ ဟင်းလင်းပြင်စသည့် ဓားခြောက်လက်၏ ပိုင်းဖြတ်မှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတော့သည်။

သို့သော်လည်း ခုန်းသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ပြန်လည် ဆန့်ထုတ်လိုက်၏။

“ငါဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်သူပဲ။ ပင်လယ်လေးစင်းမှာလည်း ငါ လွတ်လပ်စွာ ပျံသန်းနိုင်တယ်... ကောင်းကင်ဘုံမှာလည်း ငါ စိတ်ကြိုက် သွားလာနိုင် တယ်...”

ဤခုန်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ အဆုံးမရှိသော ဓားအလင်းတန်းများကို ထိပ်တိုက် ရင်ဆိုင်ရင်း အတင်းအကျပ် တိုးထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အမွှေးအမျှင်များမှာ ဖြူကောင် တစ်ကောင်ကဲ့သို့ ထောင်ထလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင် ဆူးဘောလုံးကြီးတစ်ခု ဖြစ်သွား၏။

ချွင်…၊ ချွင်… ချွင်…

အတိုင်းအဆမရှိသော ဓားစွမ်းအင်များနှင့် ဆေဘာစွမ်းအင်များသည် သူ၏ ရွှေရောင် ဆူးဘောလုံးကြီးပေါ်သို့ ကျရောက်လာသော်လည်း ၎င်းကို အတင်းအကျပ် တားဆီးထား နိုင်ခဲ့သည်။ ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ တစ်ခုပြီးတစ်ခု ပြတ်တောက်သွားပြီး ကောင်းကင်တစ်ခုလုံး ရွှေရောင်အမွှေးများဖြင့် ပြည့်နှက်သွားသော် လည်း သူ၏ အသွေးအသားမှာမူ ထိခိုက်မှု မရှိပေ။

ဤသည်မှာ ခုန်း၏ အသန်မာဆုံးသော အကာကွယ်နည်းပရိယာယ်ပင် ဖြစ်သည်။ သူ၏ အမွှေးများကို မာကျောစေပြီး ထောင်ထစေခြင်းဖြင့် ရွှေရောင်ဆူးဘောလုံးအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။ သူ၏ မွေးရာပါ အမွှေးအမျှင်များ၏ စွမ်းအားမှာ သူပိုင်ဆိုင်ဖူး သမျှ မည်သည့်ရတနာထက်မဆို ပို၍ နက်နဲဆန်းကြယ်လှသည်။

“ကွဲထွက်စမ်း”

နောက်ထပ် ကြမ်းတမ်းသော ဟစ်ကြွေးသံကြီးနှင့်အတူ ခုန်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အစွမ်းကို အသုံးပြုကာ ဓားအလင်းတန်းများကို ဖောက်ထွက်ပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေတော့သည်။ လေထဲတွင်တော့ ကောင်းကင်ယံ၌ လွင့်ပျံနေသော အမွှေးအမျှင်ပေါင်း ထောင်သောင်းချီသာ ကျန်ရစ်ခဲ့၏။

ထိုပြတ်တောက်သွားသော အမွှေးအမျှင်များမှာ အသိဉာဏ်ရှိနေသကဲ့သို့ ပျံသန်းထွက် ပြေးရန် ပြင်ဆင်နေကြသည်။ သို့သော် ဟုန်ယွိက လက်ဖြင့် ဝှေ့ယမ်းကာ ဖမ်းယူလိုက် သောအခါ ၎င်းတို့မှာ သူ၏လက်ထဲတွင် ရွှေရောင်ဝတ်ရုံတစ်ခုအဖြစ် စုစည်းသွားတော့ သည်။

“ဝိုး... ခုန်းရဲ့ အမွှေးတွေက ရှေးဦးဝိညာဉ်စွမ်းအင်၊ ဒြပ်ကြီဂငါးပါး မူလစွမ်းအင်နဲ့ အသွေးအသားလျှို့ဝှက်ချက်တွေ စုစည်းနေတာပဲ။ ဒါဟာ တကယ့်ကို အဖိုးတန်တဲ့ ရတနာ ပဲ။ ငါသာ ဒါကို သေချာ သန့်စင်နိုင်ရင် ပိုပြီးတော့တောင် အစွမ်းထက်လာဦးမှာ။”

…

“စစ်ဘက်ရေးရာဝန်ကြီး၊ ခင်ဗျားကတော့ ငြိမ်းခါနီး ဆီမီးခွက်လို ဖြစ်နေပြီ။ အခုထိ ပြေးနိုင်ဦးမယ်လို့ ထင်နေတုန်းပဲလား။” ဆေဘာ သုံးချက်ဖြင့် ပိုင်းဖြတ်ကာ ခုန်းကို ခြောက်လှန့်မောင်းထုတ်ပြီး သူ၏ အမွှေးများကို ရိတ်သိမ်းလိုက်ပြီးနောက်၊ ဟုန်ယွိသည် ခုန်းတစ်ယောက် သူ့ကို ထပ်ပြီး ဒုက္ခပေးတော့မည် မဟုတ်ကြောင်း သိလိုက်သည်။ အနည်းဆုံးတော့ သူသည် ဒဏ်ရာရသွားသဖြင့် အနားယူရန် အချိန်လိုအပ်ပေလိမ့်မည်။

“အင်မော်တယ် ကျောက်စာတိုင်... မှော်သင်္ကေတတွေနဲ့ ချိပ်ပိတ်စမ်း။”

စစ်ဘက်ရေးရာဝန်ကြီး မှာ ထွက်ပြေးရန် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့သော်လည်း သူ ဘယ်လိုမှ မမှီတော့ပေ။ ဟုန်ယွိက အင်မော်တယ် ကျောက်စာတိုင်ကို ထိန်းချုပ်ကာ သူတို့၏ ထွက်ပြေးမည့် လမ်းကြောင်းကို ထပ်မံ၍ ပိတ်ဆို့လိုက်ပြီး အတွင်း၌ ဝန်းရံ ထားလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် တကယ်ပင် အားအင်ကုန်ခမ်းနေသော မြားတစ်စင်းကဲ့သို့ ဖြစ်နေပြီး ပိုးသားကိုပင် ဖောက်နိုင်စွမ်း မရှိတော့ပေ။

မသေမျိုး စစ်အလံ၏ အလင်းတန်းမှာ ကျုံ့သွားပြီး ၎င်း၏ စွမ်းအားမှာလည်း အကြီးအကျယ် လျော့ကျသွားခဲ့ပြီ။

ယခုအခါ ဟုန်ယွိသည် အောင်မြင်သွားပြီ ဖြစ်သဖြင့် စစ်ဘက်ရေးရာဝန်ကြီးကို နောက်ထပ် အခွင့်အရေး မပေးတော့ပေ။ ဆေဘာတိုက်ကွက် သုံးချက်နှင့် ဓားတိုက်ကွက် သုံးချက်မှာ အင်မော်တယ် ကျောက်စာတိုင် အတွင်းသို့ ထပ်မံ ဝင်ရောက်သွားပြီး မသေမျိုး စစ်အလံကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်ကာ ဝန်ကြီး၏ ဝိညာဉ်ကို ပိုင်းဖြတ်နေတော့သည်။

ဝန်ကြီးမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ဟစ်သံများ တစ်ခါပြီးတစ်ခါ ဟစ်အော်နေ၏။ သူသည် ပြန်လည်တိုက်ခိုက်ရန် ဒေါသတကြီး ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ ၏။ ဤအခြေအနေတွင် စစ်ဘက်ရေးရာဝန်ကြီးသာ ဆက်လက် ခုခံနိုင်သေးပါက ၎င်းမှာ အံ့ဩစရာပင် ဖြစ်လိမ့်မည်။

“ဟုန်ယွိ၊ မင်း ငါ့ကို သတ်ချင်တာလား၊ မင်းရဲ့ ဆန္ဒ ပြည့်ဝမှာ မဟုတ်ဘူး” ဝန်ကြီးသည် အကြိမ်ပေါင်း မည်မျှမှန်းမသိအောင် ဟိန်းဟောက်ရင်း ခါးသီးစွာ တောင့်ခံနေသည်။ သူ၏ ခံနိုင်ရည်မှာ အတိုင်းအဆမရှိလှပေ။

သို့သော်လည်း ဟုန်ယွိမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ သူသည် အလွန်ပင် စိတ်ရှည်စွာဖြင့် ဆက်လက်၍ ပိုင်းဖြတ်တိုက်ခိုက်နေသည်။ တစ်ချိန်တည်းမှာပင် ထိုက်ကျိ မိုးကြိုးရေကန်၏ မူလစွမ်းအင်များကလည်း စတင်၍ အာနိသင် ပြလာလေပြီ။

“ဟုန်ယွိ... မင်းသာ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် မင်းရဲ့ ‘ပြောင်းလဲခြင်းကျမ်း’ ပညာရပ်တွေကို ဗဟိုကမ္ဘာအထိ ပျံ့နှံ့သွားအောင် ငါ အာမခံပါတယ်။ ဗဟိုကမ္ဘာမှာ လူဦးရေ ဆယ်ဘီလီယံ ကျော် ရှိတယ်၊ ကောင်းကင်ပြင်မှာလည်း ကြယ်တာရာတွေနဲ့ နိုင်ငံတွေ အများကြီး ရှိသေး တယ်။ မင်းတို့ရဲ့ မဟာကမ္ဘာလောကမှာ လူဘယ်လောက်ရှိမှာ မလို့လဲ။”

ဝန်ကြီးသည် ရုတ်တရက် ဟိန်းဟောက်ခြင်းကို ရပ်တန့်လိုက်သည်။ ယင်းအစား သူသည် တည်ငြိမ်သွားပြီး သူ၏ စိတ်ဝိညာဉ်ဖြင့် ဟုန်ယွိ၏ ဓားချက်များကို တောင့်ခံနေတော့ သည်။

“ခင်ဗျားက စစ်ပွဲတွေကို အုပ်ချုပ်တဲ့လူပဲ။ ယဉ်ကျေးမှုနဲ့ အသိပညာတွေ ဖြန့်ဝေဖို့က ခင်ဗျားအတွက် ဘာအသုံးဝင်မှာလဲ” ဟုန်ယွိက ရုတ်တရက် စကားပြောလိုက်သည်။ သူ၏ ပြင်းထန်သော စိတ်ဆန္ဒမှာ ဝန်ကြီးကို လှိုင်းလုံးများအလား ရိုက်ခတ်နေသော်လည်း သူ၏ လက်များမှာမူ ရပ်တန့်ခြင်း မရှိပေ။ သူ၏ ဓားများနှင့် ဆေဘာများမှာ ပို၍ပင် ပြင်းထန်စွာ ပိုင်းဖြတ်နေတော့သည်။

“ငါက ‘ယဉ်ကျေးမှုဝန်ကြီး’ နဲ့ တစ်ဖက်တည်းပဲ။ နောက်ပြီး ဟုန်ယွိ... စစ်ပွဲဆိုတာ ယဉ်ကျေးမှုကို ဖြန့်ဝေဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ယဉ်ကျေးမှု ထွန်းကားဖို့အတွက် စစ်ပွဲဆိုတာ မရှိမဖြစ် လိုအပ်တယ်” ဝန်ကြီးက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“စစ်ပွဲကပဲ ယဉ်ကျေးမှုကို ပြန့်ပွားစေနိုင်မယ် ဟုတ်လား။ ဒါက အတော်လေး ကောင်းတဲ့ ဆင်ခြေပဲ။ ခင်ဗျား စစ်ပွဲရဲ့ အရှင်သခင် ဖြစ်နေတာ မဆန်းပါဘူး။ တကယ်လို့ ကျုပ်သာ ဒီနေ့ လက်ငှားပြီး ခင်ဗျားကို မသတ်ခဲ့ရင် ခင်ဗျား တကယ်ပဲ လွတ်မြောက်သွားပြီး ကျုပ်ရဲ့ ကြိုးစားမှုတွေကို ဖျက်ဆီးပစ်မှာ သေချာတယ်။ ဒါပေမဲ့ ဒီနေ့တော့ ခင်ဗျားကို လွှတ်ပေးဖို့ မမျှော်လင့်နဲ့တော့။ ယဉ်ကျေးမှုကို ဖြန့်ဝေဖို့ စစ်ပွဲလိုတယ်လို့ ခင်ဗျားကိုယ်တိုင် ပြောခဲ့ တာပဲ... အဲဒီတော့ ခင်ဗျားနဲ့ ပူးပေါင်းလို့ ဘာအကျိုးရှိမှာလဲ။ ဆေဘာတွေ၊ ဓားတွေ... အသွင်ကို ဝိညာဉ်အဖြစ် ပြောင်းလဲစမ်း၊ ချီဝိညာဉ်ဝဲဂယက်၊ သူရဲကောင်းမှတ်တမ်း၊ ထွက်ပေါ်လာစမ်း”

ဝုန်း…

သူရဲကောင်းမှတ်တမ်းသည် ဆေဘာများနှင့် ဓားများကြားမှ ပျံသန်းထွက်ပေါ်လာပြီး ဝန်ကြီး၏ ဦးခေါင်းထက်၌ ဝဲပျံနေတော့သည်။ ထိုမှတ်တမ်းစာအုပ်မှ အနှိုင်းမဲ့ ပုံရိပ်ယောင် အရှိန်အဝါများနှင့် ချီဝိညာဉ်ဝဲဂယက်၏ စုပ်ယူအားတို့ ထွက်ပေါ်နေ၏။

ဘုံသုံးပါးမူလစွမ်းအင်ရေကန်နှင့် ရှေးဦး ရာမွန်ရှိုတံခါးတို့နှင့် ပေါင်းစပ်ပြီးကတည်းက ဤသူရဲကောင်းမှတ်တမ်းသည် စစ်မှန်သော ရတနာတစ်ပါး ဖြစ်လာခဲ့သည်။ ၎င်းသည် ပုံရိပ်ယောင်၊ စုပ်ယူခြင်း စသည့် စွမ်းအားများဖြင့် ထူးကဲစွာ အစွမ်းထက်လှ၏။ သူရဲကောင်းမှတ်တမ်း ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော စုပ်ယူအားကို ထုတ်လွှတ်လိုက်ပြီး ဝန်ကြီး၏ မှတ်ဉာဏ်များကို တဖြည်းဖြည်းချင်း စုပ်ယူနေတော့သည်။

... ...

“မင်းက ငါ့ရဲ့ မှတ်ဉာဏ်တွေကို ကျမ်းစာအုပ်ထဲမှာ ထည့်ပြီး သန့်စင်ချင်တာလား၊ အကြံကောင်းတယ်... တကယ့်ကို အကွက်ကောင်းပဲ။ ဒါပေမဲ့ စစ်ပွဲရဲ့ အရှင်သခင်ကိုတော့ ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး။ မင်းသာ ငါ့ရဲ့မှတ်ဉာဏ်တွေကို သိမ်းဆည်းထားမယ်ဆိုရင် တစ်နေ့မှာ ငါ သေချာပေါက် ပြန်ရှင်လာလိမ့်မယ်။ မင်း ငါ့မှတ်ဉာဏ်တွေကို ထာဝရ ဖျက်ဆီးပစ်နိုင်မှပဲ ငါ့ကို တားဆီးနိုင်လိမ့်မယ်။”

ဝန်ကြီးသည် ကျမ်းစာအုပ်ကို ကြည့်ကာ အရာအားလုံးကို နားလည်သွားပုံရပြီး သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တည်ငြိမ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် မည်သည့်ခုခံမှုကိုမျှ မပြုလုပ်ဘဲ သူ၏ မှတ်ဉာဏ်အမှတ်အသားများကို ကျမ်းစာအုပ်အား စုပ်ယူခွင့် ပေးလိုက်လေသည်။

“ဟင်၊ ခင်ဗျား ဘာလို့ မခုခံတာလဲ၊ ခင်ဗျား မိမိကိုယ်ကို အဆုံးစီရင်ပြီး ဖောက်ခွဲပစ်ရင် တုန့်ပြန်ဖို့အတွက်တောင် ကျုပ် ပြင်ဆင်ထားခဲ့တာ” ဟုန်ယွိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဟွန်း... ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ် ဟုတ်လား။ ငါက အဲဒီလောက် မမိုက်မဲဘူး။ ငါ အနှေးနဲ့အမြန် ပြန်ရှင်လာမှာပဲ။ ငါ့မှာ ဘယ်လို မှော်အစွမ်းတွေ ပိုင်ဆိုင်ထားလဲ မင်း ဘယ်တော့မှ စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး။ ငါက အခု ခဏလောက် အနားယူရုံ ပဲ။ ဟုန်ယွိ... အကြောက်တရားနဲ့ တုန်လှုပ်နေရပြီး ငါ ပြန်ရှင်လာမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့...”

ဝန်ကြီး၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးတွင် ပြင်းထန်သော သိစိတ်တစ်ခုအဖြစ် ပြောင်းလဲကာ သူရဲကောင်းမှတ်တမ်း ကျမ်းစာအုပ်အတွင်း၌ ကမ္ပည်းတင် ခံလိုက်ရတော့သည်။ ဤနှိုင်းမဲ့လျှို့ဝှက်ကျမ်းစာအုပ်သည် ဤပုဂ္ဂိုလ်ကြီး၏ သတင်းအချက်အလက်များ အားလုံးကို လက်ခံရရှိသွားပြီး ပြင်းထန်စွာ တုန်ခါနေတော့ သည်။ နှစ်နာရီကျော်မျှ တုန်ခါနေပြီးနောက်တွင် သူရဲကောင်းမှတ်တမ်းသည် တည်ငြိမ် သွားပြီး ၎င်းအပေါ်တွင် ရောင်ခြည်တန်းများ စီးဆင်းကာ ပရမ်းပတာ စစ်ပွဲအရှိန်အဝါများ ထွက်ပေါ်နေလေသည်။

“ဒီစစ်ဘက်ရေးရာဝန်ကြီးကတော့ တကယ့်ကို ကြောက်စရာကောင်းတာပဲ။ သူ့ရဲ့ အသိစိတ်နဲ့ မှတ်ဉာဏ်တွေက အင်မတန် အစွမ်းထက်တယ်။ မူလဝိညာဉ်နတ်ဘုရား၊ အရိုးဖြူပညာရှင်နဲ့ ကျိုးထိုက်ကျူတို့မှာတောင် ဒီလောက်များပြားတဲ့ အသိစိတ်တွေ မရှိကြဘူး။ စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေကို နားလည်ဖို့ဆိုတာ တစ်ရက်တည်း နဲ့တော့ မဖြစ်နိုင်ဘူး။ အခုတော့ မသေမျိုးစစ်အလံနဲ့ ထိုက်ကျိ မိုးကြိုးရေကန်တို့ကို ပေါင်းစပ်ပြီး ဘယ်လို မိုးကြိုးရေကန်မျိုး ပြုပြင်ဖန်တီးနိုင်မလဲဆိုတာ ကြည့်ရအောင်”

စစ်ဘက်ရေးရာဝန်ကြီး ပိုင်ဆိုင်ထားသော မှတ်ဉာဏ်များ၏ ပမာဏက ဟုန်ယွိပင် အံ့အား သင့်သွားခဲ့ရသည်။ ထို့ပြင် ဝန်ကြီး၏ နောက်ဆုံးစကားများက သူ့ကို သတိထားမိစေခဲ့ သည်။ သို့သော် သူသည် သတိထားရုံမျှသာ ဖြစ်၏။ ဝန်ကြီးက သေဆုံးသွားပြီဖြစ်ရာ မှတ်ဉာဏ်များသာ ကျန်တော့သည့် လူတစ်ယောက်က မည်သည့်လှည့်ကွက်မျှ ထပ်မံ ပြုလုပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ဝန်ကြီး သေဆုံးသွားသည်နှင့်အမျှ မသေမျိုး စစ်အလံမှာလည်း သက်ဝင်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး လေထဲတွင် တိတ်ဆိတ်စွာ ဝဲပျံနေတော့သည်။

ဤမှော်ရတနာသည်... ပြောရလျှင် ၎င်းမှာ သာမန်မှော်ရတနာတစ်ခုမျှသာ မဟုတ်ပေ။ ၎င်းသည် စစ်ပွဲ၏ အထွတ်အထိပ်၊ စစ်ပွဲ၏ ပရမ်းပတာဖြစ်မှု၊ စစ်ပွဲ၏ စည်းစနစ်၊ စစ်ပွဲကို ပြန့်ပွားစေသည့် ယဉ်ကျေးမှုနှင့် စစ်ပွဲကို ဦးဆောင်သည့် ယဉ်ကျေးမှုတို့ကို ကိုယ်စားပြု နေသည်။ စစ်ပွဲနှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှု အားလုံးသည် ၎င်းအတွင်း၌ ကိန်းအောင်းနေ၏။ ကြီးမားလှသော စွမ်းအင်များကို ထည့်မတွက်ထားဘဲ ၎င်းအတွင်းရှိ စစ်ပွဲနှင့် ပတ်သက်သော အသိဉာဏ်များကပင် ဟုန်ယွိ၏ ဗဟုသုတကို ပိုမိုပြည့်စုံစေရန် လုံလောက်လှပေသည်။ သူသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကိုပင် သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မည်။

All Chapters