← Chapters

အခန်း ၆၈၀

Vol. 65 Ch. 680

အခန်း ၆၈၀

Vol. 65 Ch. 680

အခန်း (၆၈၀)။

အစစ်မှန် နဂါးတစ်ကောင်။ ၎င်းမှာ ပုံရိပ်ယောင် မဟုတ်သလို၊ အစစ်မှန်စွမ်းအင်များဖြင့် စုစည်းထားခြင်းမျိုးလည်း မဟုတ်ပေ။ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အားကောင်း သော အသွင်ပြောင်းလဲခြင်း ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ။ ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး အသွင်ပြောင်းသွားနိုင်ရတာလဲ။” ကျီရှန်းထျန်းမှာ ဆွံ့အသွားရ၏။ သူမ၏ ဉာဏ်ရည်နှင့်ပင် ဘာဖြစ်နေသည်ကို သူမ စဉ်းစား၍ မရနိုင်တော့ပေ။

ကျီရှန်းထျန်း ထိတ်လန့်နေဆဲမှာပင်၊ ဟုန်ယွိ ပြောင်းလဲထားသော နဂါးမှာ ရုတ်တရက် ချီလင် တစ်ကောင်အဖြစ် ပြောင်းလဲသွားပြန်သည်။ ၎င်းမှာ အလွန်ပင် သက်ဝင်လှ၏။ ချီလင်၏ ကြီးမားလှသော အသွေးအသားစွမ်းအင်များ၊ သူ၏ ထူးခြားသော နတ်ဘုရား တန်ခိုးနှင့် သူ၏ ဟိန်းသံများမှာ အားလုံး ရှိနေကြသည်။

ဟုန်ယွိသည် ချီလင်၊ ဖီးနစ်၊ ဖီရှူး၊ ကျား၊ မျောက်၊ ခြင်္သေ့၊ ဆင်၊ ငန်း၊ အင်မော်တယ် ကြိုးကြာနှင့် ကျောက်တုံးကြီးတစ်ခုအဖြစ်ပင် ပြောင်းလဲနေသည်ကို အားလုံးက ဆွံ့အစွာ ကြည့်နေကြရသည်။ ရွှေ၊ ခြင်၊ ပုရစ်၊ အဝတ်အထည်၊ ပိုးထည်၊ အိမ်များ၊ ငါးများ စသည် ဖြင့်... ပုံသဏ္ဌာန် ရှိသမျှသော အရာအားလုံးအဖြစ် သူ၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲ နိုင်လေသည်။

‘အနန္တကိုယ်ပွား’ နယ်ပယ်... ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အထွတ်အထိပ်ပင် ဖြစ်တော့သည်။

“ဘာတွေ ဖြစ်နေတာလဲ။ ခန္ဓာကိုယ်ဆိုတာ ခန္ဓာကိုယ်ပဲလေ။ ဘယ်လိုလုပ်ပြီး ကိုယ်အလိုရှိ သလို အသွင်ပြောင်းနိုင်ရတာလဲ။ စိတ်ဝိညာဉ်ကပဲ ကိုယ်အလိုရှိသလို အသွင်ပြောင်းနိုင် တာလေ၊ ဒါပေမဲ့ အနှစ်သာရကတော့ ဘယ်လို့မှပြောင်းလဲလို့မရတဲ့ အတွေးစတွေပဲလေ။ ဖန်ဆင်းရှင်တစ်ပါးဆို တစ်ချက်ကြည့်လိုက်ရုံနဲ့ တန်းသိနိုင်မှာပဲ...” ကျီရှန်းထျန်းက ဟုန်ယွိ ကျောက်တုံးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ နန်းတော်ကြမ်းပြင်ပေါ်သို့ ကျဆင်း သွားသည်ကို ကြည့်နေမိသည်။ သူမသည် အနားသို့ အပြေးသွားပြီး ထိုကျောက်တုံးကို ခေါက်ကြည့်လိုက်သောအခါ၊ ၎င်းမှာ အတုမဟုတ်ဘဲ အစစ်အမှန် ဖြစ်နေကြောင်း ရှာတွေ့သွားခဲ့သည်။

အမှန်စင်စစ် သူမသည် သူမ၏ လက်ချောင်းလေးများကို အသုံးပြု၍ ကျောက်တုံး၏ အပိုင်းအစတစ်ခုကို ဖဲ့ယူကာ မှုန့်ညက်သွားအောင် ချေမွကြည့်လိုက်ရာ၊ ၎င်းမှာ အစစ်အမှန် ကျောက်တုံးဖြစ်ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

“ဒါပေါ့၊ ဒါက သေချာပေါက် အစစ်အမှန်ပဲ။ ခုနက ငါ့ခန္ဓာကိုယ်ဟာ ကျောက်တုံးကြီး တစ်ခု အဖြစ် ပြောင်းလဲသွားတာ၊ ဘာမှ အတုအယောင် မပါဘူး။ ဒါဟာ ရုပ်ဝတ္ထုကနေ ရုပ်ဝတ္ထု အဖြစ် ပြောင်းလဲသွားတာပဲ။ ဖန်ဆင်းရှင်တစ်ပါးတောင် ဒါကို အစစ်လား အတုလားဆိုတာ မခွဲခြားနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ဒါဟာ အစစ်ဖြစ်နေလို့ပဲ။”

ရုတ်တရက်ဆိုသလိုပင် ကျောက်တုံးကြီးသည် မမြင်နိုင်သော အမှုန်အမွှား သန်းပေါင်း ၄၈၀ အဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်သည်။

“ဒါဟာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ‘အနန္တကိုယ်ပွား’ နယ်ပယ်ပဲ။ ဒါဟာ ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’နယ်ပယ်ထက် တစ်ဆင့်ပိုမြင့်တယ်။ ဒီအဆင့်မှာဆိုရင် ဘယ်သူကမှ မင်းကို အသေသတ်နိုင်မှာ မဟုတ်သလို မင်းခန္ဓာကိုယ် အစစ်ကိုလည်း ဘယ်သူမှ ထိုးဖောက်မြင်နိုင်မှာ မဟုတ်တော့ဘူး” ဟုန်ယွိက ဆိုသည်။ “သိုင်းပညာရှင်တစ်ယောက် ဒီအဆင့်ကို ရောက်ပြီဆိုရင် ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ ပညာရှင်ထက်တောင် သာလွန်သွားပြီ။ ယန်နတ်ဘုရား မဖြစ်သေးသရွေ့ သူဟာ အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားမှာပဲ။ ဘာလို့လဲဆိုတော့ သူဟာ ရုပ်ဝတ္ထုအနှစ်သာရကို ပြောင်းလဲပစ်နိုင်လို့ပဲ။ အဲဒါကို ယန်နတ်ဘုရား အဆင့်ရှိသူတွေပဲ ခွဲခြား မြင်နိုင်လိမ့်မယ်။”

“‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ ကတောင် ဒီလောက် ကြောက်စရာကောင်းလှပြီ၊ အခု ‘အနန္တကိုယ်ပွား’ ပါ ထပ်ရှိနေသေးလာတာလား” ကောင်းကင်မြွေဘုရင်မ ရှင်းမူသည် ကြက်သီးမွှေးညင်းထစ ပြုလာသည်။ “ဒါဆို မင်းက တခြားသူတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်ရင် ဘယ်သူမှ မခွဲခြားနိုင်တော့ဘူးပေါ့လေ။”

“သေချာတာပေါ့။ ငါ မင်းအဖြစ် အသွင်ပြောင်းလိုက်ရင် တကယ်ကို မင်းအစစ်မှန် ဖြစ်သွား မှာ” ဟုန်ယွိက ပြောကာ ကောင်းကင်မြွေဘုရင်မ ရှင်းမူနှင့် တစ်ပုံစံတည်းတူသော လူတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲပြလိုက်သည်။ နှစ်ပတ်ခန့် လှည့်ပတ်ပြလိုက် သောအခါ မည်သူကမှ ခွဲခြားနိုင်ခြင်း မရှိတော့ပေ။

...

“ကံကောင်းတာက ဒီလိုသိုင်းပညာမျိုးက အလွန်နက်နဲပြီး ခန့်မှန်းရခက်လွန်းလို့ မဟာ ကမ္ဘာလောကမှာ ဘယ်သူမှ မကျင့်ကြံနိုင်ကြတာပဲ။ မဟုတ်ရင်တော့ သိပ်ကြောက်ဖို့ ကောင်းမှာ။ မုန့်ရှန်းကျီတောင် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ အဆင့်အထိပဲ ရောက်သေးတာ၊ ‘အနန္တကိုယ်ပွား’ နယ်ပယ်ကို မရသေးဘူး။ ငါ့ရဲ့ အခုသိုင်းပညာအဆင့်က သူ့ထက် တစ်ဆင့်မြင့်သွားပြီ။ နောက်တစ်ခါ ထပ်တိုက်ကြမယ်ဆိုရင် သူ့ကို ငါ အံ့အား သင့်သွားအောင် လုပ်ပြနိုင်ပြီ။”

ဟုန်ယွိသည် ‘အနန္တကိုယ်ပွား’ နယ်ပယ်ကို ပြသပြီးနောက် ရုပ်ဝတ္ထုအချင်းချင်း အသွင် ပြောင်းလဲခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်း လျှို့ဝှက်ချက်များကို နားလည် သဘောပေါက် သွားခဲ့သည်။ ယခုအခါ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ သူ၏ မူလစိတ်ဝိညာဉ်ထက်ပင် ပိုမိုအသုံးဝင်လာခဲ့လေပြီ။

ထိုက်ကျိ မူလစိတ်ဝိညာဉ်က မည်မျှပင် အစွမ်းထက်ပါစေ၊ အသွေးအသားတစ်စကို ရွှေအဖြစ် ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ယခု သူ၏ ခန္ဓာကိုယ်ကမူ စွမ်းနိုင် လေပြီ။

အပ်စိုက်မှတ် တစ်ထောင်ကျော်ကို နားလည်ပြီးနောက် သူ၏သိုင်းပညာခန္ဓာကိုယ်ကို ဤမျှအဆင့်အထိ ကျင့်ကြံနိုင်လိမ့်မည်ဟု ဟုန်ယွိ မမျှော်လင့်ထားခဲ့ပေ။ ဤနယ်ပယ်မှာ မှန်းဆ၍ မရနိုင်လောက်အောင်ပင်။

ယခုအခါ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သည် သူ၏ရှေ့မှောက်သို့ ရောက်ရှိနေသကဲ့သို့ သူ ခံစားနေရသည်။ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံနှင့် ထိုအဆင့်အတွင်းသို့ ခြေလှမ်း လှမ်းနိုင်တော့မည်ဟု ထင်ရ၏။ မည်သည့်အတားအဆီးမျှ မရှိတော့သော်လည်း တစ်စုံ တစ်ခု လိုအပ်နေသေးသည်ကိုတော့ သူ သိသည်။ ‘အနန္တကိုယ်ပွား’ နယ်ပယ်ပြီးနောက် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်မှလွဲ၍ အခြားနယ်ပယ် မရှိတော့ပေ။ ၎င်းမှာ ခန္ဓာကိုယ် ကျင့်ကြံမှု၏ အထွတ်အထိပ်ပင် ဖြစ်သည်။

“ကျန်နေတဲ့ အပ်စိုက်မှတ် ၉၉ ခုကို ရတာနဲ့ ငါ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းပြီး နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်” ဟုန်ယွိက စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ စစ်ဘက်ရေးရာဝန်ကြီးထံမှ ရရှိသမျှကို အပြီးတိုင် စုပ်ယူအသုံးချလိုက် သည်။

သူ၏ ခွန်အားမှာ များစွာ တိုးတက်လာခဲ့လေပြီ။

“သိုင်းပညာကျင့်ကြံမှုမှာ ဟုန်ရွှန်ကျိက အခု ဘယ်လိုနေမလဲမသိဘူး။ သူက သူ၏ သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းနိုင်နေပြီ၊ ပြီးတော့ ကောင်းကင်အပြင်ပ နယ်မြေက လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းဆောင်ကတော်နဲ့လည်း အဆက်အသွယ်ရှိနေ တယ်။ သူ့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် အကျိုးကျေးဇူးတွေ အများကြီး ရထားမှာပဲ။ ဒါ့အပြင် သူက တာအိုကျင့်စဉ်တွေကို မကျင့်ဘဲ သိုင်းပညာ သန့်သန့်ကိုပဲ ကျင့်တာ။ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ် တစ်သားတည်းဖြစ်နေတော့ ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်အထိ ကျင့်ကြံဖို့ဆိုတာ သူ့အတွက် မခက်ခဲနိုင်ဘူး။ ယန်ဖန်ကလည်း တိတ်တဆိတ်ပဲ သတ္တမမြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာခဲ့ပြီ။ သူတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် ကိုင်တွယ်ရ ပိုပိုခက်လာလိမ့်မယ်။ ‘ကောင်းကင်ဖြို ဧကရာဇ်’ ရော ဖန်ဆင်းရှင် ဖြစ်နေပြီလား မသိဘူး။”

သူ၏ ရန်သူများအကြောင်းကို တွေးတောမိသောအခါ ဟုန်ယွိသည် လက်ရှိအခြေအနေမှာ စိတ်အေးရမည့် အနေအထားမဟုတ်ကြောင်း ခံစားလိုက်ရသည်။

အနည်းဆုံးတော့ တာအိုဘိုးဘေးနှစ်ဦးမှာ ဖန်ဆင်းရှင်များအဖြစ် အောင်မြင်စွာ ကျင့်ကြံ နိုင်ခဲ့ပြီး အားနည်းသည့်ကာလကိုလည်း ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့ကြပြီ။ ‘ခုန်း’ သည် လည်း ဒဏ်ရာမရရှိခဲ့ပေ။ သူ တိုးတက်နေချိန်တွင် ရန်သူများကလည်း တိုးတက်နေကြ ခြင်းပင်။

သူနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှ မုန့်ရှန်းကျီ ဘာတွေသင်ယူသွားခဲ့လဲ ဆိုသည်ကိုလည်း သူ မသိနိုင်ချေ။

ကောင်းကင်အပြင်ပနယ်မြေရှိ ကြယ်ကမ္ဘာအသီးသီးမှ ပညာရှင်များမှာလည်း မိုးပေါက် မိုးရေစက်များကဲ့သို့ များပြားလှသည်။ ခေါင်းဆောင်နှင့် ခေါင်းဆောင်ကတော်အပြင် ‘ယဉ်ကျေးမှုဝန်ကြီး’ နှင့် အခြားဝန်ကြီးများ၊ ဗဟိုကမ္ဘာရှိ ထူးချွန်သော လူငယ်များစွာ လည်း ရှိနေသေးသည်။

ဤသည်ကို တွေးမိသောအခါ စစ်ဘက်ရေးရာဝန်ကြီးကို သတ်ဖြတ်နိုင်ခဲ့သည်မှာ ကံကောင်းလွန်းသည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။

ကောင်းကင်အပြင်ပနယ်မြေတွင် စစ်ဘက်ရေးရာဝန်ကြီးသည် မဟာကမ္ဘာလောကကို အင်အားသုံး၍ တိုက်ခိုက်သိမ်းပိုက်ရန် အမြဲတစေ တိုက်တွန်းနေသူဖြစ်သည်။ သူသည် အထက်တန်းလွှာ မိသားစုကြီးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ငြိမ်းချမ်းရေး လမ်းစဉ်ကို တိတ်တဆိတ် လျှောက်လှမ်းနေသည့် ခေါင်းဆောင်ကတော်နှင့် မတူပေ။

သူ့ကို ဖယ်ရှားလိုက်နိုင်ခြင်းက ဖိအားများစွာကို လျော့ကျစေခဲ့သည်။

အနည်းဆုံးတော့ စစ်ဘက်ရေးရာဝန်ကြီးနှင့် ယဉ်ကျေးမှုဝန်ကြီးတို့ မဟာကမ္ဘာလောက သို့ အတူတူလာခဲ့မည်ဆိုလျှင် သူတို့နှစ်ဦး ပူးပေါင်းနိုင်မည် ဖြစ်သည်။ စစ်ပွဲက ယဉ်ကျေးမှု ကို မောင်းနှင်ပြီး ယဉ်ကျေးမှုက စစ်ပွဲကို ဦးဆောင်သွားလိမ့်မည်။ ခေါင်းဆောင်ကိုယ်တိုင် ကပါ စောင့်ကြည့်နေမည်ဆိုပါက ဟုန်ယွိပင်လျှင် အဝေးဆုံးသို့ ထွက်ပြေးရပေလိမ့်မည်။ သူတော်စင်ပေါင်းစုံခန်းမကြီး ပျက်စီးသွားပြီး သူကိုယ်တိုင်လည်း နေရာမှာတင် အသတ်ခံရနိုင်သည်အထိ ဖြစ်သွားနိုင်သည်။

ဟုန်ယွိသည် ရှင်းမူကို ကြည့်ကာ “ဒီကိစ္စကတော့ ပြီးဆုံးသွားပါပြီ... မင်းတို့ ဒီတစ်ခါ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ရှင်းမူ၊ ခင်ဗျားရဲ့ အရင်းခံ ကောင်းကင်မြွေဆူး တော်တော် များများ ဆုံးရှုံးသွားခဲ့ရတယ်။ မင်းရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် နိုင်ဖို့ အပ်စိုက်မှတ်တွေ စုစည်းနည်း ငါ သင်ပေးပါ့မယ်”

“ရပါတယ်၊ ကောင်းကင်မြွေဆူးက ပျက်စီးသွားပြီပဲ” ရှင်းမူ၏ ဝတ်ရုံနက်ကြီးမှာ လေထဲ တွင် လွင့်နေသည်။ “အခုတော့ ငါက ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ကို ပြန်ပြီး အုပ်ချုပ် ချင်တာ။ ဟုန်ယွိ... မင်း တစ်နေ့နေ့မှာ ‘အမှောင်ဧကရာဇ် တာအိုသခင်’ ကို သတ်ဖြစ်ခဲ့ရင် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ကို ငါ့ဆီ ပြန်ပေးရမယ်နော်”

“ရပါတယ်။”

ဟုန်ယွိသည် စိတ်ထဲမှ တွေးတောနေမိသည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့် ‘အမှောင် ဧကရာဇ် တာအိုသခင်’ ကို သွားသတ်မည်ဆိုလျှင် ထွက်ပြေးလွတ်မြောက်နိုင်ခြေ ၁၀ ခိုင်နှုန်းပင် ရှိပါ့မလားမသိပေ။

“စစ်ဘက်ရေးရာဝန်ကြီး သေဆုံးသွားတဲ့ သတင်းက ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟို ကမ္ဘာကို ဘယ်လိုရိုက်ခတ်သွားမလဲမသိဘူး” ချန်ယင်းရှာက ရုတ်တရက် ဆိုသည်။ “မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်မလား။ ဟုန်ယွိ... မင်း ဒါကို သေသေချာချာ ထည့်တွေးရမယ်နော်”

“အင်း... မင်းပြောမှပဲ ငါ အဲဒါကို စဉ်းစားရတော့မယ်။ ဒါပေမဲ့ နောက်ထပ်ဖြစ်လာမယ့် အရာကတော့ ထင်ရှားပါတယ်။ ကောင်းကင်အပြင်ပနယ်မြေက ပညာရှင်အများကြီး ရောက်လာကြတော့မှာပဲ။ မင်းတို့ကိုယ်မင်းတို့ ကာကွယ်နိုင်ဖို့အတွက် မင်းတို့ရဲ့ ခွန်အား ကို အမြန်ဆုံးမြှင့်တင်ရမယ်။ ယင်းရှာ... မင်းက ဖန်ဆင်းရှင် အဆင့်ကို မပြောနဲ့ဦး၊ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ကို ရောက်ဖို့တောင် အများကြီး အားထုတ်ရ ဦးမယ်။ ဒီအင်မော်တယ် ကျောက်စာတိုင်ကို မင်းဆီမှာ ထားပေးမယ်။ ဒါရှိနေရင် ဖန်ဆင်းရှင် တစ်ပါးတောင် မင်းကို လွယ်လွယ်နဲ့ မသတ်နိုင်တော့ဘူး”

ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင်ကို ချန်ယင်းရှာထံ ပေးအပ်လိုက်ရာ သူမက လည်း တွန့်ဆုတ်မနေဘဲ လက်ခံလိုက်သည်။ သူမသည် ၎င်းကို သူမ၏ မျက်ခုံးအစပ်တွင် ပေါင်းစပ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးတွင် မှော်သင်္ကေတစာလုံးလေးများ ဖျော့ဖျော့ လည်ပတ်သွားတော့သည်။

စစ်ဘက်ရေးရာဝန်ကြီး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် ချန်ယင်းရှာ၏ ခန့်မှန်း ချက်မှာ မှန်ကန်သွားခဲ့သည်။ ကောင်းကင်အပြင်ပနယ်မြေ ရှိ လျှို့ဝှက်ဆန်းကြယ်လှသော ဗဟိုကမ္ဘာမှ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ ထိုသတင်းကို ရရှိသွားကြပြီး ကြီးကြီးမားမား လှုပ်လှုပ်ခတ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့တော့သည်။

ဟုန်ယွိက စစ်ဘက်ရေးရာဝန်ကြီးကို သတ်ဖြတ်လိုက်ခြင်းသည် မီးပွားတစ်ခု ဖြစ်လာခဲ့ပြီး စကြာဝဠာစစ်ပွဲကြီး၏ မုန်တိုင်းမှာ တိတ်တဆိတ် စတင်နေပြီ ဖြစ်တော့သည်။

စာစဉ် (၆၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters