အခန်း ၆၈၂
Vol. 66 Ch. 682
အခန်း (၆၈၂)။
“ဟုန်ယွိ... မင်း အဲဒီဝန်ကြီးရဲ့ မှတ်ဉာဏ်တွေကို ကြည့်ပြီးပြီဆိုတော့ ကောင်းကင်အပြင်ပ နယ်မြေမှာ ပညာရှင် ဘယ်လောက်တောင် ရှိနေလဲဆိုတာ သိပြီးလောက်ပြီပေါ့။ သူတို့က မဟာကမ္ဘာလောကထက် ဘယ်နှစ်ဆလောက် ပိုပြီး အင်အားကြီးမားလဲ။ တကယ်လို့ တကယ့်ကျူးကျော်မှုကြီး စတင်လာမယ်ဆိုရင် တော်ဝင်ချန် အင်ပါယာက သူတို့ရဲ့ အင်အားနဲ့ ခုခံနိုင်ပါ့မလား။”
ကျီရှန်းထျန်း၏ အမူအရာမှာ လော်ယွန်က စစ်ပွဲ၊ တရားဝင်မှုနှင့် ဂုဏ်သိက္ခာ အဆင့် အတန်းတို့အကြောင်း ဆွေးနွေးနေသည်ကို နားထောင်နေရင်း တည်ကြည်လေးနက်သွား ပါသည်။ ၎င်းမှာ သူမ၏ ထုံးစံအတိုင်း တက်ကြွလန်းဆန်းပြီး ရိုးသားဖြူစင်နေသည့် ပုံစံနှင့် သိသိသာသာ ကွဲပြားခြားနားနေ၏။
“ပညာရှင်အချို့ကိုတော့ ငါ သေသေချာချာ မကြည့်ရသေးဘူး၊ ဒါပေမဲ့ ထိပ်တန်း အကြီးအကဲတွေကိုတော့ အပေါ်ယံ ကြည့်ဖြစ်တယ်။ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟို ကမ္ဘာမှာ နိုင်ငံရေး၊ စစ်ရေးစတာတွေကို အုပ်ချုပ်တဲ့ ခေါင်းဆောင် ကိုးဦး ရှိတယ်။ အဓိက ခေါင်းဆောင်က ဗဟိုချက်မမှာ ရှိနေပြီး ကျန်တဲ့ ရှစ်ဦးကတော့ စစ်ဘက်ရေးရာဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ငြိမ်းချမ်းရေးဝန်ကြီး၊ နယ်မြေရေးရာဝန်ကြီး၊ သမုဒ္ဒရာဝန်ကြီး၊ ကောင်းကင်ဝန်ကြီး၊ ဖန်ဆင်းခြင်းဝန်ကြီးနဲ့ ရှန်နွန်ဝန်ကြီးတို့ပဲ။ သူတို့အားလုံးဟာ ဖန်ဆင်းရှင် အဆင့်ရှိတဲ့ ပညာရှင်တွေပဲ၊ သူတို့ရဲ့ အာဏာက နန်းတွင်းက ဝန်ကြီးတွေ ထက် အများကြီး ပိုကြီးမားတယ်။ သူတို့ဟာ အဓိကခေါင်းဆောင်နဲ့ တန်းတူရပ်တည်နိုင် ကြသူတွေချည်းပဲ” ဟုန်ယွိက ဝန်ကြီး၏ မှတ်ဉာဏ်များကို ရှာဖွေရင်း ပြောပြသည်။ “သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်က တော်ဝင်ချန် အင်ပါယာနဲ့ လုံးဝကွဲပြားတယ်။ အဓိက ခေါင်းဆောင်နဲ့ ဝန်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ဧကရာဇ်နဲ့ လက်အောက်ငယ်သား ဆက်ဆံရေးမျိုး မဟုတ်ဘဲ လူထုကို အတူတကွ စီမံအုပ်ချုပ်တဲ့ ပုံစံပဲ။ တကယ်လို့ ဝန်ကြီး ရှစ်ဦးစလုံးက ကိစ္စရပ်တစ်ခုကို သဘောတူရင် အဓိကခေါင်းဆောင်မှာ ဗီတိုအာဏာနဲ့ ပယ်ချပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ အဓိကခေါင်းဆောင်ကတော့ ယန်နတ်ဘုရား စိတ်ဝိညာဉ် အတွေးစကို ပိုင်ဆိုင်ထားတယ်။ သူက အစွမ်းထက်ဆုံးပဲ၊ အကန့်အသတ်မဲ့ သလောက် ရှိမယ်။ အခုချိန်မှာတော့ ငါတောင် သူ့ကို ဘာမှလုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ကျန်တဲ့ လူသား အင်မော်တယ်တွေ၊ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားတဲ့ ပညာရှင်တွေနဲ့ ဝန်ကြီးတွေရဲ့ နောက်ကွယ်က မိသားစုဝင် ပညာရှင်တွေ၊ အကြီးအကဲတွေဆိုရင်တော့ ဘယ်လောက် တောင် ရှိနေမလဲ ငါတောင် မသိနိုင်တော့ဘူး။ တကယ်လို့ ကောင်းကင်အပြင်ပနယ်မြေက သာ တကယ်ရောက်လာမယ်ဆိုရင် ငါတို့ မဟာကမ္ဘာလောကရဲ့ အင်အားစုတွေ အကုန်လုံး ပေါင်းလိုက်ရင်တောင် ခုခံနိုင်ဖို့ ခက်လိမ့်မယ်။”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ မင်းက စစ်ဘက်ရေးရာဝန်ကြီးကို သတ်လိုက်ပြီဆိုတော့ ဗဟိုကမ္ဘာက လူတွေ ငါတို့ဆီကို သေချာပေါက် လာကြတော့မှာပဲ။ စစ်ပွဲက မင်းအတွက် တရားဝင်တဲ့ ဂုဏ်ပုဒ်ကို ရစေနိုင်ပေမဲ့၊ သူတို့ လာတဲ့အခါ ငါတို့ကပဲ တရစပ် ဆုတ်ခွာနေရ မယ်ဆိုရင် မင်းအနေနဲ့ အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အဲဒါက ကျားဆီက သားရေတောင်းသလို ဖြစ်မနေဘူးလား။” ဟုန်ယွိ၏ စကားကို ကြားသောအခါ လော်ယွန် မှာ လက်ရှိအခြေအနေ၏ ပြင်းထန်မှုကို ခံစားလိုက်ရသဖြင့် မမေးဘဲ မနေနိုင်တော့ပေ။
သူမသည် စစ်ဘက်ရေးရာဝန်ကြီး၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်လား။ အကယ်၍ ဟုန်ယွိသာ နည်းပရိယာယ်များစွာ မသုံးခဲ့လျှင်၊ ထိုက်ကျိ မိုးကြိုး ရေကန်ကို ဖောက်ခွဲပြီး ‘ခုန်း’ ၏ ဓားကို မငှားခဲ့လျှင် သူသည် စစ်ဘက်ရေးရာဝန်ကြီးကို သတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
နတ်ဘုရားဘုရင်လက်နက်များမှာ စစ်ဘက်ရေးရာဝန်ကြီးကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ဒဏ်ရာရစေ နိုင်သော်လည်း၊ သူ့တို့ကို အသေသတ်ရန်မှာ မဖြစ်နိုင်ပေ။ မည်သည့် အန္တရာယ်နှင့် ကြုံတွေ့ရသည်ဖြစ်စေ သူတို့သည် အမြဲတမ်း အထိအခိုက်မရှိ ဆုတ်ခွာပြေးနိုင်ကြသည်။
ယခု ဟုန်ယွိ ပြောကြားချက်အရ ကောင်းကင်အပြင်ပနယ်မြေ၏ ဗဟိုကမ္ဘာတွင် စစ်ဘက် ရေးရာဝန်ကြီးကဲ့သို့ အစွမ်းထက် ဝန်ကြီး ၇ ဦး ကျန်ရှိနေသေးသည်။ ထိုအကြောင်းကို တွေးကြည့်ရုံဖြင့်ပင် ကြောက်လန့်ဖွယ် ကောင်းလှ၏။
အကယ်၍, ဝန်ကြီး ၇ ဦးသာ ပူးပေါင်းလိုက်လျှင်၊ ယန်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် အတွေးစကိုပါ ပိုင်ဆိုင်ထားသည့် ခေါင်းဆောင်နှင့်ပါ ပူးပေါင်းလိုက်ပါက ဟုန်ယွိသည် ယခု ပင် ထွက်ပြေးရပေလိမ့်မည်။ အကယ်၍ မပြေးလျှင် သူ သေရပေလိမ့်မည်။ ယန်နတ်ဘုရား တစ်ပါး၏ အတွေးစများမှာ မည်မျှအထိ အစွမ်းထက်သည်ကို မည်သူမျှ မသိနိုင်ပေ။
“ဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။” ဟုန်ယွိမှာ ခါးသီးသော ဆေးတစ်မျိုးကို ဝါးနေရသကဲ့သို့ ခါးသီးသော လေသံဖြင့် ဆိုသည်။ “တကယ်လို့, ကောင်းကင်အပြင်ပနယ်မြေကသာ ကျူးကျော်လာမယ်ဆိုရင် ဒီစစ်ပွဲကို ငါ လုံးဝ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒီစစ်ပွဲဟာ ရှေးဦးခေတ်ကတည်းက ဧကရာဇ်ချန်းရှန်နဲ့ ဧကရာဇ်ဖန်တို့ ကြိုတင် စီစဉ်ထားခဲ့တာ လည်း ဖြစ်နိုင်တယ်။ အခု ငါ သူတို့ကို တားဆီးဖို့ ကောင်းကင်အပြင်ပနယ်မြေထဲကို သွားမယ်ဆိုရင်လည်း ငါကိုယ်တိုင်ပဲ အမှုန့်ဖြစ်အောင် ချေမှုန်းခံရလိမ့်မယ်။ တစ်ယောက် ချင်း တိုက်မယ်ဆိုရင်တော့ ငါ အဲဒီခေါင်းဆောင်ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ စုပေါင်းအင်အားက သိပ်ကြီးလွန်းတယ်။”
ချန်ယင်းရှာသည် ဟုန်ယွိ ဤမျှ ခါးသီးသော လေသံဖြင့် ပြောသည်ကို တစ်ခါမျှ မကြားဖူး ပေ။ သူမက သူ့ကို မနေနိုင်ဘဲ နှစ်သိမ့်လိုက်ရသည်။ “ဘာပဲဖြစ်ဖြစ် ငါတို့ဆီကို ရောက်လာသမျှကို ရင်ဆိုင်ရမှာပဲ။ ငါတို့ မဟာကမ္ဘာလောကမှာလည်း အထွက်အထိပ် ပညာရှင်တွေ ရှိနေတာပဲ။ ချီလင်၊ မင်း၊ တော်ဝင်ချန်နန်းတွင်း၊ ပြီးတော့ နတ်ဘုရား လက်နက် ၃ ခုစလုံးက ဗဟိုကမ္ဘာမှာ ရှိနေတာမှ မဟုတ်တာ။”
“ဟုတ်တယ်၊ နတ်ဘုရားလက်နက် ၃ ခုစလုံးက မဟာကမ္ဘာလောကကြီးမှာ ရှိနေတာပဲ။ သူတို့ရဲ့ ရတနာတွေကတင် သူတို့ကို အားသာချက် အများကြီး ပေးထားတယ်။ ဒါပေမဲ့ ခက်တာက ဗဟိုကမ္ဘာရဲ့ ကျူးကျော်မှုက လက်တစ်ကမ်းမှာ ရှိနေတာတောင် ငါတို့က အင်အားချင်း မပူးပေါင်းဘဲ အသေအလဲ တိုက်ခိုက်နေကြတာပဲ” ကောင်းကင်မြွေဘုရင်မ ရှင်းမူက ဆိုသည်။
“မဟာကမ္ဘာလောကက အဖွဲ့အစည်း ၃ ခုက ရေနဲ့မီးလိုပဲ မတည့်ကြဘူးလေ။ ဗဟိုကမ္ဘာ က လူတွေမှာလည်း နိုင်ငံရေးရန်သူတွေ ရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ခေါင်းဆောင် ဖြစ်ချင်ပြီး ယန်နတ်ဘုရားရဲ့ စိတ်ဝိညာဉ် အတွေးစတွေကို ရချင်ကြတာပဲ” အောင်းလွှမ် က ဆိုသည်။ “ဒီစစ်ပွဲက ချက်ချင်းကြီးတော့ စဖြစ်မှာတော့ မဟုတ်လောက်ပါဘူး။”
“မဟုတ်ဘူး၊ သေချာပေါက် ဖြစ်လာလိမ့်မယ်” ဟုန်ယွိက ခေါင်းခါလိုက်သည်။ “ငါ အစောက ပြောခဲ့သလိုပဲ၊ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီကတည်းက ဧကရာဇ်ဖန် နဲ့ ဧကရာဇ်ချန်းရှန်တို့ စီစဉ်ထားခဲ့တာ။ ဒါဟာ လူသားလမ်းစဉ်ကို ပြုပြင်ပြောင်းလဲဖို့ အတွက် ဖြစ်ပေါ်လာမယ့် စစ်ပွဲပဲ။”
“ဧကရာဇ်ဖန်နဲ့ ဧကရာဇ်ချန်းရှန်တို့က ကြင်နာသနားတတ်တဲ့ ပုဂ္ဂိုလ်တွေပဲ။ သူတို့က သွေးချောင်းစီးတာကို မြင်ချင်မှာ မဟုတ်ဘူး။ ဘာလို့ ဒီလိုစစ်ပွဲမျိုးကို စီစဉ်ရတာလဲ။” ကျီရှန်းထျန်းက ဝေခွဲမရစွာ မေးလိုက်သည်။
“လူသားလမ်းစဉ်ဆိုတာ အဆုံးအစမရှိသလို အမြဲတမ်း ပြောင်းလဲနေတာလေ။ မင်းအနေနဲ့ ‘တစ်ဖက်ကမ်း’ ကို မရောက်မချင်း အနာဂတ်ကို ဘယ်တော့မှ ကြိုတင် မခန့်မှန်းနိုင်ဘူး။ ဧကရာဇ်ဖန်နဲ့ ဧကရာဇ်ချန်းရှန်တို့ရဲ့ မူလစီမံကိန်းက ကောင်းကင်အပြင်ပနယ်မြေမှာ စိတ်ကူးယဉ် အိပ်မက်ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ပဲ။ ပြီးရင် နှစ်ပေါင်း တစ်သောင်းကြာ တဲ့အခါ မဟာကမ္ဘာလောကကို ပြုပြင်ပြောင်းလဲဖို့ပေါ့။ ဒါပေမဲ့ သူတို့ တည်ဆောက်ခဲ့တဲ့ ကမ္ဘာကြီးက အဲဒီအဆင့်အထိ တိုးတက်လာခဲ့တယ်။ အခုလို အခြေအနေမျိုး ဖြစ်လာလိမ့် မယ်လို့ သူတို့လည်း မမျှော်လင့်ထားခဲ့ဘူးလေ” ဟုန်ယွိက ဆိုသည်။
“ဧကရာဇ်ဖန်နဲ့ ဧကရာဇ်ချန်းရှန်တို့လို ပုဂ္ဂိုလ်ကြီးတွေက ဘာလို့ မဟာကမ္ဘာလောကကိုပဲ သူတို့ရဲ့ အိပ်မက်ကမ္ဘာဖြစ်အောင် တိုက်ရိုက် ပြုပြင်ပြောင်းလဲမပစ်ကြတာလဲ။ ဘာလို့ အရေးကြီးတဲ့ ဒီအချက်ကို လျစ်လျူရှုခဲ့တာလဲ။” မုကလေးက နားမလည်နိုင်ဘဲ မေးသည်။
“မဟာကမ္ဘာလောကကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး။ အဲဒီတုန်း က ဧကရာဇ်ဖန်က သူတော်စင်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပေမဲ့ ကျွမ်းကျင်ပညာရှင်တွေ အများ ကြီး ရှိနေသေးတယ်လေ။ အခြားအရာတွေကို ထည့်မပြောနဲ့ဦး၊ ‘တိုင်’၊ ‘ယွန်’၊ ‘ရွှမ်’၊ ‘ဖန်ဆင်းခြင်း တာအိုသခင်’ စတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိနေသေးတယ်လေ။ သူတို့အားလုံးဟာ ကိုယ်ပိုင် ရည်မှန်းချက်ကိုယ်စီ ရှိကြတဲ့ ယန်နတ်ဘုရား ပညာရှင်တွေပဲ။ ဧကရာဇ်ဖန်က သူတို့အားလုံးကို မလွှမ်းမိုးနိုင်ခဲ့ဘူး” ကျီရှန်းထျန်းက မုကလေး၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ “အခုလိုပေါ့... ဟုန်ယွိက အထွတ်အထိပ်အထိ ကျင့်ကြံထားနိုင်ပေမဲ့၊ မုန့်ရှန်းကျီနဲ့ ယန်ဖန်တို့လို ပုဂ္ဂိုလ်ကြီးတွေရှိနေသေးလို့ ဒီမဟာကမ္ဘာလောကကြီးကို အပြည့်အဝ ဦးဆောင်နိုင်သေးဘူး။ ဒါ့အပြင် အပြင်ကရောက်လာတဲ့ တာအိုဘိုးဘေးတွေ၊ ‘ခုန်း’ နဲ့ ‘အမှောင်ဧကရာဇ် တာအိုသခင်’ တို့လို ပုဂ္ဂိုလ်ကြီးတွေလည်း ရှိနေသေးတယ် လေ။”
“ဗဟိုကမ္ဘာရဲ့ အုပ်ချုပ်ရေးစနစ်က ဘယ်လိုမျိုးလဲ။” လော်ယွန်က ရုတ်တရက် မေးလိုက်ပါ သည်။
“အုပ်ချုပ်ရေး... အုပ်ချုပ်ရေး... တကယ်လို့ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာက သာ မဟာကမ္ဘာလောကကို အုပ်ချုပ်မယ်ဆိုရင်တော့ တကယ်ကို ကြောက်စရာ ကောင်း လိမ့်မယ်...” ဟုန်ယွိက တိုးတိုးလေး ရေရွတ်လိုက်ပါသည်။ “ဗဟိုကမ္ဘာရဲ့ အုပ်ချုပ်ရေးက မဟာကမ္ဘာလောကနဲ့ လုံးဝကို ကွဲပြားတယ်။ ဗဟိုကမ္ဘာရဲ့ မြေယာနဲ့ ဟင်းလင်းပြင် အားလုံးဟာ အင်ပါယာနန်းတော်ကပဲ ပိုင်ဆိုင်တာ။ ဒါဟာ အခြေခံကျတဲ့ ကွဲပြားခြားနားမှု ပဲ။ အနည်းဆုံးတော့ မဟာကမ္ဘာလောကမှာ ပုန်ကန်မှုတွေ ဖြစ်လို့ မိသားစုတစ်ခုလုံး အသတ်ခံရရင်တောင် ဘိုးဘွားသင်္ချိုင်းနဲ့ ယဇ်ပူဇော်တဲ့ မြေတွေကိုတော့ မထိကြဘူး။ ဗဟိုကမ္ဘာက လူတွေမှာတော့ သူတို့ရဲ့ ဘိုးဘွားသင်္ချိုင်းကိုတောင် သူတို့ မပိုင်ဆိုင်ကြဘူး။”
“ဘာ” လော်ယွန်သည် အံ့အားသင့်ကာ ရေရွတ်လိုက်မိသည်။
အုပ်ချုပ်ရေးဆိုသည်မှာ မြေယာကို ဆိုလိုခြင်းဖြစ်ပြီး၊ အုပ်ချုပ်ရေးဆိုသည်မှာ စားနပ် ရိက္ခာကို ဆိုလိုခြင်းဖြစ်သည်။
အုပ်ချုပ်ရေးစနစ်သည် အင်ပါယာနန်းတော်အားလုံး၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ကောင်းကင်အပြင်ပနယ်မြေ၏ ဗဟိုကမ္ဘာပင်လျှင် ခြွင်းချက်မဟုတ်ပေ။ ဟုန်ယွိသည် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များကို စုပ်ယူထားသဖြင့် အုပ်ချုပ်ရေးစနစ်ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်ဟု ယူဆမိသည်။ ၎င်းသည် လောကကို အုပ်ချုပ်ခြင်း၏ အခြေခံလည်း ဖြစ်၏။
သူတို့ ဆွေးနွေးနေကြစဉ်မှာပင် ရှေးဦးခေတ်မှ ယနေ့တိုင် ဗဟိုကမ္ဘာနှင့် မဟာကမ္ဘာ လောကတို့ လျှောက်လှမ်းခဲ့ကြသည့် လမ်းကြောင်းများမှာ သူတို့၏ မျက်မှောက်တွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်လာသကဲ့သို့ ရှိတော့သည်။
အရာအားလုံး ရှင်းလင်းသွားခဲ့ပြီ။
ထိုစဉ်က ဧကရာဇ်ဖန်နှင့် ဧကရာဇ်ချန်းရှန်တို့သည် မဟာကမ္ဘာလောကကို ပြုပြင် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သဖြင့် ဗဟိုကမ္ဘာကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ ယန်နတ်ဘုရား ပညာရှင်များ သက်တမ်းကုန်ဆုံးပြီး တစ်ဦးပြီးတစ်ဦး ကျဆုံးသွားချိန်တွင် မဟာကမ္ဘာ လောကကို သူတို့၏ စံပြလမ်းကြောင်းအတိုင်း လိုက်ပါလာအောင် လမ်းညွှန်ရန် ရည်ရွယ်ခဲ့ ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ သူတို့၏ စီမံကိန်းများမှာ သွေဖည်သွားခဲ့ပြီ ဖြစ်သလို၊ ဗဟိုကမ္ဘာသည် လည်း သူတို့၏ စံပြကမ္ဘာ မဟုတ်တော့ပေ။ ထို့ပြင် သူတို့၏ စီမံကိန်းများမှာ မဟာကမ္ဘာ လောကကို ကြီးကြီးမားမား ထိခိုက်စေတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။
“အဲဒီတုန်းက ယန်နတ်ဘုရားအဆင့် ပညာရှင်တွေအားလုံးမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိခဲ့ကြတယ်၊ ပြီးတော့ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ အတွက် ‘နယ်ရုပ်’ တွေကို ချန်ထားခဲ့ကြတယ်။ ‘ဧကရာဇ်တိုင်’ က ‘တိုင်ရှန်တာအိုဂိုဏ်း’ ကို ချန်ထားရစ်ခဲ့တယ်၊ ‘ဧကရာဇ်ယွန်’ က ဗုဒ္ဓအဆုံးအမတွေကို ချန်ရစ်ခဲ့တယ်၊ ‘ဖန်ဆင်းခြင်း တာအိုသခင်’ က ဖန်ဆင်းခြင်းသင်္ဘောကို ချန်ရစ်ခဲ့သလို၊ ဧကရာဇ်ဖန်နဲ့ ဧကရာဇ်ချန်းရှန်တို့ကလည်း ဗဟိုကမ္ဘာကို ချန်ထားခဲ့ကြတယ်။ ဒီနေ့မှာတော့ နှစ်ပေါင်း သောင်းနဲ့ချီ ကြာပြီးနောက်မှာ ဒီနယ်ရုပ်တွေဟာ ဘယ်သူ့ရဲ့ ရည်မှန်းချက်က ဆက်လက် တည်တံ့မလဲဆိုတာကို တကယ့်တိုက်ပွဲအဖြစ် စတင်ကြတော့မယ်။ ဖြစ်နိုင်တာကတော့ ရည်မှန်းချက် အောင်မြင်ခြင်းက ‘နိဗ္ဗာနနယ်ပယ်’ ကို ကျော်လွန်ဖို့အတွက် လှေကားထစ် တစ်ခု ဖြစ်လာလိမ့်မယ်” ဟုန်ယွိက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၏ အပြောင်းအလဲများ ကို ရှင်းလင်းစွာ နားလည်သဘောပေါက်သွားပုံရသည်။ “ငါ ခံစားနေရတာကတော့ နောင်လာမယ့် ရက်တွေမှာ ရှေးဟောင်းနဲ့ ရှေးဦးခေတ်က ယန်နတ်ဘုရား ပညာရှင်တွေ ချန်ထားရစ်ခဲ့တဲ့ နယ်ရုပ်တွေ တစ်ခုပြီးတစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဖြစ်လာ မယ့် ရှုပ်ထွေးမှုတွေက မှန်းဆလို့တောင် ရမှာမဟုတ်ဘူး။”
“ဟုန်ယွိ... မင်းကရော ဘယ်သူ့ ရည်မှန်းချက်ကို ဆက်ခံထားလဲ။ သူတော်စင်တစ်ရာရဲ့ နယ်ရုပ်လား။” ကျီရှန်းထျန်းက မေးလိုက်သည်။
“ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူးလို့ ပြောရမှာပဲ။ ငါ့မှာ ကိုယ်ပိုင် ရည်မှန်း ချက် ရှိတယ်။ ငါက သူတော်စင် ဧကရာဇ်တွေရဲ့ နယ်ရုပ်လည်း မဟုတ်ဘူး၊ ပညာရှင် သူတော်စင်တစ်ရာရဲ့ နယ်ရုပ်လည်း မဟုတ်ဘူး။ ငါက ငါကိုယ်တိုင်ပဲ။ အမှန်တော့ ချန်ဧကရာဇ် ယန်ဖန်ဟာ ဖန်ဆင်းခြင်းသင်္ဘောကို ရခဲ့ပေမဲ့၊ ဖန်ဆင်းခြင်း တာအိုသခင်ရဲ့ ရည်မှန်းချက်ကို ဆက်ခံခဲ့တာ မဟုတ်ဘူး၊ သူ့ကိုယ်ပိုင် ရည်မှန်းချက်အတိုင်းပဲ လုပ်ဆောင် နေတာ။ သူကလည်း ဖန်ဆင်းခြင်း တာအိုသခင်ရဲ့ နယ်ရုပ် မဟုတ်ဘူး” ဟုန်ယွိက ဟင်းလင်းပြင်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ သက်ပြင်းရှည်ကြီးကို ချလိုက်ပါသည်။
“ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာက မဟာကမ္ဘာလောက ကို ကျူးကျော်ဖို့ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းနဲ့ချီကတည်းက သတ်မှတ်ထားပြီးသားပဲ။ ငါတို့ စစ်ပွဲကို မတားနိုင်တော့ဘူး၊ ဒါကြောင့် ငါတို့ ပြင်ဆင်ရုံပဲ ရှိတော့တယ်” လော်ယွန်က ဆိုသည်။ “နှမြောစရာပဲ…. ဟုန်ယွိ…၊ တကယ်လို့ မင်းသာ အာဏာကို တကယ်ချုပ်ကိုင်ထားနိုင်ရင် တော်ဝင်ချန်ရဲ့ အလယ်ပိုင်းကောင်းကင်နိုင်ငံဟာ သေချာပေါက် ထွန်းကားလာလိမ့်မယ်။ အနှစ် ၃၀ ကနေ ၅၀ အတွင်းမှာ လူဦးရေတွေ အဆမတန် တိုးပွားလာပြီး ပညာရှင်တွေ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာလိမ့်မယ်။ ငါတို့မှာလည်း ဗဟိုကမ္ဘာကို ယှဉ်ပြိုင်နိုင်စွမ်းရှိ တဲ့ အင်အားတွေ ရှိလာမှာပေါ့။ ဒါပေမဲ့ အခုတော့ တော်ဝင်ချန်က မင်းရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိသေးဘူး။”
ပြောနေရင်းဖြင့် လော်ယွန်၏ မျက်လုံးများမှာ ပြင်းထန်သော အလင်းတန်းများဖြင့် တောက်ပလာပါသည်။ “ငါတို့ ဘာလို့ အရင်လက်ဦးမှု မယူရမှာလဲ။ ဟုန်ယွိ... မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ယန်ဖန်ကို တစ်ချက်တည်းနဲ့ သတ်ပြီး ဟုန်ရွှန်ကျိကို ဖမ်းဆီးထား လိုက်ရုံပဲ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုသတ်၊ တစ်ယောက်ကို ပိတ်လှောင်ထား လိုက်ရင် မဟာကမ္ဘာလောကဟာ မင်းရဲ့ လက်ထဲကို ရောက်လာလိမ့်မယ်၊ မင်းလည်း ပင်လယ်လေးစင်းကို ပေါင်းစည်းနိုင်လိမ့်မယ်။ စိတ်ဓာတ်တွေ ပေါင်းစည်းသွားရင် အရာရာ ကို အောင်နိုင်မှာပဲ။”
“အဲဒါကို ငါမစဉ်းစားမိတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယန်ဖန်၊ ဟုန်ရွှန်ကျိနဲ့ ဖန်ဆင်းခြင်း သင်္ဘောတို့က စစ်ဘက်ရေးရာဝန်ကြီးထက် အများကြီး ပိုပြီး အင်အားကြီးကြတယ်။ သူတို့ ငါ့ကို မနိုင်ရင်တောင် ထွက်ပြေးနိုင်ကြသေးတယ်။ ဒါ့အပြင် မုန့်ရှန်းကျီရဲ့ သဘောထားက လည်း မပြတ်မသားဖြစ်နေသလို၊ ‘ခုန်း’၊ တာအိုဘိုးဘေးတွေ၊ သခင်လေးရှူ၊ လျှို့ဝှက်ဆန်း ကြယ်တဲ့ အမျိုးသမီးနဲ့ ရှောက်ရှိူက်တို့ကလည်း ငါ့ကို ထိန်းချုပ်ထားကြသေးတယ်။ တကယ်လို့ ငါသာ ယန်ဖန်ကို သတ်ပြီး ဟုန်ရွှန်ကျိကို ဖမ်းဆီးလိုက်မယ်ဆိုရင် လောကကြီး ဟာ ဖရိုဖရဲဖြစ်သွားပြီး သူရဲကောင်းဆိုသူတွေ ပေါ်လာကြလိမ့်မယ်။ ငါ သူတို့ကို နှိမ်နင်း နိုင်ပေမဲ့လည်း ငါ့ဘက်က အများကြီး ဆုံးရှုံးရလိမ့်မယ်။ အဲဒါက ဗဟိုကမ္ဘာကို ကူညီပေး သလိုမျိုး ဖြစ်သွားလိမ့်မယ်။” ဟုန်ယွိက ခေါင်းခါလိုက်သည်။
“လောလောဆယ်တော့ ငါတို့အနေနဲ့ အချိန်ကို စောင့်ဆိုင်းပြီး ကောင်းကင်အပြင်ပ နယ်မြေရဲ့ ကျူးကျော်မှုကို စောင့်ရင်း အင်အားတွေကို စုစည်းရုံပဲ တတ်နိုင်တယ်။ သူတို့ ကျူးကျော်လာတဲ့အခါ တိုင်းတပါးကျူးကျော်သူတွေကို တားဆီးဖို့အတွက် ငါက အင်ပါယာနန်းတွင်းနဲ့ ခဏတာ မဟာမိတ်ဖွဲ့ရလိမ့်မယ်၊ အဲဒီအခါမှ တရားဝင် အမည်နာမ ကို တည်ဆောက်နိုင်မှာ။ ငါ့အထင်တော့ ဗဟိုကမ္ဘာရဲ့ ကျူးကျော်မှုက အရင်ဆုံး ပင်လယ် ပြင်ဆီကို ဆင်းသက်လာပြီး နှစ်အနည်းငယ်အတွင်းမှာ အင်အားကြီးတဲ့ နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ ပြီးမှ လျှပ်စီးလို အမြန်နှုန်းနဲ့ တိုက်ခိုက်လာကြမှာ။ ချန်ဧကရာဇ် ယန်ဖန်ကလည်း လူတော်တစ်ယောက်ပဲ၊ သူက ဒါကို ငါတို့ထက်တိုင် ကြိုမြင်နေလောက် ပြီ။ အဲဒါကြောင့်လည်း သူက ရှောင်ရှိူက်နဲ့ ဗဟိုကမ္ဘာကို ရှုံးနိမ့်ခဲ့တဲ့ အခြားသူတွေကို မဟာမိတ်ဖွဲ့နေတာပေါ့။ သူလည်း ပြင်ဆင်မှုတွေ လုပ်နေတာပဲ။ ဗဟိုကမ္ဘာရဲ့ ကျူးကျော် မှုဟာ သူ့အတွက် အခွင့်အရေးတစ်ခုပဲ။ တကယ်လို့ သူသာ တော်ဝင်ချန် အင်ပါယာကို အောင်ပွဲဆီ ဦးဆောင်နိုင်ရင် သူ့ရဲ့ အခြေခံအုတ်မြစ်က မလှုပ်မယှက် တည်တံ့သွားလိမ့် မယ်။ တစ်ချိန်တည်းမှာပဲ သူက စစ်ပွဲအတွင်းမှာ ငါ့ရဲ့အင်အားနဲ့ အထက်တန်းလွှာ မိသားစု တွေရဲ့ အင်အားကို လျော့ပါးအောင် လုပ်လိမ့်မယ်။ အစိုးရနဲ့ ပညာရှင်တွေကို ပေါင်းစည်း တာ၊ ရိက္ခာထောက်ပံ့တာနဲ့ လုပ်အားပေးခိုင်းတာစတဲ့ သူ့မူဝါဒအသစ်တွေကိုလည်း အကောင်အထည်ဖော်လိမ့်မယ်။ စစ်ပွဲဆိုတာ လူတိုင်းအတွက် အခွင့်အရေးပဲ။”
“အင်အားကို စုစည်းပြီး ကျူးကျော်မှုကို စောင့်ဆိုင်းမယ်၊ တိုင်းတပါးရန်သူတွေကို တိုက်ခိုက်ဖို့ ယာယီမဟာမိတ်ဖွဲ့ပြီး၊ တရားဝင် အမည်နာမကို တည်ဆောက်မယ်၊ အခြေခံ အားဖြင့် ဒီအချက်တွေက ငါတို့ရဲ့ လက်ရှိ မဟာဗျူဟာမြောက် လမ်းညွှန်ချက်တွေပဲပေါ့” လော်ယွန်က ဟုန်ယွိ၏ စကားများကို ချက်ချင်း အကျဉ်းချုပ်လိုက်သည်။ “ကောင်းကင် အပြင်ပနယ်မြေက ပင်လယ်ရပ်ခြားမှာ နိုင်ငံတစ်ခု တည်ထောင်မယ်ဆိုရင်တော့ လွယ်သွားပြီ။ ငါတို့လည်း ပင်လယ်ရပ်ခြားမှာပဲ အင်အား တည်ဆောက်ကြတာပေါ့”
“ငါလည်း အဲဒီအတိုင်းပဲ စဉ်းစားထားတယ်”
ရုတ်တရက်ဆိုသလိုပင် ဟုန်ယွိက သူ၏ ဝတ်ရုံလက်စွပ်ကို ဝေ့ယမ်းလိုက်ရာ ကမ္ဘာ လောကကြီးတစ်လုံးမှာ ချာချာလည်ပတ်သွားသကဲ့သို့ ရှိတော့သည်။ အားလုံးပင် အပြာရောင်လှိုင်းလုံးများ ဖုံးလွှမ်းနေသည့် ပင်လယ်ကမ်းခြေသို့ ရောက်ရှိသွားကြလေ တော့သည်။
“ပင်လယ်လေးစင်းကို စိုးမိုးအုပ်ချုပ်ဖို့ဆိုရင် ငါတို့မှာ သင်္ဘောတွေ လိုအပ်တယ်။ နတ်ဘုရားလေနိုင်ငံရဲ့ မက်မွန်နတ်ဘုရား စစ်သင်္ဘောတွေက အစွမ်းထက်တယ်ဆိုပေမဲ့ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာက သင်္ဘောအချို့နဲ့ ယှဉ်ရင်တော့ အားနည်းချက် တွေ ရှိနေသေးတုန်းပဲ။”
ဟုန်ယွိက ပင်လယ်ပြင်ကို ညွှန်ပြရင်း ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတော်စင် ပေါင်းစုံခန်းမ၏ ဘဏ္ဍာတိုက်အတွင်းမှ များပြားလှစွာသော သတ္တုများနှင့် သတ္တုရိုင်းများ မှာ ထိုက်ကျိ မိုးကြိုးရေကန် အတွင်းသို့ ပစ်ထည့်ခြင်း ခံလိုက်ရသည်ကို အားလုံးက စောင့်ကြည့်နေကြ၏။ မူလတာအိုအရှင်သခင်၏ စိုက်ကြည့်မှုအောက်တွင် ထိုသတ္တုများ မှာ အရည်ပျော်သွားကြပြီးနောက် တဖြည်းဖြည်းနှင့် ဧရာမ ခံတပ်သင်္ဘောကြီးတစ်စင်း အဖြစ် စုစည်းပုံဖော်လာလေတော့သည်။
၆ နာရီမှ ၁၀ နာရီခန့် ကြာပြီးနောက်တွင် ဧရာမခံတပ်သင်္ဘောကြီးမှာ ပုံသဏ္ဌာန်ပေါ် လာပြီး မိုးကြိုးရေကန်အတွင်း၌ ပေါလောပေါ်လာခဲ့သည်။
လူ ၈၀၀ ခန့် တင်ဆောင်နိုင်သော မက်မွန်နတ်ဘုရားစစ်သင်္ဘောနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ အဆ ၂၀ မှ ၃၀ ခန့် ပိုမိုကြီးမားပြီး ၁၀ ထပ်အမြင့် ရှိသည်။ ၎င်းမှာ ယွန်မင်နိုင်ငံက နှစ်ပေါင်း ရာချီ တည်ဆောက်ခဲ့ရသည့် ‘အိပ်မက်နတ်ဘုရား’ အမည်ရှိ နိုင်ငံတော်အဆင့် စစ်သင်္ဘောကြီးနှင့်ပင် ယှဉ်နိုင်လောက်သည်။ ထို့ပြင် ခံတပ်သင်္ဘောကြီး၏ ကိုယ်ထည်ကို သတ္တုအဆီအနှစ်များဖြင့် ပြုလုပ်ထားသဖြင့် အလွန်တရာ ခိုင်ခံ့လှပြီး လေလှိုင်းများကို ဖြတ်ကျော်ကာ ကျောက်ဆောင်များကိုပင် အမှုန့်ခြေပစ်နိုင်သည်။
ဝူး... ဝူး... ဝူး...
ခံတပ်သင်္ဘောကြီးသည် မိုးကြိုးရေကန်အတွင်းမှ ပျံသန်းထွက်ခွာလာပြီး ပင်လယ်ပြင်သို့ ဆင်းသက်လိုက်သည်။ ထိုခဏ၌ပင် သင်္ဘောကြီး မောင်းနှင်ရန် အားအင်အဖြစ် အသုံးပြု ရန်အတွက် နေမင်း၏ အစစ်မှန်မီးတောက်ကို စုပ်ယူသိုလှောင်နေသည်ကို လူတိုင်း ခံစားလိုက်ကြရသည်။
“ဒါက ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာက မှော်ရတနာသင်္ဘောတစ်စင်း ဖြစ်တဲ့ နေနတ်ဘုရားသင်္ဘောပဲ။ သူ့ရဲ့ အတွင်းထဲမှာ နေမင်းရဲ့ အစစ်မှန် မီးတောက်ကို စွမ်းအင် အဖြစ် စုပ်ယူပေးတဲ့ ‘မီးရေကန်’ တစ်ခုပါတယ်။ တစ်နေ့ကို ကီလိုမီတာ ရှစ်ထောင်ကနေ တစ်သောင်းအထိ ခရီးနှင်နိုင်ပြီး စစ်သည်တော် နှစ်သောင်းအထိ တင်ဆောင်နိုင်တယ်။ ပင်လယ်ရေကို လူတွေသောက်လို့ရတဲ့ ရေချိုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ‘ရွှေအမြုတေ ကန်’ တောင် ပါသေးတယ်”
ဟုန်ယွိက ကိုယ်ကို လှုပ်ရှားလိုက်ပြီး အသစ်စက်စက် သွန်းလုပ်ထားသည့် ဤမှော်ရတနာ လက်နက်ကို လေ့လာကြည့်ရှုနိုင်ရန် အားလုံးကို သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
“ဒီခံတပ်သင်္ဘောက တကယ့်ကို စစ်ရေးအတွက် အစွမ်းထက်တဲ့ လက်နက်ပဲ။ တစ်နေ့ကို ကီလိုမီတာ ရှစ်ထောင်တောင် သွားနိုင်တာလား။ ဒါက ပင်လယ်ထဲက တခြားသင်္ဘောတွေ ထက် ဆယ်ဆတောင် ပိုမြန်နေတာပဲ။ ဟုန်ယွိ... မင်း ဒါမျိုး နောက်ထပ် အများကြီး ထပ်ပြီး ဖန်တီးပေးနိုင်မလား။” လော်ယွန်က ဝမ်းသာအားရဖြင့် မေးလိုက်သည်။
“ငါ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲမှာ သတ္တုရိုင်းတွေ အများကြီး စုဆောင်းထားခဲ့ သလို၊ တောရိုင်းကန္တာရနယ်မြေထဲက ‘မိုးကြိုးဒေသ’ မှာလည်း မိုင်းတွင်းတစ်ခု ရှိတယ်။ ဒီ နေနတ်ဘုရားသင်္ဘောကို ဖန်တီးဖို့ မိုးကြိုးရေကန်ထဲက သတ္တုရိုင်းအားလုံးကို သုံးလိုက်ရ တယ်။ တကယ်လို့ နောက်ထပ် ထပ်ဖန်တီးချင်ရင်တော့ သတ္တုရိုင်းတွေ ထပ်ပြီး ရှာရဦး မယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲ တစ်ခေါက်သွားပြီး နောက်ထပ် ဆယ်စင်းစာလောက် ဖန်တီးနိုင်အောင် သတ္တုရိုင်းတွေ သွားရှာလိုက်မယ်၊ အဲဒါဆိုရင်တော့ လုံလုံလောက်လောက် ရှိသွားမှာပါ။” ဟုန်ယွိက ခဏတာ စဉ်းစားလိုက် ပြီးမှ “ဒါပေမဲ့ အများကြီး ထပ်ဖန်တီးဖို့ ငါ့မှာ အချိန် သိပ်မရှိဘူး။ မိုးကြိုးရေကန်ရဲ့ အကူအညီနဲ့တောင် တစ်နေ့ကို တစ်စင်း ဒါမှမဟုတ် နှစ်စင်းပဲ ဖန်တီးနိုင်မှာ။ ဒီမတိုင်ခင်က ထိုက်ကျိ မိုးကြိုးရေကန်ထဲမှာ မူလတာအိုအရှင်သခင် မရှိသေးခင်တုန်းကဆိုရင် တစ်စင်းပြီးဖို့ တစ်လလောက် ကြာလိမ့်မယ်။”
“နေနတ်ဘုရားသင်္ဘောက မပျံသန်းနိုင်တာ နှမြောစရာပဲ။ ဟုန်ယွိ... မင်းအနေနဲ့ ဖန်ဆင်းခြင်းသင်္ဘောလိုမျိုး ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ပျံသန်းနိုင်တဲ့ သင်္ဘောမျိုး ကိုရော ဖန်တီးပေးနိုင်မလား” နဂါးသမီးတော်က သင်္ဘော၏ တန်ဖိုးကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သင်္ဘောအများစုမှာ ရွက်လွှင့် ပြီး လှော်တက်များဖြင့်သာ သွားနေကြရသဖြင့် တစ်နေ့လျှင် ကီလိုမီတာ ရာဂဏန်းမျှသာ ခရီးပေါက်ကြသောကြောင့်ဖြစ်သည်။
“အဲဒါမျိုးကတော့ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူရလိမ့်မယ်။ ငါ့မှာ လိုအပ်တဲ့ ပစ္စည်းတွေ လည်း မရှိသေးဘူး။ ဖန်ဆင်းခြင်းသင်္ဘောလိုမျိုး သန့်စင်ဖို့ဆိုရင်တော့ နှစ်ပေါင်း တစ်သောင်းလောက်တောင် ကြာနိုင်တယ်” ဟုန်ယွိက ခေါင်းခါရင်း ပြောလိုက်သည်။
...
ဟုန်ယွိက နေနတ်ဘုရားသင်္ဘောကို သွန်းလုပ်ပေးပြီး လော်ယွန်၏ မက်မွန်နတ်ဘုရား ဂိုဏ်းအတွက် တိုင်းပြည်ပေါင်း ရာချီကို သိမ်းပိုက်ပေးနေစဉ်မှာပင်၊ သမုဒ္ဒရာ၏ အနက်ရှိုင်း ဆုံးရှိ လျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေတိုက်ကြီးတစ်ခုပေါ်တွင် နိုင်ငံသစ်တစ်ခုကို တည်ဆောက်နေကြပြီး သင်္ဘောအသစ်အချို့ကိုလည်း ရေချနေကြလေပြီ။