အခန်း ၆၈၄
Vol. 66 Ch. 684
အခန်း (၆၈၄)။
ကောင်းကင်ယံအထက် လီပေါင်း သောင်းနှင့်ချီသော ဟင်းလင်းပြင် ဝဲဂယက်အတွင်း၌...
သခင်လေးရှူသည် လီပေါင်း ဒါဇင်နှင့်ချီ ကျယ်ဝန်းသော ဥက္ကာခဲကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူက ဟင်းလင်းပြင် ဝဲဂယက်ကြီးကို ကြည့်ရင်း တိုးတိုးလေး ဆိုလိုက်သည်။ “ထွက်လာခဲ့တော့”
“သခင်လေးရှူက ဒီလောက်အထိ သတိကြီးမယ်လို့ ငါ မမျှော်လင့်ထားဘူး”
ထိုခဏ၌ ဥက္ကာခဲကြီးပေါ်တွင် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ထိုအမျိုးသမီးမှာ ကောင်းကင်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လက်ချောင်း များမှာ နုနယ်ကာ ပါးပြင်လေးမှာလည်း ပန်းရောင်သန်းနေသည်။ သို့သော် သူမ၏ မျက်ခုံး တန်းများမှာ မြင့်တက်နေပြီး ကောင်းကင်ကြီးကိုပင် တိုက်ခိုက်ဖျက်ဆီးပစ်ချင်သည့် ပုံစံမျိုး ပေါက်နေသည်။ သူမ၏ ပုံစံမှာ ယောက်ျားလေးတစ်ယောက်နှင့်ပင် တူလှ၏။
“ဟင်းလင်းပြင်ဖြိုခွင်းသူ အရှင်မ” ထိုအမျိုးသမီးကို မြင်သောအခါ သခင်လေးရှူမှာ အနည်းငယ် အံ့အားသင့်သွားသည်။ “မင်း ဘာလို့ ဒီ မဟာကမ္ဘာလောကထဲကို ရောက်နေတာလဲ။ မင်းက...”
“ငါ ဒီတချိန်လုံး ကျင့်ကြံနေခဲ့တာပဲလေ” ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်သခင်မှာ မည်သည့်အခါမျှ ကုန်းမည်မဟုတ်သည့် ဓားတစ်စင်းကဲ့သို့ မတ်မတ်ရပ်နေ၏။ အမျိုးသမီး တစ်ဦးတွင် ဤကဲ့သို့သော အရှိန်အဝါရှိနေသည်မှာ မှန်းဆရန်ပင် ခက်ခဲလှသည်။ “သခင်လေးရှူ... ကိစ္စကြီးတစ်ခု ဖြစ်နေပြီဆိုတာ ရှင် သိလား။”
“ဘာကိစ္စကြီးလဲ၊ ဒီမဟာကမ္ဘာလောကက ကိစ္စတွေကို ငါတစ်ယောက်တည်း ကိုင်တွယ် နိုင်ပါတယ်။ မင်းနောက်ကွယ်က လူက ငြိမ်နေတာ ကြာလို့ မင်းကို လွှတ်လိုက်တာလား။ မင်းက လျှို့ဝှက်အပြစ်ပေးရေးအဖွဲ့ကဆိုတာ သိထားသင့်တယ်။ ဗဟိုကမ္ဘာမှာတောင် မင်းက ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြလို့မရဘူးလေ၊ အခု ခွင့်ပြုချက်မရှိဘဲ ဒီကို ဘာလို့ လာတာလဲ။” သခင်လေးရှူ၏ အသံမှာ ပိုမိုအေးစက်လာသည်။
“သခင်လေးရှူ မစိုးရိမ်ပါနဲ့။ ‘သူ’ က ရှင်နဲ့ ခေါင်းဆောင်နေရာအတွက် လုမှာ မဟုတ်ပါဘူး။ ‘သူ’ က အဲဒါကို စိတ်မဝင်စားဘူး။ ဒီတစ်ခါ သူ ထွက်လာတာက ‘ဝန်ကြီး ခုနစ်ဦး’ ဆီက အမိန့်ကို ရထားလို့ပဲ” ဟု ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မက မည်သည့်အမူအရာမှ မရှိဘဲ ပြောလိုက်သည်။
သူမ ပြောနေသည့် ‘သူ’ မှာ အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး ခေါင်းဆောင်နေရာကိုပင် စိတ်မဝင်စားသူ ဖြစ်သည်။
“ဝန်ကြီး ခုနစ်ဦးက ဘာလို့ အမိန့်ထုတ်ရတာလဲ။” သခင်လေးရှူက နှာခေါင်းရှုံ့ရင်း သူ၏ ကျောက်စိမ်းအဆောင်ကို ပွတ်သပ်နေသည်။ သူသည် ထို ‘သူ’ ကို အတော်ပင် ဂရုစိုက်ပုံရ သည်။ “အကယ်၍ ‘ရွှီဝူယီ’ က ငါနဲ့ တိုက်ချင်တယ်ဆိုရင်တောင် ငါက ဘာလို့ ကြောက်နေ ရမှာလဲ။”
“သခင်လေးရှူက ဖန်ဆင်းရှင် အဆင့်အထိ ကျင့်ကြံထားနိုင်တာဆိုတော့ မကြောက်တာ မဆန်းပါဘူး။ ဖန်ဆင်းရှင် အဆင့်ဆိုရင် ဝန်ကြီးတစ်ယောက်တောင် ဖြစ်နိုင်နေပြီပဲ။ ဗဟိုကမ္ဘာမှာ ပညာရှင်တွေ အများကြီး ရှိပေမဲ့ ဖန်ဆင်းရှင် အရေအတွက်ကတော့ လက်ချိုးရေတွက်လို့ ရပါတယ်။ မဟာကမ္ဘာလောကမှာ ရှိသလိုမျိုး ရာနဲ့ချီ မရှိဘူးလေ” ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မက ဆိုသည်။ “ဒါပေမဲ့ သခင်လေးရှူ တကယ် စိတ်ဝင် စားတယ်ဆိုရင်တော့ သူနဲ့ ယှဉ်ပြိုင်ကြည့်လို့ ရပါတယ်။ ဒါပေမဲ့ သတိထားနော်၊ သူက ဘယ်သူ့ကိုမှ အသက်ရှင်လျက် ပြန်မလွှတ်တတ်ဘူးနော်။”
“နျန်တောက်တောက်... မင်းရဲ့စကားတွေက အရင်အတိုင်း အေးစက်နေတုန်းပဲ။ ဘယ်တော့များမှ မင်းရဲ့စရိုက်ကို ပြောင်းမှာလဲ။” ရုတ်တရက် သခင်လေးရှူက သက်ပြင်း ချလိုက်ပြီး “ကျင့်ကြံမှုအတွက်နဲ့ ရွှီဝူယီက သူချစ်ရတဲ့ ချစ်သူကိုတောင် အင်မော်တယ် နတ်ဘုရားဘုရင်ဆီ ယဇ်ပူဇော်ပြီး ‘မသေမျိုး နတ်ဘုရားလက်သီး’ ကို သင်ယူခဲ့တာလေ။ ဒီလိုလူမျိုးနောက်ကို လိုက်နေတာက မင်းအတွက် ဘာအကျိုးရှိမှာလဲ။”
“ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီအကြောင်းကို မပြောကြရအောင်” ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မ နျန်တောက်တောက်က ဆိုသည်။ “ကျွန်မ ရှင့်ကို ပြောချင်တဲ့ အဓိကကိစ္စကတော့ စစ်ဘက်ရေးရာဝန်ကြီး ကျဆုံးသွားပြီဆိုတာပဲ။ အဲဒါကြောင့် ဝန်ကြီး ခုနစ်ဦးက လျှို့ဝှက် အမိန့်ထုတ်ပြီး စွမ်းအင်တွေအများကြီး သုံးကာ ယာယီလမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့ တယ်။ အဲဒါကြောင့် ငါတို့ ဒီမဟာကမ္ဘာလောကထဲကို ရောက်လာနိုင်တာ။”
“ဘာ”
စစ်ဘက်ရေးရာဝန်ကြီး ကျဆုံးသွားပြီဆိုသည့် စကားကို ကြားလိုက်ရသောအခါ သခင်လေးရှူမှာ ဖန်ဆင်းရှင်တစ်ပါး ဖြစ်နေလင့်ကစား ဥက္ကာခဲပေါ်မှ ဆတ်ခနဲ ခုန်ထလိုက် မိသည်။ “ဒါက အမှန်ပဲလား။”
“ကျွန်မ ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ နျန်တောက်တောက် လိမ်ပြောတာကို ရှင် ဘယ်တုန်းက ကြားဖူးလို့လဲ။” နျန်တောက်တောက်က လက်ကို မြှောက်လိုက်ပြီး “စစ်ဘက်ရေးရာ ဝန်ကြီးသာ ကျဆုံးမသွားရင် ‘သူ’ လည်း ဒီမဟာကမ္ဘာလောကဆီ ရောက်လာမှာ မဟုတ် ဘူး။ ကျွန်မ ပြောစရာရှိတာ ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီကိုလာရတဲ့ အကြောင်းရင်းက ဝန်ကြီးကျဆုံးသွားတဲ့အကြောင်း အသိပေးဖို့ရယ်၊ နောက်ပြီး ရှင့်ကို သူ့နဲ့ ပူးပေါင်းစေချင် လို့ပဲ။”
“သူ့နဲ့ ပူးပေါင်းဖို့...” သခင်လေးရှူ ခဏမျှ စဉ်းစားလိုက်ပြီးမှ ရုတ်တရက် မေးလိုက်သည်။ “စစ်ဘက်ရေးရာဝန်ကြီးကို ဘယ်သူ သတ်လိုက်တာလဲ။ မုန့်ရှန်းကျီလား။ ဒီလောကမှာ မုန့်ရှန်းကျီတစ်ယောက်ပဲ ဝန်ကြီးကို သတ်နိုင်စွမ်းရှိတာလေ။”
“မုန့်ရှန်းကျီ မဟုတ်ဘူး၊ ဟုန်ယွိပဲ” ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မ နျန်တောက်တောက် က ခေါင်းခါရင်း ပြောလိုက်သည်။
“ဘာ၊ မဖြစ်နိုင်တာ၊ လုံးဝ မဖြစ်နိုင်ဘူး၊ ငါ ဟုန်ယွိနဲ့ ရင်ဆိုင်ဖူးပါတယ်။ သူက အစွမ်းထက် ပြီး ဖန်ဆင်းခြင်းသင်္ဘောထက် မနိမ့်တဲ့ နတ်ဘုရားလက်နက်တစ်ခု ရှိနေပေမဲ့ စစ်ဘက်ရေး ရာဝန်ကြီးကို သတ်နိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး” သခင်လေးရှူမှာ စစ်ဘက်ရေးရာ ဝန်ကြီး မည်မျှ အစွမ်းထက်ကြောင်း သိထားသလို ဟုန်ယွိ မည်မျှ အစွမ်းထက်ကြောင်းကို လည်း သိထားသည်။ ထို့ကြောင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ မဖြစ်နိုင်ဟုသာ ချက်ချင်း ကောက်ချက်ချမိသည်။
“မဖြစ်နိုင်တာ ဘာမှမရှိပါဘူး” နျန်တောက်တောက်က တည်ငြိမ်စွာ ဆိုသည်။ “သူက ခုန်း ကို ရှာတွေ့သွားခဲ့တယ်။ ခုန်းက ဟုန်ယွိကို စောင့်ကြည့်နေခဲ့တာဆိုတော့ တိုက်ပွဲ အခြေအနေကို သိနေတယ်။ ဟုန်ယွိက ပရိယာယ်သုံးပြီး မိုးကြိုးရေကန်ကို ဖောက်ခွဲ လိုက်လို့ ဝန်ကြီး ဒဏ်ရာရသွားတယ်။ အဲဒီနောက်မှာ သူက ခုန်းရဲ့ လောကီကြိတ်ဆုံကို ငှားသုံးပြီး ဝန်ကြီးရဲ့ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေကို ဖြိုခွဲပစ်တယ်။ ပြီးတော့ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ခဲ့တယ်။ အဲဒီလိုနဲ့ စစ်ဘက်ရေးရာဝန်ကြီးလည်း အသတ်ခံ လိုက်ရတာပဲ။”
“ဒါလည်း မဖြစ်နိုင်သေးပါဘူး။ တကယ်လို့... တကယ်လို့ ငါနဲ့တိုက်ခဲ့တဲ့ တိုက်ပွဲနောက်ပိုင်း မှာ ဟုန်ယွိရဲ့ ခွန်အားက အဆမတန် တိုးတက်မသွားဘူးဆိုရင်ပေါ့။ မဟုတ်ရင် သူက ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ပဲ ရှိသေးတာလေ၊ စိတ်ဝိညာဉ်ကို နတ်ဘုရား အဆင့်အထိ မသန့်စင်ရသေးဘဲနဲ့ ဝန်ကြီးကို ဘယ်လိုသတ်နိုင်မှာလဲ။ သူက ရှစ်ကြိမ် မြောက် မိုးကြိုးကပ်ဘေးကိုတောင် ကျော်ဖြတ်ပြီးသွားပြီလို့ ဆိုလိုတာလား။ သူ ဘယ်လို လုပ် ဒီလောက်အထိ မြန်နိုင်ရတာလဲ။” သခင်လေးရှူမှာ စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။
“မဟာကမ္ဘာလောကမှာ ဟုန်ယွိ ရှိသလို၊ ဗဟိုကမ္ဘာမှာလည်း ‘သူ’ ရှိတာပဲလေ” နျန်တောက်တောက်က ဆိုသည်။ “ဒါက ထူးဆန်းတာ မဟုတ်တာ။ ကမ္ဘာနှစ်ခု ထိပ်တိုက် တွေ့တော့မယ့် အချိန်မှာ ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာစမြဲပဲ။ သခင်လေးရှူ... ရှင် ဒီမှာပဲနေပြီး ဒီကုန်းမြေတိုက်ကြီးကို စီမံအုပ်ချုပ်နေပါ။ ကျွန်မတို့ရဲ့ စစ်တပ်ကြီး ရောက်လာတဲ့အခါ အခြေချဖို့ နေရာတစ်ခုတော့ ရှိနေရမယ်။ မြို့တွေကို အသစ် ပြန်တည် ဆောက်နေဖို့ မလိုတော့ဘူး။ ဗဟိုကမ္ဘာကနေ ဒီကို လမ်းကြောင်းဖွင့်လိုက်ရင် လူတွေပဲ လာလို့ရတာ၊ အရင်းအမြစ်တွေ အများကြီး သယ်ဖို့က ခက်ခဲတယ်လေ။”
“ဒါဆို သူက အခု ဘာလုပ်နေလဲ။” သခင်လေးရှူက မေးလိုက်သည်။
“သူက ‘ရွှန်’ ရဲ့ ဆက်ခံသူနဲ့ တွေ့ပြီး မြက်ခင်းပြင်တစ်ခုလုံးကို ငါတို့စစ်တပ် အခြေချဖို့ နေရာအဖြစ် လုပ်ချင်နေတာ။ ဒီကိစ္စမှာ ရှင် ဝင်ပါစရာ မလိုဘူး”
ထိုသို့ပြောပြီးနောက် ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မမှာ ကိုယ်ကိုလှုပ်ရှားကာ ဟင်းလင်း ပြင် လေဟာနယ်မုန်တိုင်းအတွင်းသို့ ခုန်ပျံပျောက်ကွယ်သွားတော့သည်။ သူမသည် နောက်ထပ် ဖြစ်လာမည့်ကိစ္စများကို သခင်လေးရှူနှင့် ဆွေးနွေးခြင်းပင် မပြုခဲ့ပေ။
“စွမ်းအင်ဘုရင် ‘လေဟာနယ်’... (ရွှီဝူယီ) ငါ မယုံဘူး။ မဟာကမ္ဘာလောကနဲ့ ဗဟိုကမ္ဘာ တွေ ထိပ်တိုက်တွေ့တဲ့အခါ လူတိုင်းက ကံတရားအရ ပေါ်ထွက်လာကြတာပဲ။ ငါကလည်း အဲဒီထဲက တစ်ယောက်ပဲ။ မဟာကမ္ဘာလောကမှာ ဟုန်ယွိ ရှိနေရင်၊ ဗဟိုကမ္ဘာမှာ ငါ ရှိနေရမယ်၊ ရွှီဝူယီ... မင်း မဟုတ်ရဘူး”
...
နတ်ဘုရားလေနိုင်ငံ၏ ကမ်းခြေတွင်...
နေနတ်ဘုရားသင်္ဘောများမှာ တစ်စင်းပြီးတစ်စင်း အဆက်မပြတ် သွန်းလုပ်ပြီးစီးသွား သည်။ စုစုပေါင်း သင်္ဘော ၁၀ စင်း သွန်းလုပ်ပြီးမှသာ ဟုန်ယွိ ရပ်နားလိုက်သည်။ သူသည် အနည်းငယ် မောပန်းလာသလို ခံစားရ၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ကောင်းကင်နှင့် မြေကြီးကို ခေါက်တုံ့ခေါက်ပြန် သွားလာကာ သတ္တုရိုင်းများနှင့် အဖိုးတန် သတ္တုတောင်ပုံရာပုံကို စုဆောင်းပြီး သင်္ဘောများကို သွန်းလုပ်ခဲ့ရသည်။ မိုးကြိုးရေကန် ရှိနေလင့်ကစား ဤကဲ့သို့ မှော်ရတနာများကို သွန်းလုပ်သည့် တာအိုနည်းပညာများကို ထပ်တလဲလဲ အသုံးပြုနေရခြင်းမှာ ဖန်ဆင်းရှင် တစ်ဦးအတွက် အဓိပ္ပာယ်မရှိဟု သူ ခံစားရသည်။
“နင်ဂျာဘုန်းတော်ကြီး၊ ချီဇီယန်၊ ဟေးလ်၊ သခင်ကျိုး၊ ဖေးယန်... မင်းတို့ လူတွေကို ခေါ်ပြီး နေနတ်ဘုရားသင်္ဘောပေါ် တက်ကြ။ ငါတို့ ပင်လယ်ရပ်ခြား နိုင်ငံပေါင်း တစ်ရာဆီကို သွားကြမယ်။ အဲဒီနိုင်ငံတွေကို အမြန်ဆုံး ဖိအားပေး ခြိမ်းခြောက်နိုင်ဖို့ လိုတယ်။”
“ဟုတ်ကဲ့”
ချီဇီယန်နှင့် အခြားသူများသည် ဟုန်ယွိ၏ ရှေ့တွင် ရပ်နေကြသည်။ သူတို့အားလုံးမှာ စိတ်ဓာတ်တက်ကြွနေကြပြီး သွားရန် အသင့်ဖြစ်နေကြသည်။ ယခုအခါ ဤလူများ၏ ခွန်အားမှာ အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သခင်ကျိုးမှာ တစ္ဆေအင်မော်တယ် အဆင့်သို့ ရောက်ရှိသွားသလို ခန္ဓာကိုယ်မှာလည်း သိုင်းသူတော်စင် အဆင့်အထိ မြင့်တက် သွားခဲ့သည်။ သူသည် အရုဏ်ဦးချပ်ဝတ် တစ်စုံကိုလည်း ပိုင်ဆိုင်ထားသည်။
အခြားသူများဖြစ်သည့် ဝန်ဖေးယန်၊ အကြီးအကဲဟေးလ်နှင့် လီလဲ့တို့မှာလည်း ဟုန်ယွိ၏ ‘မြေအနှစ်သာရေဆေးလုံး’ ကြောင့် သိုင်းသူတော်စင်အဆင့်သို့ အတင်းအကြပ် မြှင့်တင် ခြင်း ခံထားရသည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးမှာ အရုဏ်ဦးချပ်ဝတ်များနှင့် နတ်ဘုရားလက်နက်များ တပ်ဆင်ထားကြ၏။
အရုဏ်ဦးချပ်ဝတ်မှာ ပထမတန်းစား သံချပ်ကာဖြစ်ပြီး ‘ကောင်းကင်အလင်း ဦးချို နတ်ဘုရားချပ်ဝတ်’ ထက်သာ အနည်းငယ် နိမ့်ကျပြီး ‘နဂါးအကြေးခွချပ်ဝတ်’ ထက် ပိုမိုအစွမ်းထက်သည်။
ဟုန်ယွိသည် သခင်လေးချွန်ထံမှ အရုဏ်ဦးချပ်ဝတ် ၈၁ စုံကို ရရှိခဲ့ သလို ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် တစ်ခုကို သတ်ဖြတ်ပြီး ၁၈ စုံ ရရှိခဲ့ရာ ယခုအခါ စုစုပေါင်း ၉၉ စုံ ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ သူ၏ လက်အောက်ငယ်သားများကို တပ်ဆင်ပေးရန် လုံလောက်ပေသည်။
အရုဏ်ဦးချပ်ဝတ်နှင့် နတ်ဘုရားလက်နက် တပ်ဆင်ထားသည့် သိုင်းသူတော်စင် တစ်ဦး သည် မိုးကြိုးကပ်ဘေး ၃ ကြိမ်မှ ၄ ကြိမ်အထိ ကျော်ဖြတ်ထားသည့် တာအိုပညာရှင်များကို တောင့်ခံနိုင်စွမ်း ရှိသည်။ ဤလောကကြီးတွင် ထိုမျှအဆင့်ရှိသည့် ပညာရှင်များမှာ များများစားစား မရှိပေ။ နတ်ဘုရားဘိုးဘေးတောင်ပေါ်ရှိ တာအိုဂိုဏ်းများမှာပင် တာအို သခင် ၁၀ ဦးခန့်သာ ရှိသည်။
ထို့ကြောင့် ဟုန်ယွိအနေဖြင့် သူတို့ကို လွှတ်လိုက်ရန် စိတ်အေးလက်အေး ရှိနေခြင်း ဖြစ်သည်။
ထို့ပြင် သူတို့အားလုံးတွင် ပုံရိပ်ယောင်တံခါးလည်း ရှိကြသည်။ နေနတ်ဘုရားသင်္ဘောမှာ မပျံသန်းနိုင်သော်လည်း ၎င်းမှာ ဗဟိုကမ္ဘာ၏ အစွမ်းထက်ဆုံး ပင်လယ်ပြင် စစ်လက်နက် ကြီး ဖြစ်သည်။ ပိုမိုအဆင့်မြင့်သည့် ‘သံလိုက်ရွှေသင်္ဘော’ နှင့် ‘မိုးကြိုးနဂါးသင်္ဘော’ တို့မှာ မူ လေထဲတွင် ပျံသန်းနိုင်ပြီး သံလိုက်ဓာတ်နှင့် မိုးကြိုးများကို စုပ်ယူနိုင်ကြသည်။ ဟုန်ယွိအနေဖြင့် ၎င်းတို့ကိုလည်း သွန်းလုပ်နိုင်သော်လည်း ပစ္စည်းများ စုဆောင်းရန် အတွက် နှစ်ပေါင်း ဆယ်စုနှစ်နှင့်ချီပြီး အဆင့်ဆင့် လုပ်ဆောင်ရပေလိမ့်မည်။ ထိုသင်္ဘော နှစ်မျိုးမှာ ကောင်းကင်အပြင်ပနယ်မြေရှိ အဆင့်မြင့်ပုဂ္ဂိုလ်များသာ အသုံးပြုနိုင်သည့် အထက်တန်းလွှာများ၏ ပြယုဂ်များ ဖြစ်သည်။
သို့သော်လည်း နေနတ်ဘုရားသင်္ဘော ရှိနေသဖြင့် သူ၏ လက်အောက်ငယ်သားများမှာ ပင်လယ်ပြင်တွင် အဟန့်အတား ရှိတော့မည် မဟုတ်ပေ။ ၎င်းမှာ နိုင်ငံအသီးသီးကို ခြိမ်းခြောက်ရန်နှင့် သူတို့ကို ကာကွယ်ပေးပြီး မဟာမိတ်ဖွဲ့ရန် လုံလောက်သည်။
ညွှန်ကြားချက်များစွာ ပေးပြီးနောက် ဟုန်ယွိ၏ လက်အောက်ငယ်သား အုပ်စုကြီးမှာ နေနတ်ဘုရားသင်္ဘောများပေါ်သို့ တက်ကာ လှိုင်းများကို ဖြတ်ကျော်ပြီး နိုင်ငံပေါင်း တစ်ရာဆီသို့ ရွက်လွှင့်သွားကြလေတော့သည်။
“ဟုန်ယွိ... မင်း အခု ဘယ်ကို သွားမှာလဲ” ဟုန်ယွိ ထွက်ခွာတော့မည်ကို မြင်သောအခါ ကျီရှန်းထျန်းက အလျင်အမြန် မေးလိုက်သည်။
“ငါ ဆန်းကြယ်ကောင်းကင်ဘုံခန်းမကိုသွားပြီး ‘အမှောင်ဧကရာဇ် တာအိုသခင်’ ကို သွားရှာမလို့။ ကောင်းကင်အပြင်ပနယ်မြေရဲ့ စစ်ပွဲက နီးလာပြီ၊ ဒီလူက အန္တရာယ်ရှိတဲ့ လူပဲ။ သူ့ကို ငါ့ဆီမှာ အညံခံခိုင်းရမလား၊ ဒါမှမဟုတ် သုတ်သင်ပစ်မလား ဆိုတာ ဆုံးဖြတ်ခိုင်းရတော့မယ်” ဟုန်ယွိက ဆိုလေသည်။