အခန်း ၆၈၆
Vol. 66 Ch. 686
အခန်း (၆၈၆)။
“ညီနောင်ရွှီ... ခင်ဗျားကတော့ ကျုပ်တစ်သက် မြင်ဖူးသမျှထဲမှာ တကယ့်ကို ထူးခြားတဲ့လူ ပဲ။ ခင်ဗျားရဲ့ အရှိန်အဝါနဲ့ ဟန်ပန်က တုနှိုင်းလို့မရဘူး။ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ပုဂ္ဂိုလ် ဖြစ်လာဖို့အတွက် ခင်ဗျားဟာ နတ်ဘုရားတွေ၊ ဘိုးဘေးတွေ၊ မိဘတွေနဲ့ ဆွေမျိုးတွေကိုတောင် သတ်ဖြတ်ခဲ့တယ်။ အပြင်ပန်းမှာ သန်မာဟန်ဆောင်ပြီး၊ အတွင်းပိုင်းမှာ အားနည်းတဲ့ ချန်ပီယံမြို့စားနဲ့ ယှဉ်ရင် ခင်ဗျားကမှ ကျုပ်တို့မျိုးဆက်ရဲ့ စစ်မှန်တဲ့ စံပြပုဂ္ဂိုလ်ပဲ။”
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာပါသည်။ သူက စွမ်းအင်ဘုရင် ရွှီဝူယီကို ကြည့်လိုက်သည်။ ရွှီဝူယီသည် ချန်ပီယံမြို့စားနှင့် တစ်ပုံစံတည်း တူသော်လည်း တကိုယ်တည်း အထီးကျန်ဆန်ခြင်းနှင့် ခိုင်မာပြတ်သားခြင်းတို့ ပိုမို ကိန်းအောင်းနေသည်။ ကောင်းကင်အပြင်ပ နယ်မြေမှလာသည့် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ကောင်းကင်အပြင်ပ နယ်မြေ ခေါင်းဆောင်နှင့်လည်း အလွန်တူနေသဖြင့် သွေးသားတော် စပ်မှုရှိကြောင်း ထင်ရှားသည်။
ဟုန်ယွိသည် အနည်းငယ် တွက်ချက်ကြည့်လိုက်ပြီးနောက် ဤ ‘စွမ်းအင်ဘုရင်’ ရွှီဝူယီ သည် ကောင်းကင်အပြင်ပနယ်မြေမှ ခေါင်းဆောင်၏ သားဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက် သည်။
သို့သော်လည်း သူ၏ အရှိန်အဝါမှာ သူ၏ ဖခင်ထက် အနည်းငယ်မျှ လျော့နည်းခြင်းမရှိဘဲ အမှန်တကယ်ဆို သာလွန်နေသယောင်ပင် ရှိသည်။ သူသည် အလွန်ပင် ခိုင်မာပြတ်သားသူ ဖြစ်၏။
သူတို့နှစ်ဦး၏ အကြည့်များ ဆုံမိသွားကြသည်။ ကံကြမ္မာအရ ပေါ်ထွက်လာကြသည့် မဟာကမ္ဘာလောကနှင့် ဗဟိုကမ္ဘာမှ ပုဂ္ဂိုလ်နှစ်ဦး ထိပ်တိုက်တွေ့ကြရာတွင် အကြည့်ချင်း ဆုံရုံမျှဖြင့် မမြင်နိုင်သော မီးပွားများ ထွက်ပေါ်နေသကဲ့သို့ပင်။
“ကောင်းကင်အပြင်ပနယ်မြေမှာ ဒီလောက် ထူးချွန်လူမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိ ဘူး” ဟုန်ယွိသည် တစ်ဖက်လူ၏ မျက်လုံးထဲတွင် ဖော်ပြမတတ်အောင် ပြတ်သားသည့် စိတ်ပိုင်းဖြတ်မှုကို မြင်လိုက်ရပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိပါသည်။
သူသည် မူလက အမှောင်ဧကရာဇ် တာအိုသခင်ကို လာရောက်ရှာဖွေခြင်း ဖြစ်ပြီး၊ တာအို သခင်သည် ပုန်းကွယ်နေကြောင်းကိုလည်း သူ ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ၏ အားကောင်းသော စိတ်ဝိညာဉ် အတွေးစများကို အသုံးပြုကာ ဟင်းလင်းပြင်ထဲတွင် အမှောင်ကြယ်၏ တည်ရှိမှုကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။
သူ၏အစွမ်းထက်သော မှော်စွမ်းအားနှင့် မခန့်မှန်းနိုင်သော နတ်ဘုရားစွမ်းရည်များ ကြောင့် အမှောင်ကြယ်၏ အငွေ့အသက်အချို့ကို သူ ရှာတွေ့ခဲ့သည်။ ထို့ကြောင့်ပင် သူသည် ကောင်းကင်အပြင်ပနယ်မြေ၊ စွမ်းအင်ဘုရင်၏ တုနှိုင်းမဲ့ နည်းလမ်းများနှင့် ဟန်ပန်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုသို့သော ပါရမီရှင်မျိုးကို မြင်လိုက်ရသောအခါ ဟုန်ယွိသည် လွန်ခဲ့သော ငါးနှစ်က သူ့ကိုယ်ကိုယ်၊ လွန်ခဲ့သော နှစ်ပေါင်း သုံးရာက မုန့်ရှန်းကျီ၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ကို မြင်ယောင်နေမိသည်။
သို့သော်လည်း သူ မည်မျှပင် အံ့သြနေပါစေ၊ ဟုန်ယွိသည် တကယ်တမ်းတွင်မူ သိပ်ပြီး ဂရုမစိုက်ချေ။
“ဒီစကြဝဠာထဲက သိုင်းလမ်းစဉ် ကျင့်ကြံသူတွေထဲမှာ ငါ့ထက်အဆင့်မြင့်တဲ့လူ ဒါမှမဟုတ် ငါနဲ့ အဆင့်တူတဲ့လူ မရှိဘူးလို့ ထင်ထားခဲ့တာ။ ရွှီဝူယီကလည်း ငါ့လိုပဲ သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ အဆင့်ထက် ကျော်လွန်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ ရွှီဝူယီက ကိုယ်ခံပညာ သက်သက်ကိုပဲ ကျင့်ကြံထားတာ။ ငါကတော့ သူ့ထက် တစ်လှမ်း သာပါတယ်။ ငါဟာ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်အပြင် ငါ့ရဲ့ စိတ်ဝိညာဉ်ကိုလည်း နတ်ဘုရားဖြစ်အောင် သန့်စင်ပြီး ‘မူလစိတ်ဝိညာဉ်’ ကိုပါ ကျင့်ကြံထားပြီးပြီ။” (အသွင်မျိုး စုံပြောင်းလဲခြင်းအဆင့် - အနန္တကိုယ်ပွားနယ်ပယ်နှင့် အတူတူဟု ယူဆပါသည်။ ပါသည့် အတိုင်း ပြန်ဆိုလိုက်ပါသည်)
ဟုန်ယွိသည် အမှောင်ဧကရာဇ် တာအိုသခင်နှင့် ‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မ ခရမ်းရောင်မြတ်လေးတို့ကို ကြည့်လိုက်သည်။
အမှောင်ဧကရာဇ် တာအိုသခင်မှာ ရွှီဝူယီ၏ အသက်ယဇ်ပူဇော်ခြင်းပညာရပ်ကြောင့် သူ၏ အင်အား ၇၀-၈၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သူသည် အလွန်ပင် ကြောက်စရာကောင်းနေပြီ ဖြစ်၏။ ဤအမှောင်ကြယ်နှင့်ဆိုလျှင် သူသည် စစ်ဘက်ရေးရာ ဝန်ကြီးနှင့်ပင် အချိန်အတော်ကြာ တိုက်ခိုက်နိုင်ပေသည်။
ထို့ပြင် ခန့်မှန်း၍မရသော ‘စွမ်းအင်ဘုရင်’ ရွှီဝူယီပါ ရှိနေခြင်းကြောင့် ဟုန်ယွိသည် တစ်ဖက်လူကို သတ်နိုင်ရန်အတွက် ယုံကြည်မှု အပြည့်အဝ မရှိတော့ချေ။
ရွှီဝူယီအသုံးပြုခဲ့သည့် လက်ချောင်းငါးချောင်း နတ်ဘုရားသားရဲ ငါးပါးအဖြစ် ပြောင်းလဲ ခြင်းမှာ ‘အသွင်မျိုးစုံပြောင်းလဲခြင်း’ ပညာရပ် ဖြစ်သည်။ ဤသည်မှာ သိုင်းပညာ ကျင့်ကြံမှု၏ အမြင့်ဆုံး အဆင့်ပင် ဖြစ်သည်။ ၎င်းမှာ တာအိုပညာရပ်၏ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ထက်ပင် တစ်ဆင့် ပိုမြင့်မားသည်။ မိုးကြိုးဘေးဒဏ် ကိုးကြိမ်မှာ ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ အဆင့်နှင့်သာ ညီမျှသည်။
ဟုန်ယွိသည်လည်း ဤစကြဝဠာထဲတွင် ဤအဆင့်အထိ ကျင့်ကြံနိုင်သူ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မုန့်ရှန်းကျီပင်လျှင် ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ အဆင့် အထိသာ ကျင့်ကြံနိုင်ခဲ့သည်ကို သိထားရမည်။ ဟုန်ယွိမှာမူ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား၏ စွမ်းရည်များကို အသုံးချနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း သူနှင့် မုန့်ရှန်းကျီတို့မှာ တာအိုနှင့် သိုင်းပညာကို တစ်ချိန်တည်း ကျင့်ကြံခဲ့ ကြခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ‘စွမ်းအင်ဘုရင်’ ရွှီဝူယီသည် တာအိုကို မည်သည့် အခါမှ မကျင့်ကြံဘဲ သိုင်းပညာသက်သက်ကိုသာ ကျင့်ကြံခဲ့သူ ဖြစ်သည်။ ဟုန်ရွှန်ကျိသည် သိုင်းပညာသက်သက်ကို ကျင့်ကြံခဲ့သော်လည်း ဤကဲ့သို့သော အောင်မြင်မှုကို မရရှိခဲ့ချေ။
မိမိ၏ ခန္ဓာကိုယ်ကို အသွင်မျိုးစုံပြောင်းလဲခြင်း အဆင့်အထိ ကျင့်ကြံထားသူ တစ်ဦးမှာ မည်မျှအထိ ကြောက်စရာကောင်းမည်နည်း။ ဤသည်မှာ မသေနိုင်၊ မပျက်စီးနိုင်သည့် တည်ရှိမှုမျိုး ဖြစ်ကြောင်း ဟုန်ယွိ ကောင်းကောင်း သိပေသည်။ စစ်ဘက်ရေးရာဝန်ကြီးနှင့် ယှဉ်လျှင် သူသည် အနည်းဆုံး နှစ်ဆခန့် ပိုမိုအစွမ်းထက်သည်။
“ညီနောင်ယွိ... မင်း နောက်နေတာ ဖြစ်ရမယ်။ သိုင်းပညာနဲ့ တာအိုပညာကို ကျင့်ကြံတာ ဟာ စင်ကြယ်မှုရှိပြီး စိတ်ဝင်စားမှုနဲ့ တစိုက်မတ်မတ်ရှိဖို့ လိုတယ်။ ညီနောင်ယွိလို ကျင့်ကြံတာမျိုးဟာ အာရုံပျံ့လွင့်စေတယ်။ ဒါ့အပြင် ညီနောင်ယွိရဲ့ ခန္ဓာကိုယ်က အစစ်မှန် ခန္ဓာကိုယ် မဟုတ်ဘူး။ ညီနောင်ယွိက အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အသွင်မျိုးစုံ ပြောင်းလဲခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ရင်တောင်မှ၊ ညီနောင်ယွိအနေနဲ့ ပြင်ပစွမ်းအား တွေကို အားကိုးနေရတုန်းပဲ။ ဒါက ညီနောင်ယွိရဲ့ နောင်အနာဂတ် ကျင့်ကြံမှုအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မယ်။ အဆုံးမတော့ ညီနောင်ယွိဟာ ဒီအဆင့် အထိရောက်အောင် တစ်လှမ်းချင်းစီ ကျင့်ကြံခဲ့တာမှ မဟုတ်တာ။”
ဟုန်ယွိ၏ စကားကို ကြားသောအခါ ရွှီဝူယီက မရယ်ဘဲ မနေနိုင်တော့ချေ။ အစွမ်းထက် သော ဟုန်ယွိနှင့် ရင်ဆိုင်နေရသော်လည်း ချန်ပီယံမြို့စားနှင့် အတိအကျတူသော ဤလူသည် အနည်းငယ်မျှ စိတ်မသက်မသာ ဖြစ်ခြင်း သို့မဟုတ် မနာလိုဖြစ်ခြင်း မရှိချေ။ သူ၏ စိတ်နေစိတ်ထားမှာလည်း အပြောင်းအလဲ မရှိပေ။
ဟုန်ယွိသည် ရွှီဝူယီ၏ ရှေ့သို့ ‘ယန်နတ်ဘုရား’ တစ်ပါး ရောက်လာလျှင်ပင် ဤသူသည် အနည်းငယ်မျှ တုန်လှုပ်လိမ့်မည် မဟုတ်ဟု ခံစားလိုက်ရသည်။ သူ၏ စိတ်ဓာတ်မှာ အလွန်ပင် ကြံ့ခိုင်လှပေသည်။
ထို့ပြင် သူ စကားပြောလိုက်သည်နှင့် သူ၏ စကားလုံးများမှာ ဟုန်ယွိ၏ တာအိုနှလုံးသား ကို ထိမှန်သွားစေပြီး ဟုန်ယွိ၏ ကျင့်ကြံမှုမှာ ပြင်ပစွမ်းအင်များပေါ်တွင်သာ လုံးဝ အခြေခံထားပြီး ခိုင်မာမှုမရှိကြောင်းကို တိုက်ရိုက် ထောက်ပြလိုက်ခြင်း ဖြစ်သည်။
သူ၏စကားလုံးများမှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာသည့် ဓားစွမ်းအင်ကဲ့သို့ပင် စူးရှပြီး ကြားရသူကို တုန်လှုပ်သွားစေနိုင်သည်။
“ကျင့်စဉ်နည်းစနစ်တွေက အမျိုးမျိုးရှိပြီး အဲဒါတွေကို ဘယ်လို လိမ္မာပါးနပ်စွာ အသုံးချ မလဲဆိုတာက ကိုယ့်စိတ်အပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ ဒီဘက်ကမ်းကနေ တဘက် ကမ်းကို သွားဖို့အတွက် ခင်ဗျား တစ်လှမ်းချင်းစီ ရေကူးသွားလို့ ရသလို၊ လှေစီးပြီးတော့ လည်း သွားလို့ရပါတယ်။ အတောင်ပံတွေနဲ့ ပျံသွားလို့လည်း ရတာပဲ။ နည်းစနစ်ဆိုတာ တစ်ဖက်ကမ်းကို ကူးဖို့အတွက် လှေတစ်စင်းလိုပါပဲ။ ကမ်းပေါ် ရောက်သွားပြီဆိုရင်တော့ လှေကို ထားခဲ့ရမှာပဲ။ ငါ ဘယ်နည်းလမ်းကို သုံးခဲ့လဲဆိုတာတောင် အသွင်မျိုးစုံပြောင်းလဲ ခြင်းအဆင့်ကို ရောက်ပြီးကတည်းက မေ့ပစ်လိုက်ပြီ။ စွန့်ပစ်လိုက်ပြီ။ ညီနောင်ရွှီက ဒါကို အခုထိ စွဲလမ်းနေတုန်းပဲလား... ညီနောင်ရွှီက စိတ်ထဲက အစွဲအလမ်းတွေကို လုံးဝ မသတ်နိုင်သေးဘူးထင်တယ်။”
ဟုန်ယွိက ရယ်မောရင်း ခေါင်းခါပြလိုက်သည်။
“အံ့သြစရာပဲ၊ တကယ့်ကို အံ့သြစရာပဲ” ဟုန်ယွိ၏ စကားကို ကြားသောအခါ အမှောင် ဧကရာဇ် တာအိုသခင်သည်လည်း ထိတ်လန့်သွားခဲ့သည်။ ခရမ်းရောင်မြတ်လေးမှာမူ ပို၍ ပင် ထိတ်လန့်သွားရ၏။ ဟုန်ယွိ၏ စကားလုံးများမှာ အတွေးအခေါ်ပိုင်းအရ ကြွယ်ဝလှပြီး ရှေးဟောင်း အမှန်တရားတစ်ခု ပါဝင်နေပါသည်။ သူသည် ရွှီဝူယီ၏ စကားလုံး တိုက်စစ် ကို ခြေဖျက်လိုက်ရုံတင်မကဘဲ ရွှီဝူယီတွင် အစွဲအလမ်းများ ကျန်ရှိနေသေးကြောင်းပါ ပြန်လည် ထောက်ပြလိုက်ခြင်း ဖြစ်သည်။
“ပြောင်းလဲခြင်းကျမ်းကို ပြုစုခဲ့တဲ့သူဖြစ်ဖို့ ထိုက်တန်ပါတယ်လေ။ ရွှီဝူယီက ခေါင်းညိတ် လိုက်သော်လည်း သူ၏ ယုံကြည်ချက်မှာ အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်း မရှိပေ။ သူက ရိုးသားစွာ ဆိုသည်မှာ “ညီနောင်ယွိ... ငါ ဒီနေ့ အများကြီး သိခွင့်ရလိုက်တယ်။ ဒါပေမဲ့ မဟာတာအိုဆိုတာ စကားလုံးတွေထဲမှာ မရှိတဲ့ နက်ရှိုင်းတဲ့ ချောက်ကြီးတစ်ခုလိုပဲ။ တာအိုကိုရှာဖွေတဲ့ လမ်းစဉ်မှာ အရာအားလုံးက တိတ်ဆိတ်ပြီး အထီးကျန်နေရမယ်။ အဲဒါကို သေခြင်းနဲ့ ရှင်ခြင်းကြားက အထီးကျန်မှုထဲမှာပဲ သက်သေပြလို့ ရတာပါ။ ညီနောင် ယွိ ငါနဲ့အတူ သိုင်းပညာလမ်းစဉ်ကို အစမ်းသပ်ခံကြည့်ဖို့ စိတ်ဝင်စားလား။”
“စိတ်ဝင်စားတာပေါ့။ အဲဒါက ဒီနေ့၊ အခု ဒီအချိန်မှာပဲလား” ဟုန်ယွိ၏ မျက်လုံးများမှာ မှေးကျဉ်းသွားပါသည်။ တိုက်ပွဲတစ်ခုက ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သူ သိလိုက်ပြီ။ သူသည် အမှောင်ဧကရာဇ် တာအိုသခင်ကို သတိထားနေရုံတင်မကဘဲ ဟင်းလင်းပြင်ထဲ တွင် ပုန်းကွယ်နေသည့် ရှေးဟောင်း မိစ္ဆာမျောက်ဝံကြီး၏ အငွေါ့အသက်ကိုပါ ခံစားနေရ သည်။ ၎င်းမှာ မျောက်ဝံကြီး ‘ခုန်း’ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
“အခြေအနေတွေက ပိုပြီး ရှုပ်ထွေးလာပြီ။ ဒီရွှီဝူယီက သခင်လေးရှူထက် အများကြီး ပိုအစွမ်းထက်တယ်။ သူ အရင်က မလာခဲ့ဘဲ အခု ရောက်ရောက်ချင်း ခုန်းနဲ့ အမှောင် ဧကရာဇ်ကိုပါ စည်းရုံးလိုက်နိုင်ပြီ။ ငါ တစ်လှမ်း နောက်ကျသွားတယ်။”
ဟုန်ယွိသည် လက်ကို နောက်ပစ်ကာ ရပ်နေသည်။ ခုန်းသည် အနီးအနားတွင် ပုန်းနေ သည်ဟူသော အချက်ကို သူ ထုတ်မပြောခဲ့ပေ။
“ညီနောင်ခုန်း... ထွက်လာခဲ့ပါ။ ညီနောင်ယွိက ခင်ဗျား အဲဒီမှာ ပုန်းနေတာကို မသိဘဲ နေမတဲ့လား” ဟုန်ယွိက စကားမပြောသော်လည်း ရွှီဝူယီက ပြောလိုက်သည်။
“ဝေါ့...”
ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ မျောက်ဝံကြီး ခုန်းပင် ဖြစ်သည်။ သူသည် ဟုန်ယွိကို သူ၏ ရွှေရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ သူ၏ကိုယ်မှ ကြောက်မက် ဖွယ် အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒကိုလည်း အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။
“ဟုန်ယွိ... ငါ မင်းလှည့်ကွက်ထဲ ကျရောက်သွားခဲ့တယ်။ မင်း ငါ့ကို ဗဟိုကမ္ဘာရဲ့ စစ်ဘက် ရေးရာဝန်ကြီးကို သတ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ မင်း သိပ်ကြာကြာ ပျော်ရမှာမဟုတ်ပါဘူး။”
“ခုန်း... တာအိုသခင် အမှောင်ဧကရာဇ်နဲ့အတူ အဝေးကနေပဲ ကြည့်နေပါ။ ငါ ညီနောင်ယွိနဲ့ သိုင်းပညာအကြောင်း ဆွေးနွေးနေတာကို နှောင့်ယှက်တာမျိုး မဖြစ်စေချင်ဘူး။ ဘယ်သူပဲ ဝင်ပါပါ၊ ငါ ခွင့်ပြုမှာ မဟုတ်ဘူး။” ရွှီဝူယီ၏ စကားမှာ အမြဲတမ်း တည်ငြိမ်နေသော်လည်း ထိုစကားများနောက်ကွယ်တွင် အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် ဤအစွမ်းထက်သော ပုဂ္ဂိုလ်က ဟုန်ယွိနှင့် တိုက်ခိုက် လိုသည်ကို သိနေသည့်အတွက် သူသည် စွမ်းအင်ဘုရင်ကို စိတ်အနှောင့်အယှက် မဖြစ်စေ ချင်ပေ။
ခုန်းသည် ကြမ်းတမ်းသော်လည်း သူသည် ရွှီဝူယီအပေါ်တွင်မူ အလွန်ပင် ယဉ်ကျေးပုံရ သည်။ သူသည် ဘာမှမပြောဘဲ ကောင်းကင်ယံသို့ ခုန်တက်ကာ ပျောက်ကွယ်သွားခဲ့သည်။ အမှောင်ဧကရာဇ် တာအိုသခင်သည်လည်း အမှောင်တိမ်တိုက်များကို သိမ်းဆည်းကာ အမှောင်ကြယ်ကို အသက်သွင်းပြီး သူ ဘယ်ကိုသွားသည်ကို မည်သူမျှ မသိနိုင်အောင် ထွက်ခွာသွားခဲ့သည်။
‘ဟင်းလင်းပြင်ဖြိုခွင်းသူ’ အရှင်မ ခရမ်းရောင်မြတ်လေးသည်လည်း ရွှီဝူယီ၏ စိတ်နေ စိတ်ထားကို သိပုံရပြီး တိတ်ဆိတ်စွာပင် ထွက်ခွာသွားခဲ့သည်။ ယခုအခါ ဟင်းလင်းပြင်ထဲ တွင် ဟုန်ယွိနှင့် ‘စွမ်းအင်ဘုရင်’ ရွှီဝူယီ တို့နှစ်ဦးသာ ကျန်ရစ်တော့သည်။
...
“ညီနောင်ယွိ... ဖိတ်ခေါ်ပါတယ်”
ရွှီဝူယီသည် ဟာလာဟင်းလင်း ဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တာအိုကို ရှာဖွေလိုသော ရူးသွပ်ဖွယ်ရာ ခိုင်မာပြတ်သားမှုများ ပြည့်နှက်နေ၏။ အားကောင်းသော အရှိန်အဝါ လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ဟုန်ယွိ၏ အဝတ်အစားများကို တဖျပ်ဖျပ် လွင့်ခါသွားစေသည်။
“ညီနောင် ရွှီ... စပါ”
ဟုန်ယွိသည်လည်း အားနာနေမည် မဟုတ်ပေ။ သူသည် သတ်ဖြတ်လိုစိတ်ကို ပြင်ဆင် ထားပြီး ဖြစ်သလို ရွှီဝူယီ၏ သတ်ဖြတ်လိုစိတ်ကိုလည်း ခံစားမိနေသည်။ ရွှီဝူယီ၏ စကား နှင့် လုပ်ရပ်များမှာ တည့်တိုးဆန်ပြီး ဟန်ဆောင်မှု ကင်းသော်လည်း ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးမှာ စစ်ဘက်ရေးရာ ဝန်ကြီးထက်ပင် ပိုမို ခက်ခဲသော ရန်သူ ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ရွှီဝူယီသည်လည်း ဟုန်ယွိကို သူ၏ ဘဝတွင် အကြီးမားဆုံးသော ရန်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဝူး
ဟုန်ယွိ စကားပြောပြီးသည်နှင့် ရွှီဝူယီသည် သူ၏ တံတောင်ကို ဆန့်ထုတ်ကာ ဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတစ်ခုလုံးတွင် သူ၏ ပုံရိပ်များ ပြည့်နှက်သွားခဲ့သည်။ မည်သည့်အရာက အစစ်၊ မည်သည့်အရာက အတုဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲပေသည်။
‘စွမ်းအင်ဘုရင်’ ရွှီဝူယီ လှုပ်ရှားလိုက်သည်နှင့် ဟုန်ယွိသည် သူ၏ နှလုံးထဲသို့ ပြင်းထန် သော တံတောင်စွမ်းအားတစ်ခု စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်စေ တော့မည့်အတိုင်း ခံစားလိုက်ရ၏။ ဤသို့ တိုက်ခိုက်လိုက်သောအခါ တံတောင်၏ စွမ်းအားမှာ ဟုန်ယွိ၏ နှလုံးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဟင်းလင်းပြင်တိုက်ကွက်။”
ဟုန်ယွိသည် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များကို လေ့လာထားပြီးဖြစ်ရာ ကောင်းကင်အပြင်ပနယ်မြေမှ သိုင်းပညာအမျိုးမျိုးကို နားလည်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ရွှီဝူယီ အသုံးပြုလိုက်သည်မှာ ‘ဟင်းလင်းပြင်တိုက်ကွက်’ ဟု ခေါ်သည့် ဆန်းကြယ်သော ပညာရပ်ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။ ဤတံတောင်ဖြင့် တိုက်ခိုက်မှုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရန်သူ၏ အတွင်းကလီစာများဆီသို့ တိုက်ရိုက်ရောက်ရှိသွားသည့် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ရှိ ပညာရှင်တစ်ဦးသည် ရွှီဝူယီ၏ ဤတံတောင် တစ်ချက်တည်းဖြင့် အသတ်ခံရနိုင်သည်။ ဖန်ဆင်းရှင် တစ်ယောက်ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။ ရွှီဝူယီ၏ သိုင်းပညာလမ်းစဉ်မှာ မယုံနိုင်စရာကောင်းလောက် အောင် ကြောက်စရာကောင်းလှသည်။
“ငါ့နှလုံးသား ပျံသန်းခြင်း”
ထိုအချိန်တွင် ဟုန်ယွိ၏ နှလုံးသားမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ၏ ရင်ဘတ်ထဲမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့နောက် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ် ကို လှုပ်ရှားလိုက်သည်။ သူ၏လက်နှစ်ဖက်ကို ဖိချလိုက်ရာ သူ၏ ခေါင်းပေါ်တွင် ကြိတ်ဆုံ ကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ခုန်း၏ အမြင့်ဆုံးလှုပ်ရှားမှုဖြစ်သော ‘လောကီကြိတ်ဆုံ ကြီး’ ပင် ဖြစ်တော့သည်။