← Chapters

အခန်း ၆၉၀

Vol. 66 Ch. 690

အခန်း ၆၉၀

Vol. 66 Ch. 690

အခန်း (၆၉၀)။

ကောင်းကင်သံစဉ် နတ်သမီးမှာ ထူးခြားသော သဘာဝ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး၊ ကွန်ဖြူးရှပ်ဝါဒ၏ အလွန်တရာ နက်နဲကျယ်ပြောသော အရှိန်အဝါများ ကိန်းအောင်းနေ သည့် ကောင်းကင်သံစဉ် အစစ်မှန် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ထိုအစစ်မှန် စွမ်းအင်ကို ထိုစဉ်က ကျိန့်ချိကျိက ကြီးမြတ်သော နတ်ဘုရားစွမ်းအားများကို အသုံးပြု၍ ပုံဖော်ပေးခဲ့ ခြင်း ဖြစ်သည်။

အကယ်၍ သူမသည် တစ်စုံတစ်ဦးနှင့် တူနှစ်ဖော် ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့လျှင် နှစ်ဦးနှစ်ဖက်လုံး အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရရှိကြလိမ့်မည်။

သို့သော် ထိုတူနှစ်ဖော် ကျင့်ကြံမည့်သူမှဦလည်း ကွန်ဖြူးရှပ်ဝါဒ၏ စာပေနှင့် အတွေး အခေါ်ဆိုင်ရာ အရှိန်အဝါများနှင့် ဆင်တူသော မူလစွမ်းအင်၊ အတွေးအမြင်နှင့် စိတ်ကူး စိတ်သန်းများကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။

ထိုစဉ်က ကောင်းကင်သံစဉ် နတ်သမီးသည် ထန်ဟိုင်လုံနှင့် လက်ထပ်ရန် စီစဉ်ခဲ့ခြင်းမှာ လည်း သူမ၏ မူလစွမ်းအင်ကို ဟန်ချက်ညီစေရန်နှင့် ဖန်ဆင်းရှင် နယ်ပယ်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ရန်အတွက် တူနှစ်ဖော်ကျင့်ကြံရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။

ထန်ဟိုင်လုံသည်လည်း ပါရမီရှင်တစ်ဦးပင်။ ‘ဖန်းယွမ်’ ကဲ့သို့ပင် သူ၏ စာပေများမှာ လှပဆန်းပြားပြီး စာလုံးတိုင်းမှာ ကျောက်မျက်ရတနာများကဲ့သို့ တန်ဖိုးရှိလှသည်။ အသိပညာ ဗဟုသုတနှင့် ကျင့်ကြံမှုအပိုင်းတွင် သူသည် အမှန်တကယ်ပင် ‘ကွန်ဖူးရှပ်ဝါဒီ မဟာပညာရှင်’ တစ်ဦး ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် နန်းတွင်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ကောင်းကင်သံစဉ် နတ်သမီးသည် သူနှင့် ယခုထက်ထိ တူနှစ်ဖော် ကျင့်ကြံ ခြင်း မပြုလုပ်သေးချေ။ ယခုကြည့်ရသည်မှာ သူမသည် ဟုန်ယွိကို ကိုယ်တိုင်လာရောက် ရှာဖွေနေခြင်းပင်။ ဤတုနှိုင်းမဲ့ အမျိုးသမီးသည် ဤမျှ ပွင့်လင်းရိုးသားနေသည်ကို မြင်သောအခါ ဟုန်ယွိ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားမိသည်။

“သခင်လေးအနေနဲ့ ကျွန်မကို ဒီကိစ္စမှာ ကူညီပေးဖို့ ဆန္ဒရှိရဲ့လားလို့ သိချင်မိပါတယ်”

ကောင်းကင်သံစဉ် နတ်သမီးသည် ဟုန်ယွိ၏ အံ့အားသင့်နေသော အမူအရာကို အမိအရ ဖမ်းဆွဲလိုက်နိုင်သည်။ သူမက သက်ပြင်းတစ်ချက်ချကာ စောင်းကြိုးများကို အသာအယာ ခတ်လိုက်သည်။ ဒင်ဒေါင်…၊ ၎င်းမှာ သဘာဝတရား၏ သံစဉ်များကဲ့သို့ပင် ပြန်လည် ထွက်ပေါ်လာသည်။

“နတ်သမီး ဘာလို့ အဲဒီလို ပြောရတာလဲ။ နတ်သမီးက ထန်ဟိုင်လုံနဲ့ စေ့စပ်ထားသူလေ။ တကယ်လို့ ထန်ဟိုင်လုံသာ ဒီစကားကို ကြားသွားရင် သူ တည်ဆောက်ထားတဲ့ တာအို နှလုံးသား ပျက်စီးပြီး သွေးအန် သေသွားနိုင်တယ်နော်” ဟုန်ယွိက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကောင်းကင်သံစဉ် နတ်သမီးမှာ ထန်ဟိုင်လုံ၏ စေ့စပ်ထားသူ ဖြစ်သည်။ အကယ်၍ ထိုပါရမီရှင်သာ ဤအကြောင်းကို သိသွားပါက ဟုန်ယွိကိုယ်တိုင် ဘာမှလုပ်ရန် မလိုဘဲ သွေးအန်ကာ သေဆုံးသွားနိုင်သည်။ ဟုန်ယွိသည် ထန်ဟိုင်လုံ အမုန်းဆုံး ရန်သူတစ်ဦး ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ယခုအခါ သူနှင့် စေ့စပ်ထားသူက သူအမုန်းဆုံးလူနှင့် တူနှစ်ဖော် ကျင့်ကြံခြင်း ပြုလုပ်ရန် ကမ်းလှမ်းနေခြင်းမှာ သူ့အတွက် အလွန်ပင် ပြင်းထန် သော ရိုက်ခတ်မှု ဖြစ်ပေလိမ့်မည်။

“သူက ထူးချွန်ပေမဲ့ သူ့မှာ ကိုယ်ပိုင်စိတ်ဓာတ် မရှိဘူး။ သခင်လေးနဲ့ နှိုင်းယှဉ်ရင် သူက အများကြီး နိမ့်ကျပါတယ်။ ကျွန်မရဲ့ ‘ကောင်းကင်သံစဉ် အနှစ်သာရ ယင်စွမ်းအင်’နဲ့ ယင်နဲ့ယန် ထိန်းညှိမူကို မထိုက်တန်တဲ့လူ လက်ထဲ မအပ်နှင်းနိုင်ဘူး။ သခင်လေးရဲ့ မိခင် ‘တိုင်ရှန်တာအိုဂိုဏ်း’ ရဲ့ သူတော်စင်မိန်းမပျိုက စံနမူနာကောင်းတစ်ခုပဲ မဟုတ်ဘူးလား။ သူမဘဝ သက်တမ်းတစ်လျှောက်ကို လူမှားပြီး အပ်နှင်းခဲ့တာက ကျွန်မရဲ့ ‘လူ့လောက အနန္တ’ သံစဉ်ထဲကလို ဖြစ်သွားတာပဲ မဟုတ်လား။ တစ်လောကလုံးကို ကြည့်လိုက်ရင် သခင်လေး တစ်ယောက်တည်းပဲ ယုံကြည်ဖို့ ထိုက်တန်ပါတယ်၊ ဒီစကားကို ကျွန်မက အရှက်မရှိလို့ ပြောတာမဟုတ်ပါဘူးနော်၊ အခု လောကကြီးက ပရမ်းပတာ ဖြစ်နေပြီး လူ့လောကလှိုင်းလုံးတွေက အရှိန်အဟုန်နဲ့ မြင့်တက်နေလို့ပဲ။ ဖန်ဆင်းရှင်အဖြစ် ရှင်သန် နိုင်မယ့် တာအိုကို ရှာဖွေဖို့အတွက်ဆိုရင် ဘာကိုမဆို ကျွန်မ စွန့်လွှတ်နိုင်ပါတယ်။ ကံကောင်းတာက သခင်လေးဟာ ဖြောင့်မတ်တဲ့လူ ဖြစ်လို့ ကျွန်မရဲ့ ရိုင်းပျတဲ့ စကားတွေ အတွက် အပြစ်မတင်ခဲ့တာပါပဲ”

...

“ကျွန်တော်က ယုံကြည်စွာ အပ်နှံဖို့ ထိုက်တန်တဲ့လူလား...” ဟုန်ယွိသည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ နတ်သမီးကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ “တူနှစ်ဖော် ကျင့်ကြံခြင်း တာအိုဆိုတာ လူနှစ်ဦးကြားက အပြန်အလှန် ချစ်ခြင်းမေတ္တာ သံယောဇဉ်အပေါ်မှာ အခြေခံယ်။ သံယောဇဉ်အမျှင်တန်းတွေကို အပြန်အလှန် အပ်နှင်း ကြတာလေ။ သံယောဇဉ်နှောင်ကြိုးတွေက ‘မန်ဒရင်းဘဲလေး’ တွေနဲ့ ‘လိပ်ပြာ’ တွေလို ရစ်ပတ်နှောင်ဖွဲ့ပြီး ‘ထိုက်ကျီ’ ငါးနှစ်ကောင်ပုံစံနဲ့ ဖြစ်တည်လာတာ။ ယန်က ယင်ကို ဖြည့်ဆည်းပေးပြီး၊ ယင်က ယန်ကို အားဖြည့်ပေးရတာ။ နတ်သမီးနဲ့ ကျွန်တော် တူနှစ်ဖော် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အပေါ်မှာ နတ်သမီးရဲ့ သံယောဇဉ်အမျှင်တန်း တစ်ခုတစ်လေတောင် မရှိဘူးလို့ ကျွန်တော် ခံစားရလို့ ပဲ။ ကျွန်တော်ဘက်ကလည်း နတ်သမီးအပေါ် အပ်နှင်းထားတဲ့ သံယောဇဉ်မျိုး မရှိဘူး။”

ယခုအခါ ဟုန်ယွိ၏ စိတ်အာရုံခံစားမှုမှာ မည်မျှ ထက်မြက်နေပြီနည်း။ သူသည် သံယောဇဉ်အမျှင်တန်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယွမ်ရှန်းရှန်း၏ စိတ်ထဲတွင် အတွေးတစ်ခုလေး ပေါ်လာရုံဖြင့် သံယောဇဉ်အမျှင်တန်းလေး တစ်ခုက သူ့ကို ညင်သာစွာ ရစ်ပတ်သွားပြီး သူ၏ ‘ထိုက်ကျိမူလစိတ်ဝိညာဉ်’ က ၎င်းကို သိသိသာသာ ခံစားနိုင်သည်။

ယခုမူ ဤနတ်သမီးသည် ဖန်ဆင်းရှင် နယ်ပယ်သို့ တက်လှမ်းနိုင်ရန် တူနှစ်ဖော် ကျင့်ကြံခြင်း အကြောင်းကို ထပ်ခါတလဲလဲ ပြောနေသော်လည်း သူမတွင် သံယောဇဉ် အမျှင်တန်း ဘာမျှ မရှိပေ။

တစ်နည်းအားဖြင့်ဆိုသော် ဤအလွန်လှပသော နတ်သမီးသည် ဟုန်ယွိအပေါ် မည်သည့် ခံစားချက်မျှ မရှိပေ။

“ဟင်” ဟုန်ယွိ၏ စကားကို ကြားသောအခါ ကောင်းကင်သံစဉ် နတ်သမီးမှာ အနည်းငယ် မှင်တက်သွားသည်။ “သခင်လေးရဲ့ ကျင့်ကြံမှုက တကယ့်ကို အထွတ်အထိပ် ရောက်နေပြီ ပဲ။ သံယောဇဉ်အမျှင်တန်းတွေရဲ့ ရစ်ပတ်မှုကိုတောင် မြင်နိုင်တာလား။”

“ဒါပေါ့၊ ကျွန်တော်က ‘သံယောဇဉ်’ ဆိုတဲ့ စာလုံးကို အလွန်ရှင်းလင်းစွာ သိမြင်ထားတယ်။ ကျွန်တော့် မူလစိတ်ဝိညာဉ်က ကောင်းကင်ယံမှာ ဖြတ်သန်းနေတဲ့ နေနဲ့ လလိုပဲ၊ ကမ္ဘာမြေ ကို အလင်းပေးနိုင်တယ်။ လူအနည်းငယ်ပဲ ဒီနယ်ပယ်ကို ပိုင်ဆိုင်နိုင်တာ၊ ကျွန်တော်က အဲဒီထဲက တစ်ယောက်ပဲ” ဟုန်ယွိက ခေါင်းခါလိုက်သည် “ဒါကြောင့် နတ်သမီး... ဒီစိတ်ကူးကို လက်လျှော့လိုက်ပါတော့”

“သံယောဇဉ် အမျှင်တန်းတွေ မရှိတာကပဲ တူနှစ်ဖော်ကျင့်ကြံဖို့ ပိုပြီး ဖြစ်သွားနိုင်စေတယ် လေ။ သံယောဇဉ်အမျှင်တန်းတွေ ရှိနေရင် စိတ်ကိုနှောင်ဖွဲ့ပြီး တားဆီးထားသလို ဖြစ်နေ မှာ။ သံယောဇဉ်ကနေတစ်ဆင့် တာအိုကို ရရှိသွားတာကတော့ ရှေးခေတ်က ‘ဧကရာဇ် ချန်ရှန်း’ ရဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး တကယ့်ကို ထူးခြားပါတယ်။ ရှေးယခင်ကတည်းက တူနှစ် ဖော်ကျင့်ကြံခြင်း လမ်းစဉ်နဲ့ ပတ်သတ်ပြီး ဂိုဏ်းနှစ်ခု ရှိခဲ့တယ်။ တစ်ခုက သံယောဇဉ်ရှိတဲ့ လမ်းစဉ်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ခံစားချက်မဲ့ လမ်းစဉ်ပဲ။ အဲဒီလမ်းစဉ်တွေကို ကိုယ်စားပြုသူတွေကတော့ ဧကရာဇ်ချန်ရှန်းနဲ့ တိုင်ရှန်တာအိုသခင်တို့ပဲ။ ဒါပေမဲ့ ကျွန်မရဲ့ အဖေကတော့ ‘လွတ်လပ်ခြင်းတာအို’ ဆိုတဲ့ တခြား တူနှစ်ဖော်ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ကို ဖန်တီးခဲ့တယ်။ အဲဒါက သံယောဇဉ် ရှိခြင်းနဲ့ မရှိခြင်းရဲ့ကြားမှာ တည်ရှိနေတာ။ အဲဒီဂိုဏ်းမှာ ဆောင်ပုဒ်တစ်ခုပဲ ရှိတယ်၊ အဲဒါက ‘ခက်ခဲနေချိန်မှာ အပြန်အလှန် ကူညီခြင်း က လောကအလယ်မှာ တစ်စုံကိုတစ်ယောက် မေ့ပစ်လိုက်တာထက် ပိုမွန်မြတ်တယ်တဲ့” ကောင်းကင်သံစဉ် နတ်သမီးက တစ်လုံးချင်း ဖြည်းဖြည်းချင်း ပြောလိုက်ပါသည်။

“ခက်ခဲနေချိန်မှာ အပြန်အလှန် ကူညီတာက လောကအလယ်မှာ တစ်စုံကိုတစ်ယောက် မေ့ပစ်လိုက်တာထက် ပိုမြတ်တယ် ဟုတ်လား။” ဟုန်ယွိ၏ မျက်လုံးများက လျှပ်ခနဲ ဖြစ်သွားသည်။

“မှန်ပါတယ်။ ရေခန်းခြောက်နေတဲ့ ရေကန်ထဲက ငါးနှစ်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် အသက်ရှင်ဖို့အတွက် တံတွေးတွေ၊ လေပူဖောင်းတွေနဲ့ အပြန်အလှန် စိုစွတ် အောင် လုပ်ပေးတာဟာ ခက်ခဲနေချိန်မှာ ကူညီကြတဲ့ စစ်မှန်တဲ့ ချစ်ခြင်းပဲ။ ဒါပေမဲ့ သူတို့ ကျယ်ပြောလှတဲ့ ရေပြင်ကျယ်ကြီးထဲ ပြန်ရောက်သွားချိန်မှာတော့ အဲဒီချစ်ခြင်းကို ချက်ချင်း မေ့ပစ်လိုက်ကြတယ်။ နှစ်ကောင်စလုံး လွတ်လပ်ပေါ့ပါးသွားကြပြီး အမှတ်တရ လေးတွေပဲ ကျန်ရစ်တော့တယ်။ ဒါဟာ ပညာရှင်တွေကြားက ‘ရင်ဖွင့်ဖော်’ (‘ရင်ဘတ်ချင်း တူတဲ့ သူငယ်ချင်း’) ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်။ အလှအပကို နှစ်သက်ပေမဲ့ ကာမဂုဏ်မလိုက်စားဘူး၊ သံယောဇဉ်ရှိပေမဲ့ ဖောက်ပြန်မှုမရှိဘူး။ သခင်လေးက လူကြီး လူကောင်းတစ်ယောက် ဖြစ်တာကြောင့် ကျွန်မလို မိတ်ဆွေမျိုးကို ငြင်းမှာမဟုတ်ဘူးလို့ ထင်ပါတယ်” ကောင်းကင်သံစဉ် နတ်သမီးက စောင်းကြိုးကို ထပ်မံ ခတ်လိုက်ရာ စောင်းသံမှာ ရေလို စီးဆင်းလာပြီး လွတ်လပ်ပေါ့ပါးသော ခံစားချက်ကို ဖော်ပြနေသည်။

“ဒါက ဘယ်လို သံစဉ်မျိုးလဲ”

ဟုန်ယွိသည် ထိုသံစဉ်ထဲတွင် ပါဝင်သော နူးညံ့လှပသော ခံစားချက်ကို နားထောင်ရင်း မမေးဘဲ မနေနိုင်တော့ပေ။ အမှန်ပင်၊ ပညာရှင်များ၏ သမိုင်းကြောင်းတွင် မဟာပညာရှင် များစွာသည် ရင်ဘတ်ချင်းတူသော အမျိုးသမီး မိတ်ဆွေများ ရှိခဲ့ကြပြီး ‘စာဖတ်နေစဉ် လှပသော အမျိုးသမီးက အမွှေးနံ့သာ ထည့်ပေးခြင်း’ ဆိုသည်မှာ ထိုကဲ့သို့သော အနုပညာ ဆန်သော သိမြင်မှုမျိုး ဖြစ်သည်။

ဤသံစဉ်မှာ ပညာရှင်များက သူတို့၏ မိတ်ဆွေများအပေါ် ထားရှိသော သံယောဇဉ်ကို အပြည့်အဝ ဖော်ကျူးနေသဖြင့် ထိုသံစဉ် ရေးဖွဲ့ခဲ့သူကို သူ သိချင်နေမိသည်။

“ဒီသံစဉ်ကို ‘လောကကြီးထဲ အချင်းချင်း မေ့ပျောက်ခြင်း’ လို့ ခေါ်ပါတယ်၊ ‘အနှောင်ဖွဲ့ ကင်း ခရီးနှင်သူ’ လို့လည်း သိကြတယ်။ ကျွန်မအဖေ ရေးဖွဲ့ခဲ့တာပါ” နတ်သမီးက စောင်းကြိုးပေါ် လက်တင်ကာ ရပ်လိုက်သည်။

“ကျိန့်ချိကျိဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က မဟာပညာရှင်ကြီးဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဂီတအပေါ် သူ့နားလည်မှုက တကယ့်ကို နက်နဲလှတယ်။ ဒီအချက်မှာတော့ ကျွန်တော် သူ့ကို မယှဉ်နိုင်ပါဘူး” ဟုန်ယွိက ‘အနှောင်ဖွဲ့ကင်း ခရီးနှင် သူ’ သံစဉ်ကို နားထောင်ရင်း ပြောလိုက်သည်။

“အဲဒါတော့ အကုန်လုံး မဟုတ်ပါဘူး။ သခင်လေးက အဆုံးမဲ့ သက်တမ်းကို ပိုင်ဆိုင်ထား တယ်၊ တစ်လောကလုံးကို ဖတ်ရှုနေရတဲ့ ပြောင်းလဲခြင်းကျမ်းကိုလည်း ရေးသားခဲ့တယ်၊ အတွေးအခေါ်သစ်တစ်ခုကို တည်ထောင်ပြီး လူသားမျိုးနွယ်ကို ဦးဆောင်နေတာပဲ။ သခင်လေးဟာ ကျွန်မအဖေထက် အများကြီး သာလွန်သွားပါပြီ” ကောင်းကင်သံစဉ် နတ်သမီးက သက်ပြင်းအသာချလိုက်သည်။ “တူနှစ်ဖော် ကျင့်ကြံရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ‘ပုံသဏ္ဌာန်မဲ့ခြင်း’ ဆိုင်ရာဆိုပြီး သုံးမျိုး ကွဲပြားတယ်။ အနိမ့်ဆုံးလမ်းစဉ် က ရုပ်ပိုင်းဆိုင် ရာဖြစ်ပြီး၊ အလယ်အလတ်လမ်းစဉ်ကတော့ စိတ်ပိုင်းဆိုင်ရာပဲ၊ အမြင့်ဆုံး လမ်းစဉ်ကတော့ ပုံသဏ္ဌာန်မဲ့ တူနှစ်ဖော်ကျင့်ကြံခြင်းပဲ။ ကျွန်မတို့ရဲ့ လွတ်လပ်ခြင်း တာအို တူနှစ်ဖော်ကျင့်စဉ်ကတော့ အလယ်အလတ်နဲ့ အမြင့်ဆုံးကြားမှာ ရှိပါတယ်။ တကယ်လို့ သခင်လေးက စာပေဆိုင်ရာ အတွေးအခေါ်တွေကို သုံးပြီး ‘ယန်စွမ်းအင်’ အဖြစ် ပြောင်းလဲကာ ကျွန်မရဲ့ ကျင့်ကြံမှုကို ကူညီပေးမယ်ဆိုရင် ကျွန်မ ဖန်ဆင်းရှင် ဖြစ်ဖို့ မခက်ခဲတော့ပါဘူး”

“ခက်ခဲနေချိန်မှာ အပြန်အလှန် ကူညီတာက လောကကြီးထဲမှာ တစ်စုံကိုတစ်ယောက် မေ့ပစ်လိုက်တာထက် ပိုမွန်မြတ်တယ်... ဒီစိတ်ကျင့်စဉ်က တကယ်ကို လွတ်လပ်တာပဲ။ တကယ်လို့ နတ်သမီးသာ တူနှစ်ဖော် ကျင့်ကြံခြင်း အဖော်ကို ရှာတွေ့ခဲ့ရင် ဖန်ဆင်းရှင် နယ်ပယ်ကို တက်လှမ်းနိုင်မယ်ဆိုတာ အခု ကျွန်တော် ယုံကြည်သွားပါပြီ”

ဟုန်ယွိ၏ စိတ်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားပါသည်။

သူ ဤသို့ စိတ်လှုပ်ရှားသွားရခြင်းမှာ အကြောင်းရင်း ရှိသည်။

အကယ်၍ သူသာ ကောင်းကင်သံစဉ် နတ်သမီးနှင့် တူနှစ်ဖော် ကျင့်ကြံပြီး ဤ ‘လွတ်လပ် ခြင်းတာအို’ စိတ်ကျင့်စဉ်ကို ရရှိခဲ့ပါက ‘ပုံသဏ္ဌာန်မဲ့ တူနှစ်ဖော် ကျင့်ကြံခြင်း’ ကို အပြည့် အဝ နားလည်သွားနိုင်ပြီး သူ ချိတ်ပိတ်ထားသော သံယောဇဉ်အမျှင်တန်းများစွာကို သန့်စင်ပေးနိုင်လိမ့်မည်။ ဤအချက်က သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုကို မြှင့်တင်ပေးရုံသာမက ထိုသံယောဇဉ်အမျှင်တန်းများ၏ အခြားတစ်ဖက်မှ လူများ၏ ကျင့်ကြံမှုကိုလည်း တိုးတက် စေလိမ့်မည်။

ယွမ်ရှန်းရှန်း၊ လော်ယွန်း၊ နဂါးသမီးတော်၊ ချန်ယင်ရှာနှင့် မုကလေးတို့အားလုံးမှာ သူတို့၏ သံယောဇဉ်အမျှင်တန်းများကို သူ၏ မူလစိတ်ဝိညာဉ်ထဲတွင် အပ်နှင်းထားကြသည်။ ယခု အချိန်တွင် ပြဿနာမရှိသော်လည်း အနာဂတ်တွင် ‘ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေး’ ကို ကျော်လွှားသည့်အခါ ဒုက္ခပေးလာနိုင်သည်။

သံယောဇဉ်အမျှင်တန်းများ မူလစိတ်ဝိညာဉ်ကို ရစ်ပတ်နေခြင်းမှာ အကောင်းမဟုတ်ပေ။ တာအိုကို ရရှိရန်အတွက် ကြီးမားသော အဟန့်အတားများ ဖြစ်သည်။

ယခုအချိန်တွင် ဟုန်ယွိက ၎င်းတို့ကို ချိတ်ပိတ်ထားနိုင်သော်လည်း ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရချိန်တွင် အာရုံစူးစိုက်နေရပြီး၊ ထိုချိတ်ပိတ်မူ ပျက်စီးသွားပါ က အသက်အန္တရာယ်ပင် ရှိနိုင်သည်။

ရှေးယခင်ကတည်းက ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်သူ အလွန်ပင် နည်းပါးလှရာ၊ မည်မျှ အန္တရာယ်များမည်ကို ခန့်မှန်းနိုင်သည်။

သေးငယ်သော ပုရွက်ဆိတ်တွင်းလေးကြောင့် မိုင်ပေါင်းများစွာ ရှည်လျားသော တာတမံ ကြီးပင် ပြိုကျသွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သေးငယ်သော သံယောဇဉ် အမျှင် တန်းများကိုပင် သတိထားရမည် ဖြစ်ရာ ချိတ်ပိတ်ထားခြင်းထက် သန့်စင်ပစ်ခြင်းက ပို၍ ကောင်းမွန်သည်။

ထို့အပြင် သူသည် ‘ပုံသဏ္ဌာန်မဲ့ တူနှစ်ဖော်ကျင့်ကြံခြင်း’ ကို နားလည်သွားပါက ချန်ယင်းရှာ၊ ယွမ်ရှန်းရှန်း၊ လော်ယွမ်၊ နဂါးသမီးတော်တို့နှင့် တူနှစ်ဖော်ကျင့်ကြံခြင်းဖြင့် သူတို့၏ ကျင့်ကြံမှုကို များစွာ တိုးတက်စေနိုင်ပြီး ယွမ်ရှန်းရှန်းဆိုလျှင် ဖန်ဆင်းရှင် တစ်ပါး ပင် ဖြစ်လာနိုင်သည်။

ယခုအခါ လောကကြီးက စတင်ရှုပ်ထွေးလာပြီဖြစ်ရာ ရွှီဝူယီ၊ မုန့်ရှန်းကျီ၊ ဟုန်ရွှန်ကျိ၊ ယန်ဖန်၊ ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်၊ လျှို့ဝှက်ဆန်းပြားသော အမျိုးသမီး၊ သခင်လေးရှူနှင့် ခုန်းစသည့် ပုဂ္ဂိုလ်ကြီးများမှာ သူ၏ ရန်သူများ ဖြစ်နေသည်။ ထို့ကြောင့် သူ၏အင်အားက ပိုကြီးမားလေ၊ ပိုကောင်းလေပင် ဖြစ်သည်။

အကယ်၍ ကောင်းကင်သံစဉ် နတ်သမီးသည် ဖန်ဆင်းရှင် ဖြစ်လာပြီး၊ ယွမ်ရှန်းရှန်းနှင့် ချန်ယင်ရှာတို့ပါ ဖန်ဆင်းရှင် ဖြစ်လာကြပါက... လာမည့်စစ်ပွဲတွင် သူတို့အတွက် အခွင့်အရေး ပိုများလာပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်။

ရွှီဝူယီနှင့် တိုက်ခိုက်ပြီးနောက် ဟုန်ယွိသည် ကောင်းကင်အပြင်ပနယ်မြေ၏ ဗဟိုကမ္ဘာမှာ မည်မျှ ကြောက်စရာကောင်းသည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။

အကယ်၍ ကောင်းကင်အပြင်ပနယ်မြေမှ စစ်ပွဲကြီး စတင်တိုက်ခိုက်လာပါက ဟုန်ယွိတွင် ယုံကြည်မှု အပြည့်အဝ မရှိချေ။ ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်၊ ရွှီဝူယီနှင့် လျှို့ဝှက်ဆန်းပြားသော အမျိုးသမီးတို့ ပူးပေါင်းပြီး ဝန်ကြီးခုနစ်ပါးနှင့်အတူ တိုက်ခိုက်လာ ပါက သူ့ကို သတ်ရန် လုံလောက်ပေသည်။ ထို့ပြင် ဧကရာဇ် ယန်ဖန်ကလည်း သူ့ကို စောင့်ကြည့်နေသေးသည်။

ဖန်ဆင်းရှင် တစ်ယောက် တိုးလာခြင်းမှာ အင်အားတစ်ဆ တိုးလာခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဤလောကကြီးတွင် ဖန်ဆင်းရှင်များမှာ အခြေခံအကျဆုံးနှင့် အကြီးမားဆုံးသော စွမ်းအား ကို ကိုယ်စားပြုသည်။ ထို့ကြောင့် အလယ်ခေတ် ဖန်ဆင်းရှင် ပေါင်းတစ်ရာကျော် ထွက်ပေါ်ခဲ့သော ‘ပညာရှင် သူတော်စင်တစ်ရာ’ ခေတ်မှာ အလွန်ပင် စည်ပင်ထွန်းကားခဲ့ ပြီး၊ ကောင်းကင်အပြင်ဘက်နယ်မြေအထိပင် ပျံ့နှံ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“ကောင်းပြီ၊ နတ်သမီးနဲ့ ကျွန်တော် တူနှစ်ဖော် ကျင့်ကြံပေးမယ်။ နတ်သမီး... ခင်ဗျားရဲ့ ‘လွတ်လပ်ခြင်းတာအို’ တူနှစ်ဖော်ကျင့်ကြံခြင်း စိတ်ကျင့်စဉ်ကို ကျွန်တော့်ကို ပြောပြပါ”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟုန်ယွိက ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပင် ပြောလိုက် သည်။

“တကယ်လား” ကောင်းကင်သံစဉ် နတ်သမီးသည် ဟုန်ယွိကို စိုက်ကြည့်လိုက်ရင်း သူမ၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်သွားပြီး စောင်းသံမှာ တခဏမျှ ထိန်းချုပ်မှု လွတ်သွားသည်။ ဤသည်မှာ သူမ၏ စိတ်နှလုံးအတွင်း စိတ်လှုပ်ရှားမှုကို ပြသနေခြင်း ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ကိုပင် ကောင်းစွာ မထိန်းချုပ်နိုင်တော့ချေ။

“ကျွန်တော်ဟုန်ယွိက ဘယ်တုန်းက လိမ်ဖူးလို့လဲ” ဟုန်ယွိက ပြုံးလျက် ပြောလိုက်သည်။ “နတ်သမီးရဲ့ စောင်းသံက တကယ့်ကို ထူးခြားဆန်းပြားသလို၊ ဂီတအပေါ် နားလည်မှုက လည်း အလွန် နက်ရှိုင်းတယ်။ နတ်သမီးဟာ ကျိန့်ချိကျိရဲ့ အမွေအနှစ်တွေကို ဆက်ခံထား သူပဲ။ ‘ခက်ခဲနေချိန်မှာ အပြန်အလှန် ကူညီတာဟာ လောကအလယ်မှာ တစ်စုံကို တစ်ယောက်ကို မေ့ပစ်လိုက်တာထက် ပိုမွန်မြတ်တယ်’ ဆိုတဲ့ ဒီလို တူနှစ်ဖော် ကျင့်ကြံ ခြင်းမျိုးဟာ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုတောင် ကျော်လွန်သွားပြီး လုံးဝကို ကဗျာဆန်တဲ့ ဖလှယ်မှုတစ်ခု ဖြစ်နေပြီ။ ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်း တစ်ယောက်ရတာထက် ကျွန်တော် ဘာပိုလိုအပ်ဦးမှာလဲ။ ကျွန်တော်ဟုန်ယွိဟာ ကွန်ဖူးရှပ်ပညာရှင် တစ်ဦးလည်း မဟုတ်သလို၊ ဟုန်ရွှန်ကျိလို အပေါ်ယံမှာ သူတော်ကောင်းယောင်ဆောင်တဲ့ လူမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် ဘာလို့ မဖြစ်နိုင်ရမှာလဲ”

“အဲဒီလိုဆိုရင်တော့ သခင်လေးရဲ့ မြင့်မြတ်တဲ့ စိတ်ထားအတွက် ကျေးဇူးတင်ပါတယ်ရှင်။ တကယ်လို့ ကျွန်မ အနာဂတ်မှာ ဖန်ဆင်းရှင် တစ်ပါး ဖြစ်လာခဲ့ရင် လောကအလယ်မှာ တစ်ဦးကိုတစ်ဦး မေ့ပစ်လိုက်ကြတာပေါ့” ကောင်းကင်သံစဉ် နတ်သမီးက ပြုံးလျက် ပြောလိုက်သည်။ “ကျွန်မ သီချင်းတစ်ပုဒ်နဲ့ ဂုဏ်ပြုပါရစေ သခင်လေး”

စောင်းကြိုးများမှာ စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ လှုပ်ရှားသွားပြီး ‘ရွှေနှင့် ကျောက်စိမ်းပေါင်းဖက်ခြင်း’ ဆိုသည့် သီချင်းသံစဉ်မှာ နတ်သမီး၏ လက်ချောင်း ထိပ်များမှတစ်ဆင့် ပျံ့လွင့်လာတော့သည်။

‘ရွှေနှင့်ကျောက်စိမ်း ပေါင်းဖက်ခြင်း’ တဲ့လား... ဒါဆို ကျွန်တော်ကလည်း ‘တောင်တန်း မြင့်မြင့် စီးဆင်းနေသောရေ’ သံစဉ်နဲ့ တုံ့ပြန်ရမှာပေါ့” ဟုန်ယွိက ထိုသံစဉ်ကို နားထောင် ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလွေတစ်လက် ထွက်ပေါ်လာသည်။ ဤကျောက်စိမ်းပုလွေမှာ ‘ဒိုင်ဇင်ဘုရားကျောင်း’ မှ ထိပ်တန်းဘုန်းတော်ကြီးတစ်ပါး၏ အမွေအနှစ် ဖြစ်ပြီး၊ ဟုန်ယွိက အသုံးပြုရန် ယူထားခြင်း ဖြစ်သည်။

ဟုန်ယွိ၏ ‘ယဉ်ကျေးမှုနှင့် ဂီတ’ အပိုင်းတွင် ကျွမ်းကျင်မှုမှာလည်း အလွန် နက်နဲလှသည်။ စာအုပ်များ ပြုစုနေစဉ်အတွင်း သူသည် ရှေးဟောင်း ဂီတမှတ်တမ်းများစွာကို တစ်ခုချင်း စီ စုဆောင်း လေ့လာခဲ့ဖူးသည်။ သူသည် ‘‘ကံကြမ္မာဓမ္မတေးသံ’ ဂုဏ်ကျက်သရေဓမ္မတေးသံ’ သဘာဝအမိန့်ဓမ္မတေးသံတို့ကိုပင် လေ့လာထားခဲ့သူ ဖြစ်သည်။

သူတို့နှစ်ဦး၏ သံစဉ်များ ထိတွေ့မိသည်နှင့် ‘ရွှေနှင့်ကျောက်စိမ်း ပေါင်းဖက်ခြင်း’ နှင့် ‘တောင်တန်းမြင့်မြင့် စီးဆင်းနေသောရေ’ သံစဉ်တို့၏ အနုပညာ အနှစ်သာရများမှာ တစ်သားတည်း ပေါင်းစပ်သွားတော့သည်။ ဟုန်ယွိ၏ ‘မူလစိတ်ဝိညာဉ်စွမ်းအင်’ နှင့် ကောင်းကင်သံစဉ် နတ်သမီး၏ ကောင်းကင်သံစဉ် အစစ်မှန်စွမ်းအင်တို့မှာလည်း အပြန် အလှန် ရစ်ပတ်သွားကြသည်။

ဖူး…

သူတို့၏ အစစ်မှန် စွမ်းအင်များဖြစ်သည့် သန့်စင်သောယင်နှင့် သန့်စင်သောယန် မူလ စွမ်းအင်တို့ ထိတွေ့မိသည်နှင့် ဂီတသံစဉ်များမှာ ငှက်ပျောရွက်ပေါ်သို့ မိုးစက်များကျ ရောက်နေသကဲ့ နူးညံ့သိမ်မွေ့သည့် သံစဉ်မျိုး ထွက်ပေါ်လာကာ၊ ထိုသံစဉ်မှာ စီးဆင်းနေ သော စမ်းရေသံကဲ့သို့ သာယာလှပြီး သက်ရှိအားလုံးကို အားဖြည့်ပေးနေသည့် အသံမျိုး ပင်။

“ဟင်”

သံစဉ်များ ထိတွေ့မိသည့်အခိုက်အတန့်တွင် ကောင်းကင်သံစဉ် နတ်သမီး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူမ၏မျက်နှာတွင် ရှက်သွေးဖြာကာ နီမြန်းသော အရိပ်အယောင်များ ပေါ်လာသည်။ ရီဝေယစ်မူးသော ခံစားချက်တစ်ခု သူမ၏ စိတ်ထဲတွင် လှိုက်တက်လာ၏။ သူမ ဟုန်ယွိကို ကြည့်လိုက်သောအခါ ဟုန်ယွိသည် ပုလွေကိုသာ အာရုံစူးစိုက် တီးမှုတ်နေ သည်ကို တွေ့ရသည်။ သူသည် ‘လောကအလယ်မှာ တစ်ယောက်ကိုတစ်ယောက် မေ့ပစ်ခြင်း’ နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် သူမသည် ဆုံးဖြတ်ချက်ချကာ ‘လွတ်လပ်ခြင်း တာအို တူနှစ်ဖော်ကျင့်ကြံခြင်း’ စိတ်ကျင့်စဉ်ကို သူမ၏ ဂီတသံစဉ်အတွင်း ထည့်သွင်းလိုက်သည်။ သံစဉ်များအတွင်း၌ သူမ၏ စိတ်ဝိညာဉ်ဖြင့် ဂီတကို တီးခတ်ပြီး သူမ၏ အတွေးစများကို ပေါင်းစပ်ကာ လွတ်လပ်ခြင်း တာအိုနှင့် လောကကြီးထဲတွင် မေ့ပျောက်ခြင်း၏ နက်နဲမှုများကို ဟုန်ယွိ ထံသို့ စီးဆင်းစေလိုက်သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ တစ်ဦးက စောင်းတီး၍ တစ်ဦးက ပုလွေမှုတ်ကာ၊ စောင်းသံနှင့် ပုလွေသံမှာ ဟန်ချက်ညီညီ မြည်ဟီးနေပြီး၊ သူတို့၏ အစစ်မှန်စွမ်းအင်များမှာ ရစ်ပတ်နှောင်ဖွဲ့ကာ၊ သူတို့၏စိတ်တွေက ပေါင်းစည်းသွားကြကာ၊ ယင်နှင့်ယန်တို့မှာ လည်း ပေါင်းစပ်သွားပြီး ခံစားချက်များမှာ အပြန်အလှန် ကူးလူးနေကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်သံစဉ် နတ်သမီးသည် ဟုန်ယွိ၏ စိတ်အာရုံနှင့် အပြည့် အဝ ထိတွေ့မိသွားသည်။ သူမသည် သူ၏ အတွေးတိုင်း၊ သူ၏ စိတ်အာရုံ အစိတ်အပိုင်း တိုင်းကို ထိုးဖောက်မြင်လိုက်ရ၏။

ဟုန်ယွိ၏ အတွေးများမှာ မြစ်ကြီးတစ်စင်းကဲ့သို့၊ ကောင်းကင်ယံမှ နေနဲ့ လလိုပင် ကျယ်ပြောလှပြီး မည်သည့် အညစ်အကြေးမျှ မရှိဘဲ လွတ်လပ်ပေါ့ပါးကာ အလွန်ပင် ခမ်းနားလှသည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိသည်လည်း နတ်သမီး၏ စိတ်အာရုံနှင့် အတွေးများကို ခံစားလိုက်ရသည်။ ဤပြည့်စုံလှပသော အမျိုးသမီး၏ စိတ်အာရုံမှာ ခုန်ပေါက်နေသော တေးဂီတသံစဉ်လေးများသဖွယ် ဖြစ်နေပြီး၊ ဖန်ဆင်းခြင်းကို ရှာဖွေလိုသည့် ပြတ်သားမှုနှင့် လှပသောအရာအားလုံးကို တန်ဖိုးထားသည့် ခံစားချက်များ ရှိနေသည်။

စိတ်ချင်း ရစ်ပတ်နေကြသလို၊ ခံစားချက်ချင်းလည်း ပေါင်းစည်းနေကြသည်။

ရုတ်တရက်ဆိုသလို ကောင်းကင်သံစဉ် အစစ်မှန်စွမ်းအင်များသည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေသည်။ ကောင်းကင်သံစဉ် နတ်သမီး၏ စောင်းသံမှာ နောက်တစ်ကြိမ် တုန်ခါသွားပြီးနောက် ရှေးဟောင်း သံစဉ်တစ်ပုဒ်ဖြစ်သော ‘ဖီးနစ်တို့၏ချစ်သက်သေ’ သံစဉ်ကို တီးခတ်လိုက်လေ တော့သည်...

စာစဉ် (၆၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters