← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း(301)

စုဝေ့ချင်းတွင် ရှင်းလင်းသော ရည်မှန်းချက်တစ်ခု ရှိနေလေ၏။

ထိုရည်မှန်းချက်က ကလေးငယ်များကို အစိုးရပိုင်မူလတန်းကျောင်းသို့ တက်ရောက်ခွင့်ပြုနိုင်မည့် ကျင့်ဟွာတက္ကသိုလ်၏ ဘေးနားတွင်ရှိသော ဝင်းအိမ်တော်သို့ တိုက်ရိုက်သွားရောက်ရန် ဖြစ်သည်။

ဤသည်က သူနှင့်သူ့ဇနီးက သဘောတူထားခဲ့ကြသော အချက်ပင် ဖြစ်လေ၏။

အိမ်၏အခြေအနေက အလွန်ဆိုးရွားမနေသရွေ့ သူတို့က ထိုဝင်းအိမ်တော်ကို လွှဲပြောင်းရယူကြလိမ့်မည်။

ဤသို့ဖြင့် စုရှောင်လော်အနေဖြင့် အနည်းဆုံးတော့ အစိုးရပိုင်မူလတန်းကျောင်းသို့ တက်ရောက်နိုင်ပေလိမ့်မည်။

စုဝေ့ချင်းက အိမ်ထဲသို့ တိုက်ရိုက်ဝင်မသွားဘဲ အိမ်၏ အပြင်ဘက် ပတ်ပတ်လည်သို့သာ လမ်းလျှောက်ကြည့်နေခဲ့လေ၏။

သူ၏စိမ်းသက်သောပုံရိပ်ကြောင့် အနီးအနားရှိ လူများကို သတိမူမိသွားစေခဲ့ပုံရသည်။

မကြာမီမှာပင် လက်မောင်းတွင် အနီရောင်ပတ်တီး စည်းထားသော အမျိုးသမီးတစ်ဦးက လမ်းလျှောက်လာခဲ့ပြီး မေးမြန်းလိုက်လေ၏။

“ရဲဘော်၊ ဒီအနီးတဝိုက်မှာ ဘာလို့ ပတ်ကြည့်နေတာလဲ”

“အစ်မက ဒီလမ်းကလား”

စုဝေ့ချင်းက လက်မောင်းတွင်အနီရောင်ပတ်တီးကို စည်းထားသော အမျိုးသမီးကို နှုတ်ဆက်လိုက်လေသည်။

“ကျွန်တော်က ဒီနေရာလေးရဲ့ အခြေအနေကို လာကြည့်တာပါ”

“အခြေအနေကို လာကြည့်တာ ဟုတ်လား”

အမျိုးသမီးက စုဝေ့ချင်းကို သံသယ မျက်ဝန်းများဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။

သူက သေသပ်စွာ ဝတ်ဆင်ထားပြီး တောက်ပစူးရှသော မျက်ဝန်းများ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ပြန်ဖြေလိုက်လေ၏။

“ဒါပေမဲ့ ဒီအိမ်မှာ လူမနေတာ အတော်လေးကြာပြီ၊အရင်နှစ်နှစ်လောက်က ဒီမှာ နေထိုင်တဲ့လူတိုင်းက ရွှေ့ပြောင်းပေးခဲ့ရတာ၊

ကြားရသလောက်တော့ အိမ်ရဲ့ မူလပိုင်ရှင် ပြန်ရောက်ရှိလာလို့ အိမ်ကို ပြန်သိမ်းဆည်းသွားခဲ့တာတဲ့၊ ဒါဆိုရင်..”

အမျိုးသမီးက ခေတ္တမျှ စကားစပြတ်သွားပြီးနောက် သူမ၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့ရတော့၏။

“မင်းက ဒီနေရာရဲ့ မူလပိုင်ရှင်လား”

“စနောက်ပေးတာ ကျေးဇူးတင်ပါတယ်အစ်မ၊ ကျွန်တော့်ရဲ့ မိသားစုက နေရပ်ကနေ ခွာပြီး နေထိုင်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာပါပြီ၊

အခု ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်လို့ တက္ကသိုလ်တက်ရတော့မှာမို့လို့လေ၊

ဒါကြောင့် ဒီမှာ အိမ်ရှိတာကို သတိရပြီး ကျောင်းတက်ရတာ အဆင်ပြေအောင်လို့ သန့်ရှင်းရေးလာလုပ်ပြီး ပြောင်းနေမလို့ပါ”

အိုး..

ဒါက တက္ကသိုလ်ကျောင်းသားတစ်ယောက်လား။

မူလပိုင်ရှင်က တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်ရုံတင်မကဘဲ သူရော သူ့ဇနီးပါ စာမေးပွဲအောင်မြင်ခဲ့ကြတာလား။ သူတို့က အဆင်းအတန်းမြင့်မားတဲ့ ပညာတတ်တွေပဲ။

အမျိုးသမီးက ချက်ချင်းပင် တက်ကြွသွားရလေတော့၏။

“အိုး.. မင်းကလည်း စောစောကပြောပါတော့လား၊ ငါကတော့ မင်းကို လူဆိုးတစ်ယောက်ယောက်များလားဆိုပြီး စိုးရိမ်တကြီးနဲ့ လူတွေကို အကူအညီလှမ်းတောင်းရမလားလို့ စဉ်းစားနေတာ”

အမျိုးသမီးက စုဝေ့ချင်းအပေါ် သံသယစိတ်ကိုတော့ လုံးဝလျှော့ချခြင်းမရှိဘဲ သူနောက်မှ တကောက်ကောက် လိုက်ပါလာခဲ့လေ၏။

စုဝေ့ချင်းက သော့တွဲကိုထုတ်ပြီး သော့တစ်ခုကို ရွေးချယ်ကာ တံခါးကို ဖွင့်လှစ်လိုက်သည့် အချိန်မှသာ ထိုအမျိုးသမီး၏ တင်းမာနေသော မျက်နှာအမူအရာက ပြေလျော့သွားလေတော့သည်။

သူမက စုဝေ့ချင်း၏ ရှင်းပြချက်ကို အစကတည်းက လုံးဝမယုံကြည်ခဲ့ခြင်းပင်။

ဝင်းအိမ်တော်၏အတွင်းပိုင်းက အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်နေပြီး ဒူးဆစ်ခန့် မြင့်မားနေသော မြက်ရိုင်းများနှင့် ခြေကျိုးနေသော ခုံတစ်လုံး၊ ဖင်ပေါက်နေသော မြေအိုးတစ်လုံးကဲ့သို့သော အမှိုက်သရိုက်များက နေရာအနှံ့ ပျံ့ကြဲနေခဲ့လေ၏။

လှမ်းကြည့်လိုက်ချိန်တွင် ဝင်းအိမ်တော်က သေးငယ်လွန်းခြင်းမရှိဘဲ ဝဲယာရှိ ဘေးခန်းများကလည်း အဓိကအိမ်မကြီး၏ ခေါင်မိုးစွန်းများနှင့် ဆက်စပ်နေခဲ့ကြသည်။

ဘေးတစ်ဖက်တစ်ချက်စီတွင် အလွန်သေးငယ်သော အခန်းတစ်ခန်းစီ ရှိနေလေသည်။

အခန်း၏ အပြင်ဘက်၌ တစ်မီတာခန့် ကျယ်ဝန်းသော လမ်းမြှောင်လေးရှိပြီး ထိုလမ်းက နောက်ဖေးဝင်းသို့ ဦးတည်နေခဲ့လေ၏။

“ဒီဝင်းအိမ်တော်က အတော်လေးကြီးတာပဲ၊ ဝင်းသုံးဆင့်တောင် ပါတာကိုး”

အမျိုးသမီးက မည်သို့ လိုက်ဝင်လာခဲ့သည်မသိပေ။

သူမက ထိုဝင်းအိမ်တော်ကြီးကို အားကျသော မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့သည်။

သူမ၏ မိသားစုဝင် ခုနစ်ယောက်က ဝင်းငယ်လေးတစ်ခုထဲ၌ ကျပ်ညပ်စွာ တိုးဝှေ့နေထိုင်ကြရခြင်း ဖြစ်လေ၏။

ထိုဝင်းငယ်လေးတွင် ယခင်က အိမ်မကြီးတစ်လုံးသာ ရှိခဲ့ပြီး ဘေးခန်းများက လုံးဝမရှိပေ။

သူမ၏ သားများကသာ ထိုအိမ်လေးများကို ကိုယ်တိုင် ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဤမျှအထိကြီးမားသော ဝင်းအိမ်တော်ကို မြင်လိုက်ရသည့်အချိန်တွင် အမျိုးသမီးက အားကျစိတ်များဖြင့် ပြည့်နှက်သွားရလေတော့၏။

“နည်းနည်းတော့ ခြောက်ကပ်နေတာပေါ့”

စုဝေ့ချင်းလည်း ပျော်ရွှင်သွားရလေသည်။

သူက သာမန်ဝင်းငယ်လေးတစ်ခုမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

ဤမျှအထိ ကြီးမားသော ဝင်းအိမ်တော်ကြီး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဤနေရာကို သန့်ရှင်းရေးလုပ်ပြီးသွားပါက စုရှောင်လော်တစ်ယောက် ဝင်းထဲ၌ စိတ်ကြိုက် ဆော့ကစားနိုင်တော့မည်ပင်။

“ဟင်း၊ လူသူမရှိလို့ ခြောက်ကပ်နေတာပါ၊ အထဲကို ပြောင်းရွှေ့နေထိုင်ပြီး သေသေသပ်သပ် ပြန်ပြင်လိုက်ရင်တော့ ဟိုကျဉ်းမြောင်းတဲ့ နေရာတွေထက်စာရင် အများကြီး ပိုကောင်းသွားမှာပေါ့”

အမျိုးသမီးက ဤဝင်းအိမ်တော်ကို သူမ၏ ကိုယ်ပိုင်အိမ်သာ ဖြစ်စေချင်နေခဲ့လေ၏။

သူမက ဤအိမ်ရာဝင်းကို လုံးဝမဆိုးဘူးဟု ထင်မြင်နေခဲ့၏။

တစ်ခုတည်းသော ပြဿနာမှာ..

“လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ငလျင်လှုပ်တဲ့အချိန်တုန်းက ဒီဝင်းထဲမှာ လူတွေ နေထိုင်နေကြတုန်းပဲလေ၊

သူတို့က ငလျင်ဒဏ်ခံ ခိုလှုံရာတဲတွေကို အများကြီး ဆောက်ခဲ့ကြတော့ ခေါင်မိုးပေါ်က အမိုးပြားတွေကို အများကြီး ပျက်စီးစေခဲ့တာ၊

နောက်ပိုင်းမှာ လူတွေလာပြီး ပြန်ပြင်ပေးခဲ့ကြပေမယ့်လည်း အဝေးကနေ လှမ်းကြည့်ရင်တော့ ပုံစံချင်းမတူဘဲ ကြည့်လို့အရမ်းမကောင်းဘူးဖြစ်သွားတယ်”

သူမက ပြောပြောဆိုဆိုဖြင့် စုဝေ့ချင်းကို အရှေ့ဝင်းရှိ ဘေးခန်းထံသို့ ခေါ်ဆောင်သွားခဲ့ပြီး အိမ်ဘေးရှိ လွတ်နေသော မြေကွက်လပ်ကို လက်ညှိုးထိုးပြလိုက်လေ၏။

“အစတုန်းက ဒီနေရာမှာ အမိုးပါတဲ့ စင်္ကြံလမ်းတစ်ခုရှိခဲ့တာ၊ ဒါပေမဲ့ လူအားလုံးအတွက် မဆံ့မပြဲဖြစ်နေလို့ အများကြီး ဖျက်ဆီးပစ်ခဲ့ကြတာလေ၊

ကြည့်စမ်း၊ အောက်ခြေကျောက်တုံးကတော့ အခုထိ မြေကြီးထဲမှာ ရှိနေတုန်းပဲ”

စုဝေ့ချင်းက အနားသို့ တိုး၍ ကြည့်လိုက်ချိန်တွင် မြေကြီးထဲတွင် ကျောက်တုံးအောက်ခြေကို အမှန်ပင် မြင်တွေ့လိုက်ရလေ၏။

သူက အလွန်ပင် နှမြောသွားရသော်လည်း ဒါရိုက်တာကျန်း၏ ထင်ရှားကျော်ကြားလွန်းသော မိသားစုသမိုင်းကြောင်းကိုလည်း အံ့ဩမိသွားခဲ့ရသည်။

ထိုကဲ့သို့အမိုးပါသော စင်္ကြံလမ်းဆိုသည်မှာ သာမန်မိသားစုများ လုံးဝပိုင်ဆိုင်နိုင်သော အရာမျိုး မဟုတ်ပေ။

“ဒါကို ပြန်ပြင်ဖို့ဆိုရင် အမိုးပြားတွေကို ကျွန်တော်တို့ဘာသာ အပြင်ဆိုင်ကနေ ပြန်ဝယ်ရဦးမှာပေါ့”

စုဝေ့ချင်းက ဝင်းအိမ်တော်ကြီးတစ်ခုကို ပြုပြင်ရမည့် ကုန်ကျစရိတ်ကို တွေးတောမိလိုက်သည့်အချိန်တွင် အနည်းငယ် ထိတ်လန့်သွားရ၏။

သူတို့၏ မပြောပလောက်သော စုဆောင်းငွေလေးဖြင့် ဤဝင်းအိမ်တော်ကို ဝယ်ယူပြီး ပြန်လည် ပြုပြင်လိုက်မည်ဆိုပါက သူတို့၏ အိတ်ကပ်များက ပြောင်သလင်းခါသွားလောက်သည်။

ဤပုံစံအတိုင်းဆိုလျှင် ဝင်းအိမ် နှစ်လုံးကို ဝယ်ယူဖို့ ဖြစ်နိုင်ပါဦးမည်လား။

“မင်းတို့ ဘယ်တော့ ပြောင်းလာကြမှာလဲ၊ စောစောပြောင်းလာရင် ငါကူညီပေးလို့ရတယ်နော်”

ပြည်သူ့အတွက် အကျိုးပြုလိုသော စိတ်ဓာတ်က ထိုအမျိုးသမီးမှ ချက်ချင်းပင် ပေါ်ထွက်လာခဲ့လေ၏။

“ငါတို့လမ်းထဲက ဆောက်လုပ်ရေးဌာနမှာ အလုပ်လုပ်နေတဲ့ လူတွေရှိတယ်၊ မင်းသာ ငါ့ကို လှမ်းအော်လိုက်၊ သူတို့ ဒီညမှာတင် မင်းအတွက် အကုန်အပြီး လုပ်ပေးကြလိမ့်မယ်”

သေချာပေါက် အလကားတော့ မဟုတ်ပါချေ။ အိမ်နီးနားချင်း အချင်းချင်း အပြန်အလှန် ကူညီရမည်ဆိုသည်က မှန်သော်လည်း အခမဲ့တော့ ခိုင်းစေ၍ မရပေ။

တစ်နေ့တာလုံး အလုပ်လုပ်ပြီးနောက် မည်သူက မပင်ပန်းဘဲ နေပါမည်နည်း။

သူတို့၏ လုပ်အားကို ရောင်းချခြင်းဖြင့်သာ မိသားစုဝင်ငွေကို ဖြည့်တင်းနိုင်သကဲ့သို့ မိသားစုကလည်း ပြန်လည်၍ အကျိုးခံစားရလိမ််မည်။

ထိုကိစ္စက နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော အခြေအနေ မဟုတ်ပါလား။

“ဒါဆိုရင်တော့ အတော်ပဲပေါ့၊ ကျွန်တော်က ဘာတွေပြင်ဆင်ဖို့ လိုမလဲဆိုတာကို လာကြည့်ရုံသက်သက်ပါ၊

ကျွန်တော့်ဇနီးနဲ့ ကလေးကတော့ အခုထိ ဧည့်ဂေဟာမှာ ရှိနေတုန်းပဲ၊

နောက်ပိုင်းကျရင် ဘာတွေပြင်ဆင်ဖို့ လိုမလဲဆိုတာ ကြည့်ရအောင် သူတို့ကိုပါ ခေါ်လာခဲ့ပါ့မယ်၊

ကျွန်တော်တို့ တိုင်ပင်ပြီးလို့ အဖြေထွက်လာပြီဆိုရင်တော့ အစ်မတို့ရဲ့ အကူအညီကို သေချာပေါက် တောင်းခံရမှာပါ”

စုဝေ့ချင်းက အလွန်ပင် အကင်းပါလွန်းသောကြောင့် စကားအနည်းငယ်ကို ပြောဆိုလိုက်ရုံမျှဖြင့် ပေကျင်းမြို့သားတို့၏ ထူးခြားသော စကားပြော လေယူလေသိမ်းကို ရရှိနေခဲ့လေ၏။

ထိုအမျိုးသမီးက သူ၏မိသားစု လေယူလေသိမ်းက ပေကျင်းမြို့မှ မြစ်ဖျားခံလာခြင်းဖြစ်လိမ့်မည်ဟု ထင်မှတ်သွားခဲ့သောကြောင့် သိပ်ပြီး တွေးတောမနေတော့ပေ။

သူမက လှိုက်လှဲစွာပင် ပြောလိုက်လေ၏။

“ကောင်းပါပြီ၊ ငါက ရပ်ကွက်ရုံးမှာ ရှိတယ်၊ လာရှာလိုက်ရုံပဲနော်၊ ငါ့မျိုးရိုးကမာပါ၊

အစ်မမာလို့ပဲ ခေါ်လို့ရပါတယ်၊ ဒီလမ်းထဲက လူတွေအကုန်လုံးက ငါ့ကို အဲဒီလိုပဲ ခေါ်ကြတာ”

သူမက စကားပြော၍ မပြီးသေးမီမှာပင် တံခါးဝမှ အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာခဲ့လေ၏။

“ဟေး.. အစ်မမာ၊ ကျွန်မ ရှင့်ကို လိုက်ရှာနေတာ အတော်လေးကြာပြီ၊

အမြန်ပြန်လာပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်ပေးပါဦး၊

ဆွေ့ကျစ်ရဲ့ သမီးနှစ်ယောက် ရန်ဖြစ်နေကြလို့ ဆွေကျစ်ကတော့ ဒေါသထွက်လွန်းလို့ သေတော့မယ်”

“ဘာလဲ၊ အဲဒီ ဂျပိုးမနှစ်ယောက်က ထပ်ပြီး ရန်ဖြစ်နေကြပြန်ပြီလား”

အစ်မမာက ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားရပြီး အပြင်သို့ လှမ်းထွက်သွားခဲ့၏။ စုဝေ့ချင်းကိုလည်း လှမ်းပြောရန် မမေ့ခဲ့ပေ။

“ငါ ရပ်ကွက်ရုံးမှာ ရှိနေမယ်နော်၊ မမေ့နဲ့ဦး”

စုဝေ့ချင်း : “...”

သူမက အမှန်တကယ်ပင် လှိုက်လှဲနွေးထွေးတတ်သော အစ်မကြီးတစ်ဦးဖြစ်ကြောင်း ထင်ရှားလွန်း၏။

အစ်မမာ ထွက်ခွာသွားပြီးနောက် ဝင်းအိမ်တော်ထဲ၌ စုဝေ့ချင်းတစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေတော့၏။

သူက အိမ်၏ အတွင်းအပြင် ပတ်ပတ်လည်ကို သေသေချာချာ ကြည့်ရှုပြီးနောက်တွင်မှ တံခါးကို သော့ခတ်လိုက်ပြီး ဧည့်ဂေဟာသို့ ပြန်လာခဲ့တော့သည်။

လမ်းခရီးတွင် နိုင်ငံပိုင် စားသောက်ဆိုင်ကို ဖြတ်သန်းသွားသည့်အချိန်တွင် သားအမိနှစ်ဦးအတွက် မနက်စာအဖြစ် ပေါက်စီများ၊ အီကြာကွေးများနှင့် ပဲနို့များကို ဝယ်ယူရန် မမေ့ခဲ့ပေ။

သူက ဧည့်ဂေဟာသို့ ရောက်ရှိလာသည့်အချိန်တွင် သားအမိနှစ်ဦး၏ စိတ်ပျက်နေသော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။

“အပြင်မှာ ဘာတွေသွားလုပ်နေလို့ ဒီလောက်တောင် ကြာနေရတာလဲ”

“ဟုတ်တယ် အဖေ၊ အဖေ အပြင်ကိုသွားတုန်းက ရှောင်လော်ကို ဘာလို့ ခေါ်မသွားတာလဲ”

စုရှောင်လော်က သူမ၏ နှုတ်ခမ်းလေးကို စူထားလျက် ခုတင်ပေါ်တွင် လက်နှစ်ဖက်ကို ခါးတွင်ထောက်ထားပြီး စုဝေ့ချင်းကို အပြစ်တင်သည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေ၏။

စုဝေ့ချင်းက သူ၏ လက်ထဲမှ ထမင်းဘူးကို လှုပ်ခါပြလိုက်ရင်းပြောလိုက်လေသည်။

“ အဖေ့ရဲ့ ဝက်ကလေးကို ကျွေးဖို့အတွက် ပေါက်စီအကြီးကြီး သွားဝယ်နေတာလေ ”

ပေါက်စီအကြီးကြီး။

စုရှောင်လော်၏ မျက်ဝန်းလေးများက ချက်ချင်းပင် တောက်ပသွားခဲ့ရပြီး စိတ်ဆိုးနေသည်များကို လုံးဝမေ့လျော့သွားလေတော့၏။

*

All Chapters