အခန်း ၃၀၃
Vol. 31 Ch. 303
အခန်း(303)
“ဒါဆိုရင်တော့ ခင်ဗျားတို့အမြန်လုပ်ပေးတာ ပိုကောင်းလိမ့်မယ်၊ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ပေကျင်းက တက္ကသိုလ်ကို တက်ကြမှာ၊
ဒီမှာ လာမနေဖြစ်ရင်တောင်မှ မကြာမကြာတော့ လာကြည့်ဖြစ်မှာပဲ၊
တကယ်လို့ ဒီဝင်းအိမ်တော်ထဲမှာ တစ်ခုခု ထပ်ဖြစ်ဦးမယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီလောက်အထိ စကားပြောရလွယ်မယ့်သူတွေ မဟုတ်တော့ဘူးနော်”
စုဝေ့ချင်းက လက်နှစ်ဖက်ကို အနောက်သို့ ပစ်လျက် အတော်လေး ဒေါသထွက်နေသည့် အမူအရာဖြင့် ပြောဆိုလိုက်လေ၏။
စာရေးကလည်း အထပ်ထပ်အခါခါ ခေါင်းကိုညိတ်ပြနေရှာသည်။
ထိုဇနီးမောင်နှံနှစ်ဦး ထွက်ခွာသွားကြပြီးနောက်တွင်မှ သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရလေတော့၏။ သူက အတော်လေး စိတ်မသက်မသာဖြစ်သွားရသည်။
ထိုခံစားချက်မှာ စစ်မှန်သော နတ်ဘုရားနှစ်ပါးနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ပင်။
သူတို့၏ ဘိုးဘွားများက မည်သည့်အရာများကို လုပ်ခဲ့ကြောင်း သူ မသိပါချေ။
သို့သော်လည်း သူတို့နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ကြခြင်းကပင် သူတို့တွင် အလွန်ကောင်းမွန်သော မိသားစုနောက်ခံရှိနေကြောင်းကို ညွှန်ပြနေလေ၏။
ထို့အပြင် သူတို့၏ အမူအရာနှင့် ဝတ်စားဆင်ယင်မှုများကို ကြည့်ရုံမျှဖြင့်ပင် သူတို့၏ မိသားစုက သေချာပေါက် ကြွယ်ဝချမ်းသာလိမ့်မည်ဖြစ်ကြောင်းကို သိနိုင်သည်။
ထိုနှစ်များအတွင်း ဘေးအန္တရာယ်များမှ လွတ်မြောက်နိုင်ခဲ့ပြီး ဤမျှလောက်အထိ တည်ငြိမ်ရင့်ကျက်မှုကို ပြုစုပျိုးထောင်နိုင်ခဲ့ကြခြင်းက...
သူက ဆက်၍ မတွေးရဲတော့ပေ။
တစ်ဖက်တွင် ထိုဇနီးမောင်နှံနှစ်ဦးက လမ်းကြားထဲမှ ထွက်လာခဲ့ကြပြီးနောက် ဤဝင်းအိမ်တော်ကို စာရင်းမှ ပယ်ဖျက်လိုက်ကြလေ၏။
ဘေးတစ်ဖက်တစ်ချက်စီရှိ အိမ်နီးနားချင်းများ အားလုံးက ကြီးမားလွန်းသော လူနေဝင်းကြီးများ ဖြစ်ကြသည်။
ထို့ကြောင့် ဤနေရာက အနည်းငယ် ဖရိုဖရဲဖြစ်နေနိုင်ပြီး အိမ်နီးနားချင်း ဆက်ဆံရေးကို စီမံခန့်ခွဲရန်အတွက် ခက်ခဲလိမ့်မည်ဖြစ်ကြောင်းကို ညွှန်ပြနေလေသည်။
ဤဝင်းအိမ်တော်က တစ်ဖက်ရှိ ဝင်းသုံးဆင့်ပါသော အိမ်ထက် ပိုမိုကြီးမားသော်လည်း သူတို့က ထိုအိမ်ကို မလိုချင်ကြတော့ပေ။
အကယ်၍ သူတို့၏ လက်ထဲတွင် ယွမ်သုံးသောင်းခန့်ရှိနေခဲ့မည်ဆိုပါက သူတို့က ဤဝင်းအိမ်တော်ကိုပါ လွှဲပြောင်းရယူရန် သတ္တိရှိစွာဆုံးဖြတ်ကြပေလိမ့်မည်။
သို့သော် နှမြောစရာကောင်းလွန်းစွာဖြင့် သူတို့တွင် ယွမ်ငါးထောင်သာရှိသောကြောင့် ဝင်းအိမ်တော် တစ်လုံးကို မနည်းရယူနိုင်ရုံမျှသာ ရှိသည်။
သူတို့ မျက်စိကျထားခဲ့သော အချက်အချာကျလွန်းသည့် နေရာကောင်းနှင့် ပတ်သက်၍ သူတို့က အားလုံးနီးပါးကို လက်လျှော့လိုက်ကြပြီ ဖြစ်လေ၏။
အကြိမ်ကြိမ် တွေးတောတိုင်ပင်ပြီးနောက်တွင် စုဝေ့ချင်းက လက်တလောတွင် ပထမဆုံး ဝင်းအိမ်တော်၌သာ နေထိုင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
နောင်တစ်ချိန်တွင် မည်သို့ပင်ဖြစ်လာသည်ဖြစ်စေ အနည်းဆုံးတော့ ဤဝင်းအိမ်တော်က လက်တလော သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်၏။
အထူးသဖြင့် အနီးအနားရှိ ဝင်းအိမ်တော်များက လူနေဝင်းကြီးများ မဟုတ်ဘဲ ဒေသခံပြည်သူများ၏ ဘိုးဘွားပိုင် နေအိမ်များသာ ဖြစ်ကြောင်းကို ကြားသိရသည်။
ထို့ကြောင့် ဤနေရာသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် သူတို့၏ ဆုံးဖြတ်ချက်က ပိုမို၍ ခိုင်မာလာခဲ့ရဘေတော့၏။
ထိုအချိန်တွင် တစ်ဖက်၌ ပြည်နယ်သတင်းစာမှ သတင်းထောက်တစ်ဦးက သူ၏အထက်အရာရှိထံမှ တာဝန်တစ်ခုကို လက်ခံရရှိခဲ့သည်။
ထိုတာဝန်က ပိုင်မားခရိုင်ရှိ သာမန်ဆေးဝါးစက်ရုံ အလုပ်သမားတစ်ဦးကို သွားရောက်တွေ့ဆုံမေးမြန်းရန် ဖြစ်လေ၏။
ဤအလုပ်သမားက အလွန်ပင် ပါရမီထက်မြက်လွန်းပြီး သတင်းစာပေါ်တွင်လည်း ဆောင်းပါးများကို နှစ်ပေါင်းများစွာ ထုတ်ဝေခဲ့ဖူးသူ ဖြစ်သည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုပင် အောင်မြင်ခဲ့ရခဲ့၏။
တက္ကသိုလ်ကျောင်းများက မဖွင့်လှစ်သေးမီအချိန်ဖြစ်၍ အဓိကဇာတ်လိုက်ဖြစ်သူ ကျောင်းသို့ မထွက်ခွာသွားသေးခင် တွေ့ဆုံမေးမြန်းမှုကို အပြီးသတ်ရန် သူက လိုအပ်သည်။
သို့မဟုတ်ပါက သူ ထွက်ခွာသွားပြီးနောက်တွင် ဆောင်းပါးရေးသားရန်အတွက် ခက်ခဲသွားပေလိမ့်မည်။
သို့သော် ဆေးဝါးစက်ရုံသို့ ရောက်ရှိလာသည့်အချိန်တွင် သူ ကြားလိုက်ရသည်မှာ :
စုဝေ့မင် : “..အဲဒီဇနီးမောင်နှံနှစ်ဦးက ထွက်သွားကြတာ ကြာပြီ၊ သုံးရက် လေးရက်လောက် ရှိနေပြီ”
သတင်းထောက် : “ဟင်”
သတင်းထောက်မှာ တာဝန်ကို အောင်မြင်စွာ မထမ်းဆောင်နိုင်ခဲ့သောကြောင့် တွေးတောပူပန်နေချိန်မှာပင် စုဝေ့ဟိုင်က ပြန်လည်ရောက်ရှိလာခဲ့လေ၏။
ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက စုဝေ့ဟိုင်က အိမ်သို့ ပြန်လာမည့်အကြိမ် အရေအတွက်က သိသိသာသာ များပြားလာခဲ့၏။
နှစ်စပိုင်းကတည်းက သုတေသနဌာနတွင် အလုပ်မများသည့်အတွက်လည်း ပါဝင်ပေ၏။
မကြာသေးမီက ပြည်နယ်မြို့တော်တွင် လာမည့်နှစ်အနည်းငယ်အတွင်း ဆေးဝါးစက်ရုံ၏ တိုးတက်မှုအခြေအနေများကို တိုင်ပင်ဆွေးနွေးရန် အစည်းအဝေးတစ်ခုကို ကျင်းပနေခဲ့ကြလေ၏။
အသည်းရောင်အသားကာကွယ်ဆေးကို ဖော်ထုတ်နိုင်ခဲ့ပြီးကတည်းက သုတေသနဌာနက အသည်းရောဂါဆေးဝါး သုတေသနပြုချက်တွင် ထိပ်သီးဦးဆောင်သူဖြစ်လာခဲ့ရသည်။
သို့သော် ဆေးဝါးစက်ရုံက ယခင်က အခြေခံဆေးဝါးများကိုသာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်လေ၏။
ထိုဆေးဝါးစက်ရုံကို အထူးဆေးဝါး ထုတ်လုပ်ရေး အခြေစိုက်စခန်းတစ်ခုအဖြစ် အသွင်ကူးပြောင်းရန် ရှိမရှိနှင့်ပတ်သက်၍ အထက်လူကြီးများအကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေခဲ့ကြသည်။
ခေါင်းဆောင်တချို့က အသည်းရောဂါ ကုသရေးနှင့် ကာကွယ်ရေး ဆေးဝါးများ၏ သုတေသနပြုမှုကို အလေးထားကြလေ၏။
နင်ပြည်နယ်မှာ နောင်တစ်ချိန်တွင် နိုင်ငံအတွင်း အကောင်းဆုံး အသည်းရောဂါကုသရေးဗဟိုဌာနဖြစ်လာနိုင်သည်ဟု ယုံကြည်နေကြသည်။
သို့သော် တချို့သော ခေါင်းဆောင်များက အသည်းရောဂါဆေးဝါး၏ သုတေသနပြုမှုကို ဆက်လက်၍ လုပ်ဆောင်နိုင်သော်လည်း အခြေခံဆေးဝါးများ ထုတ်လုပ်မှုကို ရပ်တန့်မထားသင့်ဟု ယူဆကြလေ၏။
အဆုံးသတ်တွင် ဆေးဝါးစက်ရုံများက ရှင်သန်ရပ်တည်ရန်အတွက် လိုအပ်သည်။ အသည်းရောဂါဝေဒနာရှင်ဦးရေဆိုသည်မှာ လူနည်းစုသာ ဖြစ်ပေသည်။
နောက်ပိုင်းတွင် ထုတ်လုပ်မှုပမာဏ လွန်ကဲလာပါက အလုပ်သမားများ၏ နေ့စဉ်ကုန်ထုတ်လုပ်မှုကို ထိခိုက်စေမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ခေါင်းဆောင်တစ်ဦးစီတွင် ကိုယ်ပိုင်အကြောင်းပြချက်များက ရှိနေကြသောကြောင့် သုတေသနဌာနက သာမန်သုတေသနတချို့ကိုသာ ရိုးရှင်းစွာ လုပ်ဆောင်နေခဲ့လေ၏။
အဆုံးသတ်တွင် သူတို့က နှစ်ပေါင်းများစွာ မပြတ်တမ်း အလုပ်လုပ်ကိုင်ခဲ့ကြရသောကြောင့် စိတ်အပန်းဖြေရန် အချိန်တန်လေပြီ။
ထို့ကြောင့်သာ စုဝေ့ဟိုင်တစ်ယောက် အိမ်သို့ မကြာခဏပြန်လာနိုင်ခြင်း ဖြစ်၏။
“ဘာတွေဖြစ်နေတာလဲ”
အိမ်သို့ ရောက်သည်နှင့် အိမ်ထဲ၌ သူစိမ်းတစ်ယောက်က ထိုင်နေသည်ကို မြင်လိုက်ရသည်။
ထိုလူက ယဉ်ကျေး၍ သိက္ခာရှိပြီး သပ်ရပ်လွန်းသော်လည်း ယခုအချိန်တွင် မျက်နှာတစ်ခုလုံးက ကြောင်အမ်းအမ်း ဖြစ်နေပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။
“ပြည်နယ်သတင်းစာက သတင်းထောက်တစ်ယောက်လေ၊ မင်းရဲ့ တတိယညီလေးနဲ့ သူ့ဇနီးကို တွေ့ဆုံမေးမြန်းဖို့ လာတာတဲ့၊
ဒါပေမဲ့ သူတို့ ထွက်သွားကြတာ ရက်နည်းနည်း ရှိနေပြီဆိုတော့ အခြေအနေက ရှုပ်ထွေးသွားတာပဲ”
လော်ယွီရှို့လည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။ သူမသည်လည်း သူမ၏သားနှင့်ချွေးမတို့ကို သတင်းစာပေါ်တွင် ပါဝင်လာနိုင်ရန်အတွက် အမှန်တကယ်ပင် မျှော်လင့်နေခဲ့၏။
သို့သော် ဤ သတင်းထောက်က တာဝန်ကို လက်ခံရရှိပြီးနောက် တွေ့ဆုံမေးမြန်းမှုကို ပြုလုပ်ရန်အတွက် ဤမျှအထိ အချိန်ဆွဲခဲ့ရသည်။
လက်တွေ့တွင် သတင်းထောက်ကလည်း မတရားခံရခြင်း ဖြစ်လေ၏။
သူက အထက်အရာရှိထံမှ တာဝန်ကို လက်ခံရရှိပြီးချင်း ချက်ချင်းပင် လာရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လူတိုင်းက ထွက်ခွာသွားကြပြီးဖြစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤသည်က ခေါင်းဆောင်၏ အရည်အချင်းမရှိမှုကြောင့်သာ ဖြစ်သည်။သူ၏ အပြစ်မဟုတ်ပေ။
အကယ်၍ ခေါင်းဆောင်များသာ ဤစကားကို ကြားရလျှင် မတရားခံရသည်ဟု ခံစားရပေလိမ့်မည်။ စုမိသားစုက အလွန်ပင် လူသိမခံတတ်ကြပေ။
ထိုဇနီးမောင်နှံနှစ်ဦးက တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ကြသော်လည်း မည်သည့်ဆူညံသံမျှ မထွက်ပေါ်စေခဲ့ကြပေ။
အကယ်၍ တခြားလူများသာဆိုလျှင် ယခုအချိန်၌ ကြွားဝါနေကြလောက်ပြီ ဖြစ်သည်။
သို့သော် ထိုဇနီးမောင်နှံနှစ်ဦးကို အပြစ်ပြော၍ မရပေ။
သူတို့က တခြားသော တက္ကသိုလ်ကျောင်းသားများနှင့် ကွာခြားလွန်း၏။
သူတို့တွင် တရားဝင်အလုပ်အကိုင်များရှိကြပြီး ဝင်ခွင့်စာမိန့်များကိုလည်း သူတို့၏ လုပ်ငန်းခွင်များသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
တခြားသော တက္ကသိုလ်ကျောင်းသားများကဲ့သို့ ဝင်ခွင့်စာများကို ရပ်ကွက်ကော်မတီ သို့မဟုတ် ကွန်မြူနတီသို့ ပေးပို့ခြင်းမျိုး မဟုတ်သောကြောင့် ခေါင်းဆောင်များ၏ လက်ထဲသို့ ဖြတ်သန်းသွားခြင်းမျိုး မရှိခဲ့ပေ။
သို့သော် ဆေးဝါးစက်ရုံ၏ ခေါင်းဆောင်ဖြစ်သော စုဝေ့မင်ကိုတော့ သူတို့က ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ကြပေ။
ဝင်ခွင့်စာများကို စုဝေ့မင်ထံသို့ ပေးပို့ခဲ့လျှင်ပင် သူတို့အနေဖြင့် ဆူညံသံများကို ပြုလုပ်ကြမည် မဟုတ်ပေ။
ထိုသည်က အမှန်တကယ့်ကို လွဲချော်မှုကြီးတစ်ခုပင် ဖြစ်လေသည်။
ထို့အပြင် ထိုဇနီးမောင်နှံနှစ်ဦးက နေအိမ်ဝယ်ယူရန်အတွက် ထိုနေရာသို့ အလွန်စောစီးစွာ သွားရောက်ခဲ့ကြ၏။
“ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
စုဝေ့ဟိုင်က သတင်းထောက်ကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။
သူတို့အားလုံးက အလုပ်သမားများသာ ဖြစ်ပေ၏။ တာဝန်ကို အောင်မြင်စွာ မထမ်းဆောင်နိုင်ခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မသိဘဲ မနေပါချေ။
သတင်းထောက်က စိတ်ပျက်အားလျော့စွာဖြင့် ပြောရှာသည်။
“ကျွန်တော်တို့ဆီမှာ ဖုန်းသာရှိမယ်ဆိုရင်တော့ အဝေးကနေ တွေ့ဆုံမေးမြန်းမှုလုပ်ပြီး မေးခွန်းတချို့ကို ဖြေခိုင်းလို့ ရတာပေါ့”
ပြဿနာက လီရှန်းနှင့် စုဝေ့ချင်းတို့က နေရာအခြေတကျ မရှိသေးသောကြောင့် ဖုန်းပင်လျှင် ဆက်သွယ်၍ မရနိုင်သေးပေ။
ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ဂေဟာတွင် ဖုန်းရှိသော်လည်း သူတို့က ဖုန်းနံပါတ်ကို မသိရှိကြပေ။
ထိုဇနီးမောင်နှံနှစ်ဦးက ပြန်လည် ဖုန်းဆက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနိုင်သော်လည်း အချိန်က မသေချာပြန်ပေ။
သတင်းထောက်အနေဖြင့် ဆေးဝါးစက်ရုံ၌သာ ထိုင်စောင့်နေ၍ မရနိုင်သည် မဟုတ်ပါလား။
စုဝေ့ဟိုင်က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“ကောင်းပါပြီ၊ ခင်ဗျား မေးချင်တဲ့ မေးခွန်းတွေကို ရေးမှတ်ထားခဲ့လိုက်ပါ၊
တတိယညီနဲ့ သူ့ရဲ့ဇနီးတို့ ဖုန်းဆက်လာတဲ့အချိန်ကျရင် ကျွန်တော်တို့ ခင်ဗျားကိုယ်စား မေးမြန်းပေးပါ့မယ်၊ ခင်ဗျား နောက်ထပ် နှစ်ရက် သုံးရက်နေရင် လာယူလို့ ရတာပေါ့”
ထိုသို့ပြုလုပ်ခြင်းကသာ သူတို့လုပ်ဆောင်နိုင်သော နည်းလမ်းတစ်ခု ဖြစ်လေ၏။
“ဒါက အဆင်ပြေပါ့မလား”
“ဒါက ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလေ”
စုဝေ့ဟိုင်က ပုခုံးကို တွန့်ပြလိုက်လေသည်။ သူက စုဝေ့ချင်းနှင့် ဆက်သွယ်ရန်အတွက် တခြားနည်းလမ်းကို မတွေးတောနိုင်တော့သော်လည်း စုဝေ့ချင်းကို သတင်းစာပေါ်တွင် အမှန်တကယ်ပင် မြင်တွေ့လိုနေခဲ့လေ၏။
အသက်အရွယ် ကွာခြားမှုနှင့် စုဝေ့ယန်၏ စရိုက်လက္ခဏာများကြောင့် စုဝေ့ဟိုင်က စုမိသားစုရှိ အဘိုး၊ အဘွားတို့ကဲ့သို့ပင် သူ၏ အငယ်ဆုံးသော မောင်နှမနှစ်ယောက်ကို အလွန်ပင် ချစ်မြတ်နိုးသည်။
ယခုအချိန်တွင် စုဝေ့ချင်းတစ်ယောက် အောင်မြင်မှုတချို့ကို ရရှိလာခဲ့ပြီဖြစ်၍ သူက သားဖြစ်သူ၏ အောင်မြင်မှုကို ကြည့်ရှုနေရသော ဖခင်အိုကြီးတစ်ဦးကဲ့သို့ ခံစားနေရလေသည်။
ထိုအောင်မြင်မှုကို တစ်ကမ္ဘာလုံးသို့ ကြေညာမောင်းခတ်ချင်နေလေ၏။
သတင်းထောက်က စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် ထွက်ခွာသွားခဲ့ရရှာသည်။
*