← Chapters

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း(304)

ညနေခင်းအချိန်သို့ ရောက်ရှိလာချိန်တွင် ကင်းတဲရှိ တစ်စုံတစ်ယောက်က စုဝေ့ချင်းမှ ဖုန်းဆက်လာကြောင်းကို အော်ဟစ်အကြောင်းကြားလာခဲ့သည်။

စုဝေ့ဟိုင်လည်း ချက်ချင်းပင် သူ၏ တူများကို ချထားလိုက်ပြီး အောက်ထပ်သို့ အပြေးအလွှား ဆင်းသွားခဲ့ရင်း လှမ်း၍ ပြောလိုက်လေ၏။

“ကျွန်တော် ဖုန်းသွားကိုင်လိုက်ဦးမယ်၊ လုပ်စရာတွေ အများကြီး ရှိနေလို့.. အဖေတို့ အမေတို့ လိုက်လာဖို့ မလိုပါဘူး”

အဖေ၊ အမေ : “...”

သူတို့လည်း သူတို့၏ သားဖြစ်သူကို အလွန်ပင် လွမ်းဆွတ်နေကြသည်ပင်။

သို့သော် စုဝေ့ဟိုင်၏ ကိစ္စရပ်များက အမှန်ပင် အရေးကြီးလွန်းသောကြောင့် သူတို့က ပြန်ထိုင်လိုက်ကြပြီး ဆန်ပြုတ်ကိုသာ ဆက်သောက်နေကြရန် ဆုံးဖြတ်လိုက်ကြလေတော့၏။

စုဝေ့ဟိုင်က ဖုန်းကို လက်ခံရရှိသည်နှင့် သတင်းထောက်များက လာရောက်ခဲ့သည့် အကြောင်းကို ထိုဇနီးမောင်နှံကို ပြောပြလိုက်လေ၏။

သူတို့က အလွန်ပင် အံ့ဩသွားခဲ့ကြရသည်။ ဝင်ခွင့်စာမိန့်ကို လက်ခံရရှိချိန်နှင့် သူတို့ ထွက်ခွာလာချိန်ကြားတွင် အချိန်အတော်လေး ကြာမြင့်ခဲ့လေပြီပင်။

ဤသတင်းထောက်များက မည်သည့်အတွက်ကြောင့် ယခုအချိန်ကျမှသာ သူတို့ကို လာရောက်တွေ့ဆုံမေးမြန်းကြသနည်း။

သို့သော် ထိုဇနီးမောင်နှံက သတင်းထောက် ချန်ထားခဲ့သော မေးခွန်းများကို လျင်မြန်စွာပင် ပြန်ဖြေပေးခဲ့ကြသည်။

ဖုန်းခေါ်ဆိုခများက ဈေးကြီးလွန်းသောကြောင့် ထိုဇနီးမောင်နှံက သူတို့၏ စကားပြောဆိုမှုများကို တိုတိုရှင်းရှင်းသာ ပြုလုပ်ခဲ့ကြလေ၏။

ဇာတ်လမ်းကို မည်သို့ချဲ့ထွင်ရေးသားရမည်ဟူသည်က သတင်းထောက်၏ အလုပ်သာ ဖြစ်သည်။

စုဝေ့ချင်းက ပြည်နယ်သတင်းစာတွင် ရင်းနှီးပြီးသား မျက်နှာတစ်ခုဖြစ်၍ သတင်းစာအနေဖြင့် အဖြစ်မှန်ကိုသာ ရေးသားဖော်ပြလိမ့်မည်ဖြစ်ပြီး ဇာတ်လမ်းကို ပုံကြီးချဲ့လိမ့်မည်မဟုတ်ဟု သူတို့ တွေးမိခဲ့ကြသည်။

“ဒါနဲ့ အစ်ကြီးဆုံးအစ်ကို၊ ကျွန်တော့်အခန်းထဲက စာရေးစားပွဲရဲ့ အံဆွဲထဲမှာ ကျွန်တော် ရေးထားတဲ့ စာမူတချို့ ရှိနေသေးတယ်၊

အကြီးဆုံးအစ်ကို အားရင် အဲဒါတွေကို စာပေတိုက် ဒါမှမဟုတ် ပြည်နယ်သတင်းစာဆီကို ကျွန်တော့်ကိုယ်စား လှမ်းပို့ပေးပါဦး၊

ကျွန်တော့်မှာ ငွေနည်းနည်း လိုအပ်နေလို့၊ တကယ်လို့ အဲဒါတို့ကို ထုတ်ဝေနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့”

စုဝေ့ချင်းက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ သွားရောက်ကြည့်ရှုခဲ့သော နေအိမ်တချို့ကို တွေးတောမိလိုက်လေသည်။

ထိုအိမ်အားလုံးက ကွဲပြားခြားနားသော ပျက်စီးမှုအဆင့်ဆင့် ရှိနေကြသော်လည် သူက ထိုအိမ်တို့ထဲမှ တစ်လုံးကိုမှ လက်မလွှတ်ချင်ခဲ့ပေ။

“မင်း ငွေဘယ်လောက် လိုအပ်လို့လဲ၊ ငါ မင်းအတွက် အရင်ဆုံး ထုတ်ပေးထားလိုက်မယ်”

စုဝေ့ဟိုင်က ခပ်သွက်သွက်ပင် ပြောလိုက်လေ၏။

“ကျွန်တော်တို့ လိုအပ်တာက အတော်လေး များတယ်၊ လီရှန်းနဲ့ ကျွန်တော်က ဝင်းအိမ်တော် အတော်များများကို မျက်စိကျထားကြပြီးတော့ အကုန်လုံးကို ဝယ်ယူချင်နေတာ၊

အကြီးဆုံးအစ်ကိုတို့ ဒါရိုက်တာကို ခေတ္တလောက် ချွင်းချက်အနေနဲ့ ခွင့်ပြုပေးနိုင်မလားလို့ မေးမြန်းပေးပါဦးလား၊ ဒါမှ ကျွန်တော်တို့ ငွေရှာဖို့ အချိန်ရမှာမို့လို့ပါ”

စုဝေ့ဟိုင် ခေတ္တမျှ အံ့အားသင့်သွားရသည်။ ထိုဇနီးမောင်နှံနှစ်ဦးက ဤမျှအထိ စိတ်အေးလက်အေး ရှိနေကြလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။

ကျန်းရိကော်က သူတို့ကို သော့အမြောက်အမြားကို ပေးအပ်ခဲ့ခြင်း ဖြစ်၍ ထိုဇနီးမောင်နှံနှစ်ဦးက မည်မျှအထိ မျက်စိကျနေကြသည်ကို သူက မသိရှိပေ။

သူ အမြန်ပင် ဖျောင်းဖျလိုက်လေ၏။

“လူဆိုတာ ထမင်းစားဖို့နဲ့ အိပ်ဖို့ပဲ လိုအပ်တာလေ၊ လိုအပ်တာက ခုတင်တစ်လုံးနဲ့ ထမင်းတစ်လုံးပဲလေ၊ မင်းတို့က အိမ်တွေအများကြီးကို ဘာလို့ လိုအပ်နေရတာလဲ”

“ကျွန်တော်က ဒါကို သမီးလေးအတွက် ခန်းဝင်ပစ္စည်းအဖြစ် ချန်ထားပေးချင်တာလေ၊ မရဘူးလား”

စုဝေ့ချင်းက နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။

“အဖေတစ်ယောက်အနေနဲ့ သမီးဖြစ်သူကို ယုံကြည်မှုရှိအောင် လုပ်ပေးရမယ်၊

အိမ်တွေ အများကြီးရှိရင် နောက်ပိုင်းကျလို့ ရှောင်လော် အိမ်ထောင်မပြုချင်ဘူးဆိုရင်တောင်မှ အိမ်ထောင်မပြုဘဲနေရဲတဲ့ ယုံကြည်မှုမျိုး ရှိနေရမယ်၊

ပြီးတော့ လီရှန်းနဲ့ ကျွန်တော်ကလည်း နောက်ပိုင်းကျရင် ပေကျင်းမှာပဲ သေချာပေါက် အခြေချမှာလေ၊

အဖေနဲ့အမေ အသက်ကြီးလာတဲ့အချိန်မှာလည်း ပေကျင်းမှာ နေစရာနေရာရှိရင် ပိုမကောင်းဘူးလား၊

အခုလို အခွင့်အရေးရှိတုန်း အိမ်မဝယ်ထားရင် နောက်ပိုင်းကျရင် ဝယ်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

“အကြီးဆုံးအစ်ကို၊ ပေကျင်းမှာ အိမ်ရာတွေ ဘယ်လောက်အထိ ရှားပါးနေလဲဆိုတာ အကြီးဆုံးအစ်ကို လုံးဝသိမှာမဟုတ်ဘူး၊

လူတစ်ဒါဇင်ကျော်ရှိတဲ့ မိသားစုတစ်စုက စတုရန်းမီတာ နှစ်ဆယ် သုံးဆယ်လောက်ပဲရှိတဲ့ နေရာကျဉ်းကျဉ်းလေးထဲမှာ ကျပ်ကျပ်ညပ်ညပ် တိုးဝှေ့နေထိုင်ကြရတာက ပုံမှန်ပဲ”

စုဝေ့ဟိုင်က အံ့ဩသွားရရှာသည်။

“အဲဒီလောက်အထိ တိုးဝှေ့နေကြရတာလား”

သူတို့က အမှန်တကယ်ပင် ဆွံ့အသွားခဲ့ကြရ၏။

ပြည်နယ်မြို့တော်တွင် အိမ်ရာများက ပြတ်လပ်နေသည်ကို သူက သိရှိထားသော်လည်း မြို့တော်ကြီး၌ အိမ်ရာများက ဤမျှအထိ ပိုမို၍ ရှားပါးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပြန်လည်၍ တွေးတောကြည့်သည့်အချိန်တွင် မြို့တော်မှ လူများကလည်း လွယ်ကူသော ဘဝကို ဖြတ်သန်းနေကြရခြင်းမဟုတ်ဘဲ သူတို့၏ ခရိုင်မြို့ငယ်လေးမှ လူများထက်ပင် ပိုမို၍ ဆိုးရွားသော အခြေအနေတွင် ရှိနေကြကြောင်းကို သူာ နားလည်လိုက်လေသည်။

“ဟုတ်တယ်၊ ဒါကြောင့်မို့လို့ပဲ ကျွန်တော်က ဒီအခွင့်အရေးကို အသုံးချပြီး အိမ်နည်းနည်းလောက် ပိုဝယ်ချင်နေတာပေါ့၊

နောက်ပိုင်းကျရင် အကြီးဆုံးအစ်ကိုလည်း မြို့တော်ကို ရာထူးတိုးပြီး ပြောင်းရွှေ့လာရတာမျိုး ဖြစ်နိုင်တယ်မလား”

စုဝေ့ချင်း၏ အတွေးအခေါ်က အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။

စုဝေ့ဟိုင်အနေဖြင့် နင်ပြည်နယ်တွင်သာ တစ်ဘဝလုံးကို နေထိုင်သွားလိုခြင်း မရှိပါက၊ သူ၏ အသည်းရောင်အသားဝါကာကွယ်ဆေးကို သုတေသနပြုခဲ့သည့် အတွေ့အကြုံများက ပေကျင်းရှိ သုတေသနဌာနတစ်ခုခုတွင် အလုပ်အကိုင် ရှာဖွေရန်အတွက် ဖြစ်နိုင်လိမ့်မည်။

စုဝေ့ယန်နှင့် ပတ်သက်လျှင်လည်း သူက လက်တလောတွင် ရေတပ်၌ ရှိနေသော်လည်း နောက်ပိုင်းတွင် ရာထူးတိုးနိုင်သည်။

အကယ်၍ စစ်တပ်မှ အငြိမ်းစားယူခဲ့လျှင်ပင် ပေကျင်းသို့ အလုပ်ပြောင်းရွှေ့ လုပ်ကိုင်နိုင်၏။

ထိုသို့ဆိုလျှင် မိသားစုတစ်ခုလုံးက ပြန်လည်၍ ဆုံစည်းနိုင်ကြပေလိမ့်မည်။

ထိုသို့ တွေးတောမိလိုက်သည်နှင့် စုဝေ့ဟိုင်က ချက်ချင်းပင် ပြောလိုက်လေတော့သည်။

“မင်း အရင်ဆုံး သွားကြည့်နှင့်ဦး၊ တကယ်လို့ ကောင်းတာတွေ့ရင် နောက်ထပ် နှစ်လုံးလောက်ပါ ယူလိုက်ပေါ့၊ ငွေကိစ္စကိုတော့ စိတ်မပူနဲ့၊ ငါ တစ်နည်းနည်းနဲ့ ရှာကြံပေးမယ်”

ထိုစကားကို ကြားလိုက်ရသောကြောင့် စုဝေ့ချင်းတစ်ယောက် ချက်ချင်းပင် စိတ်အေးသွားရသည်။

သို့သော် သူက စုဝေ့ဟိုင်ကို ဆက်လက်၍ မှာလိုက်သေး၏။

“စာအုပ်ကိုလည်း ကျွန်တော့်အတွက် လှမ်းပို့ပေးပါဦး၊ တစ်စုံတစ်ယောက်က သဘောကျနှစ်သက်မှု ရှိမရှိ သိရအောင်လို့”

စာအုပ်တစ်အုပ်ကို ထုတ်ဝေခြင်းနှင့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေခြင်းအကြား ကွာခြားချက် ရှိသည်။

တစ်ကြိမ် ထုတ်ဝေပြီးသွားပါက ထိုစာအုပ်၏တန်ဖိုးက မြင့်တက်သွားမည်ဖြစ်၍ နောက်ပိုင်းတွင် ထိုစာအုပ်ကို ထုတ်ဝေရန်အတွက် လူများက ပိုမို၍ သတိထားကြပေလိမ့်မည်။

စုဝေ့ချင်း၏ စာရေးဆရာဖြစ်ချင်သော အိပ်မက်က လုံးဝ ကုန်ဆုံးသွားခြင်း မရှိသေးပေ။

“ကောင်းပါပြီ၊ စိတ်မပူပါနဲ့၊ တကယ်လို့ စာအုပ်အဖြစ် မထုတ်ဝေနိုင်ရင်တောင်မှ သတင်းစာဆီကို လှမ်းပို့ပေးပါ့မယ်၊

မင်းအတွက် စာမူခတွေ ပိုရအောင် ငါ သေချာပေါက် လုပ်ပေးမယ်”

ထို့နောက်တွင်မှ စုဝေ့ချင်းက စိတ်သက်သာရာရစွာဖြင့် ဖုန်းချလိုက်လေတော့၏။

“အဲဒီကောင်စုတ်လေးကတော့ အမြဲတမ်း တခြားလူကို ဒုက္ခပေးတာပဲ”

သူက အိမ်သို့ ပြန်မသွားတော့ဘဲ သုတေသနဌာန၏ လူနေအိမ်ရာဝင်းထဲရှိ ဒါရိုက်တာကျန်း၏ အိမ်သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

သူ့အနေဖြင့် အိမ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ရည်ရွယ်ထားလေ၏။

ကျန်းရိကော်ကလည်း စုဝေ့ချင်းတစ်ယောက် နေအိမ်အတော်များများကို မျက်စိကျနေသည်ဟူသော အချက်ကြောင့် အံ့ဩသွားခဲ့ရသည်။

“ရှောင်စုက ဘာလို့ အိမ်တွေ အများကြီးကို လိုအပ်နေရတာလဲ”

“သူက ကျွန်တော့်ကိုတစ်လုံး၊ သူ့ရဲ့ ဒုတိယအစ်ကို့ကိုတစ်လုံး ပေးမယ်လို့ ပြောတယ်၊ သူက နောက်ပိုင်းကျရင် ပေကျင်းမှာပဲ သေချာပေါက် အခြေချမှာလေ၊

ကျွန်တော့်မိဘတွေ အငြိမ်းစားယူပြီးတဲ့ အချိန်မှာလည်း အဲဒီကို ပြောင်းရွှေ့နေထိုင်စေချင်နေတာ၊ကျွန်တော့်ရဲ့ ဒုတိယညီလေး မိသားစုနဲ့ ကျွန်တော်ကိုယ်တိုင်လည်း နောက်ပိုင်းမှာ ပေကျင်းကို သွားနိုင်ဖို့ မျှော်လင့်ထားကြလို့ပါ”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ကျန်းရိကော်က ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“ညီအစ်ကိုတွေ အများကြီးရှိတာက ပိုပြီးတော့ ကောင်းတာပေါ့၊ ငါ့ရဲ့ ကျန်းကျိနဲ့တော့ မတူဘူး”

ထိုကလေး၏ မိဘများက မရှိကြတော့ပေ။ သူ၏အဘွားဖြစ်သူကလည်း ပြစ်မှုကျူးလွန်ခဲ့ပြီး၊ သူကိုယ်တိုင်ကလည်း ဝေဒနာခံစားနေရရှာသည်။

သူ့တွင် ဆွေမျိုးသားချင်းများ ရှိနေသေးသော်လည်းသူတို့အားလုံးက နိုင်ငံရပ်ခြားတွင်သာ ရှိနေကြလေ၏။

ကလေးကို နိုင်ငံရပ်ခြားသို့ စေလွှတ်ခြင်း မပြုပါက ဆယ်စုနှစ်ပေါင်းများစွာတိုင် ထိုဆွေမျိုးများနှင့် ဆုံတွေ့နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူတို့က လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကတည်းက အဆက်အသွယ် ပြတ်တောက်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကလေးကို ပြန်လည်၍ စေလွှတ်ရန်က အလွန်ပင် ခက်ခဲလွန်းသည်ဖြစ်၍ သူကိုယ်တိုင်ပင်လျှင် ထိုသို့လုပ်ဆောင်ရန် စိတ်မချနိုင်ပေ။

ဤအချိန်တွင်တော့ သူ့အနေဖြင့် သူနှင့် ရှုရှင်းလန်တို့တွင် ကလေးများစွာ ရှိခဲ့မည်ဆိုပါက ကျန်းကျိတစ်ယောက် ဤမျှအထိ အထီးကျန်နေလိမ့်မည်မဟုတ်ဟုလည်း တွေးတောမိလိုက်ပြန်သည်။

သို့သော် သူ ပြန်တွေးတောမိသည်။ ထိုမုန်တိုင်းထန်လွန်းသော နှစ်များအတွင်း ကလေးများလေလေ အန္တရာယ် ပိုမိုများပြားလေလေ ဖြစ်လေ၏။

အကယ်၍ လူဆိုးများနှင့် ကြုံတွေ့ရပြီး ကလေးများက ထိခိုက်ဒဏ်ရာရခဲ့မည်ဆိုပါက နှလုံးကြေကွဲရမှုက အဆပေါင်းများစွာ ပိုမိုကြီးမားပေလိမ့်မည်။

ထို့ထက်ပို၍ ပြောရလျှင် ရှုရှင်းလန်၏ စရိုက်လက္ခဏာနှင့် သူမ လုပ်ဆောင်ခဲ့သော အရာများကို ထည့်သွင်းစဉ်းစားကြည့်ပါက၊ ကျန်းရိကော်အနေဖြင့် သူမ၏ ဆုံးမသွန်သင်မှုအောက်တွင် တင့်တယ်လျောက်ပတ်သော လူကြီးလူကောင်းတစ်ဦးကို ပြုစုပျိုးထောင်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိခဲ့ပေ။

“ကျန်းကျိရဲ့ ရောဂါထဖောက်မှုတွေက အရင် နှစ်တွေအတွင်းမှာ အဲဒီလောက်အထိ အကြိမ်ရေမများတော့ပါဘူး၊

သူ အသက်ကြီးလာရင် ပြန်ကောင်းလာနိုင်တာလည်း ဖြစ်နိုင်တာပဲမလား”

စုဝေ့ဟိုင်က ကျန်းရိကော်ကို နှစ်သိမ့်ပေးလိုသော်လည်း သူ၏စကားလုံးများက ခြောက်ကပ်နေခဲ့လေ၏။

ကျန်းရိကော်က ခေါင်းကိုခါပြလိုက်လေ၏။

“မဖြစ်နိုင်ပါဘူး”

သူက သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။

“ဒီကလေးရဲ့ ဘဝကတော့ ဒီအတိုင်းပဲ ဖြစ်သွားတော့မှာပါ၊ ငါ မသေခင်အချိန်အထိတော့ ငါကိုယ်တိုင်ပဲ ဂရုစိုက်သွားနိုင်ဖို့ မျှော်လင့်ရတာပဲ”

*

All Chapters