အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း(306)
ကျန်းရိကော်၏ စကားလုံးများက ဝေဝါးနေခဲ့သော်လည်း စုဝေ့ချင်းက ကောင်းစွာ နားလည်လိုက်လေသည်။
ကျန်းရိကော်သည်လည်း လီရှန်းတွင် ခွေးရူးပြန်ရောဂါကို ကုသနိုင်သော နည်းလမ်းရှိလိမ့်မည်ဟု သံသယဝင်နေခဲ့ပြီး၊ ထိုဆေးကို သူ၏အိမ်နှင့် လဲလှယ်လိုနေခြင်း ဖြစ်လေ၏။
စုဝေ့ချင်းက စိတ်ပျက်စွာ ပြုံးလိုက်ရင်း ပြောလိုက်လေသည်။
“ဒါရိုက်တာကျန်း၊ တကယ်လို့ နည်းလမ်းရှိခဲ့မယ်ဆိုရင် အစကတည်းက ဒီလိုမျိုး ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး၊
ကျွန်တော့်ဇနီးက ဆေးပညာကို အရမ်း စိတ်ဝင်စားတာ အမှန်ပါပဲ၊
ဒီနှစ်တွေအတွင်းမှာလည်း သူမဘာသာ မှတ်စုတွေ မကြာခဏ ရေးမှတ်ခဲ့တာမျိုး ရှိပေမဲ့..သူမကတ ဒါကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ခြင်း မရှိပါဘူး”
“တကယ်ပဲ မဖြစ်နိုင်ဘူးလား”
ကျန်းရိကော်က နှလုံးကြေကွဲရမှုများဖြင့် လွှမ်းမိုးသွားခဲ့ရရှာသည်။
သူ့တွင် ကြိုတင်သိမြင်မှု အရိပ်အယောင်တချို့ ရှိနေခဲ့သော်လည်း သူက ရှုရှင်းလန်၏ ဆုံးဖြတ်ချက်ကို ခေါင်းမာစွာဖြင့် ဆက်လက်၍ ယုံကြည်လိုနေဆဲပင်။
“ခင်ဗျားက ဆေးဝါးသုတေသန နယ်ပယ်က ထိပ်သီးပညာရှင်ကြီးတစ်ဦးပဲလေ၊ ဒီလို အထူးဆေးဝါးမျိုးက ကျွန်တော်တို့တရုတ်ပြည်မှာတင်မဟုတ်ဘူး၊ အမေရိကန်မှာတောင်မှ မရှိသေးဘူးဆိုတာ ခင်ဗျား အသိဆုံးဖြစ်မှာပါ၊
ကျွန်တော့်ဇနီးက အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာပါ၊သူမ အမေဖြစ်သူရဲ့ဝမ်းဗိုက်ထဲကတည်းက ဆေးပညာကို သင်ယူခဲ့မယ်ဆိုရင်တောင်မှ ဒီရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မှာ မဟုတ်ပါဘူး”
စုဝေ့ချင်းက ပွင့်လင်းရိုးသားစွာပင် ပြောဆိုလိုက်လေတော့သည်။
“ငါက သူ လုံးဝ ပြန်ကောင်းလာဖို့အထိ မျှော်လင့်မထားပါဘူး၊
သူ ခံစားနေရတဲ့ ဝေဒနာလေးတွေ လျော့နည်းသွားဖို့ကိုပဲ အလိုရှိတာပါ”
ကျန်းရိကော်အနေဖြင့် ကျန်းကျိအတွက် ဤမျှလောက်သော မျှော်လင့်ချက်လေးသာ ရှိနေခဲ့ခြင်း ဖြစ်၏။
သူက ယခင်က သုတေသနပြုချက်များပေါ်တွင်သာ အာရုံစိုက်လွန်းခဲ့သောကြောင့် ရှုရှင်းလန်ကသာ ကလေးကို စောင့်ရှောက်ခဲ့ရသည်။
ထို့ကြောင့် ကလေးတွင် ရောဂါဝေဒနာရှိနေကြောင်းကို သူက သိရှိခဲ့သော်လည်း၊ မည်မျှအထိ ပြင်းထန်သည်ကို သူ မသိရှိခဲ့ပေ။
နောက်ပိုင်းတွင် ရှုရှင်းလန်က ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးနောက်၊ သူကိုယ်တိုင် မြေးဖြစ်သူကို စောင့်ရှောက်ခဲ့ရသည့် အချိန်ကျမှသာ တစ်ကြိမ် ရောဂါထဖောက်တိုင်း မည်မျှအထိ နာကျင်ရသည်ကို သူ နားလည်သဘောပေါက်ခဲ့ရတော့၏။
ထိုဖြစ်ရပ်များကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက်တွင် သူသည်လည်း ရှုရှင်းလန်ကို အနည်းငယ် ကိုယ်ချင်းစာ နားလည်ပေးနိုင်လာခဲ့သည်။
ထိုကလေးငယ်က အလွန်ပင် နာကျင်နေရရှာသည်။
စုဝေ့ချင်းက ကျန်းရိကော်ကို မည်သို့နှစ်သိမ့်ပေးရမည်ကို မသိရှိတော့ပေ။
သူကိုယ်တိုင်လည်း ဖခင်တစ်ဦးဖြစ်သောကြောင့် သူ၏ကလေး ဖျားနာနေသည့်အချိန်တွင် ကလေး၏ ဝေဒနာကို သက်သာအောင် မလုပ်ပေးနိုင်သော မိဘများ၏ အကူအညီမဲ့သည့် ခံစားချက်ကို ကောင်းစွာကိုယ်ချင်းစာ နားလည်နိုင်သည်။
သို့သော် သူက အိမ်တစ်လုံးအတွက်နှင့် သူ၏ သိက္ခာတရားကိုတော့ဖြင့် မရောင်းချနိုင်ပေ။
အကယ်၍ သူ့တွင် သိက္ခာတရားသာ မရှိခဲ့ပါက သူက အလွယ်တကူပင် သဘောတူညီပေးလိုက်ပြီး ကျန်းရိကော်ထံမှ အိမ်ကို လွှဲပြောင်းရယူရန် လှည့်စားနိုင်သည်။
ကျန်းကျိ၏ ရောဂါနှင့် ပတ်သက်လျှင်တော့.. ကုသမှုဆိုသည်က နှေးကွေးလွန်းသော ဖြစ်စဉ်တစ်ခုဖြစ်လေ၏။
လီရှန်းအနေဖြင့် သူမက ကုသမှုပေးနေသည့်ပုံစံမျိုး ဟန်ဆောင်ထားလိုက်ရုံမျှဖြင့် အဆင်ပြေသည်ပင်။
အဆုံးသတ်တွင် ကျန်းရိကော်က အသက်ကြီးနေပြီဖြစ်ကာ နောက်ပိုင်းတွင်လည်း ပိုမိုအသက်ကြီးလာတော့မည်။ သူတို့အနေဖြင့် သူ့အတွက် လုံးဝစိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။
သို့သော် ပြဿနာမှာ စုဝေ့ချင်းက သိက္ခာတရားနှင့် ကိုယ်ကျင့်တရား ရှိသော လူတစ်ဦး ဖြစ်နေခြင်းပင်။
သူက သက်ကြီးရွယ်အိုတစ်ဦးကို လှည့်စားရန် မလုပ်နိုင်သောကြောင့် ရိုးသားစွာသာ ပြန်ဖြေလိုက်လေတော့၏။
“တောင်းပန်ပါတယ်၊ လီရှန်းကတော့ ဒါကို တကယ်ပဲ မတတ်နိုင်ပါဘူး”
ကျန်းရိကော်မှာ သူ၏ နှလုံးသားတစ်ခုလုံးက ရေခဲရေထဲသို့ နှစ်မြှုပ်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏တစ်ကိုယ်လုံးက ထုံကျင်သွားခဲ့ရ၏။
“ဒါဆိုရင်လည်း ပေကျင်းမှာ ဒီရောဂါဝေဒနာကို ကုသပေးနိုင်မယ့် ထိပ်သီးပညာရှင်ကြီးတွေ ရှိမရှိဆိုတာကို ငါ့အတွက် စုံစမ်းပေးဖို့ ကူညီပေးလို့ ရမလား”
စုဝေ့ချင်းတစ်ယောက် အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို မသိရှိပေ။
ထိုအချိန်က ထာဝရကာလတစ်ခုကဲ့သို့ ကြာမြင့်ခဲ့သည်ဟု ခံစားရသည်။
နံရံပေါ်မှ နာရီကို လှမ်းကြည့်လိုက်သည့်အချိန်တွင် စက္ကန့်တံက အကွက်အနည်းငယ်မျှသာ ရွှေ့လျားရသေး၏။
ကျန်းရိကော်၏ လေသံက သူ၏နားထဲသို့ ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။
“ကျွန်တော် ဆေးရုံအသီးသီးကို သွားပြီး စုံစမ်းပေးပါ့မယ်”
စုဝေ့ချင်းအနေဖြင့် ဤတောင်းဆိုချက်ကိုတော့ ငြင်းပယ်လောက်သည်အထိ မရက်စက်နိုင်ခဲ့ပေ။
ကျန်းရိကော် သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ မင်းကို အားနာစရာလုပ်မိပါပြီ”
အိမ်နှင့် ပတ်သက်၍...
“တကယ်လို့ မင်းတို့က တကယ်ပဲ ပြန်လည်ပြုပြင်ချင်တယ်ဆိုရင်တော့ သွလုပ်စရာရှိတာကိုသာ လုပ်ဆောင်လိုက်ပါ၊
လက်တလော ငွေကြေးကိစ္စကိုတော့ စိတ်မပူပါနဲ့ဦး၊ ငါက အလျင်မလိုပါဘူး”
“ဒီလိုတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ ဒါက ကျွန်တော့်ဘက်အခွင့်ကောင်းယူရာ ကျမနေဘူးလား”
“မင်းအနေနဲ့ ကျန်းကျိရဲ့ ဝေဒနာတွေကို သက်သာစေမယ့်သူကို ရှာဖွေပေးနိုင်မယ်ဆိုရင် ငါ အဲဒီအိမ်တွေကို မင်းကိုပဲ အပိုင်ပေးပါ့မယ်”
ကျန်းမိသားစုက ပျက်စီးသွားခဲ့ရသည်။ ကျန်းကျိ၏ ကျန်းမာရေး အခြေအနေအရ သူက အိမ်ထောင်ပြုရန် သို့မဟုတ် သားသမီးယူရန် မဖြစ်နိုင်တော့ပေ။
သူကမည်မျှအထိ အသက်ရှည်ရှည် နေထိုင်နိုင်မည်ကိုလည်း မသိရှိရပေ။
အကယ်၍ စုဝေ့ချင်းအနေဖြင့် ကျန်းမာရေးအတွက် ကျော်ကြားလွန်းသော ဆရာဝန်ကောင်းတစ်ဦးကို အမှန်တကယ် ရှာဖွေပေးနိုင်မည်ဆိုပါက ထိုအိမ်များကို သူ့ထံသို့ ပေးအပ်လိုက်ခြင်းက ပြသနာမရှိပါချေ။
အဆုံးသတ်တွင် လူ့အသက်နှင့် နှိုင်းယှဉ်လိုက်လျှင် နေအိမ်များဟူသည်က ငှက်မွေးတစ်ခုမျှသာ တန်ဖိုးရှိလေ၏။
ထို့အပြင်...
စုမိသားစုဝင်များအားလုံးက သိက္ခာတရားနှင့် ကိုယ်ကျင့်တရားရှိကြသူများ ဖြစ်သည်။
အကယ်၍ စုဝေ့ချင်းက ထိုအိမ်ကို အမှန်တကယ် လွှဲပြောင်းရယူခဲ့မည်ဆိုလျှင်ပင် နောက်ပိုင်း သူ,ကျန်းရိကော် ကွယ်လွန်သွားခဲ့ချိန်၌ စုဝေ့ချင်းက ကျန်းကျိကို ဆက်လက် စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သံသယဖွစ်စရာမလိုအပ်ပေ။
ဖုန်း ချလိုက်ပြီးနောက် စုဝေ့ချင်းက စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် အခန်းသို့ ပြန်လာခဲ့ပြီး လီရှန်းထံသို့ ကျန်းရိကော်၏ ရည်ရွယ်ချက်ကို ပြောပြလိုက်လေတော့သည်။
လီရှန်း ဆွံ့အသွားရလေ၏။
“ဒီဇနီးမောင်နှံက ဘာဖြစ်နေကြတာလဲ၊ ဘာလို့ ကျွန်မအပေါ်မှာပဲ ဒီလောက်အထိ အာရုံစိုက်နေကြရတာလဲ၊
သူတို့က ကျွန်မရဲ့ မျက်နှာပေါ်မှာ ‘ငါ ဝက်ရူးပြန်ရောဂါကို ကုသနိုင်တယ်’ လို့ ရေးထားတာကို မြင်နေကြတာလား”
“သူတို့က မျှော်လင့်ချက်ကုန်ဆုံးနေတဲ့အချိန်မှာ တွေ့ရာကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲမိတဲ့ သဘောပဲ ဖြစ်လိမ့်မယ်”
စုဝေ့ချင်းက ကိုယ်ချင်းစာနားလည်နိုင်လေသည်။
မည်သည့်မျှော်လင့်ချက်မျှ မရှိတော့သည့်အချိန်တွင် အသက်ကယ်ကြိုးတစ်မျှင်က ရုတ်တရက်ပေါ်ထွက်လာခဲ့မည်ဆိုပါက၊ ထိုကြိုး၏ တခြားတစ်ဖက်တွင် အဆိပ်အတောက်များဖြင့် ချည်နှောင်ထားလျှင်ပင် လက်လှမ်း၍ ဆွဲကိုင်မိကြလိမ့်မည်။
“ကျန်းကျိကတော့.. တကယ့်ကို နှမြောစရာကောင်းလွန်းတယ်”
ကျန်းကျိအကြောင်းကို ပြောရလျှင် လီရှန်းကလည်း သူ့အတွက် အတော်လေး သနားမိသည်။
ထိုကလေးငယ်က သူ၏မိဘများထံမှ ကောင်းမွန်သော ရုပ်ရည်သွင်ပြင်များကို ဆက်ခံရရှိထားသောကြောင့် ဖြူစင်ဝင်းပပြီး ချောမောခန့်ညားလွန်း၏။
ထို့အပြင် သူ၏ အဖိုးဖြစ်သူထံမှလည်း ထက်မြက်လွန်းသော ဉာဏ်ရည်ဉာဏ်သွေးကို ဆက်ခံရရှိထားသောကြောင့် အလွန်ပင် ဥာဏ်ကောင်းလေ၏။
အကယ်၍ သူသာ ဖျားနာခြင်းမရှိခဲ့ပါက ယခုအချိန်တွင် သေချာပေါက် တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်နေခဲ့ပေလိမ့်မည်။
သို့သော် နှမြောစရာကောင်းစွာဖြင့် သူ့တွင် ဤရောဂါဝေဒနာ ရှိနေခဲ့သောကြောင့် ကျောင်းတက်ခွင့် မရရှိခဲ့ရုံမျှမက အသက်ကြီးလာသည့်အချိန်တွင်လည်း ကိုယ်ပိုင်မိသားစုတစ်ခုကို ထူထောင်နိုင်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင် ကျန်းရိကော်ရှိနေသေးသောကြောင့် ကလေးကို အချိန်ပြည့် စောင့်ရှောက်ကြည့်ရှုပေးနိုင်သေးသည်။
သို့သော် အကယ်၍ နောက်ပိုင်းတွင် သူက ရောဂါထဖောက်သည့်အချိန်တွင် မည်သူမှ မသိရှိဘဲ သေဆုံးသွားရမည်ကိုပင် စိုးရိမ်မိ၏။
သို့သော် သူတို့အနေဖြင့် မည်မျှပင် ကိုယ်ချင်းစာသနားမိကြသည်ဖြစ်စေ ဤမျှကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးကို သူတို့အပေါ်သို့ လွှဲပြောင်းရယူရန် မဖြစ်နိုင်ပေ။
ထိုသူက လူတစ်ယောက်ဖြစ်
။ သည်၊ သာမန် ကြောင် သို့မဟုတ် ခွေးတစ်ကောင် မဟုတ်ပေ။
သူတို့အနေဖြင့် ထိုမျှလောက်သော အလေးချိန်ကို ထမ်းဆောင်နိုင်စွမ်း မရှိကြပေ။
“ကိုယ်တို့ နေရာအခြေတကျ ရှိသွားပြီဆိုတာနဲ့ ဆေးရုံတွေကို သွားပြီး စုံစမ်းကြည့်ကြတာပေါ့၊
ဒါရိုက်တာကျန်း ပြောခဲ့သလိုပဲ၊ နည်းနည်းလောက် ဝေဒနာသက်သာစေနိုင်ရင်တောင်မှ အဆင်ပြေတာပဲလေ”
ကျန်းကျိ၏ ရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း၊ ရောဂါထဖောက်သည့် အကြိမ်အရေအတွက် နည်းပါးသွားသရွေ့ သူ၏ဘဝအပေါ် သက်ရောက်မှုက ထိုမျှလောက်အထိ ကြီးမားလိမ့်မည် မဟုတ်ပေ။
သို့သော် ဤရောဂါက မျိုးရိုးလိုက်နိုင်သော အခွင့်အရေး ရှိနေသည်။
ကျန်းကျိ၏ ရောဂါထဖောက်မှုနှုန်းတို့ လျော့နည်းသွားချိန်တွင် ဒါရိုက်တာကျန်းအနေဖြင့် ကျန်းကျိကို အိမ်ထောင်ချပေးရန်နှင့် သားသမီးယူရန်အတွက် ကြိုးပမ်းလာခြင်းမျိုး မရှိပါစေနှင့်ဟုသာ ဆုတောင်းရပေလိမ့်မည်။
ထိုသို့ဆိုလျှင် တခြားလူများကိုပါ ဒုက္ခပေးရာ ရောက်သွားပေလိမ့်မည်။
ဇနီးမောင်နှံနှစ်ဦးလုံးက နေအိမ်ကိစ္စကို ထပ်မံ၍ ထုတ်ဖော်ပြောဆိုခြင်း မရှိကြတော့သော်လည်း၊ သူတို့တစ်ဦးစီတွင် ကိုယ်ပိုင်အတွေးအမြင်များက ရှိနေခဲ့ကြလေ၏။
သူတို့က ဦးစွာ လှိုက်လှဲနွေးထွေးတတ်သော အစ်မမာနှင့် ဆက်သွယ်လိုက်ကြလေသည်။
ထို့နောက် နေအိမ်ကို ပြန်လည် ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးအလုပ်သမား အနည်းငယ်ကို သုံးရက်စာ ငှားရမ်းလိုက်ကြလေ၏။
လုပ်အားခနှင့် ကုန်ကြမ်းပစ္စည်းများ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်က ငါးဆယ့်ရှစ်ယွမ် ဖြစ်သည်။
ထိုငွေပမာဏက တရားဝင်အလုပ်သမားတစ်ဦး၏ တစ်လစာနှင့် ညီမျှ၏။
ပြောရလျှင် ပေကျင်းမြို့၏ ကုန်ဈေးနှုန်းများက ကြီးမားလွန်းသည်။
ပိုင်မားခရိုင်တွင် ဝရံတာကို တစ်မီတာကျော်အထိ ချဲ့ထွင်ရန်အတွက် ကျောက်တုံးများချခြင်း၊ တိုင်ထူခြင်းနှင့် နံရံဆောက်ခြင်း အားလုံးအပါအဝင် ကုန်ကျစရိတ်က (၂၀ ) ယွမ်မျှသာ ရှိခဲ့၏။
နေအိမ်ကို ပြုပြင်ပြီးသွားသည့်အချိန်တွင် ဇနီးမောင်နှံနှစ်ဦးက ဧည့်ဂေဟာမှ ထွက်ခွာခဲ့ကြပြီး ကလေးနှင့်အတူ အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေတော့သည်။
ထို့နောက်တွင် စုရှောင်လော်အတွက် မူလတန်းကျောင်းသို့ တက်ရောက်ခွင့် အပ်နှံရန်အလုပ်တာဝန် ပေါ်ပေါက်လာခဲ့ရလေပြီ။
*