အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း(307)
စုရှောင်လော်က အမှန်တကယ်ပင် ငယ်ရွယ်လွန်း၏။
တွက်ချက်လျှင် သူမက နှစ်သစ်ကူးပြီးနောက်တွင်မှ အသက်ခြောက်နှစ် ပြည့်မြောက်လိမ့်မည်။
ထို့အပြင် သူမက ဆောင်းရာသီတွင် မွေးဖွားခဲ့ခြင်းဖြစ်၍ အသက်အစစ်အမှန်ကို တွက်ချက်မည်ဆိုပါက အသက်လေးနှစ်သာ ရှိသေးပြီး ငါးနှစ်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်လေ၏။
အစိုးရပိုင် မူလတန်းကျောင်းမှ ဆရာမများက ကလေး၏ အသက်အရွယ်ကို မြင်လိုက်ရသည်နှင့် ခေါင်းကို ပြင်းထန်စွာ ခါယမ်းကြလေတော့သည်။
ဤကျောင်းက မူလတန်းကျောင်း ဖြစ်သည်။ မူကြိုကျောင်း မဟုတ်ပေ။
အကယ်၍ ကလေးငယ်က ငိုယိုခြင်း ၊ ဂျီကျခြင်းများကို ပြုလုပ်ခဲ့မည်ဆိုပါက ဆရာမများအနေဖြင့် ကလေးကို ပွေ့ချီခြင်း၊ ချော့သိပ်ခြင်းများကိုပါ လုပ်ပေးနေရပါမည်လား။
“ဒါပေမဲ့ ဒီကလေးက ပဉ္စမတန်း သင်ခန်းစာတွေကို ကိုယ်တိုင် လေ့လာသင်ယူပြီးသားဖြစ်နေပါပြီ”
သူတို့ကို ဦးဆောင်၍ ခေါ်လာခဲ့သော ဆရာမက လမ်းခရီးတစ်လျှောက်တွင် စုဝေ့ချင်း၏ ကြွားဝါပြောဆိုမှုများကို အများကြီး ကြားခဲ့ရသည်။
ဤသည်က အမှန်တရားဟုတ်မဟုတ်ကို သူမ မသိသော်လည်း ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းက ထိခိုက်စရာ မရှိပေ။
အကယ်၍ အမှန်တကယ်သာ ဖြစ်ခဲ့မည်ဆိုပါက ဤကလေးငယ်က ပါရမီရှင်လေးတစ်ဦး ဖြစ်ပေလိမ့်မည်။
အကယ်၍ အတုအယောင်ဖြစ်နေခဲ့ပါကလည်း သူမက သူတပါး၏ မုသာဝါဒကို ယုံကြည်မိခဲ့သော ရိုးသားသည့် လူတစ်ဦး ဖြစ်သွားရုံမျှသာရှိ၍ မည်သည့်ဆုံးရှုံးမှုမျှ ခံစားရမည် မဟုတ်ပေ။
“တကယ်လား”
ကျောင်းအုပ်ကြီးက စုရှောင်လော်ကို အနည်းငယ် အံ့ဩသွားသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်လေ၏။
ဤကလေးငယ်က ပဉ္စမတန်း ပုစ္ဆာများကို တွက်ချက်နိုင်ပြီလား။
ကျောင်းအုပ်ကြီး၏ မယုံကြည်မှုကို ရိပ်မိလိုက်သောကြောင့် ဖြစ်နိုင်သည်။ စုရှောင်လော်တစ်ယောက် သူမ၏ကျစ်ဆံမြီးလေးကို လှုပ်ခါလိုက်ရင်း ပြောလိုက်လေသည်။
“ကျောင်းအုပ်ဘိုးဘိုး. ရှောင်လော်ကို ပုစ္ဆာတွေ ပေးလို့ရပါတယ်၊ ရှောင်လော်က အကုန်လုံးကို ဖြေရှင်းပေးနိုင်ပါတယ်နော်”
ကျောင်းအုပ်ကြီးအနေဖြင့် အမှန်တကယ်ပင် မယုံကြည်နိုင်သေးပေ။
အဓိကပြဿနာက ကလေးငယ်က အလွန်ပင် ငယ်ရွယ်လွန်းနေသေးသည်။
သူမက ဝတုတ်လေးဖြစ်ပြီး သေးငယ်လွန်းသည်မဟုတ်သော်လည်း သူမ၏ မွေးသက္ကရာဇ်ကိုတော့ဖြင့် လိမ်လည်၍ မရနိုင်ပေ။
ဤကလေးငယ်က အစစ်အမှန် ကလေးငယ်တစ်ဦးသာ ဖြစ်လေ၏။
“တကယ်ပြောတာ၊ တကယ်ပါနော် ဘိုးဘိုး၊ သမီးရဲ့ မိဘနှစ်ယောက်လုံးက တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြတာမို့လို့ သမီးလည်း မူလတန်းကျောင်းသူတစ်ယောက် ဖြစ်ချင်လို့ပါ”
စုရှောင်လော်က ကျောင်းအုပ်ကြီးမှ သူမကို မယုံကြည်သည်ကို မြင်လိုက်ရသည့်အချိန်တွင် ကျောင်းအုပ်ကြီးက သူမကို လက်မခံဘဲ နေမည်ကို စိုးရိမ်သောကြောင့် ခြေဆောင့်လျက် အလျင်စလို ပြောဆိုလေတော့သည်။
သူမ၏ စိတ်ကူးထဲတွင် တက္ကသိုလ်ကျောင်းသားနှင့် မူလတန်းကျောင်းသားက တူညီလေ၏။
ကွာခြားချက်က သူမ၏မိဘများက လူကြီးများဖြစ်ကြသောကြောင့် တက္ကသိုလ်ကျောင်းသားဟု ခေါ်ဆိုခြင်းဖြစ်ပြီး၊ သူမက ကလေးငယ်သာ ဖြစ်သေးသောကြောင့် မူလတန်းကျောင်းသူသာ ဖြစ်နိုင်ခြင်းပင်။
ကျောင်းအုပ်ကြီးအနေဖြင့် ကလေးငယ်၏ အပြုအမူကြောင့် ရယ်မောမိသွားရလေ၏။
“အိုး၊ သမီးက တက္ကသိုလ်ကျောင်းသားနဲ့ မူလတန်းကျောင်းသားအကြောင်းကိုတောင် သိနေတာလား”
သူက စုရှောင်လော်၏ အပေါ်သို့ ထောင်ထွက်နေသော ကျစ်ဆံမြီးလေးကို လက်ဖြင့် အသာအယာ တို့လိုက်လေသည်။
ထို့နောက် စုဝေ့ချင်းဘက်သို့ လှည့်၍ ဆက်လက်၍ ပြောလိုက်လေ၏။
“ငါတို့က သူမကို လက်မခံချင်တာ မဟုတ်ပါဘူးရဲဘော်၊ ကလေးက အရမ်း ငယ်ရွယ်လွန်းလို့ပါ၊
မင်းတို့ရဲ့ ခံစားချက်ကို ငါ ကိုယ်ချင်းစာ နားလည်နိုင်ပေမဲ့ ကလေးကို အရမ်းမြန်မြန် ကြီးပြင်းလာအောင်တော့ အတင်းအကျပ် မလုပ်သင့်ပါဘူး”
ဤစကားလုံးများက စုဝေ့ချင်းနှင့် သူ၏ဇနီးမှ စုရှောင်လော်ကို မူလတန်းကျောင်းသို့ သွင်းနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ပြောဆိုနေကြခြင်း ဖြစ်လိမ့်မည်ဟု ရည်ညွှန်းနေခဲ့ခြင်း ဖြစ်သည်။
“ငါတို့နဲ့ မလှမ်းမကမ်းမှာ မူကြိုကျောင်းတစ်ခု ရှိပါတယ်၊ မင်းနဲ့ မင်းရဲ့ဇနီးက နေ့ခင်းဘက် ကျောင်းတက်တဲ့အချိန်ကျရင် ကလေးကို အဲဒီကို ပို့ထားလို့ ရတာပေါ့၊
အဲဒါက အစိုးရပိုင် မူကြိုကျောင်း ဖြစ်သလို အဲဒီက ဆရာမတွေကလည်း တကယ့်ကို တာဝန်သိကြပါတယ်”
ကျောင်းအုပ်ကြီး၏ စုဝေ့ချင်းအပေါ် စိုက်ကြည့်နေသော အကြည့်များက စုဝေ့ချင်းအား တာဝန်မဲ့လွန်းသည်ဟု ပြစ်တင်ဝေဖန်နေသကဲ့သို့ ဖြစ်နေလေ၏။။
စုဝေ့ချင်းက အနည်းငယ် ရယ်လည်းရယ်ချင် စိတ်လည်းပျက်သွားရ၏။
သူက အမြန်ပင် ပြောလိုက်လေသည်။
“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ဒီနှစ်မှာ တက္ကသိုလ်ပထမနှစ် ကျောင်းသားတွေ ဖြစ်ကြတာပါ၊
အိမ်မှာတုန်းက ဒီကလေးအတွက် အခြေခံတွေကို သင်ကြားပေးခဲ့ဖူးပါတယ်၊ နောက်ပိုင်းမှာလည်း သူမက သူမရဲ့ဝမ်းကွဲအစ်ကိုနှင့်အတူ စာပေလေ့လာခဲ့တာပါ၊
သူမက သူမရဲ့ဝမ်းကွဲအစ်ကိုကိုတောင် ပုစ္ဆာတွေကို တွက်ချက်ဖို့တောင် ပြန်သင်ပေးခဲ့ရတာမျိုးအထိ ဖြစ်သွားခဲ့ရတာပါ၊
ကျွန်တော့်အနေနဲ့ ကလေးမှာ ပါရမီ ရှိနေတာမို့လို့ အဲဒါကို အလဟဿ မဖြစ်စေချင်လို့ ဒီကိုခေါ်လာပြီး စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါပဲ၊ ကျောင်းအုပ်ကြီးအနေနဲ့ သူမကို ပုစ္ဆာတချို့ ပေးကြည့်လို့ ရမလား”
ဝမ်းကွဲအစ်ကိုကိုတောင် ပုစ္ဆာတွက်နည်း ပြန်ရှင်းပြခဲ့တာလား။
စုဝေ့ချင်း၏ လေသံက အလျှော့ပေးမည့်ပုံစံမျိုး မဟုတ်သည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ကျောင်းအုပ်ကြီးလည်း စိတ်ဝင်စားသွားခဲ့ရသည်။
တကယ်လို့ ဒီကလေးက အစစ်အမှန် ပါရမီရှင်လေးတစ်ဦး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် သူက သူ့ကိုယ်စား စကားပြောပေးခဲ့သော ဆရာမဘက်သို့ လှည့်၍ ပြောလိုက်လေ၏။
“ဆရာမဖန်၊ ငါ့ကို မနှစ်က စာမေးပွဲမေးခွန်းစာရွက် နှစ်စောင်လောက် သွားယူပေးပါဦး”
ဤဆရာမမှာလည်း ပဉ္စမတန်း၏ အတန်းပိုင်ဆရာမ ဖြစ်နေခဲ့လေသည်။
ဆရာမဖန်တွင် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပါချေ သူမက ဝမ်းသာအားရပင် သူမ၏ရုံးခန်းသို့ ပြန်သွားခဲ့လေ၏။
မကြာမီမှာပင် တရုတ်စာတစ်စောင်နှင့် သင်္ချာတစ်စောင်၊ မေးခွန်းစာရွက် နှစ်စောင်ကို ယူဆောင်၍ ပြန်လည်၍ရောက်ရှိလာခဲ့လေ၏။
ထိုမေးခွန်းများကို ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ပြီးနောက် သူမက စုရှောင်လော်ကို ပြုံး၍ စိုက်ကြည့်နေခဲ့လေတော့သည်။
သူမအနေဖြင့် စုရှောင်လော်လေးကို သူမ၏အတန်းထဲသို့ ခေါ်ဆောင်လာနိုင်မည့် ပါရမီရှင်လေးတစ်ဦး အမှန်တကယ်ပင် ဖြစ်နေပါစေဟူ၍ ရိုးသားစွာ မျှော်လင့်နေခဲ့၏။
ထိုသို့ဆိုလျှင် သူ၏မျက်နှာပန်းကလည်း အလွန်အမင်း ပွင့်လန်းသွားရလိမ့်မည် မဟုတ်ပါလား။
စုရှောင်လော်က စမ်းသပ်စစ်ဆေးခံရခြင်းအပေါ်တွင် အသားကျနေခဲ့ပြီဖြစ်၍ လူကြီးအများအပြားက ဝိုင်းအုံကြည့်ရှုနေကြခြင်းကိုလည်း ကြောက်ရွံ့ထိတ်လန့်ခြင်း လုံးဝမရှိပေ။
သူမက ခဲတံကိုကောက်ကိုင်လျက် မေးခွန်းများကို ခပ်သွက်သွက်ပင် ဖြေဆိုလေတော့၏။
သူမ၏ မေးခွန်းဖြေဆိုနှုန်းက အလွန်ပင် လျင်မြန်လွန်းသည်။
တရုတ်စာဖြစ်စေ၊ သင်္ချာဖြစ်စေ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ပြတ်သားစွာပင် အဖြေများကို ရေးချသွားခဲ့၏။
ကျောင်းအုပ်ကြီးနှင့် ဆရာမ ဖန်တို့က အံ့ဩသွားကြရတော့သည်။
ဤကလေးငယ်က အမှန်တကယ်ပင် နားလည်နေခြင်းနှင့် လုံးဝနားမလည်ခြင်းတို့မှ တစ်ခုခုဖြစ်ရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ တစ်ဝက်လောက် နားလည်နေသည့် အခြေအနေမျိုးတော့ သေချာပေါက် မဟုတ်ပေ။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာခဲ့၍ လီရှန်းပင်လျှင် စိတ်မရှည်တော့ပေ။
သူက လူအုပ်စုထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး ပြတင်းပေါက်ဆီသို့ ဦးတည်လိုက်ကာ ပြတင်း ပေါက်၏ ဘောင်ကို မှီ၍ ရပ်နေခဲ့လေတော့၏။
“နည်းနည်းလောက် ထပ်ပြီး သည်းခံလိုက်ပါဦး၊ မင်းရဲ့သမီးလေးက စာမေးပွဲဖြေနေတာလေ”
စုဝေ့ချင်းတစ်ယောက် စာမေးပွဲအပေါ်တွင်သာ အာရုံနစ်မြုပ်နေကြသော ဆရာနှစ်ဦးကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ထို့နောက် မျက်နှာအမူအရာ တည်ကြည်နေသော်လည်း အမှန်တကယ်တွင် ပြတင်းပေါက်ဘောင်ပေါ်သို့ ကျောတစ်ဝက်ခန့် မှီထားသော လီရှန်းကို ကြည့်လိုက်ပြန်လေ၏။
သူ မရယ်ဘဲမနေနိုင်တော့သောကြောင့် လီရှန်း၏ပုံစံအတိုင်းပင် တိတ်တဆိတ် အနောက်သို့ ဆုတ်လာခဲ့ပြီး သူမ၏ဘေးနားရှိ နံရံကို မှီ၍ ရပ်လိုက်လေသည်။
“ကျွန်မတို့ သမီးလေး တကယ်ပဲ အောင်မြင်နိုင်ပါ့မလား”
လီရှန်းက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေသည်။
“ဘာကို စိုးရိမ်နေတာလဲ”
ဆန့်ကျင်ဘက်အနေဖြင့် စုဝေ့ချင်းက ပိုမို၍ ယုံကြည်မှုရှိနေခဲ့ပြီး မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။
သူ၏စိတ်ထဲတွင် သူ၏သမီးငယ်လေးက ဘုရားသခင်၏ မျက်နှာသာပေးမှုကို အခံရဆုံးသော ကလေးငယ် ဖြစ်သည်။
သူမက မိခင်၏ဝမ်းထဲ၌ သန္ဓေသားဘဝကတည်းက စနစ်၏ သေသေချာချာ ပြုစုပျိုးထောင်ပေးခြင်းကို ခံခဲ့ရသော ပါရမီရှင်ကလေးလေးတစ်ဦး မဟုတ်ပါလား။
ယခုစာမေးပွဲက ပဉ္စမတန်း စာမေးပွဲမျှသာ ဖြစ်သည်။
လီရှန်းက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဤအမျိုးသားက အလွန်ပင် ယုံကြည်ချက်လွန်ကဲနေသည်ဟု ခံစားလိုက်ရလေ၏။
အကယ်၍ နောင်တစ်ချိန်တွင် သမီးဖြစ်သူက ကောင်းကင်ပေါ်သို့ တက်ချင်သည်ဟု ပြောလာခဲ့မည်ဆိုပါကလည်း ဤအမျိုးသားက သူ၏သမီးငယ်လေးက လေယာဉ်ပျံ တည်ဆောက်ချင်နေခြင်းဖြစ်သည်ဟု တွေးတောမိပေလိမ့်မည်။
ဇနီးမောင်နှံနှစ်ဦးက ပျင်းရိငြီးငွေ့စပြုလာချိန်မှာပင် စုရှောင်လော်က နောက်ဆုံး၌ ခဲတံကို ချလိုက်လေတော့၏။
သူမက မေးခွန်းစာရွက်ကို အလျင်စလို သွားရောက်မအပ်နှံဘဲ၊ သူမ၏နာမည်ကို ရေးသားထားသော နေရာသို့ ပြန်လည်ကြည့်ရှုလျက်၊ သူမ၏ နာမည်အပြည့်အစုံဖြစ်သော စုဝမ်ယန်ကို သေသေချာချာ ရေးသားထားခြင်း ရှိမရှိကို အတည်ပြုပြီးမှသာ ကျောင်းအုပ်ကြီးနှင့် ဆရာမဖန်တို့ကို မော့ကြည့်ပြီး ပြောလိုက်လေ၏။
“သမီး ဖြေလို့ပြီးပါပြီ”
ထိုနူးညံ့လွန်းသော ကလေးငယ်၏ လေသံလေးကြောင့် ကျောင်းအုပ်ကြီးအနေဖြင့် ရယ်မောမိသွားရရှာသည်။
“သမီး နောက်တစ်ခေါက် ပြန်မစစ်တော့ဘူးလား”
စုရှောင်လော်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေ၏။
“ပြန်စစ်ဖို့ မလိုတော့ပါဘူး”
ကျောင်းအုပ်ကြီးက ကလေးငယ်များ၏ အကြောင်းပြချက်မရှိသော ကိုယ်ပိုင်ယုံကြည်မှုများကို အသားကျနေပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် ဤကဲ့သို့သော အမူအရာရှိသည့် ကလေးများက စာမေးပွဲတွင် ကောင်းမွန်စွာ ဖြေဆိုနိုင်ခြင်း မရှိကြပေ။
မေးခွန်းစာရွက်ကို အပ်နှံပြီးနောက်တွင် စုရှောင်လော်က စိတ်အေးသွားသကဲ့သို့ ထိုင်ခုံပေါ်မှ ခုန်ဆင်းခဲ့ပြီး မိဘများရှိရာဆီသို့ ပြေးလာခဲ့လေတော့သည်။
“အဖေနဲ့အမေ၊ သမီး စာမေးပွဲဖြေလို့ ပြီးသွားပြီ”
“ရှောင်လော်က တကယ့်ကို တော်တာပဲ၊ သမီး ညောင်းနေပြီလား၊ အဖေ သမီးရဲ့ လက်လေးတွေကို နှိပ်ပေးမယ်နော်”
စုဝေ့ချင်းက ခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး ရှောင်လော်၏ ဖောင်းအိနေသော လက်လေးများကို အသာအယာ နှိပ်နယ်ပေးလေ၏။
*