အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း(308)
စုရှောင်လော်က စနစ်ထဲ၌ စာပေများကို ကြိုးစားလေ့လာနေခဲ့သော်လည်း ယခင်က ဤမျှလောက်အထိ စာလုံးအမြောက်အမြားကို တစ်ခေါက်မျှ မရေးဖူးခဲ့ပေ။
သူမက မေးခွန်းစာရွက် နှစ်စောင်လုံးကို တစ်ထိုင်တည်းနှင့် ပြီးအောင် ရေးသားခဲ့ရခြင်းဖြစ်၍ စုဝေ့ချင်းအနေဖြင့် သူမအတွက် အလွန်ပင် သနားမိသည်။
စုဝေ့ချင်းနှင့် နှိုင်းယှဉ်လိုက်လျှင် လီရှန်း၏ အမူအရာက ကျိုးကြောင်းဆီလျော်နေခဲ့၏။
သူမက စုရှောင်လော်၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ခုံပုတစ်လုံးကို ဆွဲယူလျက် ထိုင်လိုက်လေသည်။
ထိုနောက် စုရှောင်လော်ကို သူမ၏ရင်ခွင်ထဲသို့ ပွေ့ပိုက်ထားရင်း စာမေးပွဲရလဒ် ထွက်ပေါ်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့လေ၏။
မေးခွန်းစာရွက်များကို အဓိက အမှတ်ပေးစစ်ဆေးနေသူက ဆရာမ ဖန််ဖြစ်သည်။
အဆုံးသတ်တွင် သူမက ထိုဘာသာရပ်၏ အတန်းပိုင်ဆရာမဖြစ်သောကြောင့် ပဉ္စမတန်း၏ အသိပညာဗဟုသုတများကို ပိုမို၍ နားလည်သဘောပေါက်ထားသောကြောင့် ဖြစ်လေ၏။
ကျောင်းအုပ်ကြီးက လက်ထဲတွင် ရေနွေးကြမ်းခွက်ကို ကိုင်ထားလျက် ဘေးနားတွင် တိတ်တဆိတ် ရပ်ကြည့်နေခဲ့သည်။
ဆရာမဖန်၏ အနီရောင်အမှတ်အသား အမှန်ခြစ်လေးများက စာရွက်ပေါ်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ၊ ကျောင်းအုပ်ကြီးက ရေနွေးကြမ်းသောက်ခြင်းကို ရပ်တန့်လိုက်ရုံမျှမက သူ၏မျက်နှာအမူအရာကလည်း အနည်းငယ် တည်ကြည်တင်းမာလာခဲ့ရလေတော့၏။
ဆရာမဖန်က စစ်ဆေးရင်းနှင့် ပိုမို၍ စိတ်လှုပ်ရှားလာခဲ့ရလေသည်။
အမှန်ခြစ်လေးများက ပိုမို၍ ကြီးမားလာခဲ့ပြီး သူမ၏ အပြုအမူများတွင်လည်း ထူးခြားလွန်းသော တက်ကြွမှု အရိပ်အယောင်များက ပြည့်နှက်နေခဲ့ရ၏။
နောက်ဆုံးပုစ္ဆာအတွက် ဆရာမ ဖန်က စိတ်လှုပ်ရှားစွာဖြင့် အမှန်ခြစ်ကြီးတစ်ခုကို ခြစ်လိုက်လေသည်။
ထို့နောက် သူမ၏ လက်ထဲမှ ဘောပင်ကို ပစ်ချလိုက်ပြီး ဝမ်းသာအားရပင် အော်ဟစ်လိုက်လေတော့၏။
“ကျောင်းအုပ်ကြီး၊ ဒီကျောင်းသူက ကျွန်မကိုယ်တိုင် ကျောင်းထဲကို ခေါ်ဆောင်လာခဲ့တာဖြစ်လို့ ကျွန်မတို့ရဲ့ အတန်းထဲမှာပဲ မဖြစ်မနေ ထည့်ပေးပါနော်”
ကျောင်းအုပ်ကြီး : “...”
“မင်းပဲ ကလေးအငယ်လေးတွေကို စောင့်ရှောက်ရတာကို မကြိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
ဆရာမဖန်က ချက်ချင်းပင် တရားမျှတလွန်းသော လေသံဖြင့် ကြေညာလိုက်လေတော့၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ၊ ကျွန်မက ကလေးတွေကို အချစ်ဆုံးပါ၊ ဒီကလေးငယ်က ငိုယိုခဲ့မယ်ဆိုရင်တောင်မှ ကျွန်မက သူမကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ချော့သိပ်ရင်းနဲ့ ကျောင်းသားတွေကို သင်ခန်းစာတွေ သင်ပေးနိုင်ပါတယ်”
ထို့ကြောင့် သူမက ကလေးငယ်ကို သူမ၏အတန်းထဲသို့ ထည့်ပေးပါရန်အတွက် အသည်းအသန်ပင် တောင်းဆိုနေခဲ့လေတော့၏။
ဤကလေးငယ်က စစ်မှန်သော ပါရမီရှင်လေးတစ်ဦး ဖြစ်ပေလိမ့်မည်။
ဆရာမဖန်က ယခင်က ပါရမီရှင်တချို့ကို မြင်တွေ့ဖူးခဲ့သည်။
ဥပမာအားဖြင့် အတန်း(၃)မှ ခွမ်းချောင်ကဲ့သို့သော ကလေးမျိုး ဖြစ်လေ၏။
သူက စာကို အများကြီး လေ့လာနေပုံမရသော်လည်း ဘာသာရပ်တိုင်းတွင် အမှတ်ပြည့် အမြဲရရှိလေ့ရှိသည်။
ဆရာမဖန်က ယခင်က ထိုကလေးက အလွန်ပင် ထူးခြားထက်မြက်သည်ဟု ထင်မြင်ခဲ့ဖူးလေ၏။
သို့သော် ယခုအချိန်တွင် အခြေအနေများက ပြောင်းလဲသွားခဲ့ရလေသည်။
ခွမ်းချောင်ဟူသည်က အတိတ်ကာလမှ အရာတစ်ခုသာ ဖြစ်သွားပြီး ယခင် ပါရမီရှင်တစ်ဦးမျှသာ ဖြစ်သည်။
ဆရာမဖန်၏ စိတ်ထဲမှ အသစ်စက်စက် ပါရမီရှင်လေးနေရာသို့ စုရှောင်လော်က အစားထိုး နေရာယူသွားခဲ့လေ၏။
ကျောင်းအုပ်ကြီးက ပိုမို၍ ဆွံ့အသွားရလေတော့သည်။
ဆရာမဖန်က ဘာတွေဖြစ်နေရတာလဲ။ သူမက သူမရဲ့ကျောင်းသားအတွက်နှင့် သူမရဲ့ကျင့်ဝတ်စည်းကမ်းတွေ အားလုံးကို စွန့်လွှတ်လိုက်တာမျိုးလား။
ဆရာမဖန်အတွက်တော့ ပါရမီရှင်ကလေးငယ်တစ်ဦးကို ဆုံးမသွန်သင်ပေးနိုင်မည့် ဆရာတစ်ဦးဖြစ်လာရန်အတွက် ကျင့်ဝတ်စည်းကမ်းတို့က အရေးမကြီးတော့ပေ။
ထိုစကားလုံးများက ကြမ်းတမ်းနေနိုင်သော်လည်း မှန်ကန်ပေသည်။
ကျောင်းအုပ်ကြီးကလည်း အနည်းငယ် စိတ်လှုပ်ရှားမိသွားခဲ့ရ၏။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြန်လည်ကျင်းပလာခဲ့သည်နှင့်အမျှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအပေါ် ကျရောက်လာမည့် ဝန်ထုပ်ဝန်ပိုးများက ပိုမို၍ ကြီးမားလာပေလိမ့်မည်။
တက္ကသိုလ်တက်ရခြင်းက ကောင်းမွန်သည်ကို မည်သူက မသိရှိဘဲ နေပါမည်နည်း။
နိုင်ငံတော်အနေဖြင့် ပါရမီရှင်များ ပြတ်လပ်နေခြင်းကြောင့်သာ ဝင်ခွင့်စံနှုန်းများကို ဖွင့်လှစ်ပေးနေခဲ့ခြင်းပင် မဟုတ်ပါလား။
မိဘများက သူတို့၏ကလေးများအပေါ် ကြီးမားသော မျှော်လင့်ချက်များကို ထားရှိကြသကဲ့သို့၊ ကျောင်းများအပေါ်တွင်လည်း ထိုထက်ပိုမိုသော မျှော်လင့်ချက်များကို ထားရှိကြသည်။
ယခုအချိန်တွင် ထိုအရာက ထူးခြားလွန်းသည်မဟုတ်ဟု ထင်ရ၏။
သို့သော် နောက်ပိုင်းတွင် ကျောင်းအနေဖြင့် တက္ကသိုလ်ဝင်ခွင့် အောင်ချက်ရာခိုင်နှုန်းနှင့် ပတ်သက်၍ သတ်မှတ်ချက်များက သေချာပေါက် ရှိလာပေလိမ့်မည်။
ကျောင်းအုပ်ကြီးက အနာဂတ်အတွက် ကြိုတင်၍ ပြင်ဆင်ထားတတ်သူဖြစ်သည်။
သူမကျောင်းအတွက် ဂုဏ်သရေဆောင်ပေးနိုင်မည့် ကျောင်းသူကောင်းတစ်ဦးကို လွတ်ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။
ကျန်ရှိနေသော လုပ်ငန်းစဉ်များက အလွန်ပင် ချောမွေ့သွားခဲ့ရလေတော့သည်။
ကျောင်းဝင်ခွင့်ကို အတည်ပြုခြင်း၊ ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်များကို အပြီးသတ်ခြင်းနှင့် ကျောင်းတက်ရမည့် နေ့ရက်ကို မှတ်တမ်းတင်ခြင်း စသည်တို့ ဖြစ်သည်။
ထိုဇနီးမောင်နှံနှစ်ဦးက အလွန်စောစီးစွာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်လေ၏။
မူလတန်းကျောင်းက လဆန်းတစ်ဆယ့်ငါးရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။
တက္ကသိုလ်က တစ်ဆယ့်ရှစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်လေ၏။
ထို့ကြောင့် စုရှောင်လော်၏ အစောပိုင်းကာလ ကျောင်းနှင့် အသားကျရေးအတွက် ကူညီပေးရန်အတွက် အချိန်လုံလောက်စွာ ရရှိစေနိုင်သည်။
ကျောင်းအပ်နှံခြင်း လုပ်ငန်းစဉ်များက အောင်မြင်စွာ ပြီးဆုံးသွားပြီးနောက်တွင် ထိုမိသားစုဝင် သုံးဦးက ကျောင်းအုပ်ကြီးနှင့် ဆရာမဖန်တို့ကို နှုတ်ဆက်စကား ပြောခဲ့ကြလေတော့၏။
ဆရာမဖန်က ကြင်နာလွန်းသော အပြုံးများဖြင့် သူတို့၏ ပုံရိပ်များက လမ်းထောင့်သို့ ကွေ့ဝင်၍ ပျောက်ကွယ်သွားသည့် အချိန်အထိ စိုက်ကြည့်နေခဲ့သည်။
ထို့နောက်မှသာ နှုတ်ဆက်နေခဲ့သော သူမ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်လေတော့၏။
ကျောင်းအုပ်ကြီးက နှာခေါင်းကိုရှုံ့လျက် ပြောလိုက်လေသည်။
“အဲဒီကလေးက တကယ့်ကို ထက်မြက်တာအမှန်ပဲ၊ ပြီးတော့ တကယ့်ကိုလည်း ငယ်ရွယ်လွန်းသေးတယ်၊ တကယ်လို့ မင်း သူမကို စနစ်တကျ မစီမံနိုင်ဘူးဆိုရင်တော့.. ငါ သူမကို တခြားအတန်းထဲကို မဖြစ်မနေ ပြောင်းရွှေ့ပေးရလိမ့်မယ်”
ဒီလောက်အထိ အလားအလာရှိတဲ့ ပါရမီရှင်လေးကို ပျက်စီးသွားအောင် လုပ်လို့မဖြစ်ဘူး။
“ကျောင်းအုပ်ကြီးကတော့ အားနာနေပါပြီ၊ ကျွန်မက ကလေးတွေကို အရာအားလုံးထက် ပိုပြီး ချစ်မြတ်နိုးပါတယ်”
သူမက ဆူညံတတ်သော ကလေးများကိုသာ သဘောမကျခြင်းဖြစ်၏။
ဤကဲ့သို့သော ပါရမီရှင်လေးများအပေါ်တွင် အလွန်ပင်သည်းခံခွင့်လွှတ်တတ်သူ ဖြစ်သည်။
စုဝေ့ချင်းတို့ဇနီးမောင်နှံနှစ်ဦးက ဆရာမဖန်မှ စုရှောင်လော်အတွက်နှင့် သူမ၏ ကျင့်ဝတ်စည်းကမ်းများကိုပင် ပြောင်းလဲလိုက်သည်ဟူသော အချက်ကို လုံးဝသိရှိခြင်း မရှိကြပေ။
သူတို့က စုရှောင်လော်ကို ပွေ့ချီလျက် နိုင်ငံပိုင် စားသောက်ဆိုင်ဆီသို့ ဦးတည်ခဲ့ကြသည်။
သူတို့ သုံးဦးလုံးက သူတို့ မျှော်လင့်ထားခဲ့သော ကျောင်းများသို့ တက်ရောက်ခွင့် ရရှိခဲ့ကြသည်။
ထို့ကြောင့် ထိုသို့တက်ရောက်ခွင့်ရခြင်းအပေါ် ဂုဏ်ပြုဆင်နွှဲသင့်ပေ၏။
နိုင်ငံပိုင် စားသောက်ဆိုင်ထဲ၌ ယခင်အတိုင်းပင် စည်ကားကျပ်ညပ်နေခဲ့သည်။
သို့သော်လည်း ထိုမိသားစုဝင်သုံးဦးက ကံကောင်းခဲ့ကြ၏။
ထိုအချိန်မှာပင် စားပွဲတစ်ခုမှ လူများက စားသောက်ပြီး၍ ထွက်ခွာရန်အတွက် ထရပ်လိုက်ကြလေသည်။
သူတို့က တိုက်ဆိုင်စွာပင် ထိုစားပွဲ၏ ဘေးနားတွင် ရပ်နေခဲ့ကြခြင်း ဖြစ်လေ၏။
သူတို့က ချက်ချင်းပင် ဝင်ထိုင်လိုက်ကြပြီး စုဝေ့ချင်းက အဝတ်စုတ်တစ်ခုကို ဆွဲယူလျက် စားပွဲကို ခပ်သွက်သွက် သန့်ရှင်းရေး လုပ်လိုက်လေတော့သည်။
ထို့နောက်တွင်မှ သူက အစားအသောက်များကို ဝယ်ယူရန်အတွက် ရိက္ခာကူပွန်များကို ယူဆောင်၍ ထွက်ခွာသွားခဲ့လေ၏။
သူက နောက်ထပ်တစ်ကြိမ် ကံကောင်းခဲ့ပြီး၊ နောက်ဆုံးကျန်ရှိနေသော ဝက်သားနီချက် တစ်ပွဲကို မှာယူနိုင်ခဲ့ရလေတော့သည်။
“ဒီနေ့တော့ ကိုယ်တို့မိသားစု တကယ်ကံကောင်းတာပဲ”
စုဝေ့ချင်းက လက်မှတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက်ပြန်လာရင်း လီရှန်းကို ပြောလိုက်လေသည်။
“ဒီနေ့ ဘယ်လိုကံထူးတဲ့နေ့မျိုးလဲဆိုတာ ကိုယ်တောင် မတွေးတတ်တော့ဘူး”
“အခုချိန်မှာတော့ နေ့တိုင်းက နေ့ရက်ကောင်းတွေချည်းပါပဲ”
စုဝေ့ချင်း၏ဘေးတွင် ရပ်နေသော လူငယ်က စုဝေ့ချင်း အဘယ်ကြောင့် ထိုကဲ့သို့ ညည်းတွားရသည်ကို မသိရှိပေ။
သို့သော် ကြားလိုက်ရသည့်အချိန်တွင် စိတ်ထဲတွင်ရှိနေသည့်အတိုင်းပင် မသိစိတ်ဖြင့် ဝင်ရောက်ထောက်ခံလိုက်မိသည်။
စုဝေ့ချင်းက အစပိုင်းတွင် အံ့အားသင့်သွားရသော်လည်း၊ ထို့နောက်မှ ပြုံးပြလိုက်ပြီး ထိုလူငယ်ကို ခေါင်းညိတ်ပြကာ ပြောလိုက်လေ၏။
“မင်းပြောတာ မှတ်တယ်”
ထိုလူငယ်က စုဝေ့ချင်းလည်း သူ့ကိုယ်သူ နှိမ့်ချစွာ ပြောဆိုဆက်ဆံသည်ကို မြင်သည့်အချိန်တွင် မျက်လုံးများက တောက်ပသွားရပြီး ချက်ချင်းပင် အနားသို့ တိုးကပ်လာခဲ့သည်။
“ခင်ဗျားတို့ သုံးယောက်က စားပွဲဝိုင်းတစ်ခုမှာ ထိုင်နေကြတာကို ကျွန်တော် မြင်လို့ပါ၊
ကျွန်တော်လည်း ဒီစားပွဲမှာပဲ အတူ ထိုင်စားလို့ ရမလား”
“ဘာလို့မရရမှာလဲ”
စုဝေ့ချင်းက ကျန်ရှိနေသော ခုံတန်းလျားများကို သဘောထားကြီးစွာ ညွှန်ပြပေးလိုက်လေသည်။
“ ထိုင်ပါ”
ထိုလူငယ်က ချက်ချင်းပင် သူ၏အိတ်ကို ခုံတန်းလျားပေါ်သို့ တင်လိုက်ပြီးနောက် ပြောလေသည်။
“ကျွန်တော် စားစရာသွားဝယ်လိုက်ဦးမယ်၊ အစ်ကိုနဲ့ မရီးတို့ ကျွန်တော့်အိတ်လေးကို ခဏလောက် ကြည့်ပေးထားလို့ ရမလား”
သူက ထိုသို့ပြောပြီးသည်နှင့် သုတ်ခြေတင်၍ ပြေးထွက်သွားလေတော့သည်။
လီရှန်းက ဆွံ့အသွားရပြီး တွေးလိုက်မိသည်။
..ဒီလူက အတော်လေး ပေါင်းသင်းဆက်ဆံရေး ကောင်းတာပဲ။
သူတို့က အခုပဲ သိရသေးတာကို အစ်ကိုနှင့် မရီးဆိုပြီး တရင်းတနှီး ခေါ်နေပြီလား။
စုဝေ့ချင်းလည်း အံ့ဩသွားရပြီး ပြောလိုက်လေသည်။
“သူတို့က နည်းနည်းတော့ ရိုးအ သေးတာပဲ”
ဤအိတ်က အသစ်စက်စက်ပုံစံမျိုး ဖြစ်သော်လည်း ခုံပေါ်တွင် ခပ်ပေါ့ပေါ့ပင် ပစ်ထားခဲ့သည်။
ထိုလူငယ်က လျင်မြန်စွာ ထွက်ခွာသွားပြီးနောက် သက်ဝင်လှုပ်ရှားနေသော ပုံစံဖြင့် ချက်ချင်းပင် ပြန်လည်၍ ရောက်ရှိလာခဲ့လေသည်။
သူက အိတ်ကို ကောက်ယူကာ ထိုင်လိုက်ပြီး စုဝေ့ချင်းကို တောက်ပစွာ ပြုံးပြလိုက်ရင်း ပြောလေ၏။
“မြို့တော်ကတော့ မြို့တော်ပဲ၊ နိုင်ငံပိုင် စားသောက်ဆိုင်တွေတောင် ဒီလောက်အထိ ကြီးတာ”
“မင်းက ဒီဒေသခံ မဟုတ်ဘူးလား”
သူ၏ ဝတ်စားဆင်ယင်ပုံမှစ၍ စကားပြော လေယူလေသိမ်းအဆုံး ဒေသခံတစ်ဦးနှင့် တထေရာတည်း တူညီနေလေ၏။
“မဟုတ်ပါဘူး၊ ကျွန်တော်က ဒီနေရာနဲ့ အတော်နီးတဲ့ ဟဲပေပြည်နယ်ကပါ၊
ပြီးတော့ ကျွန်တော်က နှစ်သစ်ကူးမတိုင်ခင်ကတည်းက ဒီကို ရောက်နေတာဆိုတော့ လေယူလေသိမ်းက နည်းနည်း ပြောင်းသွားတာလေ”
ဒီလူက တကယ့်ကို ပါရမီပါတာပဲ။ လေယူလေသိမ်း ပြောင်းလဲတာ အတော်လေး မြန်ဆန်လွန်းတယ်။
ထိုလူငယ်ကလည်း စကားများများပြောတတ်သူဖြစ်၍ မကြာမီပင် စုဝေ့ချင်းနှင့် စကားလက်ဆုံကျသွားလေတော့သည်။
*