← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း(310)

လီရှန်းမှာ ဟဲထန်၏အကြောင်းကိာပြန်ပြောရသည်ကိုပင် ရင်ဘတ်ကို ဖိထားမိပြီး အန်ချချင်စိတ်များဖြစ်နေရသည်။

တစ်ဖက်မှလူငယ်က ထိတ်လန့်သွားရ၏။

ဟဲထန်၏အကြောင်းကို ပြောလိုက်သည့်အချိန်တွင် ဤဇနီးမောင်နှံနှစ်ဦးလုံးထံမှ ဤမျှအထိ ပြင်းထန်သော တုံ့ပြန်မှုမျိုး ရှိလာလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့မိပေ။

တူညီသော ရွံရှာမုန်းတီးမှုများကလည်း သူတို့၏ မျက်နှာပေါ်တွင် ထင်ဟပ်နေကြလေသည်။

အမှန်အတိုင်း ပြောရလျှင် သူ့အနေဖြင့် ဟဲထန်အပေါ် မကောင်းမြင်စိတ် မရှိခဲ့ဖူးပေ။

ထိုလူက အသားအရေ ဖြူစင်ဝင်းပပြီး ရုပ်ရည်ချောမောကာ အလွန် နူးညံ့သိမ်မွေ့သူ ဖြစ်သည်။

ဤမျှအထိ ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင်ပင် အမြဲ ပြုံးရွှင်နေတတ်၏။

စိတ်ဓာတ်ကျနေသော သူ၏ အပေါင်းအဖော်များကိုလည်း နှစ်သိမ့်ပေးတတ်သေးသည်။

သူကိုယ်တိုင်လည်း အတိတ်က စိတ်ပျက်အားငယ်မှုများကို ကြုံတွေ့ခဲ့ဖူး၏။

အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေပြီး အသက်ရှင်နေရသည်က သေရသည်ထက်ပင် ပိုမို၍ နာကျင်ရသည်ဟု ခံစားခဲ့ဖူးသည်။

နောက်ပိုင်းတွင် ဟဲထန်က သူနှင့် စကားပြောဆိုခဲ့ပြီး စာကို ကြိုးစား သင်ယူလေ့လာရန်နှင့် သေချာပေါက် တောက်ပသော အနာဂတ် ရှိလာလိမ့်မည်ဖြစ်ကြောင်းကို ပြောခဲ့လေ၏။

ထိုအချိန်ကျမှသာ သူက စာပေလေ့လာခြင်း၌ ဇောက်ချလုပ်ကိုင်ခဲ့သောကြောင့် ယခုအချိန်တွင် တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ဟဲထန်၏ ထူးချွန်ထက်မြက်မှုကြောင့် အမျိုးသမီးပညာတတ်လူငယ်အများစုက သူ့ကို လေးစားအားကျခဲ့ကြရ၏။

သို့သော် သူက သူ၏ စိတ်နှလုံးထဲတွင် တခြားလူတစ်ဦး ရှိနေသည်ဟု ပြောပြီး မည်သူ့ကိုမျှ လက်မခံခဲ့ပေ။

ထို့အပြင် ပြင်းထန်စွာ ဖျားနာနေသော ကျန်းယွဲ့ကိုလည်း ကျန်းယွဲ့က သူ၏ စေ့စပ်ထားသူဖြစ်သည်ဟူသော အကြောင်းပြချက်သက်သက်ဖြင့် ဆက်လက်၍ ပြုစုစောင့်ရှောက်ပေးခဲ့၏။

ကျန်းယွဲ့ပင်လျှင် ကွယ်လွန်သွားသည့်တိုင်အောင်ပင် ဟဲထန်၏ ကောင်းသတင်းများကိုသာ ဆက်လက်၍ ပြောသွားခဲ့သေးသည်။

ထို့ကြောင့် သူက ဤဇနီးမောင်နှံနှစ်ဦးက ဟဲထန်အပေါ် အဘယ်ကြောင့် ဤမျှအထိ မုန်းတီးရွံရှာနေကြသည်ကို နားမလည်နိုင် ဖြစ်နေရ၏။

စုဝေ့ချင်းသည်ကား လီရှန်းမှ စုရှောင်လော်အတွက် ထမင်းပန်းကန်အသေးလေးများကို ပြင်ဆင်ထည့်သွင်းပေးသည့်အချိန်အထိ သူမကို နူးညံ့စွာ နှစ်သိမ့်ပေးနေခဲ့သည်။

ထို့နောက်မှသာ စိတ်ခံစားချက်များက ပြန်လည်၍ တည်ငြိမ်သွားပြီဖြစ်သော ထိုလူငယ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် နှုတ်ဆက်စကား ပြောလိုက်လေသည်။

“ကျွန်တော် မင်းရဲ့ မျိုးရိုးနာမည်ကို မသိသေးဘူးနော်”

ထိုလူငယ်က အနည်းငယ်ခြောက်ခြားသွားရသော်လည်း သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်ဆဲပင်။

“ကျွန်တော့်ရဲ့ မျိုးရိုးက လျို့ပါ၊ နာမည်ကတော့ လျို့ဖင်း လို့ ခေါ်ပါတယ်၊ အရင်က ပိုင်မားခရိုင်က ပညာတတ်လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်”

“ အားနာပါတယ် ရဲဘော်လျို့၊ ကျွန်တော့်ဇနီးက ဟဲထန်အကြောင်း ပြောမိရင် စိတ်နည်းနည်း လှုပ်ရှားသွားတတ်လို့ပါ”

လျို့ဖင်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါပေမဲ့ ကျွန်တော့်ဇနီးကို အပြစ်မတင်ပါနဲ့ဦး၊ အဲဒါက ဘာဖြစ်လို့လဲဆိုတော့..”

စုဝေ့ချင်းက သူ၏ပေါင်ကို ရိုက်လိုက်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော့်ကို မရယ်ပါနဲ့ .. ကျွန်တော့်ဇနီးက ဟဲထန်ကို တကယ်ကို ကြောက်ရွံ့နေတာ၊ ပြောရရင် ကျန်းယွဲ့နဲ့ ကျွန်တော့်ရဲ့ဇနီးက အရင်က အတန်းဖော်တွေ ဖြစ်ခဲ့ကြတယ်၊

ကျန်းယွဲ့က ဟဲထန်ကို နှစ်သက်ခဲ့ပေမဲ့ ဟဲထန်ကတော့ ကျွန်တော့်ဇနီးကို အမြဲ နှောင့်ယှက်နေခဲ့ပြီး သူမကို ကျေးလက်ဒေသကို ဆင်းဖို့ အတင်းအကျပ် တိုက်တွန်းခဲ့တာလေ၊

ကျွန်တော့်ဇနီးရဲ့ အမေက သူရဲကောင်းတစ်ဦးဖြစ်လို့ သူမအတွက် တရားဝင်အလုပ်အကိုင်တစ်ခု ချန်ထားပေးခဲ့တယ်၊ အစကတော့ သူမက ကျောင်းပြီးရင် အလုပ်ဝင်ဖို့ စီစဉ်ထားခဲ့တာ..”

စုဝေ့ချင်းက ကျန်းယွဲ့နှင့် ဟဲထန်တို့ လုပ်ဆောင်ခဲ့ဖူးသော ရွံရှာဖွယ်ကောင်းသော ကိစ္စရပ်များကို တစ်ခုချင်း ပြန်ပြောလိုက်လေသည်။

လျို့ဖင်းတစ်ယောက် ထိုအကြောင့းများပွု ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများက ပြူးကျယ်သွားရလေတော့သည်။

“မင်းပြောတဲ့ လီချောင်ဆိုတာက ကျွန်တော့်ဇနီးရဲ့ မိထွေးက မွေးထားတဲ့ သားဖြစ်လိမ့်မယ်”

သူက ဟဲထန်ကို ယောက်ဖဟု အမြဲ ခေါ်ဝေါ်နေခဲ့ခြင်းက အံ့ဩစရာ မရှိတော့ပေ။

သူက သူ၏ အစ်မဖြစ်သူကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ခြင်းသာဖြစ်သည်။

ထိုအချိန်မှာပင် ပြတင်းပေါက်မှ နံပါတ် (၄၆) ကို လှမ်းခေါ်လိုက်သောကြောင့် လျို့ဖင်းက သူ၏အစားအစာများကို သွားရောက်ယူဆောင်ရန် ထွက်သွားခဲ့လေသည်။

ထိုအုပ်စုက စားသောက်ရင်း စကားပြောဆိုခဲ့ကြသည်။ ဤသို့ဖြင့် လျို့ဖင်းတစ်ယောက် ဟဲထန်က လူကောင်းတစ်ဦး မဟုတ်ဟု ခံစားလာရလေတော့သည်။

စစ်မှန်သော ပညာတတ်လူငယ်တစ်ဦးအနေဖြင့် လျို့ဖင်းက ကျေးလက်ဒေသသို့ ဆင်းရခြင်းက မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်သည်ကို မည်သူထက်မဆို ပိုမို သိရှိနားလည်ထား၏။

ထိုတစ်ယောက်က သူ၏ အတ္တဆန္ဒသက်သက်အတွက်နှင့် မိန်းကလေးတစ်ဦးကို ကျေးလက်ဒေသသို့ ဆင်းလာရန်အတွက် လှည့်ဖြားရန် ကြိုးပမ်းခဲ့သည်။

ထိုလှည့်ဖြားခြင်းက မအောင်မြင်ခဲ့သည့်အချိန်တွင် သူမ၏ အိမ်ထောင်ရေးကိုပါ ပရိယာယ်ဆင်ရန်အတွက် ကြိုးစားခဲ့သေး၏။

ထို့အပြင် သူတို့က တစ်ဖက်လူ၏ ဓာတ်ပုံကို ထုတ်ယူပြသလျက် သူ့ကိုယ်သူ အချစ်ကြီးသူအဖြစ် ဟန်ဆောင်နေခဲ့ကြသေးသည်။

ဒါက တကယ်ကို ရွံစရာကောင်းလွန်းတယ်။

ဤသည်က အလွန်ပင် ယုတ်ညံ့သည့် အပြုအမူမျိုးဖြစ်ပေ၏။

သူက လုံးဝ ကန်းနေခဲ့ခြင်း ဖြစ်သည်။ လူကို မှားယွင်းစွာ အကဲခတ်မိခဲ့၏။

စုဝေ့ချင်းက လူတို့၏ စိတ်နှလုံးကို နားလည်သဘောပေါက်ရာတွင် အလွန်ထူးချွန်သူတစ်ဦး ဖြစ်သည်။

ထမင်းစားရုံမျှသာ ရှိသေးသော အချိန်တိုအတွင်းမှာပင် လျို့ဖင်း၏ စိတ်ထဲရှိ ဟဲထန်အပေါ် ထားရှိသော အမြင်က အောက်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့ရလေ၏။

နိုင်ငံပိုင် စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် စုဝေ့ချင်းက စိုးရိမ်ပူပန်သော အမူအရာဖြင့် မေတ္တာရပ်ခံသောစကား ပြောလိုက်လေသည်။

“ကျေးဇူးပြုပြီးတော့ ရဲဘော်လျို့၊ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက မြို့တော်မှာ ရှိနေတဲ့ သတင်းကို ဟဲထန်ဆီ မပေါက်ကြားပါစေနဲ့ဦး”

“ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး”

လျို့ဖင်းက ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် စုဝေ့ချင်းနှင့် လီရှန်းတို့က စုရှောင်လော်ကို ပွေ့ချီလျက် ထွက်ခွာသွားကြလေတော့၏။

လျို့ဖင်းက ထိုမိသားစု သုံးယောက် ထွက်ခွာသွားသည်ကို လှမ်းကြည့်နေခဲ့သည်။

သေသေချာချာ စဉ်းစားတွေးတောပြီးနောက် သူ၏ဇနီးဖြစ်သူထံသို့ စာတစ်စောင်ကို ရေးသားရန် ဆုံးဖြတ်လိုက်ပြီး ဟဲထန်၏ စရိုက်လက္ခဏာ ဆိုးရွားမှုများအကြောင်းကို တိုင်တန်းပြောဆိုလိုက်လေတော့၏။

ဆိုရလျှင် သူက သူ၏ဇနီးဖြစ်သူကို ဟဲထန်၏ သရုပ်မှန်ကို မြင်တွေ့စေလိုခြင်း ဖြစ်ပေသည်။

သို့မှသာ သူမအနေဖြင့် သူက ဟဲထန်လောက် မကောင်းကြောင်းကို ညည်းတွားပြောဆိုနေခြင်းအားရပ်တန့်သွားလိမ့်မည်။

ဟဲထန်၏ ဂရုစိုက်မှုမျိုးက အမှန်တကယ်ပင် ကျောချမ်းဖွယ်ရာ ကောင်းလွန်းသည်။

အကယ်၍ ထိုကဲ့သို့သော အမျိုးသားမျိုးနှင့် အမှန်တကယ် ဆုံတွေ့ရမည်ဆိုပါက အလွန် ထိတ်လန့်စရာ ကောင်းလွန်းပေလိမ့်မည်။

“လျို့ဖင်းက ဟဲထန်ကို တကယ်ပဲ မပြောဘူးလို့ ထင်လား”

လီရှန်းက လျို့ဖင်း၏ ကတိစကားအပေါ် သံသယစိတ် ရှိနေဆဲပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

စုဝေ့ချင်းက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။

“သူက အခုလို လမ်းမှာတွေ့ရတဲ့ ကိုယ်တို့ကိုတောင် ဟဲထန်အကြောင်း ပြောနေတာလေ၊ တကယ်လို့ တခြားလူနဲ့ ဆုံရင်ရော ဟဲထန်အကြောင်းကို ထပ်မပြောဘူးလို့ ဘယ်သူ သိနိုင်မှာလဲ၊

ဘာပဲဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်လုံးကတော့ သတိထားနေဖို့ လိုအပ်တယ်၊ ဟဲထန် ကိုယ်တို့အနားကို ထပ်ပြီး ကပ်မလာနိုင်စေဖို့ သတိထားရမယ်”

လီရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။

သူမက စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။

“သူ ဘာတွေရူးနေလဲဆိုတာ ကျွန်မ တကယ်ကို မသိတော့ဘူး၊ သူ ကျွန်မကို တကယ်ကြိုက်နှစ်သက်တယ်ဆိုတာကို ကျွန်မ မယုံဘူး၊

ကျွန်မသာ အမျိုးသားတစ်ယောက် ဖြစ်မယ်ဆိုရင် ကျွန်မ ချစ်ရတဲ့ အမျိုးသမီးကို ကောင်းမွန်တဲ့ ဘဝမျိုးမှာပဲ နေထိုင်စေချင်မှာ၊ သူမကို ကျေးလက်ဒေသကို ဘယ်လိုများဆင်းခိုင်းနိုင်မှာလဲ”

လီရှန်းက သူမ၏ အတိတ်ဘဝနှင့် ယခုဘဝ နှစ်ဘဝလုံး၌ ဟဲထန်နှင့် ငြိတွယ်ပတ်သက်ခဲ့ရမှုကြောင့် ခံစားခဲ့ရသမျှသော မကျေနပ်ချက် အာဃာတအားလုံးကို သူမ၏ မျက်နှာပေါ်တွင် အထင်းသား ဖော်ပြနေခဲ့သည်။

စုဝေ့ချင်းက တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေသည့် ပုံစံမျိုး ရှိနေ၏။

“တကယ်တော့.. ကိုယ်တို့ လက်မထပ်ခင်တုန်းက ဟဲထန်အကြောင်းကို ကိုယ် စုံစမ်းကြည့်ခဲ့ဖူးတယ်”

“ဟင်”

လီရှန်းတစ်ယောက် ခေါင်းလှည့်ကြည့်လိုက်ပြီး သူ့ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်မိသည်။

ကလေးကို ပွေ့ချီထားသော ထိုအမျိုးသားက လွန်ခဲ့သော ငါးနှစ်ခန့်ကထက် ပိုမို၍ တည်ငြိမ်ရင့်ကျက်နေခဲ့၏။

သူက ကလေးကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလျက် တည်ငြိမ်စွာ လျှောက်နေသော်လည်း သူ၏ အကြည့်များက အလွန်ပင် နူးညံ့လွန်းသည်။

သူမ၏ သံသယများကို ရိပ်မိလိုက်သကဲ့သို့ သူက ပြုံးလိုက်ပြီး ဆက်ပြောလိုက်လေသည်။

“မင်း ကိုယ့်ကို ဟဲထန်ရဲ့အကြောင်းကို ပြောပြပြီးတဲ့နောက်မှာ၊ ဘာတွေဖြစ်နေတာလဲဆိုတာကို ကိုယ် စုံစမ်းစစ်ဆေးကြည့်ချင်ခဲ့တာ”

သူက သူမအပေါ် မယုံကြည်၍ မဟုတ်ဘဲ လီရှန်းကို ကာကွယ်ပေးချင်ရုံသက်သက်သာ ဖြစ်သည်။

“ဒါနဲ့ ဘာတွေ စုံစမ်းသိရှိခဲ့ရလဲ”

“ကိုယ် သူတို့နေတဲ့ ဝင်းထဲအထိ သွားခဲ့တယ်၊ အိမ်နီးနားချင်းတွေအားလုံးက ပြောကြတာတော့ ဟဲထန်က အပြင်းအထန် ဖျားနာနေပြီး အိပ်ရာကတောင် မထနိုင်ဘူးတဲ့၊

လူတိုင်းက သူက ကျေးလက်ဒေသကို ဆင်းနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်နေကြတာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ သူက ကျေးလက်ဒသကို ဆင်းရမယ့် ရက်မတိုင်ခင် ရက်ပိုင်းအလိုမှာတင် ရုတ်တရက်ကြီး ပြန်ကောင်းလာခဲ့တယ်”

ထိုပြန်လည်ကောင်းမွန်လာခြင်းကလည်း ပြင်းထန်သော ဖျားနာမှုမှ ပြန်လည်သက်သာလာသူတစ်ဦး၏ အားနည်းသည့် ပုံစံမျိုး မဟုတ်ပေ။

သူက အသားအရေက ဝင်းပစိုပြေပြီး အင်အား ပြည့်ဝနေသည့်အသွင်အပြင်နှင့် ပြန်လည်ကောင်းမွန်လာခြင်းမျိုးဖြစ်သည်။

ထိုအချိန်က စုဝေ့ချင်းအနေဖြင့် ထူးဆန်းသည်ဟု ခံစားခဲ့ရသော်လည်း ဟဲထန်ကို အနည်းငယ်မျှတော့ လေးစားစိတ် ရှိခဲ့သေး၏။

ဟဲထန်က ဤမျှအထိ အချိန်အကြာကြီး ဖျားနာနေခဲ့သည်။ အကယ်၍ သူသာ အိပ်ရာထဲ၌ လဲလျောင်းလျက် နောက်ထပ် ရက်ပိုင်းမျှ ထပ်မံ၍ ဟန်ဆောင်နေခဲ့မည်ဆိုပါက ပညာတတ်လူငယ်ရုံးက သူ့ကို ကျေးလက်သို့ ဆင်းခိုင်းရဲကြလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ပညာတတ်လူငယ်ရုံးမှ ပညာတတ်များအား ကျေးလက်ဒေသသို့ ဆင်းကာ မြေရိုင်းတွေကို သွားရောက်ဖော်ထုတ်ဖို့အတွက်သာ မျှော်လင့်ထားခြင်းဖြစ်ပေ၏။ သူတို့ရဲ့ အသက်ကို နှုတ်ယူဖို့ရန် မဟုတ်ပေ။

သို့သော် ဟဲထန်က ပြန်လည်ကျန်းမာလာခဲ့ပြီး ကျေးလက်ဒေသသို့ အဆင်ပြေချောမွေ့စွာ ဆင်းသွားနိုင်ခဲ့သည်။

“အခု ပြန်စဉ်းစားကြည့်တော့မှ အဲဒါက တကယ်ကို ထူးဆန်းနေတာပဲ”

စုဝေ့ချင်း၏ စဉ်းစားတွေးတောနေသော လေသံကြောင့် လီရှန်းလည်း ကျောချမ်းသွားရသကဲ့သို့ ခံစားလိုက်ရသည်။

“သူ ဘာလို့ ဒီလောက်ထိ မြန်မြန် ပြန်ကောင်းလာရတာလဲ”

*

All Chapters