အခန်း ၃၁၁
Vol. 32 Ch. 311
အခန်း(311)
ဟဲထန်က အစကတည်းက ကျေးလက်ဒေသကို ဆင်းရမှာကို ရှောင်လွှဲဖို့အတွက် တမင်သက်သက်ရောဂါရသလိုဟန်ဆောင်နေခဲ့တာမျိုး မဟုတ်ဘူးဆိုရင်၊ သူ့ကို ကျေးလက်ဒေသဆင်းဖို့ အတင်းအကျပ် တွန်းအားပေးခဲ့တဲ့ တခြားသော ပြောင်းလဲမှုတွေ ရှိနေလို့ပဲဖြစ်ရမယ်။
ဒါမှမဟုတ် ကျေးလက်ဒေသကိုဆင်းရခြင်းကပဲ သူ့အတွက် ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့လို့လည်း ဖြစ်နိုင်တာပဲ။
လီရှန်း သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ပြောလိုက်လေသည်။
“ရှင် ယုံချင်ယုံ မယုံချင်နေ၊ ကျွန်မကတော့ ကျန်းယွဲ့ရဲ့ သေဆုံးမှုက တကယ်ကို သံသယဖြစ်စရာ ကောင်းတယ်လို့ခံစားရတယ်”
ကျန်းယွဲ့၏ ကျန်းမာရေး အခြေအနေက အလွန်ပင်ကောင်းမွန်၏။
သူမ၏ အတိတ်ဘဝတုန်းက သူမက ကျေးလက်ဒေသသို့ ဆင်းပြီးနောက် ဟဲထန်နှင့်အတူ ရှိနေခဲ့သည်။
ဟဲထန်က အနုပညာအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီး၊ ကျန်းယွဲ့ကလည်း ပုံမှန်အတိုင်း ကျေးလက်ဒေသသို့ ဆင်းခဲ့ရ၏။
သူမက ဒုက္ခမရောက်ခဲ့ဖူးခြင်းတော့ မဟုတ်ပေ။ လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ရမှုကြောင့် သူမ၏ လက်များတွင် အရည်ကြည်ဖုများဖြင့် ဖုံးလွှမ်းနေခဲ့ရသည်။
ဆောင်းဦးရိတ်သိမ်းချိန်များတွင်လည်း ချွေးဒီးဒီးကျအောင် လုပ်ကိုင်ခဲ့ရ၏။
ဤမျှအထိ ဖြစ်ခဲ့သော်လည်း ကျန်းယွဲ့က တစ်ကြိမ်တစ်ခေါက်မျှ ဖျားနာခြင်း မရှိခဲ့ဖူးပေ။
ထို့ကြောင့်ပင် လျို့ဖင်းက ကျန်းယွဲ့ ပြင်းထန်စွာ ဖျားနာခဲ့သည်ဟု ပြောဆိုခဲ့ခြင်းအပေါ် လီရှန်းက ထူးဆန်းသည်ဟု ထင်မြင်မိသည်။
“ဘယ်လိုမျိုးလဲ”
စုဝေ့ချင်းက သူမကို မယုံကြည်ခြင်း မရှိခဲ့ပေ။ သူက လီရှန်းပြောသမျှ အရာအားလုံးကို အကြွင်းမဲ့ ယုံကြည်နေခဲ့လေ၏။
“သူမက ဒီလောက်အထိ အလွယ်တကူနဲ့ သေဆုံးသွားမှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားနေရတယ်
လျို့ဖင်း ပြောပြခဲ့တဲ့ စကားတွေကို ပြန်သုံးသပ်ကြည့်ရအောင်၊
သူမက ကျေးလက်ဒေသကို ဆင်းပြီး မကြာခင်မှာပဲ ဖျားနာခဲ့တယ်၊
အဲနောက်မှာ ကွယ်လွန်သွားခဲ့တယ်”
ဤရိုးရှင်းသည့် စကားစု နှစ်ခုက ကျန်းယွဲ့တစ်ယောက် ပိုင်မားခရိုင်သို့ ရောက်ရှိခဲ့ပြီးကတည်းက သူမ၏ ဘဝတစ်ခုလုံးကို အကျဉ်းချုပ် ဖော်ပြနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းယွဲ့တွင် မည်သည့်ရောဂါဝေဒနာကို ခံစားခဲ့ရသည် သို့မဟုတ် ထိုရောဂါကို မည်သို့ရရှိခဲ့သည်ဟူသော သတင်းအချက်အလက်မျိုး လုံးဝပါရှိမနေခဲ့ပေ။
ထိုစကားစုက ‘ကျန်းယွဲ့က ဖျားနာနေပြီး ဟဲထန်က သူမကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်’ ဟုသာ ရိုးရှင်းစွာ ပြောထားခြင်း ဖြစ်သည်။
လီရှန်းက သူမ၏ မျက်ဝန်းများကို ခဏမျှ မှိတ်လိုက်ရင်း ပြောလိုက်လေ၏။
“ကျန်းယွဲ့ တကယ်ဖျားနာခဲ့တာကိုတော့ ကျွန်မ ယုံတယ်၊ ဒါပေမဲ့ သေဆုံးရလောက်တဲ့အထိတော့ မဟုတ်ဘူး”
စုဝေ့ချင်းက မျက်မှောင်ကြုတ်လိုက်မိပြီး မေးလိုက်လေသည်။
“မင်းက ဟဲထန် သူမကို သတ်ခဲ့တာလို့ သံသယဝင်နေတာလား”
“ကျွန်မလည်း သေသေချာချာ မသိဘူး”
လီရှန်းက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်လေသည်။
“ကျွန်မက ဟဲထန်ကို တကယ်ကို ထူးဆန်းတဲ့လူတစ်ယောက်လို့ပဲ တွေးမိတယ်၊
အဲဒီတုန်းက သူ ကျွန်မနောက်ကို တကောက်ကောက်လိုက်ပြီး နှောင့်ယှက်နေခဲ့ပေမဲ့၊ ကျွန်မကတော့ သူ့ဆီကနေ ဘယ်လိုမေတ္တာတရားကိုမှ မခံစားခဲ့ရဘူး၊
သူ ကျွန်မကို ကြည့်တဲ့အချိန်တွေမှာ သူ့ရဲ့ မျက်ဝန်းတွေက အေးစက်နေခဲ့တာ”
လီရှန်းမှာ အတိတ်ဘဝအချိန်က ကြောက်ရွံ့တတ်ပြီး သူမကိုယ်သူမ ယုံကြည်မှု ကင်းမဲ့နေခဲ့သူ ဖြစ်ခဲ့၏။
ယခုအချိန်တွင် ပြန်လည်စဉ်းစားကြည့်ပါက သူမက အတိတ်တွင် မေတ္တာတရားကို အလွန် ငတ်မွတ်နေခဲ့သူဖြစ်ကြောင်းကို ခံစားမိသည်။
ဤမျှအထိ မေတ္တာတရားကို ငတ်မွတ်နေခဲ့သော်လည်း၊ သူမက ဟဲထန်နှင့် ထိတွေ့ဆက်ဆံရခြင်းထက် ကျန်းယွဲ့နှင့် ပိုမို၍ နီးကပ်စွာ နေထိုင်ရခြင်းကိုသာ ပိုမို၍ နှစ်သက်ခဲ့၏။
ပိုင်မားခရိုင်သို့ ဆင်းရန်အတွက် လှည့်ဖြားခြင်းကို ခံခဲ့ရပြီးနောက်တွင်ပင် သူမက သူမ၏ ကုန်ထုတ်လုပ်ငန်းအဖွဲ့၌သာ အေးဆေးစွာ နေထိုင်ခဲ့သည်။
အကယ်၍ ဟဲထန်သာ သူမထံသို့ တစ်ကြိမ်ပြီးတစ်ကြိမ် လာရောက်ရှာဖွေခြင်းမျိုး မရှိခဲ့ပါက၊ လီရှန်းအနေဖြင့် သူမ မြို့သို့ ပြန်မလာနိုင်မချင်း ဤကုန်ထုတ်လုပ်ငန်းအဖွဲ့၌ အဆင်ပြေစွာ အသက်ရှင် ရှင်သန်နိုင်ခဲ့လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနိုင်သည်။
သို့သော်လည်း ဟဲထန်က သူမကို လွှတ်မပေးခဲ့ပေ။
သူက သူမထံသို့ လာရောက်ပြီး တစ်ကြိမ်ပြီးတစ်ကြိမ် နှောင့်ယှက်ဖျက်ဆီးခဲ့ကာ၊ သူမကို အချစ်ကြီးသူ တစ်ယောက်ကဲ့သို့ မျက်ဝန်းမျိုးဖြင့် စိုက်ကြည့်တတ်၏။
ထို့နောက်တွင် ကျန်းယွဲ့က အနားသို့ ရောက်ရှိလာခဲ့သည်။ အစပိုင်းတွင် သူမက ဟဲထန်ကို ထွက်ခွာသွားရန်အတွက် ဖျောင်းဖျခဲ့သည်။
ထို့နောက်မှသာ သူမဘက်သို့ ရွဲ့စောင်းစူးရှပြီး ရက်စက်လွန်းသော စကားလုံးများဖြင့် သရော်လှောင်ပြောင်လျက် မြေမှုန့်ထဲအထိ ရောက်အောင် နှိမ့်ချပြောဆိုတတ်လေ၏။
နောက်ဆုံးတွင် လီရှန်းက အအေးမိ ဝေဒနာကို ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ရသည်။
ယခုအချိန်တွင် ပြန်လည်စဉ်းစားကြည့်လျှင် လီရှန်းအနေဖြင့် ထိုအချိန်တုန်းက အသက်ရှင်လိုစိတ် ကင်းမဲ့သွားခဲ့ခြင်းကြောင့်သာ ဤမျှအထိ အမြန် သေဆုံးသွားခဲ့ရခြင်း ဖြစ်လိမ့်မည်ဟု တွေးမိသည်။
မည်သို့ပင်ဖြစ်စေ လူတို့၏ နှုတ်ထွက်စကားများက ဓားသွားများကဲ့သို့ ထက်မြက်လွန်းပြီး၊ တခြားလူများ၏ အချစ်ရေး ကြားထဲသို့ ဝင်ရောက်စွက်ဖက်ခဲ့သော ဤ ပရိယာယ်များလွန်းတဲ့ မိန်းမယုတ် ဟူသော နာမည်ဆိုးဖြင့် သူမက မည်သည့်နေရာသို့ပင် ရောက်သည်ဖြစ်စေ စက်ဆုပ်ရွံရှာခြင်းကိုသာ ခံခဲ့ရသည် မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် ဟဲထန်၏ အတိတ်ဘဝမှ ထူးဆန်းမှုများက သူမ၏ အမှတ်ရစရာ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ရုန်းကြွပေါ်ပေါက်လာခဲ့လေတော့သည်။
လီရှန်းက စုဝေ့ချင်းထံသို့ သူမ၏ အတိတ်ဘဝအကြောင်းကို ပြန်လည်ပြောပြခဲ့၏။
စုဝေ့ချင်းအနေဖြင့် ထိုအကြောင်းတို့ကိုကြားလိုက်ရသည့်အချိန်တွင် မနာလိုဝန်တိုစိတ်နှင့်အတူ ရင်ကွဲမတတ် နာကျင်မှုများကိုပါ ခံစားလိုက်ရသည်။
ဟဲထန်က လီရှန်း၏ အတိတ်ဘဝကို မြင်တွေ့ခွင့် ရရှိခဲ့ခြင်းအပေါ် သူ မနာလို ဖြစ်မိ၏။
သို့သော် ဦးလေးနှင့် အဒေါ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံခဲ့ရသော်လည်း နှုတ်မှုရေးရာ တိုက်ခိုက်မှုများနှင့် အတင်းအဖျင်း စကားများအောက်တွင် နာကျင်ခဲ့ရရှာသော လီရှန်းအတွက်လည်း သူ အလွန်ပင် သနားဂရုဏာ သက်မိခဲ့သည်။
တချို့သော လူများက ဤကိစ္စများက အတင်းအဖျင်း စကားများသာ ဖြစ်ပြီး၊ မနာလိုစိတ်ကြောင့် ပြောဆိုကြခြင်းမျှသာ ဖြစ်သောကြောင့် စိတ်ထဲ၌ ထည့်ထားရန် မလိုအပ်ကြောင်းကို တွေးမိကြပေလိမ့်မည်။
သို့သော် ထိုအရာကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရဖူးသူများသာလျှင် တစ်ခါတရံ၌ စကားလုံးများက လူတစ်ယောက်ကို အမှန်တကယ်ပင် သတ်ဖြတ်နိုင်ကြောင်းကို သိရှိကြသည်။
စုဝေ့ချင်းက နူးညံ့သိမ်မွေ့ပြီး စိတ်ကူးစိတ်သန်း အလွန်ကြွယ်ဝသော လူငယ်တစ်ဦး ဖြစ်၏။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ရုံမျှဖြင့်ပင် သူ၏ နှာခေါင်းဝ၌ စပ်ဖျင်းဖျင်း ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း အေးစက်သွားရတော့သည်။
“မကြောက်ပါနဲ့တော့၊ အရာအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ”
စုဝေ့ချင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး အိပ်မောကျနေသော စုရှောင်လော်ကို ကြားတွင်ထည့်ကာ လီရှန်းကို ပွေ့ဖက်လိုက်လေသည်။
သူက သူမ၏ နောက်ကျောကို ခပ်ဖွဖွ ပုတ်လျက် နူးညံ့စွာ နှစ်သိမ့်ပေးလိုက်လေ၏။
လီရှန်းက သူမ၏ နဖူးကို စုဝေ့ချင်း၏ လည်ပင်းနားသို့ ဖိကပ်လျက် ပွတ်သပ်လိုက်ပြီးနောက် ရယ်မောကာ ပြောလေသည်။
“ရှင် ဘာတွေလုပ်နေတာလဲ၊ ဒါတွေက အရမ်းကြာပြီဖြစ်တဲ့ ကိစ္စတွေပဲ၊ ကျွန်မ စိတ်ထဲမထားတော့ပါဘူး၊
ပြီးတော့ ကျွန်မက လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျန်းယွဲ့နဲ့ ဟဲထန်တို့ထက် အများကြီး ပိုကောင်းမွန်တဲ့ ဘဝမျိုးမှာ နေထိုင်ခဲ့ရတာလေ၊
သူတို့တွေက ကျွန်မကို မသက်ရောက်နိုင်တော့ပါဘူး၊ ကျွန်မက ဟဲထန်ကို ရွံရှာမိရုံသက်သက်ပါပဲ၊
တကယ်လို့ သူ မြို့တော်ကို ရောက်လာပြီး လျှောက်ပြောနေမယ်ဆိုရင်တော့ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိမ့်မယ်”
“ဘာကို ကြောက်နေရမှာလဲ၊ ကိုယ်တို့ ဆရာကြီးယန်ကျိမင်ဆီကို သွားရောက်ဂါရဝပြုဖို့ သဘောတူထားကြတယ် မဟုတ်ဘူးလား”
ယခုအချိန်တွင် သူတို့၏ အိမ်ကိစ္စလည်း အဆင်ပြေသွားခဲ့ပြီဖြစ်ပြီး၊ စုရှောင်လော်လည်း မကြာမီတွင် ကျောင်းတက်ရတော့မည် ဖြစ်သည်။
ထို့ကြောင့် သူတို့က ကျောင်း၌ သွားရောက်စာရင်းသွင်းကြရတော့မည်ပင်။
လုပ်စရာများ မရှိသေးသောကြောင့် သူတို့အနေဖြင့် ယန်မိသားစုထံသို့ သွားရောက်လည်ပတ်သင့်၏။
“မင်း ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးအဖွဲ့ထဲကို ဝင်ခွင့်ရသွားတာနဲ့ လာမယ့် နှစ်နှစ်လောက်အထိ လျှို့ဝှက်လေ့ကျင့်ရေး ပုံစံမျိုးနဲ့ နေထိုင်ရတော့မှာလေ၊
အဲဒီအချိန်ကျရင် ဟဲထန်က ပေကျင်းကို လာပြီး ရှာဖွေရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်တော့ပါဘူး”
မှန်ပေသည်။
လီရှန်းက ဤအချက်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ဆေးတက္ကသိုလ်က တရားဝင် အတန်းများကို ပြန်လည်၍ မစတင်သေးသောကြောင့်၊ လေ့ကျင့်ရေးတွင် ပါဝင်မည့် ကျောင်းသားများကို သီးသန့် လျှို့ဝှက်ခေါ်ယူထားခြင်း ဖြစ်လေ၏။
အကယ်၍ လီရှန်းသာ ထိုနေရာသို့ သွားရောက်ရမည်ဆိုပါက လျှို့ဝှက်လေ့ကျင့်ရေး အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရပေလိမ့်မည်။
ထိုလေ့ကျင့်ရေးက တက္ကသိုလ်ဝင်းထဲ၌ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ တခြားသော သီးသန့်နေရာတစ်ခု၌သာ ပြုလုပ်ကြပေလိမ့်မည်။
လီရှန်းအနေဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သည်ဟူသော သတင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ပေ။
ဟဲထန်အနေဖြင့် ဤအကြောင်းကို စုံစမ်းသိရှိနိုင်ကောင်း သိရှိနိုင်ပေလိမ့်မည်။
မည်သည့်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသည်အထိပင် စုံစမ်းနိုင်ပေလိမ့်မည်။
သို့သော် သူမက အမှန်စင်စစ် တက္ကသိုလ်သို့ သွားရောက်တက်ရောက်ခြင်းမရှိဘဲ၊ ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးအဖွဲ့ထဲသို့ ဝင်ရောက်ရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းကို သူ မည်သည့်အချိန်တွင်မျှ ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
လီရှန်းမှာ မူလကတည်းက ဆေးပညာကို သင်ယူလိုစိတ်ရှိခဲ့သူ ဖြစ်သည်။
ယခုအချိန်တွင် ဤကဲ့သို့သော အကြောင်းပြချက်ရှိလာသည့်အတွက် သူမအနေဖြင့် ဤလေ့ကျင့်ရေးအဖွဲ့ထဲသို့ ရွေးချယ်ခံရရန်အတွက် ပိုမိုမျှော်လင့်မိတော့သည်။
ဤအကြောင်းကို တွေးတောမိလိုက်သည့်အချိန်တွင် လီရှန်းတစ်ယောက် စိတ်လောလာရတော့၏။
သူမက စုဝေ့ချင်းကို အလျင်အမြန်ပင် တိုက်တွန်းလိုက်လေ၏။
“အမြန်လုပ်၊ ရှောင်လော်ကို အဝတ်အစားလဲပေးပြီး အိပ်ရာဝင်ခိုင်းလိုက်တော့၊
ကျွန်မ လေ့လာဖို့ ဆေးကျမ်းတချို့ ထပ်ပြီး ရှာဖွေကြည့်ဦးမယ်”
စုဝေ့ချင်း : “...”
“ဒါနဲ့.. ကျွန်မ ရှင့်ရဲ့ စနစ်ထဲက သင်ယူမှုနေရာကို သုံးလို့ရမလား”
လီရှန်းက စုဝေ့ချင်းကို သနားစဖွယ်အမူအရာဖြင်် ကြည့်ရှုလိုက်ပြောလိုက်လေ၏။
အမှန်အတိုင်း ပြောရလျှင် ဤစနစ်က မူလက သူမပိုင်ဆိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအချိန်တွင် စုဝေ့ချင်း၏ စနစ် ဖြစ်သွားခဲ့လေပြီ။
*