← Chapters

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း(312)

စုရှောင်လော်တွင်လည်း ကိုယ်ပိုင် သင်ယူမှုနေရာ ရှိနေသော်လည်း လီရှန်းတွင်တဆာ့ သူမဘာသာ လေ့လာရန်အတွက် စာအုပ်တချို့ကိုသာ ထုတ်ယူဖတ်ရှုနိုင်၏။

သူမကို သင်ကြားပြသပေးမည့် ကျော်ကြားသော ဆရာသမားများကို မရရှိနိုင်ရှာပေ။

ထိုအခြေအနေမှာ စကားလုံးများဖြင့် ဖော်ပြရန်ပင် ရင်နာစရာ ကောင်းလွန်းသည်။

“ကိုယ့်ကို ချမ်းသာပေးပါဦး၊ ကိုယ် တကယ့်ကို အဲဒီဆရာကြီးရဲ့ မျက်နှာကို မကြည့်ချင်တော့ဘူး”

ဆရာကြီး၏ ပို့ချချက်များကို နားထောင်သည့်အချိန်တိုင်းတွင် သူ နားမလည်နိုင်သော စကားများကို နားထောင်နေရသကဲ့သို့ ခံစားရ၏။

သို့သော် သူက သူ၏ ဇနီးသည်အတွက် ဤကဲ့သို့ လုပ်ဆောင်ပေးခဲ့ခြင်းက ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

လီရှန်းက ဆရာကြီးနှင့် တိုက်ရိုက် သင်ယူခွင့် မရှိပါချေ။ လီရှန်းအတွက် ပံ့ပိုးပေးထားသော ဤသင်ယူမှုနေရာ ဆိုသည်မှာတကယ်တမ်းတွင် စုဝေ့ချင်းက နှစ်ဖက်ကြားတွင် သတင်းစကားများကို ပြန်လည်၍ လက်ဆင့်ကမ်းပေးရသော ကြားခံတစ်ခုအဖြစ် ဆောင်ရွက်ပေးနေရခြင်းသာ ဖြစ်သည်။

စုဝေ့ချင်းက စာသားများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ပေ။

သို့သော် သူ၏ မှတ်ဉာဏ်စွမ်းအားက တိုးတက်ကောင်းမွန်လာခဲ့သည်။

အနည်းဆုံးတော့ သူက ဆရာကြီးမှ လီရှန်းအတွက် ပြောဆိုခဲ့သော ခက်ခဲနက်နဲသည့် အသိပညာများကို တစ်လုံးမကျန်ဘဲ ပြန်လည် ရွတ်ဆိုပြနိုင်၏။

“ကျွန်မတို့ မနက်ဖြန် သူတို့ဆီကို သွားလည်ကြမယ်”

စုဝေ့ချင်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်လေသည်။

“ကောင်းပြီလေ၊ ဒီညတော့ ကိုယ်တို့ အတန်းတက်ကြတာပေါ့”

ကိုယ် ဒီညတော့ တစ်ညလုံး မအိပ်ဘဲ နေလိုက်တော့မယ်။

ထို့ကြောင့် ထိုလင်မယားနှစ်ဦးက ဟဲထန်၏အကြောင်းကို စိတ်ထဲမှ ထုတ်ပယ်လိုက်ကြလေသည်။

သူတို့က ခုတင်ပေါ်တွင် ထိုင်လျက် တစ်ညလုံး စာပေများကို လေ့လာဆွေးနွေးခဲ့ကြတော့၏။

ရလဒ်အနေဖြင့် ထိုဇနီးမောင်နှံနှစ်ဦးလုံးက နောက်တစ်နေ့တွင် အနည်းငယ် မအီမသာဖြစ်နေကြရလေသည်။

အထူးသဖြင့် စုဝေ့ချင်းက ညှိုးနွမ်းနေသော ခရမ်းသီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး စိတ်ဓာတ်ကျဆင်းမှု အရိပ်အယောင်များက ထင်ဟပ်နေခဲ့သည်။

လီရှန်းကလည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူမ၏ မျက်ဝန်းများတွင် တောက်ပမှုများက ရှိနေဆဲပင်။

ထို့ကြောင့် သူမက သူမ၏ မှတ်စုစာအုပ်ကို ပုတ်လိုက်ရင်း ပြောလိုက်လေသည်။

“ဆရာကြီးယန် စိတ်ဝင်စားမယ်လို့ ထင်တဲ့ မေးခွန်းတချို့ကို ကျွန်မ ပြုစုထားတယ်”

စုဝေ့ချင်းက သမ်းဝေလိုက်ရင်းပြောလိုက်လေ၏။

“ဒါတွေက အခြေခံဆေးဘက်ဆိုင်ရာ အခြေအနေတွေချည်းပဲလေ၊ မင်း ပိုပြီး နက်နဲတဲ့ မေးခွန်းတချို့ကို ထပ်မေးချင်သေးလား”

သူက ဆရာကြီးယန်ကို အအေးမိခြင်းနှင့် ဖျားနာခြင်းများအကြောင်းကို မေးမြန်းခြင်းက ခြင်ကို အမြောက်နှင့် ပစ်သကဲ့သို့ ဖြစ်နေလိမ့်မည်ဟု အမြဲ ခံစားနေရသည်။

“မလိုပါဘူး၊ အခု ကျွန်မက အခြေခံ ဆေးဘက်ဆိုင်ရာ အခြေအနေတွေကိုပဲ ကိုင်တွယ်နိုင်သေးတာလေ၊

မေးခွန်းတွေ အများကြီးကို မေးလွန်းရင် တခြားလူတွေရဲ့ သံသယကိုပဲ ဖြစ်ပေါ်စေလိမ့်မယ်”

နိုင်ငံတော်က တိုးတက်စည်ပင်နေပြီ ဖြစ်သော်လည်း အပြင်ဘက်အင်အားစုများက အမြဲတစေ မကောင်းသည့်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။

လီရှန်းက သူမကိုယ်တိုင်၌ ပြဿနာမရှိကြောင်းကို သိသော်လည်း တခြားလူများက သိရှိကြသည် မဟုတ်ပေ။

လီရှန်းအနေဖြင့် စနစ်၏ တည်ရှိမှုကို လူသိရှင်ကြား ချမပြသရွေ့၊ ထိုကဲ့သို့သော နက်နဲလွန်းသည့် ဆေးပညာဗဟုသုတများက မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူမ ရှင်းလင်းပြသနိုင်လိမ့်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဤအခြေခံရောဂါများကသာ လီရှန်းအနေဖြင့် ထိတွေ့ခွင့်ရရှိပြီး အကြမ်းဖျင်းကို နားလည်ထားနိုင်သော တစ်ခုတည်းသော ရောဂါဝေဒနာများ ဖြစ်သည်။

စနစ်ကို လူသိရှင်ကြား ချပြရန်ဟူသော အချက်ကို လီရှန်းက တစ်ကြိမ်မျှ မစဉ်းစားခဲ့ဖူးပေ။

သူမက ဤကမ္ဘာသို့ စတင်ရောက်ရှိချိန်က စနစ်၏ တစ်ခုတည်းသော ပြတ်သားသည့် သတိပေးချက်က စနစ်၏ တည်ရှိမှုကို မည်သူ့ကိုမျှ လုံးဝ အသိမပေးရန် ဖြစ်သည်။

စုဝေ့ချင်းက ဤအချက်ကို ပြန်လည် စဉ်းစားကြည့်သည့်အချိန်တွင် သဘာဝကျလွန်းသည်ဟု ခံစားလိုက်ရ၏။

စနစ်က သူ့ကို သတိပေးခြင်း မပြုခဲ့သော်လည်း သူကိုယ်တိုင်ပင် အတိတ်က ရှေးဟောင်းစနစ်လေးခု ဖျက်ဆီးရေး နှင့် ပဒေသရာဇ်အယူသည်းမှုများ ပပျောက်ရေး ကာလများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရဖူးသည်။

စနစ်က အမှန်တကယ် တည်ရှိနေကြောင်းကို သူ သက်သေမပြနိုင်မချင်း၊ သူသည်လည်း အနည်းငယ်မျှသော အရိပ်အယောင်ပင် ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။

ထိုဇနီးမောင်နှံနှစ်ဦးက မျက်နှာသစ်လိုက်ကြပြီးနောက်၊ တစ်ဦးက နိုင်ငံပိုင် စားသောက်ဆိုင်သို့ မနက်စာ သွားရောက်ဝယ်ယူရန်အတွက် ထွက်ခွာသွားခဲ့လေသည်။

တခြားတစ်ဦးကတော့ စုရှောင်လော်ကို နှိုးလိုက်လေ၏။

သူတို့က အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီ ဖြစ်သော်လည်း၊ ကျောင်းသို့ သွားရောက်၍ သတင်းပို့ခြင်း မပြုရသေးသကဲ့သို့ အသုံးအဆောင် ပစ္စည်းများလည်း လုံလောက်မှု မရှိသေးပေ။

ထို့အပြင် အချိန်ကလည်း အလွန်ပင် တိုတောင်းလွန်းသောကြောင့် မီးဖိုချောင်ကို ကောင်းမွန်စွာ မပြင်ဆင်ရသေးပေ။

လွန်ခဲ့သော နှစ်ရက်လုံးလုံး သူတို့ သုံးဦးလုံးက နေ့စဉ် သုံးနပ်လုံးကို နိုင်ငံပိုင် စားသောက်ဆိုင်များ၌သာ စားသောက်ခဲ့ကြရ၏။

စုဝေ့ချင်းက အသားပေါက်စီများကို ကိုင်ဆောင်လျက် ပြန်လည် ရောက်ရှိလာသည့်အချိန်တွင်၊ စုရှောင်လော်က ရေဆေးကန်၏ အနား၌ ဆောင့်ကြောင့်ထိုင်လျက် သွားတိုက်နေခဲ့လေပြီ။

စနစ်က ကလေးအများစုကို လမ်းညွှန်ပြသပေးခဲ့ဖူးသောကြောင့် စုရှောင်လော်အတွက်လည်း အစွမ်းကုန် ကြိုးပမ်းပေးခဲ့၏။

ရလဒ်အနေဖြင့် ထိုဇနီးမောင်နှံနှစ်ဦးက စိတ်ပူပန်စရာ များစွာမရှိဘဲ စုရှောင်လော်က အလွန်ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို မွေးမြူနိုင်ခဲ့သည်။

မည်သည့်အရာကိုမဆို အလွန်ပင် အာရုံစိုက်တတ်လာခဲ့၏။

“ကိုယ် အိမ်တံခါးဝမှာ ဘေးအိမ်က အဒေါ်ကြီးနဲ့ ဆုံခဲ့တယ်”

စုဝေ့ချင်းက ပေါက်စီများကို လီရှန်းထံသို့ လှမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

“ကိုယ်တို့ မီးဖိုချောင်ကိစ္စကို အမြန်ဆုံး အဆင်ပြေအောင် လုပ်ကြရအောင်”

ပေကျင်းမြို့တွင် ဖြစ်သော်လည်း သူတို့က နေ့တိုင်း နိုင်ငံပိုင် စားသောက်ဆိုင်၌ သွားရောက်၍ စားသောက်နေသည့် အလေ့အကျင့်က တခြားလူများ၏ အမြင်တွင် အနည်းငယ် ထင်ရှားလွန်းနေသည်။

ထိုအဒေါ်ကြီးက သူ့ကို ပုံမှန်အတိုင်းသာ နှုတ်ဆက်ခဲ့သော်လည်း သူ ကိုင်ဆောင်ထားသော စက္ကူထုပ်ဆီသို့ လှည့်လည်ကြည့်ရှုနေခဲ့သည့် အကြည့်များက စုဝေ့ချင်းကို မသက်မသာ ခံစားလိုက်ရစေသည်။

သူက အခန်းထဲသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် လီရှန်းက သူမ၏ ဆံပင်များကို ဖြီးသင်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

သူမက အလွန်ပင် လှပလွန်းသည်။

ဤလူသားက ငယ်စဉ်ကလေးဘဝကတည်းက မည်ကဲ့သို့သော စကားလုံးများအောက်တွင် နာကျင်ခဲ့ရသည်ကို တွေးမိရုံမျှဖြင့်ပင် သူ၏ စိတ်ထဲ၌ ပိတ်လှောင်မွန်းကြပ်မှုကို ခံစားလိုက်ရတော့၏။

ပေါက်စီတစ်လုံးကို ဝယ်ယူရုံမျှဖြင့်ပင် ဤမျှအထိ စိုက်ကြည့်ခြင်းများကို ခံရမည်ဆိုပါက လီရှန်း၏ အတိတ်ဘဝ အတွေ့အကြုံများက မည်မျှအထိ မွန်းကြပ်ဖွယ်ရာ ကောင်းခဲ့လိမ့်မည်နည်း။

“ကောင်းပြီ၊ ကျွန်မတို့ သွားလည်ပြီးရင် အရောင်းဆိုင်ကို သွားပြီးတော့ ကျောက်မီးသွေးမီးဖိုတစ်ခုကို သွားဝယ်ကြမယ်၊

ပြီးတော့ အဲဒီနားက ရပ်ကွက်ရုံးမှာ ကျောက်မီးသွေးတုံးတွေ ဘယ်လိုရနိုင်မလဲဆိုတာကိုပါ တစ်ခါတည်း စုံစမ်းခဲ့ကြတာပေါ့”

လီရှန်းက ပေါက်စီများကို ယူဆောင်လျက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေသည်။

အိမ်တွင် ပန်းကန်ခွက်ယောက်များက မရှိသေးဘဲ အလူမီနီယံ ထမင်းဗူး နှစ်ဗူးသာ ရှိလေ၏။

လီရှန်းက ပေါက်စီများကို အလူမီနီယံ ထမင်းဗူးထဲသို့ ထည့်သွင်းလိုက်ပြီး၊ ပဲနို့များ ပါရှိသော ဓာတ်ဘူးကို ဖွင့်လိုက်လေသည်။

လီရှန်းက အရာအားလုံးကို ပြင်ဆင်ပြီးနောက်၊ လှည့်ကြည့်လိုက်ကာ သားအဖနှစ်ဦးကို မနက်စာ စားသုံးရန်အတွက် လှမ်းခေါ်လိုက်လေ၏။

ထိုအချိန်တွင် စုဝေ့ချင်းက သူမကို နာကျင်ကြေကွဲသော အမူအရာဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

လီရှန်း : “..ဘာဖြစ်လို့လဲ၊ ရှင် ကျွန်မကို ဘာလို့ အဲဒီလို ကြည့်နေရတာလဲ”

“ဘာမှမဟုတ်ပါဘူး”

စုဝေ့ချင်းက ခေါင်းကို ခါယမ်းပြလျက် မည်သည့်အရာမှမဟုတ်ကြောင်းကို ပြောသော်လည်း သူက သူမ၏ အနားသို့ တိုးကပ်လာခဲ့ပြီး လီရှန်းကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး ခပ်တိုးတိုးလေး ပြောလာခဲ့လေ၏။

“ရှန်းရှန်း၊ ကိုယ် နောက်ပိုင်းကျရင် မင်းကို သေချာပေါက် ကောင်းမွန်တဲ့ ဘဝမျိုးမှာ နေထိုင်စေရမယ်”

ကိုယ့်ကြောင့်နဲ့ မင်းကို နောက်ထပ် ဒုက္ခမရောက်စေရတော့ဘူး။

မနက်စာကိ စားသုံးပြီးနောက် စုဝေ့ချင်းတို့ ဇနီးမောင်နှံနှစ်ဦးက တံခါးကို သော့ခတ်လိုက်ကြပြီး သူတို့၏ ကလေးကို ခေါ်ဆောင်လျက် အရောင်းဆိုင်သို့ ထွက်ခွာလာခဲ့ကြလေသည်။

သူတို့က သွားရောက်လည်ပတ်ရန်အတွက် သင့်တော်ပြီး အလွန်အကျွံလည်း တန်ဖိုးမကြီးမားသော လက်ဆောင်တချို့ကို ရွေးချယ်ဝယ်ယူခဲ့ကြ၏။

ထို့နောက်မှ ယန်ရှောင် ပေးထားခဲ့သော လိပ်စာအတိုင်း ထွက်ခွာလာခဲ့ကြတော့သည်။

ဆရာကြီးယန်၏ ယခု နေထိုင်ရာ အရပ်ကလည်း အိမ်ဝင်းလေးတစ်ခုပင် ဖြစ်သော်လည်း၊ စုဝေ့ချင်းနှင့် လီရှန်းတို့၏ အိမ်ဝင်းနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

သူတို့က ကျန်းမိသားစုဝင်း အထဲ၌ နေထိုင်ကြခြင်း ဖြစ်သည်။

ကျန်းမိသားစုက မြို့တော်၌ ကာလအတော်ကြာကတည်းက အင်အားကြီးမားသော မိသားစုတစ်စု ဖြစ်ခဲ့၏။

သူတို့၏ ဘိုးဘေးဘီဘင်များထံသို့ ပြန်လည်၍ ခြေရာခံကြည့်မည်ဆိုပါက၊ ယခင်မင်းဆက်များတုန်းက မြို့တော်၌ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဘိုးဘေးများပင် ရှိခဲ့ဖူးသည်။

ဆရာကြီးယန်က စစ်တပ်သို့ သွားရောက်မနေထိုင်မီကတည်းက သူ့အတွက် သတ်မှတ်ပေးထားခဲ့သော ဤအိမ်ဝင်းလေးထဲ၌ နေထိုင်ခဲ့ခြင်း ဖြစ်၏။

ယန်ရှောင်က သူ၏ စစ်တပ်အဖွဲ့ထံသို့ ပြန်လည်၍ ထွက်ခွာခြင်း မပြုရသေးပေ။

စုဝေ့ချင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူ၏ အိမ်တံခါးဝသို့ ရောက်ရှိလာသည့်အချိန်တွင် သူက ခါးစည်းကို ဝတ်ဆင်ထားလျက် ရေဆေးကန်၏ အနား၌ ဆောင့်ကြောင့်ထိုင်ကာ ကြက်တစ်ကောင်ကို သတ်ဖြတ်နေခဲ့လေ၏။

သူ၏ လျင်မြန်လွန်းသော ဓားချက်တစ်ခုအောက်တွင်၊ ကြက်ဖကြီးက အတောင်ပံကို နှစ်ချက်မျှ ခတ်လိုက်ပြီးနောက် ငြိမ်သက်သွားလေတော့သည်။

စုဝေ့ချင်းတို့ဇနီးမောင်နှံက အထဲသို့ ဝင်ရမလို၊ နောက်သို့ ပြန်ဆုတ်ရမလိုဖြင့် တံခါးဝတွင် ရပ်နေခဲ့ကြရ၏။

စုရှောင်လော်က သူမ၏ မျက်လုံးလေးများကို ပြူးကျယ်လျက် ကြည့်ရှုနေခဲ့သည်။

အခြေအနေကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ဝါး..ဟုပင် ကျယ်လောင်စွာ အော်ဟစ်မိလိုက်သေး၏။

ယန်ရှောင်က မသိစိတ်ဖြင့် ခေါင်းကို မော့ကြည့်လိုက်လျှင် အိမ်တံခါးဝတွင် ရပ်နေသော မိသားစုသုံးယောက်ကို မြင်တွေ့လိုက်ရလေသည်။

သူက ချက်ချင်းပင် ပြုံးလိုက်ပြီး သူတို့ကို နွေးထွေးစွာကြိုဆိုလိုက်လေတော့၏။

“မင်းတို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ၊ အဘိုးက မင်းတို့အကြောင်းကို ပြောနေတာ ရက်အတော်ကြာနေပြီ”

*

All Chapters