← Chapters

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း(313)

ရန်ကျိမင်မှာ ပေကျင်းမြို့သို့ ရောက်ရှိပြီး ပထမဆုံးရက်အနည်းငယ်အတွင်း အခြေချနေထိုင်ပြီးနောက် အစည်းအဝေးတချို့သို့ ဆက်တိုက် တက်ရောက်ခဲ့ရလေသည်။

ထိုအစည်းအဝေးသို့ တက်ရောက်လာသူများထဲတွင် ပေကျင်းမြို့၌ ကျန်ရစ်ခဲ့ကြသော်လည်း ကြောက်လန့်တကြားဖြစ်နေသော ငှက်ငယ်လေးများကဲ့သို့ စိုးရိမ်ထိတ်လန့်လျက် အမြဲသတိကြီးစွာ ထားနေကြရသည့် လုပ်ဖော်ကိုင်ဖက်များ ပါဝင်သည်။ ဆံပင်ဖြူများဖြင့် ပိန်လှီနေသော ခန္ဓာကိုယ်ရှိကြပြီး ညှိုးမှိန်နေသော ကျုံးရှန်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာအမူအရာများက နွမ်းနယ်နေကြသော်လည်း နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းသည့် အရိပ်အယောင်များကို ထုတ်ဖော်ပြသနေဆဲဖြစ်သည့် လုပ်ဖော်ကိုင်ဖက်များလည်း ရှိကြသည်။

ထို့အပြင် ရန်ကျိမင်ကဲ့သို့ပင် တည်ငြိမ်ရင့်ကျက်ကြပြီး သက်တောင့်သက်သာရှိကာ နွေးထွေးသော ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ နောက်ကျောပေါ်တွင် လေနှင့်နှင်းမုန်တိုင်းများကို အံတုရင်ဆိုင်နေကြရသကဲ့သို့ သယ်ပိုးထားကြသည့် လုပ်ဖော်ကိုင်ဖက်များလည်း ရှိကြလေသည်။

သူတို့ ထိုင်မိကြပြီးနောက်တွင် မည်သူတစ်ဦးကမျှ စကားမပြောကြပေ။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရလောက်သည်အထိ ကြာမြင့်ပြီးမှသာ အချင်းချင်း ကြည့်၍ ပြုံးပြလိုက်ကြလေ၏။

ထိုအပြုံးများက အတိတ်က ဆင်းရဲဒုက္ခများက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မျှော်လင့်ချက်အပြည့်ရှိသော မနက်ဖြန်သာ ကျန်ရှိတော့ကြောင်းကို အဓိပ္ပာယ်ဆောင်နေပေသည်။

ပထမဆုံးအကြိမ် အစည်းအဝေးတွင် လူတိုင်းက အနည်းငယ် အနေခက်နေကြသေး၏။

သူတို့အားလုံးက အတိတ်ကတည်းက အချင်းချင်း သိကျွမ်းခဲ့ကြသူများ ဖြစ်ကြသည်။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသမျှသော အရာများကြောင့် သူတို့ဘက်မှ စကားတစ်ခွန်းလောက် မှားယွင်းပြောမိသွားပြီး အချင်းချင်း စိတ်နာကျင်စေမိမည်ကို စိုးရိမ်နေကြလေ၏။

သို့သော် အစည်းအဝေး အရေအတွက် များပြားလာသည်နှင့်အမျှ သူတို့၏ လေယူလေသိမ်းကလည်း ပိုမိုရင်းနှီးကျွမ်းဝင်လာခဲ့ကြလေတော့သည်။

သူတို့က သူတို့၏ သားသမီးများနှင့် မြေးမြစ်များအကြောင်းကို ပြောဆိုလာကြလေတော့၏။

ဤအရာက ရန်ကျိမင်အတွက်တော့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။

သူ့တွင် သားတစ်ယောက်သာ ရှိပြီး၊ ထိုသားဖြစ်သူက ငယ်စဉ်ကတည်းက စာပေလေ့လာခြင်းကို မနှစ်သက်ဘဲ ဆယ်ကျော်သက်အရွယ်မှာပင် စစ်တပ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သူသည်။

သူက ပြန်လည်၍ ရောက်ရှိလာသည့်အချိန်တွင် သူ၏မြေးဖြစ်သူ ရန်ရှောင်က လမ်းလျှောက်လျက် ခုန်ပေါက်ပြေးလွှားနေနိုင်လေပြီ။

သူက ရန်ရှောင်ကို လေ့ကျင့်သင်ကြားပေးရန်အတွက် မျှော်လင့်ခဲ့သော်လည်း ရန်ရှောင်ကလည်း သူ၏မိဘများကဲ့သို့ပင် ဖြစ်နေခဲ့ရှာသည်။

သူက အပ်စိုက်ကုထုံး အပ်များထက် စစ်ဝတ်စုံကို ပိုမို၍ နှစ်သက်ပြီး၊ ဆေးကျမ်းတစ်စောင်ကို တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့်ပင် အိပ်ပျော်သွားတတ်သူ ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရန်ကျိမင်က စိတ်ပျက်စွာဖြင့်သာ ထွက်ခွာသွားတတ်၏။

သို့သော် ယခုတစ်ကြိမ်တွင် အခြေအနေချင်းက ကွဲပြားခြားနားလွန်းသည်။

ရန်ကျိမင်က ထွက်ခွာမသွားခဲ့သည့်အပြင် လူအုပ်စုကြီး၏ အလယ်ဗဟိုတည့်တည့်တွင်ပင် မတ်တတ်ရပ်နေခဲ့သည်။

သူက ကြွားဝါပြသရန်ပင် မလိုအပ်ခဲ့ဘဲ တပည့်ကောင်းတစ်ဦးကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်းကို လူတိုင်း သိရှိသွားကြလေ၏။

ထို့ကြောင့် သူတို့က ရန်ကျိမင်ကို ထိုတပည့်အား ဤအဘိုးကြီးများအုပ်စုထံသို့ ခေါ်ဆောင်လာပြီးပြသရန်အတွက် ဆူညံစွာ တောင်းဆိုလာကြလေတော့သည်။

သို့သော် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်မှာ လီရှန်းက သူမ၏ အလုပ်များကို အရာအားလုံးပြီးစီးအောင် လုပ်ဆောင်ပြီးမှသာ ပြန်လည်၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရန်ကျိမင်က အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရလေ၏။

သူ့အနေဖြင့် မူလက လီရှန်းကို စမ်းသပ်ရန်အတွက် မေးခွန်းတချို့ကို ထပ်မံ၍ မေးမြန်းရန်အတွက် စီစဉ်ထားခဲ့သည်။

သို့သော် ယခုအချိန်တွင် လီရှန်းတစ်ယောက် ပြင်ဆင်လာခဲ့သော နောက်ဆုံးမေးခွန်းများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ဆက်လက်မစမ်းသပ်တော့ရန် ဆုံးဖြတ်လိုက်ပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်လေတော့သည်။

“ဒါတွေက ဘာဖြစ်လို့ အခြေခံရောဂါတွေအကြောင်းချည်းပဲ ဖြစ်နေရတာလဲ”

“ကျွန်မက ဆရာဝန်တစ်ယောက် မဟုတ်သေးဘူးလေ၊ ဒါတွေက ကျွန်မ ကိုင်တွယ်နိုင်တဲ့ ရောဂါဝေဒနာမျိုးတွေမို့လို့ပါ”

လီရှန်းက သူမ၏ခေါင်းကို ငုံ့ထားမိပြီး စိုးရိမ်စိတ်ဖြင့် သူမ၏လက်များကို ပွတ်သပ်လျက် ပြောလိုက်လေသည်။

“နောက်ပိုင်းကျရင် အခွင့်အရေးရှိမယ်ဆိုရင်တော့ ကျွန်မ သေချာပေါက် ကြိုးကြိုးစားစား လေ့လာသင်ယူပါ့မယ်”

ရန်ကျိမင်က နှမြောတသမှုကိုသာ ခံစားလိုက်ရလေတော့သည်။

ဤမျှအထိ ပါရမီပါသော တပည့်တစ်ယောက်က ဤခေတ်ကာလ၌ မွေးဖွားလာခဲ့ရရှာ၏။

အကယ်၍ သူမသာ လွန်ခဲ့သော နှစ်အနည်းငယ်စော၍ဖြစ်စေ၊ သို့မဟုတ် နှစ်အနည်းငယ်နောက်ကျ၍ဖြစ်စေ မွေးဖွားလာခဲ့မည်ဆိုပါက၊ သူမအနေဖြင့် ငယ်စဉ်ကတည်းက တတ်မြောက်အပ်သည့် ပညာရပ် များကို လေ့လာခွင့်ရရှိနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့သော အသက်အရွယ်မျိုးတွင် ရောဂါဝေဒနာများကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်စစ်ဆေးနိုင်နေလေပြီ ဖြစ်လိမ့်မည်။

သို့သော် ယခုအချိန်ကလည်း နောက်ကျလွန်းနေသေးသည်တော့ မဟုတ်ပေ။

အသက်နှစ်ဆယ်ကျော်အရွယ်ဟူသည် ဘဝ၏ အကောင်းဆုံး အချိန်ပိုင်း ဖြစ်သည်။

သင်ယူလေ့လာရန်အတွက်လည်း အသင့်တော်ဆုံး အချိန်ပင် မဟုတ်ပါလား။

“တကယ်လို့ မင်းသာ လေ့ကျင့်ရေးအဖွဲ့ထဲမှာ ပါဝင်မယ်ဆိုရင်၊ မင်းရဲ့ ကျောင်းသားမှတ်တမ်းကို ဆေးတက္ကသိုလ်ဆီကို ကြိုတင်ပြီး ပြောင်းရွှေ့ထားရလိမ့်မယ်၊

ဒါပေမဲ့ တခြားလူတွေကတော့ အဲဒါကို စုံစမ်းလို့ ရမှာမဟုတ်ဘူး၊ မင်း အဲဒီလို လုပ်ဖို့ ဆန္ဒရှိရဲ့လား”

ဤရက်ပိုင်း အစည်းအဝေးများသို့ တက်ရောက်ပြီးနောက် ရန်ကျိမင်က ဆေးတက္ကသိုလ်အနေဖြင့် အတန်းများကို ပြန်လည်၍ စတင်ရန်အတွက် ခက်ခဲနေသေးကြောင်းကို သိရှိခဲ့သည်။

အထူးသဖြင့် ယခုအချိန်တွင် ကျောင်းကို တရားဝင် မဖွင့်သေးဘဲ ကြိုတင်၍ လျှို့ဝှက်လေ့ကျင့်ရေးများကို ပြုလုပ်နေရသည့် အခြေအနေမျိုးပင် ဖြစ်နေသည်။

ထို့ကြောင့် ကျောင်းသားအရင်းအမြစ် ပိုမိုရှားပါးနေကြောင်းကို သဘောပေါက်နားလည်ခဲ့လေသည်။

အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကို ပြန်လည်၍ ကျင်းပသည့် ပထမဆုံးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုကြသော ကျောင်းသားပေါင်း သန်းနှင့်ချီ၍ ရှိခဲ့၏။

ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းပြီး ဆရာဝန်ဖြစ်ရန်အတွက် ရည်မှန်းထားကြသူများပင်လျှင် တက္ကသိုလ်၌ တက်ရောက်ခွင့်ရရှိပြီးနောက်တွင် ဤသင်ယူခွင့် အခွင့်အရေးကို စွန့်လွှတ်လိုက်ကြလေ၏။

ထို့ကြောင့် ဆရာသမားများကို ရှာဖွေရန်အတွက် မခက်ခဲသကဲ့သို့ သင်ရိုးညွှန်းတမ်း သင်ခန်းစာများလည်း ပေါများလွန်း၏။

သူတို့အတွက် အလိုအပ်ဆုံးဖြစ်နေသည်က ကျောင်းသားများသာ ဖြစ်သည်။

လက်တလောတွင် လေ့ကျင့်ရေး၌ ပါဝင်နေကြသူအများစုက ဤအဘိုးကြီးများ၏ မြေးများနှင့် တူသားတော်စပ်သူများသာ ဖြစ်ကြ၏။

သို့သော် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း၌ ပါရမီပါသော မျိုးဆက်သစ် အတော်များများကလည်း ပြုန်းတီးခဲ့ရရှာသည်။

ရန်ရှောင်ကဲ့သို့ပင် သူတို့က တခြားသော လမ်းကြောင်းများပေါ်သို့ လျှောက်လှမ်းသွားခဲ့ကြ၏။

စစ်သားများ ဖြစ်လာကြခြင်း၊ စက်ရုံများထဲသို့ ဝင်ရောက်သွားကြခြင်း၊ သို့မဟုတ် စာပေလေ့လာခြင်းကို စွန့်လွှတ်ခဲ့ခြင်းတို့ဖြစ်ခဲ့ပြီး ပညာတတ်လူငယ်များအဖြစ် အလုပ်လုပ်ကိုင်နေချိန်အတွင်း အိမ်ထောင်ကျလျက် ကလေးများကို ရရှိပြီး သူတို့၏ မိသားစုဘဝများကို တည်ဆောက်နေခဲ့ကြသူများလည်း ရှိနေခဲ့သည်။

ထို့ကြောင့်...

ကျောင်းသားက လုံးဝ နည်းပါးနေခြင်းသာ ဖြစ်သည်။

“ကျွန်မ ဆန္ဒရှိပါတယ်”

လီရှန်းက လေးနက်စွာဖြင့် ခေါင်းကို ညိတ်ပြလိုက်လေသည်။

“ပြီးတော့ ကျွန်မ မိသားစုဆီကိုလည်း ဖုန်းဆက်ပြောပြီးပါပြီ၊ သူတို့ကလည်း အားပေးထောက်ခံကြပါတယ်”

ကျန်းမိသားစုက လီရှန်း၏ အလိုဆန္ဒကိုသာ ဦးစားပေးလေသည်။

စုမိသားစုအတွက်တော့..

တတိယမိသားစုမှ ဇနီးမောင်နှံနှစ်ဦးက ခွဲခွာခြင်းမရှိသရွေ့၊ လီရှန်းအနေဖြင့် တက္ကသိုလ်သို့ နှစ်အနည်းငယ် နောက်ကျမှ တက်ရောက်မည်ဆိုလျှင်လည်း ပြဿနာမရှိပေ။

ထို့အပြင် စုမိသားစုမှ လူကြီးများကလည်း ဆေးဝါးစက်ရုံထဲ၌ အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ထို့ကြောင့် ဆရာဝန်တစ်ယောက်ဖြစ်စေရန်အတွက် လေ့ကျင့်သင်ကြားခြင်းနှင့် ပတ်သက်၍ အနည်းငယ် နားလည်သဘောပေါက်ထားကြ၏။

လီရှန်းက နိုင်ငံထဲရှိ အကောင်းဆုံး ဆေးတက္ကသိုလ်သို့ သွားရောက်ရမည် ဖြစ်ကြောင်းကို သိရှိကြသည်။

ထို့ကြောင့် သူတို့က တားဆီးကြလိမ့်မည် မဟုတ်ပေ။

ရန်ကျိမင်က အမှန်တကယ်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရတော့၏။

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ”

သူက ကောင်းပြီဟု သုံးကြိမ်တိုင်တိုင် ပြောဆိုလိုက်ရင်း၊ စုရှောင်လော်၏ ဆံပင်ကျစ်ဆံမြီးလေးကို မသိစိတ်ဖြင့် ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်လေ၏။

“စိတ်မပူပါနဲ့၊ ဒါကို လျှို့ဝှက်လေ့ကျင့်ရေးလို့ ခေါ်ပေမဲ့ တကယ်တော့ မင်းကို အိမ်မှာ ပြန်နေထိုင်ခွင့် ပြုထားမှာပါ၊

လူသိရှင်ကြား ထုတ်ဖော်လို့မရရုံသက်သက်ပါပဲ၊ မင်းက မင်းရဲ့ ကလေးနဲ့အတူ ဆက်ပြီး ရှိနေနိုင်ပါသေးတယ်”

လီရှန်းတစ်ယောက် မည်သို့ပြန်ပြောရမည်ကိုပင်မသိ ဖြစ်နေချိန်တွင် စုဝေ့ချင်းက ဆရာကြီးရန်ကျိမင်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြောလေသည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး၊ ကျေးဇူးအများကြီးတင်ပါတယ်၊

ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းလုံးလုံး ဘယ်လောက်အထိ စိုးရိမ်နေခဲ့ရလဲဆိုတာ ဆရာကြီး မသိလောက်ဘူး၊

တကယ်လို့ ကျွန်တော့်ဇနီးသာ အိမ်ပြန်မလာနိုင်ဘူးဆိုရင် ကျွန်တော်ကတော့ တစ်ယောက်တည်း ကလေးထိန်းလိုက် စာသင်လိုက်နဲ့ အလုပ်ရှုပ်နေရတော့မှာ

ကျွန်တော်ဆိုရင် ကလေးကို ကူပြီး ထိန်းပေးဖို့ ဘေးအိမ်က အဒေါ်ကြီးကိုတောင် အကူအညီတောင်းရမလားလို့ စဉ်းစားနေခဲ့တာ”

“ကလေးထိန်းဖို့အတွက် ဘေးအိမ်ကလူကို ဘာလို့ အကူအညီတောင်းနေရမှာလဲ၊

မနက်ကျရင် ရှောင်လီက ကလေးကို ဒီကို ခေါ်လာခဲ့ပြီး ရန်ရှောင်ရဲ့လက်ထဲ အပ်ခဲ့လိုက်..

ဘာပဲဖြစ်ဖြစ် သူကအလုပ်လုပ်နေတာ မဟုတ်ဘူး၊ ဒီအဘိုးကြီးကို ပြုစုဖို့ အိမ်မှာပဲ နေနေတာဆိုတော့ အချိန်တွေ အများကြီး ရှိပါတယ်”

ရန်ရှောင် : “...”

ရမ်ရှောင်တစ်ယောက် တွေးလိုက်မိသည်။

ကျွန်တော်က အဘိုးရဲ့ မြေးအရင်းရော ဟုတ်သေးရဲ့လား။

ကျွန်တော့်ရဲ့ ပုခုံးပေါ်မှာ ကြီးမားတဲ့ တာဝန်ဝတ္တရားကြီး ရှိနေတယ်လေ။

“ကျွန်တော်တို့ ကလေးကို မူလတန်းကျောင်းမှာ ကျောင်းအပ်ထားပြီးပါပြီ၊ နောက်ထပ် ရက်ပိုင်းဆိုရင် ကျောင်းဖွင့်တော့မှာပါ”

စုဝေ့ချင်းက အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လေသည်။

“အဓိက စိုးရိမ်တာကတော့ ညနေပိုင်း ကျောင်းဆင်းချိန်တွေမှာ ကလေးကို အချိန်မီ သွားမကြိုနိုင်မှာကိုပါပဲ”

“အိုး၊ ဒါဆိုရင် ကျောင်းဖွင့်တဲ့အချိန်ကျရင် မင်းတို့ရဲ့ အတန်းချိန်ဇယားကို ငါ့ဆီ ယူလာခဲ့ပေး၊

တကယ်လို့ မင်းတို့ အချိန်မအားဘူးဆိုရင် ငါ ရန်ရှောင်ကို သွားကြိုခိုင်းလိုက်မယ်”

ရန်ရှောင်က ငြင်းဆန်ခြင်း မပြုခဲ့သည့်အပြင် ထပ်မံ၍ မေးမြန်းလိုက်လေသည်။

“ကလေးကို ဘယ်မူလတန်းကျောင်းမှာ ထားဖို့ စီစဉ်ထားတာလဲ”

“ကျွန်တော်တို့က အနောက်လမ်းက အစိုးရမူလတန်းကျောင်းနားမှာ အိမ်ဝင်းတစ်ခု ရှိပါတယ်”

စုဝေ့ချင်းက ထိုအိမ်ဝင်းအတွက် ငွေကြေးကို အပြည့်အဝ မချေရသေးကြောင်းကိုတော့ ထည့်သွင်းပြောခြင်း မပြုခဲ့ပေ။

ထိုအရာက သူတို့၏ မိသားစုအတွင်းရေးကိစ္စသာ ဖြစ်သောကြောင့် တခြားသူများကို လူသိရှင်ကြား အသိပေးရန် မလိုအပ်ပေ။

“ ဒါဆိုရင် ကျွန်တော့်ရဲ့ အလုပ်ဌာနနဲ့ အတော်လေး နီးတာပဲ၊ ကျွန်တော် ကလေးကို သွားကြိုပြီး ကျွန်တော့်ရဲ့ အလုပ်ဌာနဆီပဲ ခေါ်သွားလိုက်မယ်လေ၊

မင်းတို့ အတန်းဆင်းတဲ့အချိန်ကျမှ အလုပ်ဌာနကနေ လာခေါ်သွားကြပေါ့”

*

All Chapters