အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း(315)
မွန်းလွဲပိုင်းတွင်တော့ သူတို့က စားပွဲများ၊ ထိုင်ခုံများ၊ ခုံတန်းလျားများနှင့် မှန်တင်ဗီရိုတစ်ခုကို သယ်ဆောင်လာခဲ့ကြသည်။
ထို့ကြောင့် သူတို့က ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများ၏ အာရုံစိုက်မှုကို ခံခဲ့ရလေတော့သည်။
“ဒီလိုမျိုး ဗီရိုက အများကြီး ပိုကောင်းတာပေါ့၊ အထဲမှာ ဘာရှိလဲဆိုတာကို တစ်ချက်ကြည့်ရုံနဲ့တင် မြင်နိုင်တာပဲ၊
အိမ်ထဲက ဗီရိုအဟောင်းတွေကတော့ မှောင်မည်းနေတော့ ကြွက်တစ်ကောင် ပုန်းနေရင်တောင် သိနိုင်မှာ မဟုတ်ဘူး”
ဦးထုပ်ဆောင်းထားသော အဘိုးတစ်ဦးက ပြောလိုက်လေသည်။
“ငါလည်း မနက်ဖြန် ငါ့အိမ်က ဗီရိုကို မှန်ပါတဲ့ ဗီရိုမျိုးနဲ့ လဲလှယ်လိုက်ဦးမယ်”
“တော်စမ်းပါ၊ ရှင်တို့အိမ်က အမျိုးသားတွေအားလုံးက ဘောင်းဘီ သုံးထည်ကိုပဲ မျှပြီးဝတ်နေကြရတာလေ၊ ရှင်က ဗီရိုကို လဲချင်သေးတယ် ဟုတ်လား၊ ရှင့်မှာ ကိုယ်ပိုင်ဗီရို အရင်ဆုံး ရှိအောင် လုပ်ပါဦး”
တခြားသော အဘွားတစ်ဦးက သရော်လှောင်ပြောင်လိုက်လေသည်။
ထိုအဘိုးက ဒေါသထွက်ခြင်း မရှိဘဲ၊ ညင်သာစွာဖြင့်သာ ပြုံးပြလိုက်လေသည်။
သူက ဤကဲ့သို့သော စကားလုံးများကို ကျင့်သားရနေသကဲ့သို့ ရှင်းပြသည်။
“ငါတို့ မိသားစုမှာ တရားဝင်ဝန်ထမ်း သုံးယောက် ရှိတာဆိုတော့ ဗီရိုတစ်ခု ဝယ်ယူဖို့က ပြဿနာမရှိနိုင်ပါဘူး”
“ရှင်က သူတို့နဲ့ သွားပြိုင်လို့ ဘယ်ရနိုင်မလဲ၊ သူတို့တစ်မိသားစုလုံးက တက္ကသိုလ်ကျောင်းသားတွေချည်းပဲလေ”
ရက်အနည်းငယ်အတွင်း အတူဖြတ်သန်းခဲ့ကြပြီးနောက်တွင် လီရှန်းက အိမ်နီးနားချင်းများ၏အကြောင်းကို အနည်းငယ်ပိုမို သိရှိနားလည်လာခဲ့သည်။
ထိုဦးထုပ်ကို ဆောင်းထားသော အဘိုး၏ မျိုးရိုးနာမည်ကတုန် ဖြစ်လေ၏။
သူက ယခင် အဆင့် (၆) စက်ပြင်ဆရာတစ်ဦး ဖြစ်ခဲ့ဖူးသည်။
သို့သော် လုပ်ငန်းခွင်မတော်တဆမှုတစ်ခုတွင် သူ၏လက်မကို ပြတ်တောက်သွားခဲ့ရသောကြောင့် ထိုအချိန်မှစ၍ ညှပ်စက်ကိုပင် မကိုင်နိုင်တော့ပေ။
သူ၏အလုပ်ရာထူးကို လက်လွှတ်မခံရစေရန်အတွက် ထိုအချိန်က အသက်နှစ်ဆယ်သာရှိသေးသော သူ၏ဒုတိယသားဆီသို့ ထိုရာထူးကို လွှဲပြောင်းပေးအပ်ခဲ့၏။
သူ၏ဇနီးဖြစ်သူက မနီးမဝေးရှိ ဟင်းသီးဟင်းရွက်စျေးတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေလေသည်။
စျေးအတွင်း သန့်ရှင်းရေးလုပ်ရန်အတွက် တာဝန်ယူထားရ၏။
ထိုဇနီးမောင်နှံနှစ်ဦးတွင် စုစုပေါင်း သားငါးယောက်ရှိသည်။
သူတို့၏ အကြီးဆုံးသားက စစ်သားတစ်ဦးဖြစ်ခဲ့ပြီး ဒဏ်ရာရရှိမှုကြောင့် စစ်တပ်မှအနားယူခဲ့ရကာ ထိုအချိန်မှစ၍ အိပ်ရာထဲ၌သာ လဲလျောင်းနေခဲ့ရ၏။
သူတို့၏ဒုတိယသားက စက်ပြင်ဆရာတစ်ဦးဖြစ်သော်လည်း၊ ခန္ဓာကိုယ်ပိန်လှီပြီး ရာထူးအဆင့်အတန်းလည်း မမြင့်မားလွန်းပေ။
သူတို့၏တတိယသားက လွန်ခဲ့သောနှစ်ကမှ ပုံနှိပ်စက်ရုံတစ်ခုတွင် ပုံနှိပ်သမားအဖြစ် လုပ်ကိုင်ရန် စာမေးပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သူတို့၏အငယ်ဆုံးသားနှစ်ယောက်က ပညာတတ်လူငယ်များအဖြစ် ကျေးလက်ဒေသသို့ အလုပ်တာဝန်ဖြင့် ဆင်းသွားခဲ့ကြရပြီး ယခုအချိန်အထိ မြို့သို့ပြန်မလာနိုင်ကြသေးပေ။
ထို့ကြောင့်ပင် သူတို့မိသားစုတွင် တရားဝင်ဝန်ထမ်း သုံးယောက်ရှိသည်ဟု ပြောသော်လည်း သူတို့၏ ဝင်ငွေက မြင့်မားလွန်းခြင်းမရှိပေ။
ဘောင်းဘီ သုံးထည်ကိုသာ မျှဝေ၍ ဝတ်ဆင်နေကြရသည်ဟု သရော်လှောင်ပြောင်ခဲ့သော အဘွား၏အကြောင်းကိုပြောရလျှင်..
ထိုမိသားစုတွင် အမျိုးသား ခြောက်ယောက်ရှိသည်။
သို့သော် ဒုတိယသားနှင့် တတိယသားတို့သာ အိမ်ထောင်ကျထားကြ၏။
သူတို့၏ဇနီးများနှင့်ပေါင်းလျှင် အမျိုးသမီးစုစုပေါင်း သုံးယောက်သာ ရှိနေခဲ့သည်။
ဤစကားလုံးများက အနည်းငယ် ရိုင်းစိုင်းသည်ဟု ထင်ရလေသည်။
သို့သော် အကြိမ်ပေါင်းများစွာကြားရဖူးပြီးနောက်တွင် အဘိုးတုန်ကလည်း စိတ်ထဲ၌ ကျင့်သားရနေခဲ့လေ၏။
“ဒါပေါ့၊ ငါက သူတို့နဲ့ ဘယ်လိုလုပ် သွားပြိုင်လို့ရမှာလဲ၊ ဒီလမ်းကြားထဲက ဘယ်သူမဆို သူတို့နဲ့ သွားပြိုင်လို့ရတဲ့လူ မရှိဘူးလေ”
အဘိုးတုန်က သူ၏လက်များကို အနောက်သို့ ပစ်ထားလျက် အလျော့မပေးသော လေသံဖြင့် ပြောလိုက်လေသည်။
ဤစကားလုံးများက ထိုအဘွား၏ စိတ်နှလုံးကို ထိမှန်သွားစေခဲ့၏။
ကလေးတစ်ယောက်သာရှိသော ထိုဇနီးမောင်နှံနှစ်ဦးက အိမ်ဝင်းသုံးဆင့်ပါရှိသော အိမ်ကြီးတစ်အိမ်တွင် နေထိုင်ကြလေသည်။
ထို့ကြောင့် အိမ်နီးနားချင်းများက သူတို့ကို အလွန်ပင် မနာလိုဖြစ်မိကြ၏။
သူတို့၏ အိမ်ထောင်စုတစ်ခုချင်းစီတွင် ကိုယ်ပိုင်သီးသန့်အိမ်နှင့် အိမ်ဝင်းငယ်လေးများ ရှိကြသည်။
သို့သော် သူတို့၌ သားသမီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိကြသောကြောင့် အိပ်စက်သည့်အချိန်တွင် ဘေးစောင်း၍ကျပ်ညပ်စွာ အိပ်စက်ကြရ၏။
ယခင်က ဤအိမ်ဝင်းကြီးတွင် လူတချို့က နေထိုင်ခဲ့ကြဖူးသော်လည်း၊ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ရုတ်တရက် တခြားနေရာသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
သူတို့အားလုံးက ပေကျင်းမြို့သားဟောင်းများ ဖြစ်ကြသောကြောင့်၊ အသေးစိတ်အချက်အလက်များကို မသိရှိရသေးလျှင်ပင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းကြည့်နိုင်၏။
“အိမ်ကို ပြန်ပြီး မင်းရဲ့ကလေးကိုပဲ စာသေချာကြိုးစားခိုင်းလိုက်ပါဦး၊
ဒါမှ နောက်ပိုင်းကျရင် အလုပ်ကောင်းကောင်းရပြီး အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်မှာ၊ အဲဒီအချိန်ကျမှပဲ တစ်မိသားစုလုံး စိတ်အေးချမ်းသာ ရှိနိုင်တော့မှာ”
“ဒါပေမဲ့ အဲဒီမှန်ဗီရိုက တကယ့်ကို တောက်ပလင်းထိန်နေတာပဲ၊ ငါလည်း တစ်နေ့ကျရင် အိမ်ကဗီရိုကို အဲဒီလိုမျိုးနဲ့ သေချာပေါက် လဲပစ်ဦးမယ်”
“ရှင် လဲနိုင်တာကို မြင်ရရင် ကျွန်မလည်း သေချာပေါက် ဝမ်းသာမိလိမ့်မယ်”
“…”
အိမ်နီးနားချင်းများက လျင်မြန်စွာ ရောက်ရှိလာကြပြီးနောက် ချက်ချင်းပင် ပြန်လည်၍ ထွက်ခွာသွားကြလေတော့၏။
လာရောက်၍ ကူညီပေးခဲ့သော အစ်မမာ၏ အငယ်ဆုံးသားဖြစ်သူ ဝမ်တုန်ကတော့ သူ၏ခေါင်းနောက်ဘက်ကို ကုပ်လိုက်ရင်း ပြောလိုက်လေသည်။
“ဦးလေးဝေ့ချင်း၊ ကျွန်တော် ပစ္စည်းတွေအားလုံး ဝယ်ယူပြီးပြီဆိုတော့ အိမ်ပြန်လိုက်ဦးမယ်၊ ကျွန်တော့်အမေက အိမ်မှာ ထမင်းစားဖို့ စောင့်နေမယ်ထင်တယ်”
“ဒီနေ့တော့ အိမ်ကိုမပြန်ပါနဲ့ဦး၊ ငါတို့ မီးဖိုအသစ်လေး ဝယ်လာတာဆိုတော့ မင်းရဲ့အဒေါ်ကို ဟင်းတချို့ ချက်ခိုင်းပြီး အိမ်သစ်တက်ပွဲအတွက်စားသောက်ကြတာပေါ့”
စုဝေ့ချင်းက ဝမ်တုန်၏ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
“ငါတို့ ဒီကို ပြောင်းလာကတည်းက အစ်မမာက ငါတို့ကို အများကြီး ကူညီပေးခဲ့တာလေ၊
မင်းအိမ်ကိုပြန်ပြီး မင်းရဲ့အမေကို ထမင်းဟင်းတွေ ချက်မနေနဲ့တော့လို့ ပြောလိုက်ဦး၊ ငါတို့နဲ့အတူ လာပြီး စားသောက်ရအောင်”
အကယ်၍ ဝမ်တုန် တစ်ဦးတည်းကိုသာ ဖိတ်ခေါ်မည်ဆိုပါက ထိုကလေးက သေချာပေါက် ငြင်းဆန်ပေလိမ့်မည်။
သို့သော် အစ်မမာကိုပါ အတူဖိတ်ခေါ်သည်ဟု ပြောလိုက်သည့်အချိန်တွင် သူက စိတ်ရှုပ်ထွေးသွားလေတော့၏။
သူက ရိုးသားစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလေသည်။
“ဒါဆိုရင်လည်း ကျွန်တော် အိမ်ပြန်ပြီး အမေကို အရင်မေးကြည့်လိုက်မယ်”
ဝမ်တုန်က သူ၏စက်ဘီးကို တွန်းလျက် အိမ်သို့ ပြန်သွားခဲ့ပြီးနောက် မကြာမီမှာပင် အစ်မမာ ရောက်ရှိလာခဲ့လေ၏။
သူမက အိမ်ထဲသို့ ဝင်ရောက်လာသည်နှင့် ကျယ်လောင်စွာ ပြောဆိုလာခဲ့သည်။
“မင်းတို့ကတော့.. ဘာလို့ ဒီလောက်အထိ အားနာစရာနေရတာလဲ၊ ငါတို့က အိမ်မှာ ညစာ ချက်ပြုတ်ပြီးသားကြီးရှိပါတယ်”
“အခုက ကျွန်တော်တို့အိမ်ရဲ့မီးဖိုချောင်ကိုလည်း သန့်ရှင်းရေးလုပ်ပြီးသွားပြီလေ၊ ဒါကြောင့်ကျွန်တော်တို့လည်း အိမ်သစ်တက်တဲ့အနေနဲ့ မီးဖိုကို နွေးထွေးအောင် လုပ်မလို့၊
ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ပေကျင်းမှာ ဆွေမျိုးမိတ်ဆွေမှ သိပ်မရှိကြဘူးမလား၊ အစ်မကလည်း ကျွန်တော်တို့ ရောက်ကတည်းက အမြဲတမ်း ကူညီပေးခဲ့တာဆိုတော့ အိမ်သစ်တက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ..
အာ.. ပြီးတော့ အစ်ကိုဝမ်ရဲ့ ကလေးတွေလည်း ရှိသေးတာပဲလေ၊ သူတို့ကိုပါ အတူလာပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါဦး”
စုဝေ့ချင်းက တခြားလူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရာတွင် ပျက်ကွက်လေ့ရှိသူမဟုတ်ပေ။
သူ၏စကားများက အစ်မမာ၏ စိတ်နှလုံးကို နွေးထွေးစေခဲ့၏။
သူမက ရပ်ကွက်ကော်မတီတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး၊ စုဝေ့ချင်းကို ကူညီပေးခြင်းက သူမ၏အလုပ်တာဝန်တစ်ခုလည်း ဖြစ်သည်။
သို့သော် သူမက သူမ၏အလုပ်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးသူဖြစ်ပြီး စိတ်နှလုံးကောင်းရှိသော လူတစ်ဦးလည်း ဖြစ်၏။
“ငါ ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ..”
အစ်မမာက စိတ်ထဲ၌ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း သူမ၏စိတ်ထဲတွင်တော့ လက်ခံချင်နေခဲ့သည်။
ထိုဇနီးမောင်နှံနှစ်ဦးလုံးက တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး ကောင်းမွန်သောအနာဂတ်များ ရှိနေကြသည်မဟုတ်ပါလား။
အကယ်၍ သူတို့မိသားစုနှစ်ခုသာ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်မည်ဆိုပါက နောက်ပိုင်းတွင် အကူအညီတောင်းခံရန်အတွက် လွယ်ကူသွားပေလိမ့်မည်။
“အားနာစရာ မလိုပါဘူး အစ်မမာ၊ ကျွန်မလည်း အခုပဲ ဟင်းသီးဟင်းရွက်တချို့ သွားဝယ်ဖို့ ပြင်နေတာလေ၊ အစ်မလည်း ကျွန်မနဲ့အတူ လိုက်ခဲ့ပါလား”
ထိုအချိန်မှာပင် လီရှန်းက လက်ဖဝါးခန့်သာရှိသော ပိုက်ဆံအိတ်လေးကို ကိုင်ဆောင်လျက် အိမ်ထဲမှ ထွက်လာခဲ့လေသည်။
သူမက အပြင်သို့သွားရန် အသင့်ဖြစ်နေပုံရသည်။
“ကျွန်မက ဒီရက်ပိုင်း အိမ်ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတာဆိုတော့ ဟင်းသီးဟင်းရွက်တွေကို ဘယ်နေရာမှာ ဝယ်ရမလဲဆိုတာ သေသေချာချာ မသိသေးဘူး၊
အစ်မက ဒေသခံဆိုတော့ ကျွန်မကို လိုက်ပြပေးပါဦး”
ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် အစ်မမာ၏ ကူညီချင်တတ်သော ဗီဇစိတ်က ပြန်လည် နိုးထလာခဲ့ပြန်၏။
“ပြဿနာမရှိပါဘူး၊ ငါ နင့်ကို လိုက်ပို့ပေးပါ့မယ်၊ အဲဒီလမ်းက တကယ့်ကို စည်ကားတာ၊ အရှေ့ဘက်လမ်းမှာလည်း အတော်လေး စုံစုံလင်လင် ရှိတယ်လေ၊ မင်း သဘောကျမဲ့နေရာတစ်ခုတော့ သေချာပေါက် ရှိမှာပါ”
“ကျွန်မတို့ အနီးဆုံးနေရာကိုပဲ သွားကြရအောင်၊ မနက်စာမှ စောစောသွားဝယ်ပြီး ပြန်လာချက်တာပေါ့၊ ဒီညတော့ ကျွန်မတို့တွေ ကောင်းကောင်းလေး စားသောက်ကြရအောင်”
လီရှန်းက ပြောဆိုရင်းဖြင်သ အစ်မမာ၏ပုခုံးကို တွန်းလျက် တံခါးဝဆီသို့ ဦးတည်လိုက်လေ၏။
ထို့နောက် ဝမ်တုန်ကို လှမ်းခေါ်လိုက်ပြန်သည်။
“မင်း ဘာလို့ ဒီအတိုင်း မတ်တတ်ရပ်နေရတာလဲ၊ အိမ်ကို အမြန်ပြန်ပြီး မင်းရဲ့အဖေနဲ့ မင်းအစ်ကိုတွေကိုပါ အတူလာသောက်ဖို့ သွားခေါ်လိုက်လေ”
“မဖြစ်ပါဘူး၊ မဖြစ်ပါဘူး”
အစ်မမာက ငြင်းဆန်ရန်အတွက် ဆက်လက်၍ ကြိုးပမ်းနေသေး၏။
“ကျွန်မတို့က အစ်မတို့ မိသားစုကို အလကားသက်သက်ကျွေးမွေးတာမျိုး မဟုတ်ပါဘူး၊ ကျွန်မနဲ့ ကျွန်မရဲ့အမျိုးသားမှာလည်း အစ်မကို အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိနေလို့ပါ”
*