အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း(316)
ဝမ်တုန်က စုဝေ့ချင်းကို အနည်းငယ် ကြောင်အစွာဖြင့် လှမ်းကြည့်လိုက်မိပြီး မေးလိုက်လေသည်။
“ဦးလေးဝေ့ချင်း၊ ဒါက..”
“ဘာဖြစ်လို့လဲ၊ အမြန်ဆုံး အိမ်ပြန်ပြီး မင်းအဖေကို လှမ်းခေါ်လိုက်လေ၊
ငါတို့က အရင်ဆုံး လုပ်ပြီး နောက်မှ အသိပေးတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ၊
တကယ်လို့ မင်းအမေပြန်လာလို့ မင်းအဖေကို တွေ့သွားရင် သူမက မင်းအဖေကို အိမ်ပြန်ခိုင်းရဲဦးမှာလား”
အစ်မမာမှာ လျင်မြန်ဖြတ်လတ်ပြီး စွမ်းအင်ပြည့်ဝသော ရပ်ကွက်ရုံး ဝန်ထမ်းတစ်ဦး ဖြစ်သည်။
သို့သော် အိမ်တွင်တော့ သူမ၏ခင်ပွန်းနှင့် သားသမီးများကို အလွန်ကောင်းမွန်စွာပြုစုစောင့်ရှောက်တတ်သော ဇနီးကောင်းတစ်ဦး ဖြစ်ပေသည်။
လီရှန်းက အမျိုးသားများက အိမ်ထဲ၌ သခင်ကြီးများကဲ့သို့ ပြုမူနေထိုင်ကြခြင်းကို မနှစ်သက်သော်လည်း သူတို့အလိုဆန္ဒရှိနေသရွေ့ တားဆီးခြင်း မပြုခဲ့ပေ။
ဤသည်က အပြန်အလှန် သဘောတူညီမှုတစ်ခုသာ မဟုတ်ပါလား။
သို့သော် ယနေ့ခေတ် လူ့အဖွဲ့အစည်းထဲ၌ ထိုအခြေအနေများကသာ ဖြစ်သင့်သည့်အခြေအနေကဲ့သို့ ရှိနေခဲ့သည်။
စုဝေ့ချင်းကဲ့သို့သော နူးညံ့ကြင်နာတတ်သည့် အမျိုးသားမျိုးက ယနေ့ခေတ်ကာလတွင် အလွန်ပင် ရှားပါးလွန်း၏။
သူတို့နှစ်ဦးက အနီးဆုံးစျေးသို့သွားကာ ဟင်းသီးဟင်းရွက်များကို ဝယ်ယူခဲ့ကြလေ၏။
ဤစျေးအကြောင်းကို ပြောနေချိန်တွင် အစ်မမာက အမှန်တကယ်ပင် ဂုဏ်ယူဝင့်ကြွားနေခဲ့ပြီး သူမ၏ မေးစေ့က အထက်သို့ပင် ပင့်မ,နေခဲ့လေသည်။
“ ဒီစျေးကို ဘယ်သူမဆိုလာလို့ရတာမျိုး မဟုတ်ဘူးနော်၊ ဒီမှာ ရောင်းချခွင့်ရဖို့အတွက် လုပ်ငန်းလိုင်စင်လက်မှတ်ရှိထားဖို့ လိုအပ်သေးတယ်၊ ဝယ်မယ်ဆိုရင်လည်း လက်မှတ်တွေလိုသေးတယ်”
လီရှန်းတစ်ယောက် ချက်ချင်းပင် အနေခက်သွားရပြီး မေးမိတော့သည်။
“ဒါပေမဲ့ ကျွန်မရဲ့ အိမ်ထောင်စုမှတ်တမ်းက ဒီမှာ မရှိသေးဘူး၊ အဲဒီလက်မှတ်က ဘယ်လိုလုပ်သင့်လဲ”
“အဲဒါက ဘာအရေးကြီးလို့လဲ၊ ငါမှာလည်း လက်မှတ် ရှိတယ်လေ”
အစ်မမာက သူမ၏ အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူပြသလိုက်လေသည်။
သူမ၏ တစ်မိသားစုလုံးက တရားဝင် ဝန်ထမ်းများ ဖြစ်ကြပြီး၊ သူမ၏ ခင်ပွန်းက အဆင့် (၇) အလုပ်သမားတစ်ဦး ဖြစ်လေ၏။
သူက စက်ရုံထဲတွင် နည်းပညာရှင်တစ်ဦး မဟုတ်သော်လည်း နည်းပညာရှင်တစ်ဦးထက် ဝင်ငွေ ပိုမို မြင့်မားသည်။ ထို့အပြင် နည်းပညာပိုင်းဆိုင်ရာ ပါရမီရှင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။
ထို့အပြင် သူမ၏ သားများကလည်း ထူးချွန်ထက်မြက်ကြပြီး သူမ၏ အရည်အချင်းများကို ဆက်ခံထားကြသူများ ဖြစ်လေ၏။
အငယ်ဆုံးသားဖြစ်သူ ဝမ်တုန်တစ်ဦးတည်းသာလျှင် သင်တန်းသားအဆင့်သာရှိနေခဲ့သည်။
တခြားသော သားများက စက်ရုံထဲရှိ အငယ်တန်းအရာရှိများ ဖြစ်နေကြလေပြီ။
ထို့အပြင် မိသားစုထဲ၌ ကလေးများ မရှိကြသေးပေ။
ထို့ကြောင့် လူဦးရေ များပြားလွန်းသော်လည်း သူတို့ကို ထောက်ပံ့ပေးနိုင်မည့် အင်အားက ပိုမိုကြီးမားလေ၏။
ထို့ကြောင့်ပင် အစ်မမာက လူများကို စျေးသို့ မကြာခဏ ခေါ်ဆောင်လာလေ့ရှိပြီး ပစ္စည်းများကို ဝယ်ယူကာ ငွေသားအဖြစ် ပြန်လည် ပြောင်းလဲတတ်သည်။
ဤလုပ်ရပ်က ယခုခေတ်ကာလတွင် အလွန်ရေပန်းစားလွန်းသော ဗျူဟာ တစ်ခုပင် ဖြစ်လေ၏။
ဤဟင်းသီးဟင်းရွက်စျေးက အရှေ့တန်းလမ်း သို့မဟုတ် အနောက်လမ်းတို့လောက် မကြီးမားသော်လည်း အတော်လေး ကျယ်ဝန်းပြီး လူအများအပြားရှိကာ စည်ကားသည်။
လူတိုင်းနီးပါးက ခြင်းတောင်းတစ်လုံးစီကို ကိုင်ဆောင်ထားကြလေ၏။
တချို့စျေးသည်များက ဟင်းသီးဟင်းရွက်များကို အမြောက်အမြား တင်ဆောင်လာကြကာ တိုက်ရိုက် ရောင်းချနေကြသည်။
အစ်မမာက အတွေ့အကြုံရှိသူဖြစ်၍ လီရှန်းကို မည်သည့်ဟင်းသီးဟင်းရွက်များ လိုချင်ကြောင်း မေးမြန်းလိုက်လေ၏။
ထို့နောက် သူမ၏ခြင်းတောင်းကို ကိုင်လျက် လူအုပ်ကြီးထဲသို့ တိုးဝှေ့ဝင်ရောက်သွားလေတော့သည်။
လီရှန်းကတော့ အနည်းငယ် ကြောင်အနေဆဲပင်။
မည်သို့ပင်ဖြစ်စေ ပိုင်မားခရိုင်တွင် ဤမျှအထိ လူဦးရေ မများပြားပါချေ။
လူအနည်းငယ် စည်ကားသော တစ်ခုတည်းသောနေရာက ဘတ်စကားဂိတ်ဘေးရှိ စျေးသာ ရှိသည်။
ဤသို့ဖြင့် အစ်မမာက လီရှန်းကို ခေါ်ဆောင်ကာ စျေးတစ်ခုလုံး အနှံ့အပြားသို့ ပြေးလွှားတော့၏။
သူမက ပြေးလွှားနေချိန်အတွင်းမှာပင် လမ်းညွှန်ချက်များကိုလည်း ပို့ချပေးခဲ့သေးသည်။
“ဟင်းသီးဟင်းရွက် ဝယ်ယူတဲ့အချိန်ကျရင် မျက်စိလျင်ဖို့နဲ့ လက်မြန်ဖို့ လိုအပ်တယ်၊ စိတ်ရှုပ်ထွေးနေလို့ မရဘူး၊ စိတ်ရှုပ်ထွေးနေရင်တော့ ရှုံးနိမ့်မှာပဲ”
လီရှန်းက သူမကိုယ်သူမ နူးညံ့သိမ်မွေ့လွန်းသော မိန်းမပျိုတစ်ဦး မဟုတ်ဟု မှတ်ယူထားသည်။
သို့သော် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သူမအနေဖြင့် အားအင်ချည့်နဲ့သကဲ့သို့ ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် အစ်မမာက အလွန်ပင် စွမ်းဆောင်ရည်ရှိသူ ဖြစ်၏။
ထို့ကြောင့် လီရှန်း လိုချင်သော ဟင်းသီးဟင်းရွက်အားလုံးကို ရရှိအောင် ဝယ်ယူပေးနိုင်ခဲ့သည်။
အိမ်သို့ အပြန်လမ်းတွင်တော့ အစ်မမာတစ်ယောက် လီရှန်းထံမှ လေးစားအားကျသော အကြည့်များနှင့်အတူ ထူးခြားလွန်းသော ချီးကျူးစကား အမြောက်အမြားကို ရရှိခဲ့လေသည်။
ထိုချီးကျူးစကားများကြောင့် အစ်မမာ၏ မေးစေ့က အထက်သို့ ပိုမို၍ ထောင်တက်သွားရပြီး ချက်ချင်းပင် ပြောလိုက်လေ၏။
“နောက်ပိုင်းကျရင် ဟင်းသီးဟင်းရွက် ဝယ်ချင်တယ်ဆိုရင် ငါ့ကိုပဲ လှမ်းခေါ်လိုက်၊ ဒါမှမဟုတ်ရင်လည်း မင်းရဲ့အမျိုးသားကိုပဲ သွားဝယ်ခိုင်းလိုက်ပါ၊
မင်းက အတော်လေး ပိန်လွန်းလို့ ဒီစျေးထဲမှာ တိုးဝှေ့နိုင်မှာ မဟုတ်ဘူး”
ဆိုရလျှင် မည်သူကမျှ ချိုသာလွန်းသော မြှောက်ပင့်စကားလုံးများ၏ ဒဏ်ကို မတွန်းလှန်နိုင်ကြပေ။
သူတို့ အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် အစ်ကိုဝမ်နှင့် မိသားစုဝင်များက ရောက်ရှိနေကြပြီ ဖြစ်သည်။
အစ်မမာလည်း မည်သည့်စကားကိုမှထပ်မပြောတော့ဘဲ ဟင်းသီးဟင်းရွက်များကို ယူဆောင်ကာ ကူညီပေးရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့တော့၏။
လီရှန်းက ဟင်းချက်ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ဟင်းချက်ရခြင်းကို သိပ်ပြီး နှစ်သက်ခြင်းမရှိပေ။
အတိတ်က ပိုင်မားခရိုင်တွင် ရှိနေချိန်တွင် သူမက စိတ်အခြေအနေ ကောင်းမွန်သည့် အချိန်မျိုးတွင်မှသာ ဟင်းချက်တတ်သည်။
အချိန်အများစုတွင် လီရှန်းတို့ဇနီးမောင်နှံက ဝန်ထမ်းထမင်းစားဆောင်၌သာ စားသောက်ကြပြီး စုရှောင်လော်ကတော့ စုဝေ့မင်တို့ ဇနီးမောင်နှံနှင့်အတူ စားသောက်လေ့ရှိသည်။
မည်သို့ပင်ဖြစ်စေ သူမက သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသော မြေးမလေးပင် မဟုတ်ပါလား။
ရဲဘော်စုဝေ့မင်သည်လည်း သူ၏ မြေးများထဲတွင် စုရှောင်လော်ကိာသာ အချစ်ဆုံးဖြစ်လေ၏။
ယခုအချိန်တွင်တော့ သူမတို့မိသားစု၏ အိမ်သစ်တက်ပွဲဖြစ်သောကြောင့် အိမ်ရှင်မဖြစ်သည့် သူမက ဟင်းချက်ခြင်းကို ဦးဆောင်ရလိမ့်မည်။
အစ်မမာကလည်း ဘေးသာ ကူညီပေးခဲ့၏။
လီရှန်းက ဟင်းခတ်အမွှေးအကြိုင်များကို ရက်ရောစွာ သုံးစွဲတတ်သူဖြစ်သည်။
ထို့ကြောင့် ထွက်ပေါ်လာခဲ့သော အနံ့အသက်က အလွန်ပင် မွှေးကြိုင်လွန်းပြီး မီးဖိုချောင်ထဲမှနေ၍ အိမ်ဝင်းထဲအထိ ပျံ့လွင့်သွားခဲ့လေတော့၏။
စုဝေ့ချင်းနှင့် စကားလက်ဆုံကျနေသော အစ်ကိုဝမ်မှာ ထိုအနံ့ကို ရရှိလိုက်သည့်အချိန်တွင် စိတ်တို့ လွင့်သွားရလေ၏။
“ဝါး၊ မင်းတို့အိမ်က ဟင်းထဲမှာ ဘာတွေထည့်ထားတာလဲ၊ အရမ်းမွှေးတာပဲ”
“ကျွန်တော်တို့ ဇာတိမြေကနေ သယ်ဆောင်လာတဲ့ အဖိုးတန် ဟင်းခတ်ပစ္စည်းတွေ ရှိနေလို့ပါ၊
ကျွန်တော့်မှာ ချုံကျိုးမှာ စစ်မှုထမ်းနေတဲ့ ယောက်ဖရှိတယ်လေ၊ သူတို့က အိမ်ကို အများကြီး ပို့ပေးထားကြတာ”
အစ်ကိုဝမ်က ခေါင်းကို ညိတ်ပြလိုက်သည်။
“ ချုံကျိုးလား.. အဲဒီနေရာ အဖိုးတန်ပစ္စည်းတွေ ထွက်ရှိတဲ့နေရာပဲ”
ခဏမျှကြာပြီးနောက်တွင် နောက်တစ်ကြိမ် အလွန်အရသာရှိမည့် အနံ့အသက်တစ်ခုကို ထပ်မံ၍ ရရှိလိုက်ပြန်၏။
“ဒါ.. ဒါက ဘယ်လိုအစားအသောက်မျိုးလဲ”
သူကဤကဲ့သို့သော အနံ့မျိုးကို တစ်ခါမှ မရရှိဖူးပေ။
“ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကလည်း ချုံကျိုးရဲ့ ရေတပ်စစ်မှုထမ်းနေတာလေ
သူက တောင်ပိုင်းက ပင်လယ်စာအခြောက်တွေကို နှစ်တိုင်း အများကြီး ပို့ပေးတတ်လို့ပါ”
ရှောင်စုတို့ မိသားစုက စစ်တပ်ထဲမှာ၊ အထူးသဖြင့် ရေတပ်ထဲမှာ စစ်မှုထမ်းနေကြတဲ့သူတွေရှိနေတာပဲ။
သူတို့က အမှန်တကယ်ပင် အင်အားတောင့်တင်းပြီး ဂုဏ်သရေရှိသော မိသားစုနောက်ခံရှိကြသည့် ဇနီးမောင်နှံ ဖြစ်လေသည်။
အစ်ကိုဝမ်က သူ၏ထိုင်ခုံအနေအထားကို အနည်းငယ် ပြင်ဆင်လိုက်မိ၏။
သူ၏အကြည့်က အငယ်ဆုံးသားဖြစ်သူ ဝမ်တုန်ထံသို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့သည်။
အင်း.. နည်းနည်းတော့ ပိန်ပြီး ပုနေတာပဲ။
ဒီတုံးအတဲ့ကောင်လေးကိုလည်း စစ်တပ်ထဲကို ပို့လိုက်ရင် ကောင်းမလား။
ဘာပဲဖြစ်ဖြစ် သူက နည်းပညာပိုင်းက အလုပ်တွေကို ကောင်းကောင်း လုပ်ကိုင်နိုင်မဲ့ ပုံစံမျိုးမရှိဘူးလေ။
လီရှန်းက ညစာအတွက် ဟင်းငါးပွဲကို ချက်ပြုတ်ခဲ့လေ၏။ ထိုအထဲတွင် အသားဟင်း နှစ်ပွဲပါဝင်သည်။
ထိုအသားဟင်းတို့က အစပ်ဟင်းတစ်ပွဲနှင့် ဝက်သားနီချက် တစ်ပွဲတို့ ဖြစ်ကြ၏။
နီရဲတောက်ပနေသော အသားဟင်း ပန်းကန်ကြီး နှစ်ပန်းကန်ကို စားပွဲ၏အလယ်ဗဟိုတည့်တည့်တွင် တင်ထားခဲ့ကာ အငွေ့တထောင်းထောင်း ထွက်ပေါ်နေခဲ့သည်။
ကျန်ရှိသော ဟင်းသုံးပွဲကတော့ ဟင်းသီးဟင်းရွက်ဟင်းများ ဖြစ်ကြလေ၏။
ဝမ်မိသားစုတွင် လူလေးယောက်သာ လာရောက်ခဲ့ကြသည်။ သူတို့မှာ အစ်မမာနှင့် သူမ၏ခင်ပွန်း၊ ဝမ်တုန်နှင့် ဝမ်ဝေ့တို့ ဖြစ်ကြသည်။
တခြားလူများက လိုက်မလာခဲ့ကြပေ။
လီရှန်းက အနည်းငယ် စိတ်ရှုပ်ထွေးလျက် မေးမြန်းလိုက်လေသည်။
“အိမ်က တခြားကလေးတွေရော မလာကြဘူးလား၊ သူတို့ကိုပါ အတူလာစားဖို့ ခေါ်လိုကာပါလား”
“ကျွန်မရဲ့ အစ်မနဲ့ ဒုတိယအစ်ကိုတို့က သူတို့ရဲ့ အလုပ်မှာပဲ စားသောက်ကြတာလေ ၊ ပြီးတော့ တတိယအစ်ကိုကလည်း ဒီည အချိန်ပိုဆင်းနေရလို့ပါ”
ဝမ်ဝေ့က ရှက်ရွံ့စွာဖြင့် ရှင်းပြလေသည်။
သူမက အထည်ချုပ်စက်ရုံတစ်ခုတွင် အထည်ချုပ်အလုပ်သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အလုပ်ခွင်ဝတ်စုံဖြစ်သော အကျီအဖြူကို ဝတ်ဆင်ထားဆဲပင် ဖြစ်လေ၏။
ဝမ်တုန်က လမ်းတစ်ဝက်မှ သူမကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် အိမ်သို့ပြန်ပြီး သူမကိုယ်သူမ ပြင်ဆင်ရန်အတွက်ပင် အချိန်မရရှိခဲ့ရှာပေ။
သူမက ယခုအချိန်တွင် ခုံတန်းလျားပေါ်တွင်ထိုင်ကာ အနည်းငယ် အနေရခက်သကဲ့သို့ ခံစားနေရသည်။
စုဝေ့ချင်းတို့ မိသားစု ပြောင်းရွှေ့နေထိုင်လာခဲ့ကြကတည်းက သူမ၏ မိဘများက သူတို့အကြောင်းကို တစ် မကြာခဏပြောဆိုခဲ့ကြသည်။
ထိုဇနီးမောင်နှံနှစ်ဦးလုံးက တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်ဟူ၏။ ဝမ်ဝေ့အနေဖြင့် သူတို့ကို မနာလိုအားကျမိသည်။
နှမြောစရာကောင်းစွာဖြင့် သူမက စာပေလေ့လာရန်အတွက် ဉာဏ်မကောင်းသောကြောင့် အထည်ချုပ်အလုပ်သမားအဖြစ်သာ လုပ်ကိုင်နိုင်ခဲ့သည်။
ယခုအချိန်တွင် ဝမ်ဝေ့က ပညာတတ်များနှင့် စားပွဲတစ်ခုတည်းတွင် အတူထိုင်နေရသည့်အတွက် သူမ၏ ခေါင်းထဲ၌ သွေးများက ဆူဝေလာသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး အငွေ့ပြန်မတတ် ဖြစ်နေရတော့၏။
သူမက အမှန်တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားနေမိလေသည်။
*