အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း(317)
“အစ်မ၊ အဆင်ပြေရဲ့လား”
ချိုသာလွန်းသော ကလေးငယ်တစ်ဦး၏ အသံက သူမ၏ဘေးနားဆီမှ ထွက်ပေါ်လာခဲ့လေ၏။
ဝမ်ဝေ့က ခေါင်းကို ငုံ့ကြည့်လိုက်လျှင် သူမ၏ဘေးတွင် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပလွန်းသော မိန်းကလေးငယ်တစ်ဦးက မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူမက ဦးလေးစုနှင့် အဒေါ်စုတို့၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ပါရမီရှင်ကလေးငယ်တစ်ဦး ဖြစ်လေ၏။
သူမက အသက် ငါးနှစ်သာ ရှိသေးသော်လည်း ယခုအချိန်တွင် ပဉ္စမတန်းသို့ပင် ရောက်ရှိနေခဲ့လေပြီ။
ယခုအချိန်တွင် ဤပါရမီရှင်ကလေးငယ်လေးက သူမကို စကားပြောနေခဲ့သည်။
ဝမ်ဝေ့က ခေါင်းကို ခါယမ်းပြလိုက်ကာ အနည်းငယ် တုန်ရင်နေသော အသံဖြင့် ပြန်ဖြေလိုက်လေသည်။
“မ..မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး”
စုရှောင်လော်က ဤအစ်မ၏ မျက်နှာက အလွန်နီရဲနေပြီး အတော်လေး မသက်မသာ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူမက အလုပ်ရှုပ်နေကြသော မိဘများကို လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချပြီး ခုံတန်းလျားပေါ်မှ ခုန်ဆင်းလိုက်လေတော့သည်။
“အစ်မ၊ ရှောင်လော် အစ်မကို မျက်နှာသွားသစ်ဖို့ လိုက်ပို့ပေးမယ်လေ”
သူမ၏ မျက်နှာနီရဲနေခြင်းက အပူရှိန်ကြောင့် ဖြစ်လိမ့်မည်။
ဝမ်ဝေ့အနေဖြင့် မျက်နှာသစ်ရန် မလိုအပ်ဟု ခံစားရသော်လည်း ထရပ်လိုက်ပြီး ထိုကလေး၏နောက်မှ လိုက်ပါလာခဲ့လေ၏။
ရေတွင်းမှ ရေက ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြလွန်းသောကြောင့် မျက်နှာသစ်သည့်အချိန်တွင် အေးစက်ခြင်းမရှိခဲ့ပေ။
ဝမ်ဝေ့က သူမ၏လက်များကိုဆေးကာ မျက်နှာကို ရေနှင့်ပက်ဖြန်းလိုက်သည်။
မွန်းကြပ်နေခဲ့သော စိတ်အာရုံကလည်း ကြည်လင်လန်းဆန်းသွားခဲ့ရလေ၏။
“အစ်မ၊ သက်သာသွားပြီလား”
စုရှောင်လော်က လီရှန်း၏ လေသံအတိုင်း မေးမြန်းလိုက်လေ၏။ ထိုအမူအရာက အတော်လေး ရယ်ချစ်စဖွယ် ကောင်းနေခဲ့သည်။
“သက်သာသွားပါပြီ၊ ကျေးဇူးတင်ပါတယ် ဝမ်ယန်”
စုရှောင်လော်က သူမ၏ နှာခေါင်းကို အသာရှုံ့လိုက်ရင်း ပြောလိုက်လေသည်။
“ရှောင်လော်လို့ပဲ ခေါ်ပါ”
သူမက ဤနာမည်ကိုသာ ပိုမို၍ ကျင့်သားရနေခဲ့သည်။
ဝမ်ဝေ့က ခဏမျှ ကြောင်အသွားသော်လည်း ရှောင်လော် ဟု ပြောင်းလဲခေါ်ဝေါ်လိုက်လေ၏။
မည်သို့ပင်ဖြစ်စေ စုဝမ်ယန်ဟူသော နာမည်က အလွန်ပင် စာပေဆန်လွန်းပြီး ပါရမီရှင်ကလေးငယ်တစ်ဦးအတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။
ဝမ်ဝေ့က နူးညံ့သိမ်မွေ့သူဖြစ်ပြီး စုရှောင်လော်နှင့် အလွန်ပင် အဆင်ပြေသွားခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် ထိုလူကြီးတစ်ယောက်နှင့် ကလေးငယ်တစ်ယောက်တို့က အချင်းချင်း ရင်းနှီးကျွမ်းဝင်သွားကြလေတော့၏။
စုရှောင်လော်က ဝမ်ဝေ့ကို သူမ စုဆောင်းထားသော အဖိုးတန်ပစ္စည်းများကို လိုက်လံပြသခဲ့သည်။
အများစုမှာတော့ စုဝေ့ချင်း ကိုယ်တိုင်ပြုလုပ်ပေးထားသော သစ်သားလက်မှုကစားစရာများ ဖြစ်ကြ၏။
တချို့က စုရှောင်လော်အတွက် သီးသန့်ပြုလုပ်ပေးထားသော ဉာဏ်စမ်းကစားစရာများ ဖြစ်လေသည်။
ဝမ်ဝေ့လည်း ထိုသစ်သားကစားစရာများကို အလွန်သဘောကျသွားခဲ့သည်။
ထမင်းစားရန် လှမ်းခေါ်သည့်အသံကိုကြားရချိန်အထိ တပိုင်းတစသာ ပြီးစီးသေးသည့် ငှက်ရုပ်လေးကို သဘောကျသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့၏။
ထမင်းစားစားပွဲက ကြီးမားလွန်းခြင်းမရှိသော်လည်း လူဦးရေမများလွန်းသောကြောင့် အတော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိနေသည်။
လီရှန်းက စုရှောင်လော်အတွက် ပန်းကန်လုံးအသေးလေးထဲသို့ ဟင်းဖမားကိုအရင်ဆုံး ထည့်ပေးပြီးမှသာ လူတိုင်းကို စားသောက်ရန် စီစဉ်ပေးလိုက်လေ၏။
“ရှောင်လီ၊ မင်းရဲ့ဟင်းချက်လက်ရာက တကယ်ကို မဆိုးဘူးပဲ၊ ဒီအရသာက တကယ့်ကိုကောင်းလွန်းတယ်”
အစ်ကိုဝမ်က အသားအစပ်ချက်ကို တစ်လုပ်မျှ မြည်းစမ်းကြည့်ပြီး ပြောလာ၏။
“ အထဲမှာထည့်ထားတဲ့ စီချွမ်းငရုတ်ကောင်းက အတော်လေး ကောင်းမွန်လို့ပါ”
စုဝေ့ချင်းက ပြုံးလိုက်ရင်း အစ်ကိုဝမ်အား ထိုစီချွမ်းငရုတ်ကောင်းများက မည်သည့်နေရာမှ ရောက်ရှိလာကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောပြနေခဲ့၏။
အစ်ကိုဝမ်ကလည်း ယခင်ကာလများတွင် ကြုံတွေ့ခဲ့ရဖူးသော စွန့်စားခန်းအကြောင်းအရာများကို အမှန်တချို့၊ အလိမ်တချို့ဖြင့် ပြောပြတော့သည်။
စုဝေ့ချင်းကလည်း စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့လေ၏။
သူက မြို့တော်၏ ရှေးရိုးရာထုံးတမ်းစဉ်လာတချို့နှင့် ဒဏ္ဍာရီပုံပြင်များအကြောင်းကိုပါ ထပ်မံ၍ မေးမြန်းခဲ့သောကြောင့် အလွန်ပင် စကားလက်ဆုံကျနေခဲ့ကြ၏။
စုဝေ့ချင်းက မူလကတည်းက စာပေရေးသားခြင်းကို မြတ်နိုးသူဖြစ်သည်။
အချက်အလက်များနှင့် သတင်းများကို စုဆောင်းရခြင်းက သူ၏ဗီဇစိတ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
အစ်ကိုဝမ်၏ ပေါ့ပါးစွာပြောပြလိုက်သော ပုံပြင်လေးတစ်ပုဒ်ကပင် စုဝေ့ချင်း၏ စိတ်ကူးစိတ်သန်းများကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။
“သူတို့ကို ဂရုစိုက်မနေပါနဲ့၊ အမျိုးသားတွေဆိုတာ အရက်နည်းနည်းလောက် ဝင်သွားပြီဆိုရင် မြို့တော်တစ်ခုလုံးကိုတောင် တုန်လှုပ်အောင် လုပ်နိုင်တယ်လို့ ထင်နေကြတာ”
အစ်မမာက အမျိုးသားများ၏ သောက်စားတတ်သော အလေ့အထကို ကောင်းစွာသိရှိထားသူဖြစ်၍ လီရှန်းကို ဆက်လက်စားသောက်ရန် ဆွဲခေါ်လိုက်လေသည်။
လီရှန်းကလည်း ပြုံးလိုက်ရင်း အစ်မမာကို ပြောလိုက်လေ၏။
“ကျွန်မတို့ ရှောင်လော်နဲ့ ဝမ်ဝေ့ က အတော်လေး ရေစက်ပါကြတဲ့ပုံပဲနော်”
“ဒီကလေးမက ငယ်ငယ်ကတည်းက စကားနည်းတဲ့အထဲပါတယ်၊ ပုံမှန်ဆိုရင် တစ်လုံးတစ်လောက် ပြောဖို့တောင် ခက်တာ၊
အခုလို ရှောင်လော်နဲ့အတူ စကားတွေပြောပြီး ရယ်မောနေတာမျိုးက တကယ့်ကို ရှားတာပဲ
သူမက သူမရဲ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာကိုရော သတိရရဲ့လားမသိဘူး၊ ကလေးတစ်ယောက်လိုမျိုး ပြုမူနေတာလေ”
အစ်မမာက စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။
သူမ၏ ချစ်စရာကောင်းသော သမီးလေးက စိတ်သဘောထား နူးညံ့လွန်းသည်။
လက်ရှိတွင်တော့ သူမက ထမင်းကို အမြန်ဆုံးစားသောက်ပြီး စုရှောင်လော်၏ အခန်းထဲသို့သွားပြီး ထိုငှက်ရုပ်ကလေးကို သွားရောက်ကြည့်ရှုချင်စိတ်များသာ ပြည့်နှက်နေခဲ့သည်။
သူမက သူမ၏ထမင်းကို စားသောက်ပြီးနောက် ထမင်းပန်းကန်ကို ကိုင်ဆောင်လျက် စုရှောင်လော်ကိုပါ ကျွေးမွေးနေခဲ့သေး၏။
စုရှောင်လော်က ဉာဏ်ရည်အလွန်ထက်မြက်သော ကလေးငယ်တစ်ဦး ဖြစ်သည်။
သို့သော် စိတ်ရင်းပိုင်းတွင် ကလေးငယ်တစ်ဦးသာ ဖြစ်နေသေးပေ၏။
“စာကလေးတွေကျနေတာပဲ”
အစ်မမာက ထိုကလေးကို ကြည့်ရှုလိုက်ရင်း နောက်တစ်ကြိမ် ရယ်မောမိပြန်၏။
ညစာ စားသောက်ပြီးနောက်တွင် လီရှန်းနှင့် အစ်မမာတို့က အိမ်ဝင်းကို သန့်ရှင်းရေးလုပ်ခဲ့ကြလေသည်။
ထို့နောက် ရေနွေးကြမ်းတစ်အိုးကို ပြင်ဆင်လျက် စကားပြောခဲ့ကြသည်။
အချိန်အများစုတွင် အစ်မမာကသာ စကားကို ဦးဆောင်ပြောခဲ့ပြီး လီရှန်းက နားထောင်နေခဲ့သည်။
သူတို့ဇနီးမောင်နှံနှစ်ဦးက နောက်ပိုင်းတွင် ဤနေရာ၌ နေထိုင်ကြရတော့မည်ပင်။
ထို့ကြောင့် ပတ်ဝန်းကျင်အခြေအနေများကို သိရှိထားရန်လိုအပ်သည်။
ကလေးနှစ်ဦးက ထမင်းစားပြီးနောက် သစ်သားကစားစရာများဖြင့် ကစားနေကြပြမ်သည်။
စုဝေ့ချင်းကလည်း အစ်ကိုဝမ်နှင့်အတူ စကားလုံးများဖြင့် ကြွားဝါနေခဲ့၏။
ဝမ်တုန် တစ်ဦးတည်းသာလျှင် ခုံတန်းလျားပေါ်တွင် အနေခက်စွာဖြင့် ထိုင်နေခဲ့ရသည်။
ခဏမျှကြာပြီးနောက် လုပ်စရာမရှိတော့သောကြောင့်၊ သူက ဂေါ်ပြားအသေးလေးတစ်ခုကို ရှာဖွေကာ အိမ်ဝင်းထံရှိ ပေါင်းမြက်များကိုတူးဆွ ရှင်းလင်းနေခဲ့လေတော့၏။
လီရှန်း သူ့၏လုပ်ရပ်ကိုမြင်လျှင် သက်ပြင်းတစ်ချက်ချလိုက်မိပြီး ပြောလိုက်လေသည်။
“..ဒီကလေးက အစ်မပြောသလိုမျိုး တုံးအတဲ့ကောင်လေး မဟုတ်ပါဘူး၊ သူက အလုပ်ကြိုးစားလွန်းတဲ့ ကလေးပဲ”
“သူ့ကို အဲဒီတုန်းက ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ ကျေးလက်ဒေသကိုသာ ပို့လိုက်ရမှာ၊
သူက မြေကြီးနဲ့ အလုပ်လုပ်ရတာကိုပဲ အတော်လေး နှစ်သက်နေတာလေ”
လီရှန်း : “...”
သူမကတော့ ထိုသို့မထင်ပေ။ ဤကလေးက လယ်ယာသီးနှံများထက် ပန်းပင်များကို စိုက်ပျိုးရခြင်းအပေါ် ပ သဘောကျနှစ်သက်ပုံရသည်။
ဝမ်တုန်မှာ ပန်းပင်များကို စိုက်ပျိုးခြင်း၊ ရေနွေးကြမ်းသောက်ခြင်းနှင့် ငှက်များနှင့် ကစားခြင်းတို့ကို အမှန်တကယ် နှစ်သက်သူ ဖြစ်လေ၏။
ဝမ်မိသားစုက အတိတ်တုန်းက ချမ်းသာကြွယ်ဝသော မိသားစုတစ်စု ဖြစ်ခဲ့ဖူးသည်။
သို့သော် နှမြောစရာကောင်းစွာဖြင့် သူတို့တွငာ အကျင့်စာရိတ္တ ပျက်ပြားလွန်းသော အဘိုးတစ်ဦး ရှိခဲ့ဖူးသည့်အတွက် မိသားစုက ပျက်စီးခဲ့ရလေ၏။
သူက မယားငယ်များကို ခေါ်ဆောင်ခဲ့သည့်အပြင် ဘိန်းများကိုလည်း ရှူရှိုက်ခဲ့ဖူးသည်။
သူက ဤကဲ့သို့သော အရာများကို သူကိုယ်တိုင်လုပ်ဆောင်ခဲ့ရုံသာမက သူ၏သားဖြစ်သူ ဝမ်တုန်၏အဘိုး ကိုလည်း အတူ ခေါ်သွားခဲ့ဖူး၏။
ကံကောင်းစွာဖြင့် ဝမ်တုန်၏အဘိုးက ထိုအချိန်က ငယ်ရွယ်သေးသောကြောင့် အနည်းငယ်မျှသာ သင်ယူမိခဲ့သည်။
ထို့နောက်တွင် မိသားစု၏ စည်းစိမ်အားလုံးကလည်း ကုန်ဆုံးသွားခဲ့သည်။
မိသားစုက ဆင်းရဲမွဲတေသွားခဲ့ပြီးရက်ပိုင်းအနည်းငယ်အကြာမှာပင် နိုင်ငံအတွင်း၌လှုပ်ရှားမှုကြီး စတင်ပေါ်ပေါက်လာခဲ့တော့၏။
ထိုအချိန်က လူတန်းစားနောက်ခံများကို စစ်ဆေးသတ်မှတ်သည့်အချိန်တွင် ဝမ်မိသားစုက အလွန် ဆင်းရဲမွဲတေနေခဲ့သည်။
ထို့ကြောင့် သူတို့ကို ဆင်းရဲသားလူတန်းစားအဖြစ်သာ သတ်မှတ်ခြင်း ခံခဲ့ရ၏။
ကံကြမ္မာဟူသည်က အမှန်တကယ်ကို ရှုပ်ထွေးလွန်းပေသည်။
ဝမ်တုန်၏အဘိုးကိုယ်တိုင်ကလည်း သောက်စားပျော်ပါးခြင်းကို နှစ်သက်သူဖြစ်သည်။
သို့သော် သူ၏သားသမီးများကို ဆုံးမပျိုးထောင်ရာတွင် အလွန်ပင် ထူးချွန်လွန်း၏။
အစ်ကိုဝမ်မှာ အလွန်ငယ်ရွယ်စဉ် ကာလကတည်းကပင် အတတ်ပညာတစ်ခုကို သွားရောက်သင်ယူခဲ့ဖူးသည်။
ထို့ကြောင့် အသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် တရားဝင်အလုပ်သမားတစ်ဦး ဖြစ်လာခဲ့၏။
ထို့နောက် အိမ်ထောင်ကျခဲ့ပြီး သားလေးယောက်နှင့် လှပသော သမီးတစ်ယောက်ကို ရရှိခဲ့သည်။
ဝမ်တုန်မှာလည်း သူ၏အဘိုးဖြစ်သူထံ၌ ကြီးပြင်းခဲ့ရသူဖြစ်သောကြောင့် ပန်းပင်များကို စိုက်ပျိုးခြင်း၊ ရေနွေးကြမ်းသောက်ခြင်းစသော အတတ်ပညာအားလုံးကို ဆက်ခံသင်ယူမိခဲ့သည်။
အစ်ကိုဝမ်မှာ သူ၏ဘိုးဘေးများထံတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို ကောင်းစွာသိရှိထားသည်။
ထို့ကြောင့် ဤကဲ့သို့သော အရာများ ကို အလွန်ပင် စက်ဆုပ်ရွံရှာမိ၏။
သူက သူ၏အငယ်ဆုံးသားဖြစ်သူမှ လမ်းမှန်ပေါ်၌ မရှိကြောင်းကို သတိထားမိလိုက်သည်နှင့် ဝမ်တုန်ကို သူ့အနားသို့ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်ခဲ့သည်။
နှမြောစရာကောင်းစွာဖြင့် တချို့သောကိစ္စများက အချင်းချင်း ခွဲခွာပေးလိုက်ရုံမျှဖြင့် ဖြေရှင်းနိုင်သည့်အရာမျိုး မဟုတ်ပေ။
အနည်းဆုံးတော့ ဝမ်တုန်က ဤအရာများကို အမှန်တကယ်ပင် သဘောကျနှစ်သက်နေဆဲပင်။
“ရှောင်တုန်”
ဝမ်ဝေ့က သူမ၏ လက်ထဲတွင် ငှက်ရုပ်တစ်ခုကို ကိုင်ဆောင်လျက် အိမ်ထဲမှ ပြေးထွက်လာပြီး ပြောလိုက်လေ၏။
“ရှောင်တုန် လာကြည့်ဦး၊ ဒါက အစ်မ ကိုယ်တိုင် တပ်ဆင်ထားတဲ့ ငှက်ရုပ်လေးလေ”
ဝမ်တုန်က စိတ်အားထက်သန်စွာ အလုပ်လုပ်နေချိန်အတွင်း ဝမ်ဝေ၏လက်ထဲရှိ ငှက်ရုပ်လေးကို သတိထားမိသွားခဲ့လေ၏။
သူက သူ၏ဂေါ်ပြားကို ချက်ချင်းပစ်ချလိုက်ပြီး၊ ထိုငှက်ရုပ်လေးကို ယူဆောင်ကာ အချိန်အတော်ကြာ စေ့စပ်စွာ စမ်းသပ်စစ်ဆေးကြည့်ရှုပြီးမှ မေးမြန်းလိုက်လေသည်။
“ဒါကို ဘယ်လိုမျိုး တပ်ဆင်ရတာလဲ”
ဝမ်ဝေ့က သူမ၏မောင်လေးက မည်သည့်အရာကို သဘောကျနှစ်သက်ကြောင်းကို သိရှိထားသူဖြစ်သည်။
ထို့ကြောင့် သူမက ဝမ်တုန်ကို အိမ်ထဲသို့ ဆွဲခေါ်သွားလေတော့၏။
ဝမ်မိသားစုဝင်များက ထွက်ခွာသွားကြသည့်အချိန်တွင်တော့ ဝမ်တုန်၏ စုဝေ့ချင်းအပေါ် ထားရှိသော အကြည့်များက လုံးဝပင် ပြောင်းလဲသွားခဲ့ရလေသည်။
ထိုအကြည့်က တက္ကသိုလ်ကျောင်းသားတစ်ဦးအပေါ် လေးစားအားကျရုံသက်သက်မျိုး မဟုတ်တော့ဘဲ၊ လက်မှုပညာရှင် ဆရာကြီးတစ်ဦးအပေါ် ရိုသေမိသော အကြည့်မျိုး ဖြစ်နေခဲ့လေ၏။
*