← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း(318)

စုဝေ့ချင်းက ဝမ်တုန်၏အကြညာ့ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရကာ စုရှောင်လော်ကို ငုံ့ကြည့်လိုက်လေသည်။

သူမက လက်ထဲတွင်တော့ သစ်သားယုန်ရုပ်လေးကို ကိုင်ဆောင်ထားဆဲပင်။

“သမီး၊ တခြားကလေးတွေကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီလား”

ဝမ်ဝေ့မှာ အထည်ချုပ်စက်ရုံထဲသို့ ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။

သို့သော် စုဝေ့ချင်း၏မျက်စိထဲတွင်တော့ သူမက ကလေးငယ်တစ်ဦးအဖြစ်သာ ရှိနေသေးသည်။

“အစ်မဝေ့က ရှုတာ့ဝေ့မဟုတ်ဘူးဆိုတာကို မမေ့နဲ့ဦး၊ သူမက သမီးရဲ့ စနောက်မှုတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

စုရှောင်လော်က စုဝေ့ချင်းကို အပြစ်တင်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်မိပြီး ပြောလိုက်လေ၏။

“ရှုတာ့ဝေ့နဲ့ သမီးက သုတေသနလုပ်ငန်းတွေ အတူလုပ်ခဲ့ကြတာပါနော်၊သူက သမီးရဲ့ လက်ထောက်လေ၊ သူ့ကို စနောက်ကျီစယ်ခဲ့တာမျိုး မဟုတ်ပါဘူး”

စုရှောင်လော်က သူမ၏ အဖေနှင့်အမေတို့က သူမကို နားလည်သဘောပေါက်ခြင်းမရှိဟု ခံစားလိုက်ရသည်။

သူမက အတော်လေး စိတ်ဆိုးသွားရသည်။

သူမ မည်မျှပင် စိတ်ဆိုးဒေါသထွက်နေပါစေ ကျောင်းဖွင့်လှစ်သည့် ပထမဆုံးနေ့တွင်တော့ စုရှောင်လော်က သူမ၏ ကျောင်းလွယ်အိတ်လေးကို လွယ်ပိုးလိုက်ရလေသည်။

သူမက ဖခင်ဖြစ်သူ၏ စက်ဘီးရှေ့ဘားတန်းပေါ်တွင် ထိုင်လျက် ကျောင်းသို့ သွားရတော့မည်ပင်။

ကျောင်းဖွင့်လှစ်သည့် ပထမဆုံးနေ့ ။

ဆရာမဖန်က သူမ၏ ပါရမီရှင်ကျောင်းသူလေး ရောက်ရှိလာမည့်အချိန်ကို ကျောင်းတံခါးဝ၌ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့လေ၏။

ယခုခေတ်ကာလတွင် စီမံခန့်ခွဲမှုက တင်းကြပ်လွန်းခြင်းမရှိသေးသောကြောင့် မိဘများအနေဖြင့် ကျောင်းဝင်းထဲသို့ ဝင်ရောက်နိုင်ကြသေးသည်။

သို့သော် ပုံမှန်အားဖြင့် သူတို့က ကလေးများကို ကျောင်းတံခါးဝ၌သာ ထားရစ်ခဲ့ကြပြီး ပြန်လည် ထွက်ခွာသွားတတ်ကြ၏။

အလွန်ဆုံး တစ်တန်းကျောင်းသားများ၏ မိဘများသာလျှင် အနည်းငယ် စိုးရိမ်ပူပန်တတ်ကြသည်။

သို့သော် ကလေးများ စာသင်ခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် မိဘများက ပြန်လည်ထွက်ခွာသွားကြလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့လည်း အလုပ်သွားကြရဦးမည် မဟုတ်ပါလား။

ထို့ကြောင့် ကျောင်းတံခါးဝတွင် လူအများအပြား သွားလာလှုပ်ရှားနေကြသော်လည်း ရှုပ်ထွေးနေခြင်းမျိုးတော့ မရှိပေ။

ဆရာမဖန်၏ ဘေးမှဖြတ်သန်းသွားကြသော မူလတန်းကျောင်းသားလေးများက သူမကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူတို့၏ ခြေလှမ်းများကို နှေးကွေးလိုက်ကြပြီး ကျယ်လောင်သော အသံဖြင့် နှုတ်ဆက်ကြလေသည်။

“မင်္ဂလာမနက်ခင်းပါ ဆရာမဖန်”

ဆရာမဖန်က စိတ်အခြေအနေ အလွန်ကောင်းမွန်နေသောကြောင့် ပုံမှန်ထက် ပိုမိုနူးညံ့ပျူငှာနေခဲ့သည်။

“မင်္ဂလာပါ ကျောင်းသားတို့၊ အထဲကို အမြန်ဝင်ကြ”

ကျောင်းသားလေးများက ချက်ချင်းပင် သရဲကိုမြင်လိုက်ရသကဲ့သို့ ကြောင်အသွားကြတော့၏။

ဘုရားရေ! ဆရာမဖန် ဘာတွေဖြစ်သွားတာလဲ။

ပုံမှန်ဆိုရင် သူမက အတင်းကြပ်ဆုံးနဲ့ အတည်ကြည်ဆုံး ဆရာမ မဟုတ်ဘူးလား။

ကျောင်းသားအုပ်စုက ခြေလှမ်းအနည်းငယ်လျှောက်သွားပြီးနောက် နောက်ပြန်လှည့်ကြည့်ခဲ့ကြလေ၏။

သူတို့က စူးစမ်းတွေးတောနေကြချိန်မှာပင် ဇနီးမောင်နှံနှစ်ဦးနှင့်အတူ ချစ်စရာကောင်းလွန်းသော မိန်းကလေးငယ်တစ်ဦး ပေါ်ပေါက်လာခဲ့သည်။

သို့သော်လည်း...

ဤမိန်းကလေးငယ်က အလွန်ပင် အရပ်ပုလွန်းလွန်း၏။

သူမက ဆရာမဖန်ရဲ့ ဆွေမျိုးလား။ ပထမတန်းကို လာတက်တာလား။

ကလေးသူငယ်များ၏ ကမ္ဘာက အလွန်ပင် ရိုးရှင်းလွန်းသောကြောင့် ကောလာဟလ သတင်းများကလည်း အလွန်လျင်မြန်စွာ ပျံ့နှံ့သွားတတ်သည်။

ဆရာမဖန်က စုဝေ့ချင်းတို့ ဇနီးမောင်နှံနှင့် နှုတ်ဆက်စကားပင် ပြောဆို၍ မပြီးသေးမီမှာပင်၊ ဆရာမဖန်၏ ဆွေမျိုးတစ်ဦးက ကျောင်းလာတက်သည်ဟူသော သတင်းက ပျံ့နှံ့သွားခဲ့၏။

သို့သော် နောက်ဆုံးတွင် ဆရာမဖန်က ထိုမိန်းကလေးငယ်ကို ပဉ္စမတန်း စာသင်ခန်းထဲသို့ ခေါ်ဆောင်သွားသည်ကိုမြင်လိုက်ရလေ၏။

ကျောင်းအုပ်ဆရာကြီးက တစ်ချိန်လုံး ပြတင်းပေါက်နားတွင် မတ်တတ်ရပ်လျက် စောင့်ကြည့်နေခဲ့၏။

အစိုးရပိုင် မူလတန်းကျောင်းသို့ ပါရမီရှင်ကလေးငယ်တစ်ဦးက ရောက်ရှိလာခဲ့သည်။

တစ်ညတာမျှပင် အချိန်မကြာလိုက်ဘဲ ထိုကျောင်းရှိ ကျောင်းသားများ၏ မိသားစုအားလုံးက ဤအကြောင်းကို သိရှိသွားကြလေတော့၏။

အသက် ငါးနှစ်အရွယ်မိန်းကလေးက ပဉ္စမတန်းစာမေးပွဲတွင် အမှတ်ပြည့် ရရှိခဲ့သည့်အပြင် ရုပ်ရည်ကလည်း အလွန်ပင် လှပလွန်းသည်ဟူ၏။

မိဘများအနေဖြင့် ကလေးက အသက်ငါးနှစ်အရွယ်ဖြင့် ပဉ္စမတန်းသို့ ရောက်ရှိနေခြင်းအပေါ် အာရုံစိုက်ကြသည်။

ကလေးများကတော့ ထိုကလေးမလေးက ဉာဏ်ပညာထက်မြက်ရုံသာမက ရုပ်ရည်ကလည်း အလွန် လှပခြင်းအပေါ် အာရုံစိုက်နေကြ၏။

ဤအချက်တစ်ခုတည်းနှင့်ပင် သူတို့အတွက် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုရန် လုံလောက်နေခဲ့သည်။

စုရှောင်လော်ကတဆာ့ သူမကြောင့် ကျောင်းသားမိဘများကြားတွင် ဤမျှအထိ လှုပ်ခတ်သွားစေခဲ့သည်ကို အနည်းငယ်မျှပင် သိရှိခြင်းမရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် သူမက ကျောင်းဆင်းချိန်၌ သူမကို လာကြိုသော စုဝေ့ချင်းထံသို့ ကျောင်းတွင်းရှိ စိတ်ဝင်စားဖွယ်ရာကောင်းသော အဖြစ်အပျက်များကို ပြန်လည်၍ ပြောပြနေခဲ့သည်။

သူမက အသက်ငယ်ရွယ်လွန်းပြီး အရပ်လည်း ပုလွန်းလွန်းသောကြောင့် ဆရာများက သူမကို အလွန်ပင် ဂရုစိုက်ကြပြီး ပထမဆုံးတန်းတွင် ထိုင်ခိုင်းထားကြ၏။

သူမ၏ ထိုင်ခုံဖော်က အသက် ဆယ့်တစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်။

သူက အရပ် သိပ်မရှည်သော်လည်း စုရှောင်လော်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မြင့်မားလွန်းနေ၏။

ဆရာမက ထိုကောင်လေးအား စုရှောင်လော်ကို သေသေချာချာ စောင့်ရှောက်ပေးရန်အတွက် ညွှန်ကြားထားခဲ့သည်။

သူက ကျောင်းဆင်းသည့်အချိန်တွင် သူမကို ထိုင်ခုံပေါ်မှ ဆင်းနိုင်ရန်အတွက် ကူညီပေးရုံသာမက၊ ကျောင်းဆင်းချိန်တွင်လည်း သူမ၏ ကျောင်းလွယ်အိတ်ကိုပါ ကူညီလွယ်ပိုးပေးခဲ့လေသည်။

သူက အတော်လေး တာဝန်သိတတ်လွန်း၏။

“သမီး အခုထိုခုံဖော်ကို သဘောကျလို့လား”

စုဝေ့ချင်းက သမီးဖြစ်သူ၏ စကားလုံးများမှတစ်ဆင့် သူမ၏ အဓိပ္ပာယ်ကို သဘောပေါက်နားလည်လိုက်လေသည်။

စုရှောင်လော်က လေးနက်စွာဖြင့် ခေါင်းညိတ်ပြလာလေ၏။

“အစ်ကိုမန်က လူကောင်းတစ်ယောက်ပဲ”

စုရှောင်လော်အနေဖြင်် ထိုင်ခုံဖော်၏ နာမည်က ထုန်လင်း၏သားဖြစ်သူ ထုန်မန်ဟု ခေါ်ကြောင်းသိထားသည်။

“ဒါဆိုရင် ရှုတာ့ဝေ့ နဲ့ အခုအစ်ကိုနဲ့ဆိုရင် သမီး ဘယ်သူ့ကို ပိုပြီး သဘောကျလဲ”

စုဝေ့ချင်းက စနောက်လျက် မေးမြန်းလိုက်လေသည်။

စုရှောင်လော်က ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားရလေတော့သည်။

ထုန်မန်က အလွန်ကောင်းမွန်သူဖြစ်သော်လည်း သူတို့က ယခုမှ စတင်သိကျွမ်းကြရခြင်း ဖြစ်၏။

ရှုတာ့ဝေ့ကတော့ သူမ ငယ်စဉ်ကလေးဘဝကတည်းက သိကျွမ်းခဲ့ရသူဖြစ်ပြီး ပုခက်တစ်ခုတည်းတွင် အတူ အိပ်စက်ခဲ့ကြဖူးသူ မဟုတ်ပါလား။

ထို့ကြောင့် ခဏမျှ စိတ်ရှုပ်ထွေးပြီးနောက် စုရှောင်လော်က ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ရှုတာ့ဝေ့က နည်းနည်း ငတုံးဖြစ်ပေမဲ့လည်း သူက သမီးရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ”

“ဒီကလေးမလေးကတော့.. တခြားလူတွေကို ငတုံးလို့ ပြောပြန်ပြီလား”

စုဝေ့ချင်းက လက်ကို မြှောက်လိုက်ပြီး သူမ၏ နဖူးကို ခပ်ဖွဖွပုတ်လိုက်လေသည်။

စုရှောင်လော်က သူမခေါင်းကို လက်ဖြင့် အုပ်လိုက်မိပြီး နှုတ်ခမ်းလေးကို စူလျက် ခပ်တိုးတိုး ညည်းတွားလာသည်။

“သူက တကယ်ပဲ ငတုံးဖြစ်နေတာကိုး”

သို့သော် သူက သူမနှင့်နှိုင်းယှဉ်လျှင်သာ ငတုံးဖြစ်ပြီး နှပ်ချေးတွဲလွဲ ဖြစ်နေကြသော တခြားကလေးများနှင့် နှိုင်းယှဉ်လျှင်တော့ ထက်မြက်သူတစ်ဦးပင် ဖြစ်သေး၏။

ထိုသားအဖနှစ်ဦးက စက်ဘီးကို အတူစီးနင်းလျက် အိမ်သို့ ပြန်လာခဲ့ကြသည်။

လမ်းတစ်ဝက်တွင် နိုင်ငံပိုင် စားသောက်ဆိုင်တစ်ခု၏ ဘေးမှ ဖြတ်သန်းသွားကြချိန်တွင် စုဝေ့ချင်းက စက်ဘီးကိုရပ်ရင်း မေးလိုက်လေသည်။

“ဝက်သားနီချက်စားချင်လား”

“စားချင်တယ်”

စုရှောင်လော်က ခေါင်းညိတ်ပြလာသည်။

“အစားပုတ်လေး.. မင်းအမေက ဒါကို အရင် နှစ်ရက်ကမှ ချက်ကျွေးထားတာလေ”

စုဝေ့ချင်းက စက်ဘီးကို ရပ်တန့်ပြီး သော့ခတ်လိုက်လေသည်။

သူက စုရှောင်လော်ကို ပွေ့ချီလျက် နိုင်ငံပိုင် စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့လေ၏။

သူတို့နှစ်ဦးက ဆိုင်ထဲ၌ ထိုင်စားရန် အစီအစဉ်မရှိသောကြောင့် သူတို့ယူဆောင်လာသော ထမင်းဗူးကို အသုံးပြုလျက် ဝက်သားနီချက် တစ်ဗူး ဝယ်ယူပြီး အိမ်သို့ သယ်ဆောင်လာခဲ့ကြသည်။

သူက ဆိုင်ထဲမှ ထွက်ခွာလာချိန်တွင် အထဲသို့ ဝင်လာသော လျို့ဖင်းနှင့် တိုက်ဆိုင်စွာပင် ဆုံတွေ့ခဲ့ရပြန်သည်။

လျို့ဖင်းလည်း ထိုသားအဖနှစ်ဦးကို မြင်လိုက်ရသည့်အတွက် ပျော်ရွှင်သွလေ၏။

သူတို့နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် တစ်ဖက်လူက သတင်းအချက်အလက်တချို့ကို ဖော်ထုတ်ပြောခဲ့လေသည်။

“..ဟဲထန်လည်း တက္ကသိုလ်တက်ဖို့ ပေကျင်းကို ရောက်နေတယ်၊

ဒါပေမဲ့ သူက ရွှမ်ယန်တက္ကသိုလ်မှာ နိုင်ငံခြားဘာသာစကား ပညာရပ်ကို သင်ယူနေတာ”

စုဝေ့ချင်း : “...”

ဒီလူကတော့ တကယ်ကို ခွာမရတဲ့ သရဲတစ္ဆေတစ်ကောင်လို ဖြစ်နေတာပဲ။

“ကျွန်တော်က မင်းတို့ ကြိုတင်ပြီး ပြင်ဆင်ထားနိုင်အောင်လို့ ဒီသတင်းကို လာပြီး အသိပေးတာပါ”

လျို့ဖင်းက ကူညီလိုစိတ်ရှိစွာဖြင့် ပြောဆိုလိုက်လေသည်။

သို့သော် စုဝေ့ချင်းက လျို့ဖင်းကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

သူက တစ်ကြိမ်မျှသာ ဆုံတွေ့ဖူးသေးသော သူတို့အပေါ် အဘယ်ကြောင့် ဤမျှအထိ ပွင့်လင်းရိုးသားစွာဖြင့် သတိပေးနေရသနည်း။

လျို့ဖင်းကတော့ စုဝေ့ချင်း၏ စိတ်ထဲ၌ အတွေးတောကို မသိပေ။

သူ့အနေဖြင့် ကြီးမားသော အလုပ်တစ်ခုကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပြီဟု ခံစားရသောကြောင့် သူ့ကိုယ်သူ အလွန်ပင် ဂုဏ်ယူနေခဲ့သည်။

သူက စားစရာများကို ဝယ်ယူပြီး အိမ်သို့ ပြန်ရောက်ပြီးနောက်တွင် သူ၏ဇနီးဖြစ်သူထံသို့ စာတစ်စောင် ထပ်မံရေးသားလိုက်လေ၏။

ထိုစာထဲတွင် ဟဲထန်၏ အကျင့်စာရိတ္တ ဆိုးရွားမှုများကို နောက်တစ်ကြိမ်ပြန်လည်ပြစ်တင်ဝေဖန်လိုက်လေသည်။

လှည့်ဖြားတတ်ပြီး၊ ဇွဲကောင်းလွန်းကာ အမျိုးသမီးရဲဘော်များ၏ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးတတ်သော ဤကဲ့သို့သော အမျိုးသားမျိုးက မည်မျှပင် နူးညံ့သိမ်မွေ့နေပါစေ၊ လူကောင်းတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဟဲထန်ကို လူကောင်းတစ်ယောက်ဟု ဆက်လက်ပြောဆိုနေခြင်းမှာ သူ၏ဇနီးသည်က မျက်စိကန်းနေ၍သာဖြစ်လိမ့်မည်။

စုဝေ့ချင်းကတော့ မနာလိုဝန်တိုစိတ်များကြောင့် အမျိုးသားတစ်ဦး၏အတွေးကိုဘး အနည်းငယ်မျှပင် သိရှိထားခြင်းမရှိပေ။

လာမည့် နှစ်နှစ်တာ လျှို့ဝှက်လေ့ကျင့်ရေးပြီးနောက်တွင် လီရှန်းက ဆေးတက္ကသိုလ်၏ တတိယနှစ်ကျောင်းသူ ဖြစ်လာလိမ့်မည်။

ဘွဲ့လွန်အတန်းသို့ တိုက်ရိုက်တက်ရောက်နိုင်တော့မည်ပင်။

မှန်ပေသည်။ ပထမဆုံးအသုတ် ဘွဲ့ရကျောင်းသားများက ဘွဲ့ရရှိပြီးနောက် ဘွဲ့လွန်အတန်းများအတွက် လျှောက်လွှာများကို တင်သွင်းနိုင်ကြမည်ဟု ဆုံးဖြတ်ထားကြသည်။

သို့သော် မည်သည့်တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားများကို လက်ခံခွင့်ရရှိမည်ဆိုသည်ကို တိကျစွာ မသိရသေးပေ။

မည်သို့ပင်ဖြစ်စေ ပေကျင်းတက္ကသိုလ်၊ ရွှမ်ယန်တက္ကသိုလ်နှင့် ဤဆေးတက္ကသိုလ်တို့က နိုင်ငံထဲရှိ ထိပ်တန်းတက္ကသိုလ်ကြီးများ ဖြစ်ကြသည်။

ထို့ကြောင့် ထိုတက္ကသိုလ်တို့တွင် ဘွဲ့လွန်အတန်းအတွက် နေရာတချို့ ရှိလာကြပေလိမ့်မည်။

စုဝေ့ချင်းကိုယ်တိုင်ပင် လီရှန်း သူမအနေဖြင့် ဘွဲ့လွန်အတန်းသို့ တိုက်ရိုက်တက်ရောက်မည်ဟု ပြောဆိုသံကို ကြားရပြီးနောက်တွင် သူသည်လည်း ဘွဲ့လွန်ဘွဲ့တစ်ခုကို ဆက်လက်၍ ရယူရန် ကြိုးပမ်းသင့်လားဟူ၍ စဉ်းစားလာခဲ့၏။

သို့သော် သူက စာပေဘာသာရပ်များကို သင်ယူထားသူဖြစ်သောကြောင့် မဟာဘွဲ့တစ်ခုကို ဆက်လက်ရယူရန်က မလိုအပ်ဟု ခံစားမိပြန်သည်။

သူ့အနေဖြင့် အေးဆေးတည်ငြိမ်စွာရှိနေမည့် အလုပ်တစ်ခုခုကို ရှာဖွေလုပ်ကိုင်ကာ စာပေဆောင်းပါးများကို ရေးသားခြင်းနှင့် စာအုပ်တစ်အုပ် ပြုလုပ်ထုတ်ဝေခြင်းတို့ကို လုပ်ဆောင်နိုင်လျှင်ပင် ပိုမို ကောင်းမွန်လိမ့်မည်ဟု တွေးမိခဲ့သည်။

*

All Chapters