← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း(320)

ပထမနှစ် ကျောင်းသားသစ်များကို ကျောင်းဆောင်ထဲ၌သာ နေထိုင်ခိုင်းရခြင်းမှာ ရည်ရွယ်ချက်တချို့ ရှိလေ၏။

ပထမအချက်က စီမံခန့်ခွဲမှုပိုင်းကို ပိုမိုလွယ်ကူစေရန် ဖြစ်ပြီး၊ ဒုတိယအချက်က ကျောင်းသားများအတွက် အဆင်ပြေစေရန် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဒေသခံကျောင်းသားများမှလွဲ၍ တခြားသော ကျောင်းသားများက ပေကျင်းမြို့၌ နေထိုင်စရာနေရာ မရှိပေ။

တတိယအချက်က ကျောင်းဝင်းထဲတွင် ပိုမိုတည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန် ဖြစ်လေ၏။

ယခုအချိန်တွင် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခါစ အချိန်ဖြစ်သောကြောင့်၊ ဤကျောင်းသားများထဲတွင် အလုပ်သမားများ၊ အထက်တန်းကျောင်းဆင်းစ ကလေးများ၊ လယ်သမားများနှင့်၊ အတိတ်က ကျေးလက်ဒေသသို့ ဆင်းခဲ့ကြဖူးသော ပညာတတ်လူငယ်ဟောင်းများဟူ၍ စုံလင်စွာ ပါဝင်နေကြသည်။

ဤစာမေးပွဲကြီးက လူတန်းစားနောက်ခံ သို့မဟုတ် မျိုးရိုးဇာစ်မြစ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စာမေးပွဲဖြေဆိုသူတချို့ထဲတွင် အတိတ်တွင် နွားတင်းကုပ်များထဲ၌ နေထိုင်ခဲ့ကြရသော ကလေးငယ်များပင် ပါဝင်နေခဲ့ကြခြင်း ဖြစ်၏။

ကျောင်းတော်က သူတို့ကို ကျောင်းဆောင်ထဲ၌ နေထိုင်ခိုင်းရခြင်းမှာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးမှုများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်နှင့် နိုင်ငံတော်၏ ဤအနာဂတ်မျိုးဆက်သစ်များကို လမ်းမှားသို့ ရောက်ရှိမသွားစေရန် တားဆီးနိုင်ဖို့အတွက် ဖြစ်လေ၏။

စုဝေ့ချင်းက သူ့၏ မိသားစုအခြေအနေများကို အကုန်အစင် ရှင်းလင်းပြောပြလိုက်ကာ သူ၏မျက်နှာပေါ်တွင် ဖြူစင်ရိုးသားပြီး စံပြဖြစ်သူဟူသော စကားလုံးများကို အထင်းသား ရေးထွင်းထားချင်နေပုံရ၏။

နောက်ဆုံးတွင် ဆရာမက ကျောင်းအပြင် နေထိုင်ခွင့်လျှောက်လွှာပေါ်သို့ နီရဲသော တံဆိပ်တုံးကြီးကို ဖိနှိပ်ပေးလိုက်လေတော့သည်။

ကျောင်းပြင်ပတွင် ညအိပ်နေထိုင်ခွင့် ကိစ္စရပ်များက အဆင်ပြေသွားခဲ့ပြီ ဖြစ်သောကြောင့် စုဝေ့ချင်းလည်း သက်ပြင်းတစ်ချက် ချလိုက်နိုင်ခဲ့လေပြီ။

သူ၏ တုံ့ပြန်မှုကို မြင်ရသည့်အချိန်တွင် ဆရာမက မရယ်ဘဲ မနေနိုင်တော့ပေ။

“ကျောင်းသားက ကလေးထိန်းဖို့အတွက် အိမ်ပြန်မလို့လား”

ယနေ့ခေတ်ကာလတွင် အမျိုးသားအများစုက ယောက်ျားကြီးစိုးမှုဝါဒ ရှိကြသည်။

‘အမျိုးသမီးတွေက မိုးကောင်းကင်ရဲ့ တစ်ဝက်ကို ပင့်မထားကြတယ်’ဟု ပြောကြသော်လည်း၊ တကယ်တမ်းတွင် အမျိုးသမီးများက မိုးကောင်းကင်၏ တစ်ဝက်မကကို ပင့်မထားကြရသည်ဟု ပြောနိုင်၏။

မည်သို့ပင်ဖြစ်စေ သူတို့က အမျိုးသားများကဲ့သို့ပင် လယ်ကွင်းထဲ၌ အလုပ်လုပ်ကိုင်လျက် လုပ်အားမှတ်များကို ရှာဖွေကြရသည့်အပြင်၊ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင်လည်း အိမ်မှုကိစ္စများကို လုပ်ဆောင်ပြီး ခင်ပွန်းနှင့် သားသမီးများကိုပါ ပြုစုစောင့်ရှောက်ကြရသည် မဟုတ်ပါလား။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အမျိုးသားဖြစ်သူက မည်သည့်အရာမှမှားယွင်းနေခြင်းမရှိဟု ခံစားရသည့်အပြင်၊ ထိုအရာကိုလည်း လုံးဝ သဘာဝကျလွန်းသော အရာတစ်ခုအဖြစ်ပင် သတ်မှတ်ထားကြသည်။

ဆရာမများကပင် စုဝေ့ချင်းအနေဖြင့် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိထားပြီ ဖြစ်သောကြောင့် သူ၏မိသားစုက သူ့ကို အပြည့်အဝ ပံ့ပိုးပေးသင့်သည်ဟု ထင်မြင်နေကြလေ၏။

သူ့ကို ကလေးထိန်းခိုင်းရန်အတွက် မည်သို့များ တောင်းဆိုနိုင်ကြပါမည်နည်း။

“ဒါပေါ့၊ ကျွန်တော်ကိုယ်တိုင်ပဲ ထိန်းရမှာပေါ့၊ ဘာလို့မထိန်းရမှာလဲ”

စုဝေ့ချင်းက ဆရာမ၏ စိတ်ထဲရှိ အတွေးများကို တစ်ချက်ကြည့်ရုံမျှဖြင့် ရိပ်မိလိုက်သော်လည်း ဒေါသထွက်ခြင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ ဤအရာက ဤခေတ်ကာလ အမျိုးသားများကြားတွင် အများဆုံးရှိတတ်သော အတွေးအခေါ်မျိုး မဟုတ်ပါလား။

သူကိုယ်တိုင် ဤသို့မပြုလုပ်လျှင်ပင် တခြားလူများ၏ အတွေးအခေါ်များကို ပြောင်းလဲပစ်ရန်အတွက်လည်း သူ ကြိုးပမ်းလိမ့်မည် မဟုတ်ပေ။

ဆရာမက သက်ပြင်းချရင်း ပြောလိုက်လေသည်။

“နောက်ပိုင်းကျရင် ကျောင်းသားရဲ့ စာပေလေ့လာမှုတွေက တကယ့်ကို ပင်ပန်းခက်ခဲလာတော့မှာဆိုတော့

ကျောင်းသားရဲ့ဇနီးက မိသားစုဘဝပိုင်းမှာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေကို ပိုပြီး ထမ်းဆောင်ရတော့မှာပေါ့”

“အဲလိုတော့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ဇနီးက ဆရာဝန်တစ်ယောက် ဖြစ်လာမှာလေ၊

ကျွန်တော်ကတော့ စာပေပညာကိုပဲ သင်ယူနေတာ၊ တကယ်လို့ ကျွန်တော် စာမကြိုးစားရင် အလွန်ဆုံးရှိမှ ဆောင်းပါးကောင်းကောင်း မရေးနိုင်တာ ဒါမှမဟုတ် အလုပ်ကောင်းကောင်း မရတာပဲ ရှိမှာပါ၊

ဒါပေမဲ့ ကျွန်တော့်ဇနီးသာ စာသေချာမသင်ရင် နောက်ပိုင်းမှာ လူနာတွေကို ထိခိုက်စေနိုင်လိမ့်မယ်၊

အတတ်ပညာမပြည့်စုံတဲ့ ဆရာဝန်ဆိုးတစ်ယောက်ဖြစ်လာမှာကိုတော့ ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ပါဘူး”

စုဝေ့ချင်းက လက်ကို အလျင်အမြန်ပင် ယမ်းပြလိုက်ရင်း ခေါင်းကို ခါယမ်းပြီး ပြောလိုက်လေသည်။ သူ၏ စကားလုံးများကြောင့် ဆရာမပင် ဆွံ့အသွားရလေတော့သည်။

မှန်ပေသည်။ အကယ်၍ ဆရာဝန်တစ်ဦး၏ ဆေးဝါးအတတ်ပညာ ညံ့ဖျင်းနေမည်ဆိုပါက နောက်ဆုံးတွင် ဆင်းရဲဒုက္ခခံရမည်က လူနာသာ ဖြစ်လေ၏။

အကယ်၍ ထိုကဲ့သို့သော ဆရာဝန်မျိုးနှင့်သာ ဆုံတွေ့ရမည်ဆိုပါက မည်မျှအထိ ထိတ်လန့်စရာ ကောင်းလိုက်ပါမည်နည်း။

သို့သော်လည်း...

“အခု တက္ကသိုလ်တက်ခွင့်ရပြီဆိုတော့ စာကို ကြိုးကြိုးစားစား သင်ယူရမယ်လေ”

ဆောင်းပါးကောင်းကောင်း မရေးနိုင်တာ ၊ အလုပ်ကောင်းကောင်း မရတာပဲ ရှိမှာပါလို့ ဘယ်လိုများ ပြောနိုင်ရတာလဲ။

ရွှမ်ယန်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိခြင်းသည်ပင် ထိုလူ၏ ထူးချွန်ထက်မြက်မှုကို သက်သေပြရန်အတွက် လုံလောက်နေခဲ့၏။

ဤမျှအထိ အလားအလာရှိလွန်းသော ပါရမီရှင်တစ်ဦးက အဘယ်ကြောင့် ရည်မှန်းချက်ကင်းမဲ့နေရသနည်း။

“ဒါပေါ့၊ ကျွန်တော် သေချာပေါက် စာကိုကြိုးစားပြီး သင်ယူပြီး ဆရာတွေရဲ့ မျှော်လင့်ချက်ကို အမိအရ ဆုပ်ကိုင်ပါ့မယ်”

စုဝေ့ချင်းက သစ္စာခံစကားကို အလျင်အမြန်ပင် ပြောလိုက်လေသည်။

ဆရာမလည်း စိတ်သက်သာရာရသွားတော့၏။

ဤကျောင်းသားကို ကြည့်ရသည်မှာ လိမ္မာရေးခြားရှိပုံရသော်လည်း သူ၏ စကားများတွင် အနည်းငယ် ပေါ့ပျက်ပျက်နိုင်လွန်းသော အရိပ်အယောင်များ ပါရှိနေခဲ့သည်။

ဆရာမက ဤကျောင်းသားက အိမ်သို့ အမှန်တကယ် ပြန်ပြေးကာ ဇနီးကောင်းတစ်ဦးအဖြစ်သာ ခံယူလုပ်ကိုင်နေမည်ကို အမှန်တကယ်ပင် စိုးရိမ်မိလေသည်။

အဘယ်ကြောင့်ဆိုသည်ကို မသိသော်လည်း တစ်ဖက်လူက ထိုကဲ့သို့သော အရာမျိုးကို အမှန်တကယ် လုပ်ဆောင်ရဲသူ ဖြစ်လိမ့်မည်ဟု ခံစားရ၏။

ကျောင်းပြင်ပ နေထိုင်ခွင့် သက်သေခံလက်မှတ်ကိုရရှိခဲ့ပြီဖြစ်သောကြောင့်၊ စုဝေ့ချင်း၏ အိမ်အပြန်လမ်းတွင် ခြေလှမ်းများက ပိုမိုပေါ့ပါးသွက်လက်နေခဲ့သည်။

လမ်းခုလတ်တွင် သူက အစ်မမာမှ သူမ၏ သားဖြစ်သူကို ဆူပူကြိမ်းမောင်းနေသည်နှင့် ဆုံတွေ့ခဲ့ရပြန်၏။

ပုံမှန်အားဖြင့် သူက ဤကဲ့သို့သော မိသားစု ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအခိုက်အတန့်တွင် သူ၏ နာမည်ကို အမှတ်မထင် ကြားလိုက်ရလေသည်။

သူက စက်ဘီးဘရိတ်ကို ချက်ချင်းပင် ဆွဲလိုက်လေတော့၏။

အစ်မမာက လက်တစ်ဖက်ကို ခါးတွင် ထောက်ထားလျက် တခြားလက်တစ်ဖက်၏ လက်ညှိုးဖြင့် ဝမ်တုန်၏ နဖူးကို တွန်းထိုးရင်း လေးနက်စွာ ဆုံးမနေခဲ့သည်။

“မင်းက အတတ်ပညာတစ်ခုကို သင်ယူချင်တယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန် သင်ပါလား၊

အနာဂတ်မရှိတဲ့ အရာမျိုးကို ဘာဖြစ်လို့ သင်ယူချင်နေရတာလဲ၊

အဲဒီသစ်သားငှက်ရုပ်ဆိုတာ မင်းရဲ့ဦးလေးဝေ့ချင်းက သူ့သမီးလေးရှောင်လော်အတွက် ပေါ့ပေါ့ပါးပါး လုပ်ပေးထားတဲ့ ကစားစရာတစ်ခုပဲလေ၊

သူက စိတ်ကူးပေါက်လို့ လုပ်ထားတာလေ၊ မင်းက ဘာလို့ ဒီလောက်အထိ ခေါင်းမာပြီး အဲဒီပညာမျိုးကို သင်ယူဖို့အတွက် တပည့်ခံချင်တယ်လို့ ဇွတ်ပူဆာနေရတာလဲ”

ဝမ်တုန်က တိတ်တဆိတ်ဖြင့် ခေါင်းကို ငုံ့ထားမိလေသည်။

သို့သော် ဝမ်တုန်က သူမကိုယ်တိုင် မွေးဖွားခဲ့ရသော သားအရင်းဖြစ်သောကြောင့်၊ အစ်မမာလည်း ရက်စက်နိုင်ခြင်းမရှိပါချေ။

သူမက သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။

“သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တက္ကသိုလ်ကျောင်းသားတွေပဲ၊ မကြာခင်မှာ ကျောင်းတက်ကြရတော့မှာ၊

ရှောင်လော်တောင် ပဉ္စမတန်းကိုရောက်နေပြီ၊ မင်းက သင်ယူချင်စိတ် ရှိနေရင်တောင် သူတို့ဘက်က မင်းကို သင်ပြသပေးချင်တဲ့ ဆန္ဒ ရှိဖို့ လိုအပ်ဦးမှာပေါ့”

ဝမ်တုန်က သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်လေ၏။

“ကျွန်တော်..ကျွန်တော် ကိုယ့်ဘာသာပဲ အဖြေရှာကြည့်ပါ့မယ်”

အစ်မမာက သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် နှာမှုတ်လျက် ပြောဆိုလေတော့သည်။

“မင်းတစ်ယောက်တည်းနဲ့ ဘာတွေကို အဖြေရှာနိုင်မှာလဲ၊ ဒါတွေအားလုံးက မင်းရဲ့အစ်မကြောင့်ပဲ၊

သူမက မင်းကို ငှက်ရုပ်အကြောင်း လာပြောပြလို့ဖြစ်တာ.. အခုတော့ ကြည့်စမ်း၊ မင်းကို လမ်းမှားပေါ် ရောက်အောင် ဆွဲခေါ်သွားခဲ့ပြီ”

ဝမ်တုန်က တိတ်ဆိတ်သွားခဲ့ရပြန်သည်။။

သူက သူ့ကိုယ်သူ ဉာဏ်ပညာထက်မြက်သူတစ်ဦး မဟုတ်ကြောင်းနှင့် စာပေသင်ယူခြင်း၌ မထူးချွန်ကြောင်းကို သိရှိထား၏။

အစ်ကိုဝမ်က သူ့ကိုကားပြင်တတ်ရန်အတွက် သင်ယူစေချင်ခဲ့သည်။

သို့သော် သူ့ဘက်မှ သွားရောက်သင်ယူသည့် အချိန်တွင် တစ်ဖက်မှဆရာက သူ့ကို အလွန်တုံးအသည်ဟု သတ်မှတ်ထားသောကြောင့် ပစ္စည်းများကို လိုက်လံပို့ဆောင်ပေးရန်အတွက်သာ ခိုင်းစေခဲ့သည်။

ပြင်ဆင်ရမည့်အလုပ်များ ရောက်လာသည့်အချိန်တိုင်း ဆရာကြီးက သူ့ကို တခြားနေရာသို့ စေလွှတ်လေ့ရှိသည်။

သူက ပစ္စည်းများကို ယူဆောင်ပြီး ပြန်လည်ရောက်ရှိလာချိန်တွင် ဆရာကြီးက ထိုပစ္စည်းတို့ကို ပြင်ဆင်ပြီးသား ဖြစ်နေခဲ့၏။

သူ အိမ်သို့ ပြန်လာပြီး အဖေဖြစ်သူအား ထိုအကြောင်းကိုပြောပြခဲ့သည်။

သို့သော် အဖေဖြစ်သူက သူ့ကို ပိုမို ဖျတ်လတ်မှုရှိရန်နှင့် ကောင်းမွန်သော အတတ်ပညာဟူသည်က ခိုးယူသင်ယူရခြင်းဖြစ်ကြောင်းသာ ပြန်ပြောခဲ့ဖူးသည်။

ဝမ်တုန်လည်း တခြားလူများ လုပ်ဆောင်သည်ကို စောင့်ကြည့်လျက် အတတ်ပညာကို ခိုးယူသင်ယူရန် စဉ်းစားခဲ့ဖူး၏။

သို့သော် သူ၏အရှေ့တွင် တပည့်ဟောင်းအနည်းငယ် ရှိနေခဲ့ကြသေးသည်။

သူက အသက်ငယ်ရွယ်ပြီး ဖျတ်လတ်မှုလည်း မရှိလွန်းသောကြောင့် ထိုအတတ်ပညာကို သင်ယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် သူကိုယ်တိုင်ကလည်း စက်ပြင်တစ်ဦး ဖြစ်လာချင်စိတ်မရှုပေ။

“မင်းက မော်တော်ကား ပြင်ဆင်တဲ့ အတတ်ပညာကိုတောင် သေသေချာချာမသင်ယူနိုင်တာကို၊

ဒီလိုမျိုး ကစားစရာ အသေးအမွှားလေးတွေကို လုပ်ဆောင်ပြီးတော့ အတတ်ပညာတစ်ခုကို တတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”

အစ်မမာ၏ စိတ်ထဲ၌ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ဝမ်တုန်၏ အနာဂတ်အတွက် တွေးတောပေးနေခဲ့၏။

“မင်းရဲ့ဦးလေးဝေ့ချင်းဆီမှာ သွားပြီး သင်ယူဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ တကယ်လို့ မင်းက ဒါကို အမှန်တကယ် သဘောကျတယ်ဆိုရင်တော့၊

အမေ မင်းအတွက် အရုပ်စက်ရုံတစ်ခုခုမှာ တပည့်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာဖွေပေးမယ်”

သို့သော်...

ထိုအရုပ်စက်ရုံ၏ အခြေအနေကလည်း ကောင်းမွန်လွန်းခြင်း မရှိတော့ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက အရုပ်စက်ရုံကို ပိုင်ဆိုင်ထားခဲ့သော မြေကွက်ကို စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဗျူရိုက သိမ်းယူခဲ့ပြီး၊ ထိုနေရာ၌ ရုံးခန်းတစ်ခု ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ဝမ်တုန်က ခေါင်းကို ခါယမ်းပြလိုက်ရင်း ပြောလိုက်လေသည်။

“ကျွန်တော် အရုပ်စက်ရုံကို မသွားချင်ပါဘူးအမေ၊ ကျွန်တော် ဆရာကြီးဆီမှာပဲ မော်တော်ကားပြင်တဲ့ အတတ်ပညာကို ဆက်ပြီး သင်ယူပါ့မယ်”

အစ်မမာ : “...”

“ကျွန်တော်..ကျွန်တော် အလုပ်ဆင်းတဲ့ အချိန်တွေကျရင် ဦးလေးဝေ့ချင်းဆီကို သွားပြီးတော့ အဲဒီစက်မှုငှက်ရုပ် ပြုလုပ်နည်းကို သင်ပေးဖို့ တောင်းဆိုကြည့်မယ်လေ၊

ကျွန်တော်က အားရှိတယ်ဆိုတော့ ဦးလေးရဲ့ အလုပ်တွေကို ကူညီပြီး လုပ်ပေးလို့ရတာပဲ”

*

All Chapters