အခန်း ၉၈၈
Vol. 71 Ch. 988
အခန်း ၉၈၈ မပြောပလောက်သော အညှောက်လေး
စုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပသွားပြီး လျင်မြန်သော လှုပ်ရှားမှုတစ်ချက်နှင့် အတူ သူသည် ပုန်းကွယ်နေခြင်းမှ ထွက်လာခဲ့သည်။ သူ၏ ပေါ်လာမှုသည် ပေတစ်ထောင် မြင့်သော သစ်ပင်ကြီးအား မည်သို့မျှ အံ့အားသင့်မသွားစေခဲ့ပေ။ သိသာထင်ရှားစွာပင် သစ်ပင်ကြီးသည် ယခင်ကတည်းက သူ့တည်ရှိမှုကို သတိပြုမိထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ စုမင်သည် ယခင်က ဟင်းလင်းပြင်ကမ္ဘာထဲသို့ ဝင်ရောက်လာစဉ်က မိမိကိုယ်မိမိ ဖုံးကွယ်ထားခဲ့ခြင်း မရှိပေ။
သို့သော် မီးတောက်မိစ္ဆာ ဘိုးဘေးမှာမူ စုမင်သည် ဤနေရာ၌ ပုန်းနေမည်ဟု မထင်မှတ်ထားခဲ့ပေ။ ယင်းမှာ ဒယ်အိုးပူထဲမှ လွတ်ပြီး မီးပုံထဲသို့ ခုန်ဆင်းမိသကဲ့သို့ ဖြစ်နေသည်။ မီးတောက်မိစ္ဆာ ဘိုးဘေးသည် လွတ်မြောက်သွားခဲ့သော်လည်း သူ့စွမ်းအားမှာ လျင်မြန်စွာ ကျဆင်းနေသည်။ သူ့နောက်ကွယ်မှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သည့်အခိုက်တွင် စုမင်သည် သူ့ထံသို့ လျင်မြန်စွာ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း စုမင်သည် မှီသွားခဲ့သည်။ ဤသည်မှာ ကိုယ်ပိုင် အမြန်နှုန်း မဟုတ်ဘဲ မကျေမချမ်းဝေက အစွန်းကုန် အမြန်နှုန်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူတို့ နီးကပ်သွားသည့် အခိုက်တွင် စုမင်က ညာလက်ကို မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ အီစန်း၏ စွမ်းအားများ စုစည်းလာပြီး လုံးဝ မတတ်နိုင်ဘဲ ဖြစ်နေသော ရွှမ်ရှန်း၊ ယွမ်ယို၊ နျန်ယင်နှင့် ဟွာယွီတို့၏ စွမ်းအားများကိုလည်း သူက လွှဲပြောင်းယူလိုက်သည်။ ထိုစွမ်းအား အားလုံးသည် လက်ဖဝါးပေါ်တွင် စုစည်းသွားပြီး လေထုကို ဖြတ်၍ မီးတောက်မိစ္ဆာ ဘိုးဘေးရှိရာ အရပ်ဆီသို့ တွန်းထုတ်လိုက်သည်။
ကမ္ဘာကြီးမှာ ဟိန်းဟောက်သွားသည်။ စုမင်၏ တိုက်ကွက်သည် လေဆင်နှာမောင်း တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဘိုးဘေးထံသို့ ပြေးဝင်သွားရာ အဘိုးအို၏ မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်လာသည်။ သူ အော်ဟစ်လိုက်သောအခါ အသံထဲတွင် ရက်စက်ကြမ်းကြုတ်သော လေသံတစ်သံ ပါဝင်နေသည်။ သူသည် လေဆင်နှာမောင်းကြီး၏ ဝါးမြိုခြင်းကို ခံရတော့မည်အား မြင်လိုက်ရချိန်တွင် အရာအားလုံးကို ရင်းရတော့မည့်အလား အမူအရာမျိုး သူ့မျက်နှာတွင် ပေါ်လာသည်။ သူသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ဖိကာ အပြင်ဘက်သို့ ဆွဲခွဲပစ်လိုက်သည်။
ထိုသို့ဖြင့် သူသည် ခန္ဓာကိုယ်ကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။ တစ်ဝက်မှာ ဆက်လက် ထွက်ပြေးသွားပြီး ကျန်တစ်ဝက်မှာ စုမင်ထံသို့ ပြေးဝင်သွားကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်သည်။
မီးတောက်မိစ္ဆာ ဘိုးဘေးသည် အရှင်သခင် အဆင့်ရှိ တန်ခိုးရှင်တစ်ဦး ဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရသည်အထိ အတင်းအကျပ် ဖိအားပေးခြင်း ခံခဲ့ရသည်။ အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက စုမင်၏ နာမည်သည် စကြဝဠာတစ်ခုလုံးတွင် ဟိုးဟိုးကျော်သွားပေမည်။
အမှန်တကယ်တွင် ဤသည်မှာ သူတစ်ယောက်တည်း၏ စွမ်းဆောင်ချက်ကြောင့်ချည်း မဟုတ်ပေ။ ဤအရာ၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းမှာ ပေတစ်ထောင် မြင့်သော သစ်ပင်ကြီး တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် မီးတောက်မိစ္ဆာကို ကြိုတင်၍ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး စုမင်၏ ခန္ဓာကိုယ်အား အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားခြင်းနှင့် မကျေမချမ်းဝေတို့ကြောင့်သာ သူ ဤသို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အကယ်၍ သူသည် ဤမျှ ကြာအောင် ပုန်းကွယ်နေပြီးမှ မီးတောက်မိစ္ဆာ ဘိုးဘေး၏ ခန္ဓာကိုယ် တစ်ဝက်ကိုသာ ဖျက်ဆီးနိုင်ခဲ့မည်ဆိုပါက စုမင်အတွက် အနာဂတ်တွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုနှင့် ကြုံတွေ့ရပေမည်။ သူသည် ဤအရာကို လုံးဝ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူ တိုက်ခိုက်ပြီးပြီ ဖြစ်၍ ထိုလူကို သတ်ပစ်ရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။
ဘိုးဘေး ခန္ဓာကိုယ် တစ်ဝက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ကောင်းကင်သို့ ဆန်တက်သွားသည်။ ဖျက်ဆီးတတ်သော စွမ်းအားလှိုင်းများ ပြန့်နှံ့သွားသည့်အခိုက်တွင် မကျေမချမ်းဝေ၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် တောက်ပသွားသည်။ နဂါးခေါင်းနှစ်လုံးမှာ ဟိန်းဟောက်လိုက်ပြီး ဘိုးဘေး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းများဆီသို့ ပြေးဝင်သွားသည်။
နာကျည်းမှုများဖြင့် ဖွဲ့စည်းထားသော အနက်ရောင် မီးပင်လယ်ကြီးသည် အရပ်မျက်နှာ အားလုံးသို့ ပြန့်နှံ့သွားပြီး ဘိုးဘေး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ချက်ချင်း ဝါးမြိုပစ်လိုက်ရာ ၎င်းအား အပြင်သို့ ပြန့်မသွားစေတော့ပေ။ တစ်ချိန်တည်းမှာပင် စုမင်သည် ရှည်လျားစွာ ဟိန်းဟောက်လိုက်ပြီး သူ့စွမ်းအား အပြည့်အဝမှာ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူသည် အီစန်းကိုယ်ပွားကိုပါ ဆင့်ခေါ်လိုက်ရာ သူ့တိုက်ခိုက်ရေး စွမ်းရည်မှာ ထိုအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ခြေတစ်လှမ်းဖြင့် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ပေါက်ကွဲမှု စွမ်းအား တန့်သွားသည့် အခိုက်တွင် စုမင်၏ ခြေလှမ်းသည် လေထုပေါ်သို့ နင်းမိသွားပြီး သူသည် ပေါက်ကွဲမှု ဧရိယာမှ ထွက်ခွာကာ အဝေးသို့ ရောက်ရှိနေပြီး ခန္ဓာကိုယ် တစ်ဝက်သာ ကျန်တော့သော မီးတောက်မိစ္ဆာ ဘိုးဘေး၏ နောက်ကွယ်တွင် ပေါ်လာခဲ့သည်။ ထိုသူသည် ထွက်ပေါက်ကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကာ အထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲ ဖြစ်သည်။
"ဒီမှာပဲ နေခဲ့" စုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပနေသည်။ သူ စကားပြောလိုက်သည်နှင့် ညာလက်ကို မြှောက်ကာ ထွက်ခွာတော့မည့် မီးတောက်မိစ္ဆာ ဘိုးဘေးရှိရာ ဟင်းလင်းပြင်အား ဆုပ်ကိုင်လိုက်သည်။
ထိုသို့ဖြင့် မီးတောက်မိစ္ဆာ ဘိုးဘေး၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားသည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ စုမင်အား ကြည့်နေသော မျက်လုံးများတွင် ပြင်းထန်သော နာကျည်းမှုနှင့် သတိထားမှုများ ပေါ်လာသည်။ အကယ်၍ သူသည် ခန္ဓာကိုယ်ကို စွန့်လွှတ်ခြင်း မပြုပါက ယနေ့တွင် ဤနေရာမှ ထွက်ခွာနိုင်ရန် မဖြစ်နိုင်ကြောင်း သူ သိသည်။ သူ့အသက်နှင့် နှိုင်းယှဉ်ပါက ကျန်သည့် အရာအားလုံးမှာ အရေးမပါပေ။ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ မီးတောက်မိစ္ဆာ ဘိုးဘေးသည် ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် အနီရောင် အစက်တစ်စက် ပေါ်လာသည်။ ၎င်းသည် နောက်သို့ သွားကာ ဘိုးဘေး၏ ဦးခေါင်းခွံကို ဖြတ်သန်း၍ ဦးခေါင်းနောက်ဘက်မှ ပျံသန်း ထွက်လာခဲ့သည်။ ထိုအစက်သည် အနီရောင် ကျောက်စိမ်း တစ်တုံးအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုကျောက်စိမ်းသည် ခဏမျှသာ ပေါ်လာပြီးနောက် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော အရိပ်တစ်ရိပ် အဖြစ် ပြောင်းလဲသွားသည်။ သဘာဝအတိုင်းပင် ထိုအရိပ်သည် မီးတောက်မိစ္ဆာ ဘိုးဘေး၏ ပုံသဏ္ဌာန် ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားစွာပင် သူ၏ နတ်ဘုရား သန္ဓေသား ဖြစ်သည်။ နတ်ဘုရား သန္ဓေသားသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ကျန်ရှိနေသော ခန္ဓာကိုယ် တစ်ဝက်မှာ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ ဤသည်မှာ မီးတောက်မိစ္ဆာ ဘိုးဘေးက စုမင်ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု စွမ်းအားဖြင့် တားဆီးရန် ဒဏ်ရာရခြင်းအား ဂရုမစိုက်ဘဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် နတ်ဘုရား သန္ဓေသားမှာ ထွက်ပေါက်ဆီသို့ တွန်းပို့ခံရရန် ပေါက်ကွဲမှုမှ သက်ရောက်မှုကို အသုံးချခဲ့ခြင်း ဖြစ်သည်။
ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်သည့် ဤလုပ်ရပ်နှင့် သူ၏ ပြတ်သားမှုတို့ကြောင့် စုမင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ကောင်းကင်သို့ ဆန်တက်သွားစဉ် သူ့ညာလက်သည် ဘိုးဘေး၏ ကျန်ရှိသော ခန္ဓာကိုယ် တစ်ဝက်မှ သယ်ဆောင်လာသော ပေါက်ကွဲမှုနှင့် ထိပ်တိုက် တိုးသွားခဲ့သည်။
စုမင် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးသွားသည်။ သူ ခေါင်းကို မော့လိုက်သောအခါ ဟင်းလင်းပြင်ကမ္ဘာ၏ ထွက်ပေါက်ကို ဖွဲ့စည်းထားသော ကမောက်ကမ ဖြစ်မှုများထဲတွင် ကြေမွလုနီးပါး ဖြစ်နေသော နတ်ဘုရား သန္ဓေသား ပုံသဏ္ဌာန် ပျောက်ကွယ်သွားသည်အား မြင်လိုက်ရသည်။
ထိုနေရာတွင် သူ့ကို ကြိုဆိုနေသည်မှာ ဟင်းလင်းပြင်ကမ္ဘာများကို ဖြတ်သန်း ရွေ့လျားနေစဉ်အတွင်း နှစ်ပေါင်းတစ်ထောင် ဆုံးရှုံးရခြင်း ဖြစ်သည်။ နတ်ဘုရား သန္ဓေသားသာ ကျန်တော့သည့် သူသည် ထိုနှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသွားသောအခါ သေချာပေါက် ပြင်းထန်စွာ ဒဏ်ရာရရှိပေမည်။ သူ့တွင် စုပ်ယူရန် ခန္ဓာကိုယ်နှင့် သက်စောင့်စွမ်းအား မရှိတော့သဖြင့် စုပ်ယူခံရမည့်အရာမှာ နတ်ဘုရား သန္ဓေသားထဲရှိ အနှစ်သာရများသာ ဖြစ်ပေမည်။
အကယ်၍ သူသည် ဤအတွေ့အကြုံမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့မည်ဆိုလျှင်ပင် သူသည် ယခင်က မီးတောက်မိစ္ဆာ ဘိုးဘေး မဟုတ်တော့ဘဲ အလွန်အမင်း အားနည်းသွားပေမည်။
ဟင်းလင်းပြင် ကမ္ဘာများကြားရှိ ကွာဟချက်များသည် အဆုံးမဲ့ပြီး စိတ်ကူးယဉ်ဆန်ကာ ၎င်းတို့သည် တူညီသော ဒေသတစ်ခုသို့ပင် ဦးတည်မသွားနိုင်ချေ။ ထို့ကြောင့် ဘိုးဘေးနောက်သို့ လိုက်လံ ဖမ်းဆီးရန် အတွေးမှာ စုမင်၏ စိတ်ထဲတွင် ခဏမျှသာ ပေါ်လာပြီးနောက် သူ လက်လျှော့လိုက်သည်။
သူသည် မီးခိုးများကို ဖယ်ရှားရန် လက်မောင်းအား ဝေ့ယမ်းလိုက်ပြီး ထိုအခါမှသာ ဘိုးဘေး၏ ကျန်ရှိသော ခန္ဓာကိုယ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သည့် နေရာတွင် နီရဲသော သားရေအိတ် တစ်လုံးကို မြင်လိုက်ရသည်။ သူသည် ညာလက်ဖြင့် လေထုကို ဆုပ်ကိုင်လိုက်ရာ ထိုသားရေအိတ်သည် သူ့ထံသို့ ချက်ချင်း ပျံသန်းလာခဲ့သည်။ စုမင် အိတ်ကို ဖမ်းမိပြီးနောက် ခေါင်းလှည့်ကာ သစ်ပင်နှင့် မကျေမချမ်းဝေတို့အား ကြည့်လိုက်သည်။
မကျေမချမ်းဝေ ရှိနေသော နေရာမှ ပေါက်ကွဲမှုမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ မြင်းသည် လှုပ်ရှားလိုက်ပြီး စုမင် ဘေးတွင် ပေါ်လာခဲ့သည်။ သူသည် အနည်းငယ် ပင်ပန်းနေပုံရသော်လည်း ဒဏ်ရာရရှိခြင်း မရှိပေ။
ထိုအချိန်တွင် စုမင်သည် ဟင်းလင်းပြင်ကမ္ဘာ၏ ထွက်ပေါက်ဘေး၌ ရပ်နေသည်။ သူသည် အသာစီးရမှုကို လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။ အကယ်၍ သူ ထွက်ခွာလိုလျှင်ပင် ခြေတစ်လှမ်းဖြင့် သူ လုပ်ဆောင်နိုင်သည်။
သူသည် အဝေးရှိ ပေတစ်ထောင် မြင့်သော သစ်ပင်ကြီးကို စိုက်ကြည့်လိုက်ပြီး သစ်ပင်သည်လည်း တဖြည်းဖြည်း လွင့်ပါးသွားသော သွေးမြူခိုးများကြားမှ စုမင်မား စိုက်ကြည့်နေသည်။ သူ့ဘေးတွင် ဘိုးဘေး လုံဟိုင်း ရှိနေသည်။
စုမင်သည် သစ်ပင်၏ စိုက်ကြည့်မှုကို ဆုံတွေ့ပြီးနောက် ဘိုးဘေး လုံဟိုင်းအား ကြည့်ရန် အကြည့်ကို လွှဲပြောင်းလိုက်သည့် အခိုက်တွင် တိုးညှင်းသော အသံတစ်သံသည် သူ့နှလုံးသားထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုအသံသည် ပျံ့လွင့်နေပြီး အထဲတွင် စိုးရိမ်ပူပန်မှုများနှင့်အတူ ပြင်းပြသော လိုချင်တပ်မက်မှု လှိုင်းတံပိုး တစ်ချက် ပါဝင်နေသည်။
"တာအိုရောင်းရင်း... ငါ့ကို ကယ်ပါဦး။ ငါက လုံဟိုင်းပါ၊ နံနက်ခင်း တာအိုလောကက လာတာပါ။ ငါ့ရဲ့ ဝိညာဉ်ကို ဒီမိစ္ဆာသစ်ပင်က သိမ်းပိုက်သွားပြီး ငါ့ကိုယ်ငါ ပျောက်ကွယ်ခဲ့ရတယ်။ အခု မီးတောက်မိစ္ဆာ ဘိုးဘေး သယ်ဆောင်လာတဲ့ သွေးမြူခိုးတွေကြောင့် ငါနဲ့ သစ်ပင်ကြားက ဆက်သွယ်မှုဟာ ယာယီ ဖြတ်တောက်သွားပြီး ငါ့ရဲ့ စိတ်အသိကို ပြန်ရလာခဲ့တာပါ။ ငါ့ကို ကယ်ပါဦး..."
"ငါ လုံဟိုင်းဟာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် တစ်ယောက်အနေနဲ့ ငါ့ရဲ့ စွမ်းအားကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ မင်း ငါ့ကို ကယ်ဖို့ ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ ငါ လွတ်လပ်ခွင့် ပြန်ရရင် မင်းကို ငါ့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုပါ့မယ်။ တကယ်လို့ ငါ့ရဲ့ ကျိန်ဆိုချက်ကို ငါ ဖောက်ဖျက်ရင် ငါ့ရဲ့ နတ်ဘုရား သန္ဓေသားဟာ စကြဝဠာထဲမှာ ကြေမွပျက်စီးပါစေ။ လုံမိသားစုရဲ့ မျိုးဆက်အားလုံး သေဆုံးပါစေ" လုံဟိုင်း ထိုစကားများကို ပြောလိုက်စဉ် စုမင်၏ နှလုံးသား အောက်ခြေတွင် ထူးဆန်းသော ဆက်သွယ်မှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဤဆက်သွယ်မှုမှာ တိုးညှင်းပြီး မရေမရာ ဖြစ်ကာ ထိုအသံကဲ့သို့ပင် ပျံ့လွင့်နေသည်။
"အရှင်သခင် အဆင့်ရှိတဲ့ လူတစ်ယောက်ရဲ့ ကျိန်ဆိုချက်ပဲ" ရွှီဟွေက ချက်ချင်း လျင်မြန်စွာ ပြောလိုက်သည်။ စုမင်၏ စိတ်ထဲသို့ ရောက်ရှိလာသော လုံဟိုင်း၏ အသံကို ရွှီဟွေ၊ ရွှမ်ရှန်း၊ ယွမ်ယို၊ နျန်ယင်နှင့် ဟွာယွီတို့လည်း ကြားခဲ့ရသည်။ ရွှီဟွေသည် သိသိသာသာ စိတ်လှုပ်ရှားသွားခဲ့သည်။
"ဒီလို ကျိန်ဆိုချက်မျိုးက လွယ်လွယ်နဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ သူက ကျိန်ဆိုရုံတင် မကဘဲ ငါတို့ ပတ်ပတ်လည်မှာ ပျံ့လွင့်နေတဲ့ မရေမရာ ကံကြမ္မာကိုပါ အသက်သွင်းလိုက်တာ။ ဒါဟာ စကြဝဠာထဲမှာ တံဆိပ်ခတ်နှိပ်ခံရပြီး ကတိတစ်ခုအဖြစ် ပြောင်းလဲသွားပြီ။ ဘိုးဘေး လုံဟိုင်း... တကယ့်ကို ပြတ်သားတဲ့ သတ္တိပဲ"
ရွှီဟွေ စကားပြောလိုက်စဉ် စုမင် မျက်လုံးများကို မှေးလိုက်သည်။ မျက်လုံး အတွင်း၌ တောက်ပသော အလင်းရောင်တစ်စ ထွန်းလင်းသွားခဲ့သည်။ ရွှီဟွေ ပြောသကဲ့သို့ပင် ဤဘိုးဘေး လုံဟိုင်းသည် တကယ့်ကို မယုံနိုင်လောက်အောင် သတ္တိရှိပေသည်။ ဤသည်မှာ သူ စိတ်အသိ ပြန်ရနိုင်သော ရှားပါးသည့် အခိုက်အတန့် ဖြစ်သည်မှာ သိသာထင်ရှားပြီး ထို့ကြောင့်ပင် သူက အခွင့်အရေးကို ဆုပ်ကိုင်လိုက်ကာ စုမင်က သူ၏ တောင်းဆိုချက်အား သဘောတူမည် မတူမည်ကိုပင် မစောင့်ဘဲ အရာအားလုံးအား စုမင်ထံ အပ်နှံပြီး ကျိန်ဆိုချက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ သူ၏ ကြီးမားသော ရိုးသားမှုကို ပြသရန် အမြန်ဆုံး အချိန်နှင့် အနည်းဆုံးသော စကားလုံးများအား အသုံးပြုခဲ့ခြင်း ဖြစ်သည်။ စုမင်က သူ၏ စကားများကို ယုံကြည်မည် မဟုတ်ဘဲ ဤအခွင့်အရေးအား လွဲချော်သွားမည်ကို သူ ရှင်းလင်းစွာ စိုးရိမ်နေခဲ့ပြီး ထို့ကြောင့်ပင် သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မိမိ၏ အရာအားလုံးအား စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာကြောင့် သူသည် စုမင်၏ ယုံကြည်မှုကို ချက်ချင်း ရရှိနိုင်ခဲ့ပြီး သူ၏ ကူညီကယ်ဆယ်ရန် တောင်းဆိုချက်အား ဆွဲဆောင်မှု တစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။ ဤဆွဲဆောင်မှုမှာ ထိုအချိန်မှစ၍ အစောင့်အရှောက်အဖြစ် ဆောင်ရွက်ပေးမည့် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် တစ်ဦးကို ရရှိမည့် အတွေးပင် ဖြစ်သည်။ ယင်းသည် လုံဟိုင်းကို ကယ်တင်မည့် ကိစ္စအား လုံဟိုင်းတစ်ယောက်တည်း အတွက်သာ အရေးကြီးခြင်းမှ စုမင်အတွက်ပါ တူညီစွာ အရေးကြီးသော ကိစ္စတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
သူ၏ အတွေးများ ပြောင်းလဲသွားခြင်း၊ ဤစကားများ ပေါ်ထွက်လာခြင်းနှင့် ဤကျိန်ဆိုချက်ကို ပြုလုပ်ခြင်းတို့က ဘိုးဘေး လုံဟိုင်းသည် အမှန်ပင် အရှင်သခင် အဆင့်ရှိ တန်ခိုးရှင်တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းစေသည်။ အကယ်၍ အခြားသူတစ်ဦးဦးသာ ဖြစ်ပါက သူတို့သည် အပြန်အလှန် ယုံကြည်မှု ရရှိရန် အချိန်အတော်ကြာ အသုံးပြုရနိုင်ပြီး ဤသည်မှာ စုမင်နှင့် လုံးဝ မသက်ဆိုင်သဖြင့် သူ လှည့်ပြန်သွားရန် အခွင့်အရေး အလွန် မြင့်မားသည်။ သူ တိုက်ခိုက်ခဲ့လျှင်ပင် သူသည် အခြားသူတစ်ဦးအတွက် လုပ်ဆောင်ပေးနေသကဲ့သို့ ခံစားရမည် ဖြစ်ရာ အန္တရာယ် တစ်ခုခု ပေါ်လာသည်နှင့် သူ ချက်ချင်း လက်လျှော့လိုက်ပေမည်။
သို့သော် ယခုမူ လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။
စုမင် ခဏမျှ တိတ်ဆိတ်စွာ တွေးတောလိုက်ပြီးနောက် နှုတ်ခမ်းပေါ်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူသည် ပေတစ်ထောင် မြင့်သော သစ်ပင်ကြီး၏ ဘေးတွင် လျင်မြန်စွာ ပေါ်လာပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ မနီးကပ်နိုင်သေးမီ ပေတစ်ထောင် မြင့်သော သစ်ပင်ကြီးမှာ ယိမ်းထိုးသွားပြီး ပင်စည်ပေါ်ရှိ မျက်လုံးများသည် စုမင်ကို အမှောင်အလင်းဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း ထွက်သွားဖို့ မရွေးချယ်ခဲ့ဘူးပေါ့။ ဒါဆိုရင်လည်း ဒီမှာပဲ နေခဲ့တော့"
ဝူးဝူးဝါးဝါး မြည်သံများ လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ပေတစ်ထောင် မြင့်သော သစ်ပင်ကြီးသည် ပြင်းထန်စွာ ယိမ်းထိုးလာပြီး သစ်ရွက် အမြောက်အမြား လေထဲသို့ လွင့်ပျံလာသည်။ သစ်ရွက် သုံးထောင် ရှိပြီး ဓားရှည်တစ်လက်အဖြစ် စုစည်းနေကြသည်။ ၎င်းတို့ ရှေ့သို့ ပြေးဝင်လာစဉ် တဖြည်းဖြည်း ပျောက်ကွယ်နေသော သွေးမြူခိုးများထဲမှ ထွက်ခွာကာ စုမင်ထံသို့ တည့်တည့် ဦးတည်လာခဲ့သည်။
"ဒီသစ်ရွက် သုံးထောင်ဟာ ကြီးမြတ်တဲ့ တာအို သုံးထောင်ကို ကိုယ်စားပြုတယ်။ ဒီထဲမှာ ကံကြမ္မာ သုံးထောင် ရှိတယ်။ ဒီကံကြမ္မာက စကားလုံးတွေနဲ့ ဖော်ပြဖို့ အလွန် စိတ်ဝင်စားဖို့ကောင်းပြီး ဆန်းကြယ်တယ်။ ပြီးတော့ ဒီကံကြမ္မာက သစ်ပင်အားလုံးရဲ့ ဘိုးဘေးဖြစ်တဲ့ ငါက ကံကြမ္မာရဲ့ အနိမ့်အမြင့်ကို ဖြစ်ပေါ်စေမယ့် နည်းလမ်းပဲ"
ပေတစ်ထောင် မြင့်သော သစ်ပင်ကြီးဆီမှ မြည်ဟည်းသံ လေထဲတွင် ပဲ့တင်ထပ်သွားပြီး သစ်ရွက် သုံးထောင်ဖြင့် ဖွဲ့စည်းထားသော ဓားရှည်သည် ဟင်းလင်းပြင်ကို ဖြတ်တောက်လိုက်သည့်အလား စုမင်၏ ရှေ့မှောက်တွင် ချက်ချင်း ပေါ်လာခဲ့သည်။
စုမင်၏ မျက်လုံးများတွင် စူးရှကာ အေးစက်သော အလင်းရောင်တစ်ချက် ပေါ်လာသည်။
"မင်းက ကံကြမ္မာ အဆင့် ရှိဟန် ဆောင်နေတဲ့ အတုအယောင် တစ်ခု သက်သက်ပဲ။ မင်းက ကံကြမ္မာ အနိမ့်အမြင့် အဆင့်မှာ ရှိနေတယ်လို့ ဘယ်လိုများ ပြောရဲတာလဲ" စုမင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သစ်ရွက်များဖြင့် ဖွဲ့စည်းထားသော ဓားရှည်ကြီး သူ့ထံ နီးကပ်လာသည့်အခိုက်တွင် ညာလက်ကို မြှောက်ကာ ခုတ်ပိုင်းချလိုက်သည်။
မိစ္ဆာ သုံးပါး ကွပ်မျက်ခြင်း...
ကမ္ဘာကြီးတစ်ခုလုံးသည် စုမင် ရှေ့မှောက်တွင် ထက်မြက်သော ဓားသွားတစ်စင်းဖြင့် ဖြတ်တောက်ခံလိုက်ရသည့်အလား ဖြစ်သွားသည်။ ထိုခုတ်ချက်သည် ဝင်ရောက်လာသော သစ်ရွက်ဓားကြီးပေါ်သို့ ကျရောက်သွားသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံကြီး ကောင်းကင်သို့ ဆန်တက်သွားပြီး သစ်ရွက်များဖြင့် ဖွဲ့စည်းထားသော ဓားမှာ ကြေမွသွားခဲ့သည်။
သစ်ပင်ပေါ်ရှိ မျက်လုံးများမှာ စုစုစိုက်စိုက် ဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးကို ငုံ့ကြည့်နေသည့်အလား ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် စုမင်၏ အသံမှာ ကမ္ဘာကြီးထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"မင်းလို မပြောပလောက်တဲ့ အညှောက်လေးက ငါ့ရှေ့မှာ ဘိုးဘေးလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုများ ခေါ်ရဲတာလဲ"
စုမင်၏ စကားလုံးများ လေထဲတွင် ပဲ့တင်ထပ်သွားစဉ် စုမင် ထိန်းချုပ်ထားသော အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်မှ အီစန်း၏ ဖိအား တစ်ခုလုံးမှာ မည်သည့် ချန်လှပ်မှုမျှ မရှိဘဲ ပေါက်ကွဲထွက်လာခဲ့သည်။ အီစန်း ဖိအား၏ ပေါ်ထွက်လာမှုသည် ကောင်းကင်နှင့် လေထုကို လွှမ်းမိုးသွားပြီး ကမ္ဘာကြီးအား ပြောင်းပြန်လှန်ပစ်လိုက်သည့်အလား ဖြစ်သွားစေခဲ့သည်။
သူ၏ ဖိအားသည် ရိုင်းစိုင်းခြင်း၊ မာနကြီးခြင်း၊ ဗိုလ်ကျစိုးမိုးလိုခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သက်ရှိအားလုံးကို ငုံ့ကြည့်သည့် ရူးသွပ်မှုနှင့်အတူ ဖော်ပြ၍မရသော မလိုမုန်းထားမှုများလည်း ပါဝင်နေသည်။
သစ်ပင်၏ အမူအရာမှာ ချက်ချင်းပင် ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။