အခန်း ၁၀၁
Vol. 11 Ch. 101
Chapter 101
အမတအကြီးအကဲနန်ကုန်းကလည်း စာကြည့်တိုက်ထဲ ဝင်ရန်ပြင်ရင်း ခဏရပ်သွား၏။ သူ စာကြည့်တိုက်အဝင်ဝနားရှိလေထဲတွင် လူတစ်ယောက်ပေါ်လာတာကိုတွေးလိုက်သည်။ ၎င်းမှာ စုယွမ်ပါပေ။
စုယွမ်မှာ ရယ်ချင်သလို တစ်ချိန်တည်းတွင် ပြောစရာစကားပျောက်ရှနေရခြင်းဖြစ်၏။ သူ လျှို့ဝှက်နယ်မြေထဲနေသောရက်အနည်းအငယ်အတွင်း တပည့်တစ်ယောက်ချင်းစီကို လိုက်လံကြည့်ရှုနေတာဖြစ်သည်။ ပြောရလျှင် သူက မသေမျိုးမျိုးစေ့တောင်ကြား၏တောင်သခင်နေရာကို ယူထားသည်ဖြစ်ရာ ဒါက သူ့တာဝန်ပါပေ။
သူက စိတ်အာရုံကိုအသုံးပြုပြီး တစ်ယောက်ချင်းစီ၏ပါရမီ၊ သဘောပေါက်နိုင်စွမ်း၊ ကျင့်စဥ်၊ စိတ်နေစိတ်ထားအစရှိသဖြင့်လေ့လာ၍ မှတ်သားနေတာဖြစ်၏။
ထို့ကြောင့် သူ နန်ကုန်းရှန်ယွီအကြောင်းလေ့လာသည့်အခါ တစ်ခုခုထူးဆန်းနေတာကို သိလိုက်၏။ ခဏမျှတွက်ချက်ပြီးမျက်နှာသွင်ပြင်ရော၊ နာမည်ကိုပါ အခြေခံပါက အနှီသူဟာ သူတစ်ခါတွေ့ဖူးသော အမတအကြီးအကဲနန်ကုန်းဖြစ်မည်မှန်း ခန့်မှန်းမိသွားရ၏။
သူ သိရှိပြီးသည့်အခါတွင်တော့ လူလုံးထွက်ပြကာ နှုတ်ဆက်ဖို့တော့လိုသေးသည်ပင်။ ဤလူအိုကြီးမှာ အကြံအစည်များလှပေ၏။ သူသာ စာအုပ်များကိုဖတ်ချင်ပါလျှင် ဒီအတိုင်းယူဖတ်လည်းရသည်ကို ဤသို့သောအကွက်မျိုးထုတ်သုံးနေသေးပေသည်လေ။
စုယွမ်လည်း စွံ့အနေရင်းသာ အမတအကြီးအကဲနန်ကုန်းကို ဦးညွတ်လိုက်သည်။
“ဒီကတပည့်၊ မင်း ငါ့ခြံဝန်းထဲကို လိုက်ပြီး လက်ဖက်ရည်တစ်ခွက်လောက်သောက်မလား။”
အမတအကြီးအကဲနန်ကုန်းက အမူအရာမပြောင်းလဲစွာသာရှိနေရင်း ပြန်ပြောသည်။
“တောင်သခင်က ဖိတ်ကြားလာမှတော့ ကျွန်တော်လည်း မငြင်းဆန်ရဲပါဘူး။”
သူတို့နှစ်ဦးလည်း စုယွမ်ခြံဝန်းဆီဦးတည်လိုက်သည်။
ရှဲ့ယင်းယင်းမှာ ဤမြင်ကွင်းကိုကြည့်ရင်းအံ့သြသွားလျက် သူတို့နောက် ချက်ချင်းလိုက်တော့၏။
အမတအကြီးအကဲနန်ကုန်းရော စုယွမ်ပါက သူတို့နောက်လိုက်လာသော ရှဲ့ယင်းယင်းကို အာရုံမထားပါပေ။
သိပ်၍မကြာခင်၊ သုံးဦးလုံး တစ်ယောက်ပြီးတစ်ယောက် တောင်သခင်၏ခြံဝန်းဆီရောက်လာခဲ့ကြသည်။
ဤသည်မှာ စုယွမ်၏ခဏတာခြံဝန်းဖြစ်၏။
စုန့်ချိုက်ကလည်း လူလွှတ်ပြီး ပြင်ဆင်ခိုင်းထားရာ နေထိုင်ရန်အသင့်ပါပေ။
ခြံဝန်းထဲတွင် စုယွမ်က အမတအကြီးအကဲနန်ကုန်းအတွက် လက်ဖက်ရည်တစ်ခွက်၊ ရှဲ့ယင်းယင်းအတွက်တစ်ခွက်ငှဲ့ပေးလိုက်၏။
ထို့နောက် စုယွမ် မေးလိုက်သည်။
“မင်း ငါ့ရဲ့ထိပ်သီးကျင့်စဥ်တွေကိုဘယ်လိုထင်လဲ။”
“အတိုင်းထက်အလွန်အံ့သြဖွယ်ကောင်းပါတယ်။”
အမတအကြီးအကဲနန်ကုန်းက လက်ဖက်ရည်တစ်ငုံသောက်ရင်း ချီးကျူးလိုက်သည်။
စုယွမ် ပြောလိုက်သည်။
“ငါ့အမြင်တော့ ဒီကျင့်စဥ်တွေက တပည့်တွေ အညွှန်းအနေနဲ့ အသိအနေနဲ့ထားသင့်တယ်ထင်တယ်။နောက်ပြီး အဲ့ဒါကြောင့်ပဲ မင်းတို့ဒီထဲမှာ နစ်မြုပ်မနေဖို့မျှော်လင့်တာ။”
“ဟုတ်လား။ ဘာကြောင့်များလဲ၊တောင်သခင်။”
အမတအကြီးအကဲနန်ကုန်းက အံ့သြသွားပြီးဆိုသည်။
“ဘယ်လိုပြောရပါ့မလဲ။ ငါ့ဆီက သင်ယူတဲ့လူတွေက အသက်ရှင်နိုင်ပြီး အတုခိုးတဲ့သူတွေက ဘဝသေသွားတဲ့အထိဖြစ်နိုင်လို့လေ။ ဒီထိပ်သီးကျင့်စဥ်တွေကို နားလည်ဖို့ဆိုတာ အခုပေးထားတဲ့ပထမအပိုင်းက အခြေခံသက်သက်ပဲရှိသေးတာ။ နောက်ပြီးအပိုင်းတွေက ပိုဆိုးလာဦးမှာ။ တကယ်လို့သာ အဓိကပင်မကိုနားလည်နိုင်သွားတော့ကောင်းတာပေါ့။ ဒါပေမဲ့ နောက်ဆုံးအထိမသင်နိုင်တဲ့သူကတော့ ဒါကိုပဲ စွဲလမ်းပြီး ဒီထဲကရုန်းမထွက်နိုင်ဖြစ်သွားနိုင်တယ်။ သူတို့ရဲ့တာအိုလမ်းကြောင်းကို ငါ့ကြောင့်နဲ့ ကန့်သတ်ခံလိုက်ရမှာစိုးတာပါ။ တာအိုဆိုတာ ဒါမှဒါမဟုတ်ဘဲ အများကြီးကျယ်ပြန့်ပြီး အခြားလမ်းတွေရှိသေးတာပဲလေ။”
စုယွမ် သက်ပြင်းချလိုက်သည်။
“ဒီနေ့ ယဲ့ပိဖန်နဲ့ကုယိုတို့အမေးအဖြေလုပ်တာမြင်ပြီး ငါ ဒီကိစ္စကို ပိုစိတ်ပူလာရတယ်။”
အမတအကြီးအကဲနန်ကုန်းမှာ စုယွမ်ပြောနေတာကို ဝင်ဖြတ်ပြောလိုက်ရသည်။
“မင်းခဏတုန်းက ကျမ်းဂန်ခန်းမမှာ ချောင်းနားထောင်နေတာလား။”
အမတအကြီးအကဲနန်ကုန်း မျက်မှောင်ကြုတ်သွားရ၏။
“ချောင်းနားထောင်တာမဟုတ်ပါဘူး။ သေချာအာရုံစိုက်စောင့်ကြည့်နေရုံပါ။ တပည့်တွေကို သေချာစောင့်ကြည့်စစ်ဆေးတာက ပုံမှန်ပဲမလား။”
စုယွမ် သူ့ကိုယ်သူပြန်ကာလိုက်သည်။
“ဒါပေမဲ့ ကျွန်တော် တောင်သခင်စောင့်ကြည့်နေတာကို မရိပ်မိလိုက်ဘူးလေ။”
အမတအကြီးအကဲနန်ကုန်း၏လေသံတွင် အံ့သြမှုတစ်ရပ်ပါဝင်နေလေ၏။
“အဟမ်း၊ အဲ့ဒါက ထိပ်သီးကျင့်စဥ်တွေထဲကတစ်ခုပါ။”
စုယွမ် ချောင်းဟန့်လိုက်သည်။
သူ မတော်တဆ ထိုအကြောင်းကိုထွက်မိသွားခြင်းဖြစ်သည်။ စွမ်းရည်မှာ ကြည့်လိုက်လျှင်တော့ သာမန်ဆန်သော်ငြား တကယ့်တကယ်တွင်တော့ တော်တော်လေးကို ဆန်းကြယ်လှသည်ပေ။
အမတအကြီးအကဲနန်ကုန်းကတော့ ထိပ်စီးကျင့်စဥ်များကို ပို၍သိချင်လာခဲ့ရသည်။ သူ့လို ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တောင် ရွှေအမြူတေအဆင့်မရောက်တရောက်ဖြစ်နေသောသူ၏စောင့်ကြည့်ခံရတာကို သတိမထားလိုက်မိဘဲဖြစ်သွားရတာ ဖြစ်၏။ ဤသည်မှာ သာမန်အစွမ်းထက်လွန်းသည်မဟုတ်၊ အလွန့်အလွန့်ကို အစွမ်းထက်လွန်းနေသည်ပင်။
“ခဏတုန်းကဟာကို ဆက်ပြောကြတာပေါ့။”
စုယွမ် ပြောလိုက်သည်။
“ဒီထိပ်သီးကျင့်စဥ်တွေက ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တွေအတွက်အသင့်တော်ဆုံးပဲ။ သူတို့က နည်းနည်းလောက်သင်ရင်အဆင်ပြေတယ်။ ဒါပေမဲ့ နက်နက်နဲနဲလေ့လာဖို့ကတော့ အဆင်မပြေဘူး။ မဟုတ်ရင် အခြားဟာတွေစိတ်မဝင်စားတော့ဘဲ ဒါကြီးပဲလုပ်နေမိသွားလိမ့်မယ်။ အဲ့ဒီအစားနည်းနည်းပဲလေ့လာမယ်ဆိုရင် အခြေခံကောင်းကောင်းရသွားလိမ့်မှာပဲ။”
“ဒါပေမဲ့ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်တွေရဲ့စိတ်က ပြဿနာပဲ။ သူတို့က ပထမအပိုင်းလောက်ကိုတော့ လေ့လာနိုင်ဦးမှာပဲ။ အဓိကက သူတို့ကလေ့လာမိလေလေ၊ ပိုတက်ကြွလာလေလေဖြစ်ပြီး လက်မလျော့နိုင်တော့မှာစိုးတယ်။ သူတို့သာ ဒုတိယအပိုင်းကိုဆက်လေ့လာမယ်ဆိုရင်လည်း ပိတ်မိသွားဖို့များတယ်။ ငါက မင်းသူတို့ကို ဖြောင်းဖျပေးဖို့မျှော်လင့်တာပါ။ ငါလည်း သူတို့ကိုအရင်ကဖြောင်းဖျပေမဲ့ နားမထောင်ကြဘူးလေ။”
ဤသည်ကိုကြားတော့ အမတအကြီးအကဲနန်ကုန်းက ပြောသည်။
“တောင်သခင်ရဲ့ကျင့်စဥ်တွေက ဒီလောက်အစွမ်းထက်တာ၊ ဘယ်လိုလုပ် သူတို့မသင်ဘဲနေနိုင်မှာလဲ။ အရာအားလုံးမှာ ကံကြမ္မာကိုယ်စီရှိကြတာပဲလေ။”
အဆုံးတွင်တော့ စုယွမ် ဗွင်းဗွင်းရှင်းရှင်းသာ ထုတ်ပြောလိုက်တော့သည်။
“တကယ်တော့ ငါ မင်းကိုလည်းသတိပေးချင်တာ၊ နန်ကုန်း။ မင်းလည်း ပိတ်မိမသွားဖို့မျှော်လင့်တယ်။ ပြောရရင် ငါကဂိုဏ်းကိုအင်အားကြီးလူကိုဆုံးရတဲ့ ဆုံးရှုံးမှုကြီးကြီးမားမားမဖြစ်စေချင်ဘူးလေ။”
အမတအကြီးအကဲနန်ကုန်းမှာ သတိပြန်ဝင်လာ၏။
“အဲ့ဒီတော့ မင်းက ဒီလောက်အရှည်ကြီးလှည့်ပတ်ပြောနေတာ ဒါပြောဖို့လား။ ငါ့လိုဂုဏ်သရေရှိတဲ့ ... “
သူ ဘေးရှိမျက်လုံးပြူးမျက်စံပြူးဖြင့်ကြည့်နေသောရှဲ့ယင်းယင်းကို သတိရသွားပြီး ခဏရပ်သွားရ၏။
“တောင်သခင်စောင့်ကြည့်နေပါ။ ကျွန်တော် စာအုပ်ပြန်သွားဖတ်တော့မယ်။ နှုတ်ဆက်ပါတယ် တောင်သခင်။”
သူလည်း မတ်တပ်ရပ်ပြီး စာကြည့်တိုက်ဆီ ထွက်သွားတော့သည်။
ခဏစောင့်ပြီးချိန်တွင် သူ တစ်ခုခုမှားနေသလို ခပ်ရေးရေးလေးခံစားလိုက်ရ၏။ သူလည်း မျက်မှောင်ကြုတ်ပြီး ခဏမျှတွေးနေပြီးမှ ချက်ချင်းပြန်လှည့်ကြည့်လိုက်မိသည်။ သူမြင်လိုက်ရသည်မှာ ရှဲ့ယင်းယင်းတစ်ယောက် သူ့နောက်လိုက်မလာဘဲ မေးထောက်လျက် စုယွမ်ကို ဟိုဟိုဒီဒီလျှောက်မေးနေတာကိုမြင်လိုက်ရ၏။
စုယွမ်မှာမူ ကူရာမဲ့သည့်ဟန်ပေ။
အမတအကြီးအကဲနန်ကုန်း၏မျက်ခုံးများလည်း ပြေလျော့သွားရ၏။
“ဒီကောင်မလေး နောက်ဆုံးတော့ ငါ့နောက်မလိုက်တော့ဘူး။”
သူ ခေါင်းခါလိုက်ပြီး ထွက်သွားတော့၏။ သူ လမ်းတော်တော်လျှောက်ပြီးသည့်နောက်တွင် ပြန်လှည့်ပြီး ခြံဝန်းထဲပြန်ကြည့်မိပြန်သည်။
ရှဲ့ယင်းယင်းကလည်း သူ့အကြည့်ကိုအာရုံခံမိရုံပုံဖြင့် အမတအကြီးအကဲနန်ကုန်းကို လှည့်ကြည့်လာသည်။
သူမလည်း စကတ်ကိုမပြီး မြန်မြန်ထလာတော့၏။
“ရှန်ယွီ၊ ကျွန်မကိုစောင့်ပါဦး။”
အမတအကြီးအကဲနန်ကုန်းမှာ ဖာသိဖာသာအမူအရာကိုသာ ချိတ်ဆွဲထား၏။
“ငါ မင်းကိုစောင့်နေဖို့လောက်ထိ အာရုံမလာဘူး။”
ထို့နောက် သူ စာကြည့်တိုက်ဘက်သို့ ဖြေးညင်းစွာလျှောက်နေလိုက်၏။ ရှဲ့ယင်းယင်းမှာ အမတအကြီးအကဲနန်ကုန်း၏ဘေးဘက်သို့ရောက်လာပြီး ပြန်တွတ်တွတ်ထိုးတော့၏။ အမတအကြီးအကဲနန်ကုန်းကမူ ရံဖန်ရံခါစကားပြန်ပြောရင်း အမူအရာကလည်း အတော်လေးစိတ်မရှည်ဖြစ်နေသည့်ပုံပါပေ။