← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

Chapter 102: တပည့်လေးများ ထွက်ပြေးကြခြင်း။

လျှို့ဝှက်နယ်မြေထဲသို့ပြန်သွားရင်း စုယွမ် အတော်လေးပြောစရာစကားမဲ့နေရသည်။

သူ့ဘေးတွင်မူ ရှောင်လီက မေး၏။

“စုယွမ်၊ ဘာဖြစ်နေတာလဲ။”

“ငါရယ် ဒီကိစ္စတွေရဲ့ပြင်းထန်မှုကို မစဥ်းစားမိလို့လေ။”

စုယွမ် ပြောလိုက်သည်။

“ငါ့ထိပ်သီးကျင့်စဥ်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့။”

“ဘာကပြဿနာလဲ။ မင်းက အမတအကြီးအကဲနန်ကုန်းပါ သက်ရောက်ခံရမှာစိုးနေတာလား။ အဲ့လောက်ကြီးတော့မဖြစ်ဘူးလားလို့။ မင်းက အခုမှ၊ မင်းပြောခဲ့သလိုမျိုး ရွှေအမြူတေအဆင့်ပဲရှိသေးတဲ့သူကို။”

ရှောင်လီက ပုံမှန်သာ ပြန်ဆိုလာ၏။

စုယွမ် ခေါင်းခါလိုက်သည်။

“မင်းနားမလည်ပါဘူး။ ဒီကိစ္စတွေက ဘယ်လိုပြောပြရမှန်းတောင်မသိဘူး။”

သူ၏ထိပ်သီးကျင့်စဥ်များ၏အဓိကပြဿနာမှာ ဤကျင့်စဥ်တွေထဲ သူ၏ပါရမီစွမ်းရည်များပါ ပါဝင်နေခြင်းဖြစ်သည်။ သူက စွမ်းရည်တို့မှတဆင့်ရရှိသည်များကို အေးဆေးလေးယူ၍ရေးခဲ့သော်ငြား ယခုတွင်တော့ ကိစ္စများက ထိုမျှမရိုးရှင်းမှန်းသိလာရသည်။

ဥပမာ၊ ထိပ်သီးကျင့်စဥ်တွေထဲက သဘာဝအစီအရင်အခင်းအကျင်းများက တာအိုပညာနှင့်သဘာဝစွမ်းရည်ကြောင့်သာ နားလည်သွားခြင်းဖြစ်ပြီး အရိုးရှင်းဆုံးရေးသားထားလင့်ကစား သာမန်လူများအတွက် ကြောက်မက်ဖွယ်နက်နဲသောပညာပါပေ။

ထို့အတူ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကြောင့်သာ သူ၏နားလည်နိုင်စွမ်းက တဟုန်ထိုးမြင့်တက်သွားရခြင်းဖြစ်သည်။ သူ့အတွက်လွယ်ကူခဲ့သည့်အတွက် အချို့နေရာများတွင် လွယ်လွယ်ကူကူရရှိနိုင်သော သို့မဟုတ် သက်သေပြရလွယ်သောစသဖြင့်စကားလုံးများဖြင့် ပေါ့ပေါ့တန်တန်ရေးသားမိခဲ့၏။ သို့သော် သာမန်လူများ၏နားလည်နိုင်စွမ်းဖြင့်ဆိုပါက ကြီးစွာသောဒုက္ခခံစားရမည်သာ။

ထို့အပြင် ခုနစ်စဥ်ကြယ်စွမ်းရည်၏အကူအညီမပါဘဲနှင့် သူ ခုနစ်စဥ်ကြယ်အစုအဝေးကိုလွယ်လွယ်နားလည်နိုင်ခဲ့မဟုတ်၊ ထိုသို့နားလည်ရန်ကလည်း နှစ်ပေါင်းများစွာ အချိန်ယူလိမ့်မည်သာ။

ထို့အပြင် သူ၏ဤထိပ်သီးကျင့်စဥ်တို့မှာ ပါရမီစွမ်းရည်များကြောင့်သာမကဘဲ ဘိုးဘေးဆရာသခင်၏တုနှိုင်းမဲ့ကျင့်စဥ်များနှင့်လည်း ပေါင်းစပ်၍မှရရှိလာခြင်းဖြစ်သည်။ ထိုသည်သာမကသေး စာကြည့်တိုက်ရှိစာအုပ်ပေါင်းများစွာ၏အကူအညီလည်းပါဝင်နေ၏။

လက်ရှိအပိုင်းကိုးပိုင်းဆိုသည်ကလည်း ယခင်ကနားလည်ခဲ့သောအရာများဖြစ်သည်။ သူသာ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကိုထပ်ဖွင့်ကျင့်ကြံပါက အပိုင်းဆက်များပို၍ရှည်လာနိုင်ပေမည်။ ဤသည်မှာကား ပါရမီရှင်တို့နစ်မြုပ်သွားနိုင်သော မပြီးဆုံးနိုင်သည့်ဒုက္ခပင်လယ်ကြီးဖြစ်လာပေမည်သာ။

“မင်းဘာတွေစိုးရိမ်နေတာလဲ။ တာအိုလမ်းစဥ်ဆိုတာတကိုယ်တည်းလျှောက်ရတာ၊ သူတို့ဘာသာရွေးချယ်ကြတာတွေပဲလေ။ သူတို့ဒါလေးတောင် နားမလည်ရင် ရှေ့လျှောက်ဘယ်လိုကျင့်ကြံဦးမှာလဲ။”

ရှောင်လီက အရေးပင်မထား။

ထိုအစား သူက တိုက်တွန်းလာခဲ့သည်။

“မြန်မြန်၊ဆက်ဆော့ရအောင်။ မင်းနောက်ထပ်ပုံစံထပ်ပြောင်းလို့။ ငါလိုက်ရှာမယ်။”

“ဒါကြီးကပျော်ဖို့မကောင်းတော့ဘူး။”

စုယွမ်ပြောလိုက်သည်။

“မင်းဆော့မှာလား၊ မဆော့ဘူးလား။”

“ဆော့မယ်။”

စုယွမ်ရှောင်လီကို မျက်လုံးမှိတ်ခိုင်းထားလိုက်၏။

ထို့နောက် သူလည်း ငွေဖြူဝိညာဥ်ရေတံခွန်သို့သွား၍ ဝိညာဉ်ငါးအသွင်ကူးပြောင်းကာ ရှောင်ချိုက်နှင့်ဆော့နေလိုက်သည်။

ရှောင်လီလည်းမျက်လုံးဖွင့်ပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပတ်ရှာတော့၏။

သူ ငွေဖြူဝိညာဥ်ရေတံခွန်ကို အကြိမ်များစွာဖြတ်သွားသော်လည်း ရှောင်ချိုက်က မသိမသာဖြင့် စုယွမ်ရှေ့ကာပေးထားရာ ရှောင်လီမှာ ရှာမတွေဖြစ်နေရလေသည်။

စုယွမ်လည်း မမျှော်လင့်ထားဘဲ ရှောင်ချိုက်၏ဥာဏ်ရည်တိုးတက်လာတာကို သတိထားမိလိုက်ရ၏။ ယခင်တစ်ခေါက်ဝိညာဥ်ငါးများအသွင်ပြောင်းပြီးကတည်းက ရှောင်ချိုက်၏ဥာဏ်ရည်ကသိသိသာသာကောင်းလာတာဖြစ်ပြီး တချို့နေရာများတွင် လှည့်ကွက်တွေတောင်ထုတ်နေနိုင်ပြီးဖြစ်သည်။

နောက်ဆုံးတွင်မှ ရှောင်လီမှာ စုယွမ်ကိုရှာတွေ့သွားလေ၏။

“လုပ်ရက်တယ်နော်၊ ရှောင်ချိုက်။ မင်းက စုယွမ်ကိုကူညီပေးနေလိုက်တာ။ ငါကတော့ မင်းကို အဖိုးတန်ဝိညာဉ်သစ်သီးတွေတောင် ပေးထားရတာမဟုတ်ဘူးလား။”

ရှောင်လီမှာ ရှောင်ချိုက်ကို ဒေါသတကြီးစိုက်ကြည့်ရင်း ပေါက်ကွဲတော့သည်။

ရှောင်ချိုက်မှာ မျက်လုံးလေးကို ငါးတောင်ပံလေးဖြင့် ကာလျက် သူဘာမှမသိမမြင်ကြောင်း လုပ်ပြနေ၏။ သို့သော်ငြား သူ၏အမြှီးကတော့ ပြင်းထန်စွာခါရမ်းနေကာ သူ၏အတွေးလေးများကို မီးမောင်းထိုးပြနေလေသည်။

ဤသို့ဖြင့် ကလေးနှစ်ကောင်မှာ ရေကန်ထဲ ဝုန်းဒိုင်းကြဲ ဆော့ကစားကြတော့၏။

ထိုအချိန်တွင်မူ စုယွမ်ကတော့ တပည့်များ၏အခြေအနေကိုလည်း တိတ်တဆတ်စောင့်ကြည့်ရင်း ငွေဖြူဝိညာဥ်ရေတံခွန်မှ ကောင်းကင်နှင့်မြေကြီး၏နိယာမများကို လေ့လာနေပေသည်။

အချိန်သုံးလမှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။

အပြင်းအထန်ကြိုးစားနေကြသောတပည့်များက မသေမျိုးမျိုးစေ့တောင်ကြားထဲရှိ ကွင်းပြင်ကျယ်တွင် တဖန်စုဝေးလာပြန်သည်။

တောင်သခင်ခုနစ်ဦးကလည်း အံ့လောက်ဖွယ်အဖွင့်မန္တန်များလုပ်ကြရင်း ထပ်ပေါ်လာကြပြန်သည်။

သို့သော် စုယွမ်ကတော့ ဒီတစ်ခေါက် သိုသိုသိပ်သိပ်ပဲပေါ်လာကာ တောင်သခင်များ၏ဘေးတွင်ထိုင်လိုက်သည်။

ဝမ့်စစ်မင်က ပြုံးပြသည်။

“စုယွမ်၊ မင်းကိုယ်မင်ဖုံးထားစရာမလိုတော့ဘူး။ ဂိုဏ်းကို သေချာပြန်ရှင်းလင်းပြီးသွားပြီ။ မင်းကိုယ်မင်းသုံးခြယ်အကြွင်းမဲ့တောင်ထိပ်ရဲ့တောင်သခင်အဖြစ် ကြေညာလို့ရပြီ။”

စုယွမ်က လက်ခါပြလိုက်၏။

“သိုသိုသိပ်သိပ်ပဲနေချင်ပါတယ်ဗျာ။ ကျွန်တော်က လူသိများမှာမကြိုက်ဘူး။”

ဝမ်းစစ်မင်၏အပြုံးကတောင် အေးခဲသွားရသည်။ သူလည်း စုယွမ်တစ်ယောက် တောင်ကြားဖွင့်ပွဲတွင် အကွက်ပေါင်းစုံပြခဲ့တာကို ကြားမိသည်ပင်။ ဤသည်များမှာ သိုသိုသိပ်သိပ်ပဲနေချင်သူတစ်ဦးလုပ်မည့်လုပ်ရပ်များမဟုတ်သည်မလား။

နတ်ဘုရားအာရုံတောင်ထိပ်၏တောင်သခင်ယိုချွမ်လီကလည်း ဝင်မေးလာသည်။

“ဂိုဏ်းတူမောင်လေးစု၊ ဒီတစ်ခေါက်အသုတ်ထဲ နတ်ဘုရားအာရုံတောင်ထိပ်အတွက် သင့်တော်မဲ့သူတွေရှိလား။ မင်း အစ်မကို မိတ်ဆက်ပေးလို့ရမလား။”

“အစ်လီ၊ ကျွန်တော် ပြောပေးချင်တဲ့လူတွေတော့ရှိတယ်။ ဒါပေမဲ့ သူတို့နတ်ဘုရားအာရုံတောင်ထိပ်ကိုဝင်မဝင်ကတော့ ကျွန်တော်လည်း အာမမခံနိုင်ဘူးနော်။”

စုယွမ် ပြောလိုက်၏။

ယိုချွမ်လီမှာ လက်ခါပြမိ၏။

“ဒါကပူစရာမလိုပါဘူး။ အစ်မရဲ့နတ်ဘုရားအာရုံတောင်ထိပ်က နတ်ဘုရားအာရုံကိုကျင့်ကြံဖို့အတွက်အကောင်ဆုံးပဲ။ဒီအပိုင်းမှာတော်တဲ့ တပည့်တွေက သေချာပေါက် အစ်မတောင်ကိုလာမှာပဲ။”

စုယွမ်၏အမူအရာမှာ မပြောင်းမလဲတည်ရှိနေဆဲ၊ သူက ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ။ ထိပ်ဆန်းအဆင့်ဝိညာဥ်ရင်းမြစ်တွေမှာဆိုရင် လီယွဲ့ရှင်းကနတ်ဘုရားအာရုံကိုအထူးပြုကျင့်ကြံဖို့အတွက်အကောင်းဆုံးပဲ။ အမြင့်တန်းအဆင့်တွေထဲဆိုရင် ချမ်သဲဖာနဲ့ ကျုံးကျဲရှိတယ်။”

“အစ်မသိပြီ။”

ယိုချွမ်လီ ခေါင်းညိတ်ပြလိုက်၏။

ဆေးဝါးဆိုင်ရာတောင်ထိပ်သခင်ထောင်ယောင်ယောင်ကလည်း အပြုံးတစ်ပွင့်နှင့်မေးလာသည်။

“ကျွန်မတို့ဆေးဝါးအတွက်သင့်တော်မဲ့သူရောရှိလား။”

ဤသည်ကိုကြားတော့ စုယွမ်က ထပ်ပြောပြန်သည်။

“ရှိပါတယ်။ ဒါပေမဲ့ သူတို့လာမလာကတော့ ကျွန်တော်လည်းမသိဘူးနော်။”

ထောင်ယောင်ယောင်ကလည်း ပါးစပ်အုပ်၍ တခစ်ခစ်ရယ်လာ၏။

“မောင်လေးစု၊ အစ်မရဲ့ဆေးဝါးတောင်ထိပ်က ဆေးဝါးနဲ့ပတ်သတ်ပြီးအကောင်းဆုံးလေ။ ဆေးပညာလမ်းကြောင်းကိုလျှောက်လမ်းချင်သရွေ့ ဒီတောင်ကိုသေချာပေါက်ရွေးကြမှာပဲ။”

“အဟမ်း။ ဒါပေါ့ဗျာ။ ဆေးပညာမှာတော်တဲ့သူတွေထဲ မိန်ချမ်လဲ့ကတော်တော်လေးအဆင်ပြေတယ်။ အမြင့်တန်းအဆင့်တွေထဲမှာဆိုရင်တော့... “

စုယွမ် ထောင်ယောင်ယောင်ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးနေလိုက်သည်။

ထောင်ယောင်ယောင်ကလည်း ဆက်တိုက်ခေါင်းညိတ်ပြီး နားလည်ကြောင်းပြနေ၏။

လက်နက်ရေးရာတောင်သခင်ရှီကျန်းကလည်း အခြေအနေများကိုမေးမြန်းလာ၏။

စုယွမ်မှာ မူမမှန်နေသည့်ရုပ်ဖြင့် တစ်ခုချင်းစီဖြေသည်။

သူက မန္တန်ဆိုင်ရာတောင်ထိပ်၊ ဝိညာဉ်ရေးရာတောင်ထိပ်၊သာလွန်တောင်ထိပ်တို့အတွက်လည်း သေချာမိတ်ဆက်ပေးနေသော်ငြား သူ၏မျက်နှာကတော့ တော်တော်လေးမသာမယာဖြစ်လာရ၏။

သူ မိုးကြိုးတောင်သခင်လိုင်မင်အလှည့်ရောက်ချိန်မှသာ သူ့မျက်နှာက ပြန်လည်အဆင်ပြေလာရသည်။

ဝမ့်စစ်မင်က စုယွမ်မျက်နှာအပြောင်းအလဲများကို စောင့်ကြည့်နေတာဖြစ်သည်။ သူ စိတ်ထဲတွင် တစ်ခုခုမှားနေသလိုခံစားရသော်ငြား ဘာကြောင့်မှန်းမသိပါချေ။

စုယွမ် တောင်သခင်များနှင့်ပြောဆိုပြီးကာမှ တပည့်များဘက်လှည့်ပြောလိုက်၏။

“အခု ငါ၊ စုယွမ်မှ မသေမျိုးမျိုးစေ့တောင်ကြားပိတ်ပွဲကို စတင်ကျင်းပကြောင်းကြေညာအပ်ပါတယ်။ တပည့်အားလုံး အရင်တစ်ခေါက်စစ်ဆေးမှုက ရတဲ့ရလဒ်တွေအတိုင်းအစဥ်လိုက်လာကြပါ။”

တပည့်အားလုံး တည်ငြိမ်သွားကြ၏။

ကုယိုသည်ကား ပထမဆုံးစစ်ဆေးခံရသည့်လူပေ။

ဝမ့်စစ်မင်လည်း တပည့်များကို စစ်ကြည့်နေရင်း သူတို့တော်တော်များများဆီမှ ဝိညာဉ်စွမ်းအင်အနိမ့်မြင့်ကို ခံစားလိုက်ရသည်။ သူ အံ့သြတကြီးဆိုမိသွား၏။

“ဒီတစ်ခေါက်တပည့်တွေက တော်တော်ထူးချွန်တာပဲ။”

စုယွမ်ပြောလိုက်သည်။

“အဲ့ဒါ ထိပ်သီးအဆင့်တွေကအစ အသဲအသန်ကြိုးစားလို့ဖြစ်မယ်။ အမြင့်တန်းအဆင့်တွေက ဒါကိုမြင်တော့ သူတို့လည်း ပိုပြီးကြိုးစားကြရရော။ ကျန်ခဲ့တဲ့အလတ်တန်းအဆင့်တွေကလည်း နောက်ကျမကျန်ချင်ဘူးလေ။ အနိမ့်တန်းအဆင့်တွေဆိုရင် ပြောမနေနဲ့တော့၊ အိပ်တောင်မအိပ်ရဲကြဘူး။ အဲ့ဒီလိုနဲ့ ကျင့်ကြံတဲ့စံနှုန်းက တော်တော်လေးမြင့်သွားရတော့တာပဲ။”

ဝမ့်စစ်မင်မှာ မေးမိရတော့၏။

“အဲ့ဒီတော့ ဘာလို့ ထိပ်တန်းအဆင့်တွေက အဲ့ဒီလောက်အသဲအသန်ဖြစ်နေကြတာလဲ။”

“အမ်း၊ ပြောဖို့တော့ခတ်တယ်။”

စုယွမ် ခေါင်းခါလိုက်၏။ သူကတော့ အကြောင်းပြချက်ကိုသိသည်ပင်၊ တောင်သခင်များအားလုံးလည်း နောက်ကျအကြောင်းပြချက်ကို သိသွားလိမ့်မည်သာ။ ထို့ကြောင့် သူလည်း များများစားစားပြောမနေတော့။

ကုယို၏စစ်ဆေးမှုက လျင်မြန်စွာပြီးဆုံးသွားသည်။

မကြာမီတွင် သူ၏ကျင့်ကြံဆင့်က ချီစုဆောင်းခြင်းအဆင့်လေး၏အထွဋ်အထိပ်တွင်ရှိကြောင်းထွက်ပေါ်လာ၏။

ဤအရာမှာ တောင်သခင်အားလုံးက ပင့်သက်ရှိုက်မိသည်အထိ အံ့သြသွားစေခဲ့သည်။

ဤအရာကတော်တော်လေး အလွန်အကြူးပါပေ။ အနှီတပည့်ကျင့်ကြံခွင့်ရသေးသည်မှာ သုံးလမျှသာရှိသေးသည်ပင်။ ဤချီစုဆောင်းခြင်းအဆင့်လေးဆိုသည်မှာ သာမန်တပည့်များအတွက် ဆယ်နှစ်ကျော်တောင် ကြိုးစားမှ ရရှိနိုင်မည့်အဆင့်မဟုတ်ပေလား။

ကုယို၏အရည်အချင်းက လူတိုင်းကိုအံ့သြသွားစေသည့်အတွက် တောင်ထိပ်တော်တော်များများဆီက ဖိတ်ခေါ်ခံရတော့ပေမည်။

ဤတစ်ကြိမ်တွင် ဝိညာဉ်ရေးရာတောင်သခင်ဟွမ်ရှန်ပေါ်က အရင်ဆုံး ပြောလာဖြစ်၏။

သူက ကုယိုကိုပြုံး၍ဆိုသည်။

“ငါက ဝိညာဉ်ရေးရာတောင်သခင်ပဲ။ ငါကြားတာတော့ မင်း မသေမျိုးမျိုးစေ့တောင်ကြားမှာ ခန္ဓာကိုယ်သန့်စင်တာကို အထူးကျွမ်းကျင်တယ်ကြားတယ်။ မင်းက ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်တာကျွမ်းကျင်ပုံပဲ။ ငါ့ရဲ့တောင်ထိပ်ကလည် အဲ့အပိုင်းမှာ အကောင်းဆုံးပဲ။ မင်း ငါ့တောင်ထိပ်ရဲ့ပင်မတပည့်ဖြစ်ချင်သလား။”

ဤသည်ကိုကြားတော့ ကုယိုက ပြောသည်။

“ကျွန်တော်ကြားဖူးတာက တောင်ကြားကထွက်ပြီးရင် ပင်မတပည့်ဖြစ်တာနဲ့ တောင်သခင်လက်အောက်က တိုက်ရိုက်သင်ကြားခွင့်ရတပည့်ဖြစ်မယ်ဆို။ အဲ့ဒါမှန်သလားသိချင်ပါတယ်။”

“မှန်ပါတယ်။ ဆရာတို့ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းက အဲ့ဒီလိုအစဥ်အလာအမြဲရှိခဲ့တာပဲ။”

ဟွမ်ရှန်ပေါ်က ပြုံး၍ပြန်ပြောလာသည်။

“အဲ့ဒီလိုဆိုရင် ကျွန်တော် ဝိညာဉ်ရေးရာတောင်ထိပ်အစား အခြားတောင်ထိပ်ကိုရွေးလို့ရမလား။”

ကုယို မေးလိုက်သည်။

“ကျင့်ကြံရေးအရဆိုရင်တော့ မင်းက ဝိညာဉ်ရေးရာတောင်ထိပ်နဲ့အသင့်တော်ဆုံးပဲ။ မင်းက ဒီတောင်ကိုမရွေးဘူးဆိုရင် ဘယ်တစ်ခုကိုရွေးချင်လို့လဲ။”

ဟွမ်ရှန်ပေါ်က ထူးဆန်းသလိုခံစားသွားရပြီးမေး၏။

ကုယိုကလည်း ဘေးလှည့်၍ စုယွမ်ကို တရိုတသေဦးညွတ်လိုက်သည်။

“ကျွန်တော် တောင်ကြားသခင်က ဘယ်တောင်ကလဲဆိုတာသိခွင့်ရှိမလားဗျာ။”

စုယွမ်လည်း သူ့ကို တည်ငြိမ်စွာသာ ကြည့်လိုက်ပြီး ပြောသည်။

“ငါက သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ရဲ့တောင်သခင်ပဲ။”

ဤသည်ကိုကြားတော့ ကုယို၏မျက်ဝန်းများက တောက်ပသွားပြီး ချက်ချင်းဆိုလာ၏။

“ကျွန်တော် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်က ပင်မတပည့်ဖြစ်ချင်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ၊ တောင်သခင်စု။”

ဤစကားကြောင့် တောင်သခင်အားလုံးမှာ အေးခဲသွားကြ၏။

ထိုအခိုက်အတန့်လေးတွင် ဝမ့်စစ်မင်မှာ နောက်ဆုံးတော့ သူ့ရင်ထဲက တင်းကြပ်နေသောခံစားချက်က ဘယ်ကရောက်လာသလဲဆိုတာ သိရှိသွားပြီပင်။

All Chapters