← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

Chapter 103: သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ဆီသာ ဝင်ရောက်ချင်ကြလေသည်။

စုယွမ်လည်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။

“ငါက တကယ်တပည့်ခေါ်ဖို့စိတ်မဝင်စားဘူး။ မင်း အားတဲ့အချိန်တိုင်းသုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုလာပြီး ငါ့ဆီလာသင်ယူလို့ရတယ်လေ။ ဒါပေမဲ့ မင်းအောင်မြင်ပါ့မယ်လို့ ငါအာမခံနိုင်ဘူး။ ငါတော့ မင်းကို ဝိညာဉ်ရေးရာတောင်ထိပ်ကိုပဲရွေးစေချင်တယ်။ အဲ့ဒါကပိုပြီး မင်းနဲ့ကိုက်ညီတယ်။”

ကုယိုက ခေါင်းခါ၍ဆိုသည်။

“သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုပဲ ကျွန်တော်ရွေးချင်နေတုန်းပဲ။ တောင်သခင်ရဲ့အမွေက ကျယ်ပြန့်ပြီးနက်နဲတယ်။ ကျွန်တော် တောင်သခင်စုရဲ့နည်းပြပေးတာကိုလိုအပ်နေတုန်းပဲ။ ကျွန်တော့်ကိုသာ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုလာခွင့်ပေးရင် သေချာပေါက် ကြိုးစားပါ့မယ်။”

စုယွမ်မှာ ခေါင်းသာခါလိုက်မိပြီး အခြားတောင်သခင်များကိုကြည့်၍ လက်ဖြန့်ပြလိုက်သည်။

“သူ ခေါင်းမာနေတာတွေ့လား။ ကျွန်တော်လည်းဘာမှမလုပ်နိုင်ဘူး။”

ကုယိုမှာ ချက်ချင်း စုယွမ်နားအပြေးလာ၍ ပျော်ရွှင်စွာရပ်နေတော့သည်။

တောင်သခင်များမှာ အချင်းချင်းအကြည့်ချင်းဖလှယ်မိသွားကြ၏။

ထို့နောက် ဒုတိယတပည့် စင်ပေါ်တက်လာခဲ့သည်။

၎င်းဟာ ရှဲ့ယင်းယင်းပါပေ။

သူမကလည်း ချီစုဆောင်းခြင်းအဆင့်၏အဆင့်လေးဖြစ်သော်ငြား အထွဋ်အထိပ်သို့မရောက်သေးပါချေ။

သူမလည်း တောင်သခင်များဆီ မျှော်လင့်ချက်အပြည့်ဖြင့်လျှောက်သွားလိုက်သည်။

သာလွန်တောင်သခင်ဝမ့်စစ်မင်က အရင်ဆုံးစကားဆိုလာ၏။

“ရှဲ့ယင်းယင်း၊ ဆရာက သာလွန်တောင်ထိပ်သခင်ဝမ့်စစ်မင်ပါ။ သာလွန်တောင်ထိပ်က လောကကြီးရဲ့နက်နဲတဲ့နားလည်မှုတွေ၊ ကျင့်စဥ်တွေနဲ့ သက်ရှိအားလုံးကိုလေ့လာချိတ်ဆက်ရာမှာ ထူးချွန်တယ်။ မင်းက မီးစွမ်းအင်မှာ ထူးချွန်တာပဲ။ မင်း သာလွန်တောင်ထိပ်ကိုရောက်ရင် မီးဝိညာဉ်စွမ်းအင်နဲ့ဆက်သွယ်နိုင်တဲ့အထိ နက်နက်နဲနဲလေ့လာနိုင်တယ်။ မီးရဲ့အရှိန်အဟုန်နဲ့နိယာမတွေရောပေါ့။ တောင်သခင်တွေအားလုံးထဲ ငါက နိယာမတွေကိုနားလည်ပြီး စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုပထမဆုံးရောက်တဲ့သူပဲ။ အဲ့ဒါ့ကြောင့် မင်း သာလွန်တောင်ထိပ်ကိုသာ ရွေးရင် အကောင်းဆုံးဖြစ်လိမ့်မယ်။”

စုယွမ်မှာ ဤစကားကိုကြားတော့ ပြုံးမိသွားရ၏။ အနှီအရာမှာ တာအိုပညာနှင့်သဘာဝမှရရှိသောစွမ်းအင်၏အနိမ့်စားဗားရှင်းမဟုတ်ပေလား။ ဤကျင့်စဥ်များက သင်ယူရန်ခက်ခဲသလို ရလဒ်ကလည်း သိပ်မများရာ၊ တာအိုပညာနှင့်သဘာဝနှင့်ယှဥ်ပါက တစ်ထောင်ပုံတစ်ပုံတောင်မမှီပါပေ။

ရှဲ့ယင်းယင်းက မျက်တောင်ခတ်လိုက်ပြီး မေးလာသည်။

“ကျွန်မက အစကတည်းက မီးဝိညာဉ်နဲ့ဆက်သွယ်နိုင်ပြီးသားလေ။ ဘာလို့ထပ်သင်ရဦးမှာလဲ။”

ဝမ့်စစ်မင် ချက်ချင်း ကြောင်အသွားရ၏။

ဤသည်မှာ ဘယ်လိုပါရမီမျိုးပါနည်း။ တော်တော်လေးသန်မာလွန်းလှသည်ပေ။

ဤသို့သောပါရမီဖြင့်ဆိုလျှင် သာလွန်တောင်ထိပ်၏ကျင့်စဥ်များကလည်း အသုံးဝင်တော့မဟုတ်။

သူ ဆက်၍တောင်ရှင်းမပြရသေး၊ ရှဲ့ယင်းယင်းက စုယွမ်ဘက်လှည့်၍ ဦးညွတ်လိုက်၏။

“တောင်ကြားသခင်၊ တောင်ကြားသခင်၊ ကျွန်မ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကို လာချင်ပါတယ်။ ကျွန်မကို ခေါ် ခေါ်”

သူမက ခုန်ဆွခုန်ဆွနှင့် ပြော၏

စုယွမ်လည်း လက်ကိုသာဝဲ့၍ ပြောလိုက်တော့သည်။

“နောက်မှာလာရပ်နေ။”

“ဟုတ်ကဲ့ပါ။”

ရှဲ့ယင်းယင်းက ပျော်ရွှင်စွာဖြင့် စုယွမ်နောက်ရပ်လိုက်၏။ ထို့နောက် သူမလည်း အမတအကြီးအကဲနန်ကုန်းဘက်လှည့်ကာ လက်ယမ်းပြလျက် အမတအကြီးအကဲနန်ကုန်းကိုပါ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်သို့ဝင်ရန် အချက်ပြလိုက်ပေသည်။

တတိယလူကလည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး လီယွဲ့ရှင်းဟုအမည်ရ၏။

မွေးရာပါသန်မာသောနတ်ဘုရားအာရုံဖြင့်မွေးဖွားလာသောလီယွဲ့ရှင်းကလည်း ကျင့်ကြံရေးတွင် ထူးချွန်လှပြီး ချီစုဆောင်းခြင်းအဆင့်လေး၏အလယ်ပိုင်းကိုရောက်နေပြီဖြစ်ရာ တော်တော်လေး အထင်ကြီးစရာကောင်းသည်ပင်။

ဤတစ်ကြိမ်တွင်မူ နတ်ဘုရားအာရုံတောင်သခင်ယိုချွမ်လီက အရင်ဆုံးစကားဆို၏။

“ကလေးမလေး၊ ဒီကိုလာခဲ့။”

လီယွဲ့ရှင်းမှာ ထိုစကားကြားသော်လည်း တှုပ်တှုပ်ကိုမလှုပ်။

“တောင်းပန်ပါတယ်၊ တောင်သခင်ယို။ ကျွန်မ နတ်ဘုရားအာရုံတောင်ထိပ်ကိုမလာချင်လို့ပါ။”

လီယွဲ့ရှင်းက ပြော၏။

ယိုချွမ်လီမှာ ရှုပ်ထွေးသွားပြီးမေးမိရ၏။

“မင်းက စိတ်ဝိညာဥ်အာရုံကိုအထူးအလေးပေးတဲ့လမ်းကိုမလိုက်ဘူးလား။ မဟုတ်ရင် ဘာလို့ နတ်ဘုရားအာရုံတောင်ထိပ်ကိုမရွေးလဲ။”

လီယွဲ့ရှင်း ရှင်းပြလိုက်သည်။

“တောင်သခင်စုရဲ့ထိပ်သီးအမွေအနှစ်တွေထဲ ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ်လို့ခေါ်တဲ့ တော်တော်လေးအစွမ်းထက်တဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာကျင့်စဥ်တစ်ခုရှိပါတယ်။ နောက်ပြီး စိတ်ဝိညာဉ်အာရုံကိုတိုက်ခိုက်နိုင်တဲ့လျှို့ဝှက်နည်းတွေပါတဲ့ ဓါးမြည်ဟီးကျင့်စဥ်လည်းရှိပါတယ်။ ကျွန်မတော့ အဲ့ဒီနှစ်ခုကိုသာ ပိုင်နိုင်သွားရင် ဒီကျင့်ကြံရေးလောကထဲမှာ လွတ်လွတ်လပ်လပ် ဘာကိုမှကြောက်စရာမလိုတော့ဘူးခံစားရလို့ပါ။”

ယိုချွမ်လိမှာ စုယွမ်ကို ရှုပ်ထွေးစွာပြန်ကြည့်မိ၏။

“စိတ်ဝိညာဥ်အာရုံကျင့်စဥ်လား။ ဘိုးဘေးဆရာသခင်က တစ်ထပ်တည်းတူတဲ့ကျင့်စဥ်နှစ်ခုကိုပေးတာလား။”

စုယွမ်လည်း ချောင်းဟန့်၍ ရှင်းပြလိုက်သည်။

“ဒီဟာက ကျွန်တော့်ဘာသာတီထွင်ထားတဲ့ကျင့်စဥ်ပါ၊ ဘိုးဘေးဆရာသခင်ရဲ့အမွေမဟုတ်ပါဘူး။ အစ်မရဲ့ထိပ်သီးကျင့်စဥ်ကတော့ ဘိုးဘေးဆရာသခင်ရဲ့အမွေစစ်စစ်ပါ။”

စုယွမ်လည်း လီယွဲ့ရှင်းကို ပြန်လှည့်ကြည့်လိုက်သည်။

“မင်း ငါ့ကျင့်စဥ်ကိုဖတ်ဖူးရုံနဲ့ ငါ့ဟာက ဘိုးဘေးဆရာသခင်ရဲ့အမွေထက် ပိုကောင်းတယ်ဆိုပြီး တန်းသတ်မှတ်လိုက်လို့မရဘူးလေ။ ငါ့ကျင့်စဥ်ကိုပဲ ပြီးကပစ်ရွေးလိုက်တာက မကောင်းလောက်ဘူးနော်။ သေချာတွေးဦး ကလေးမ”

သို့သော်လည်း လီယွဲ့ရှင်းက ပြုံးကာပြောနေဆဲ။

“တောင်သခင်စု၊ ကျွန်မ ဂိုဏ်းကိုမဝင်ခင် ရှေးဟောင်းကျမ်းစာတွေကျင့်စဥ်တွေအများကြီးဖတ်ခဲ့ဖူးပါတယ်။ ပြောရရင် အတွေ့အကြုံတွေအရ တောင်သခင်စုရဲ့အမွေက လုံးကိုနိမ့်ပါးမနေပါဘူး။ အဲ့ဒါက တောင်သခင်စုကိုယ်တိုင်ဖန်တီးထားတာဖြစ်တဲ့အတွက် အနာဂတ်မှာဆိုရင် ပိုပြီးတော့ကို တိုးတက်လာဦးမှာပဲ။ အဲ့ဒီတော့ အနာဂတ်တစ်ချိန်ကျရင် ဘိုးဘေးဆရာသခင်ရဲ့အမွေကိုကျော်ဖို့ဆိုတာမဖြစ်နိုင်တာမဟုတ်တော့ပါဘူး။”

ဤသည်ကြားတော့ နတ်ဘုရားအာရုံတောင်ထိပ်သခင်ယိုချွမ်လီမှာ အလွန်စိတ်ဝင်စားသွားပြီး စုယွမ်ကို ပြောလာ၏။

“ပြိုင်ပွဲသေးသေးလေးတစ်ပွဲလုပ်ရအောင်၊ မောင်လေးစုရဲ့စိတ်ဝိညာဥ်အာရုံဘယ်လောက်မြင့်လဲကြည့်ကြတာပေါ့။”

စုယွမ်ကလည်း လက်ခါပြ၍ ဆိုလိုက်သည်။

“ကျွန်တော်က တကယ် အဲ့ဒီလောက်မသန်မာပါဘူး။”

“ဘာလဲ၊ မင်းက အစ်မလီကို နာကျင်အောင်လုပ်မိမှာကိုကြောက်တာလား။ ဒါမှမဟုတ် မင်းကပဲငါ့ကိုကြောက်တာလား။”

ယိုချွမ်လီ နှာမှုတ်လာ၏။

“မဟုတ်ပါဘူး။ ကျွန်တော်က စိတ်ဝိညာဥ်အာရုံကို သိပ်သုံးကျင့်မရှိလို့ပါဗျာ။ ကျွန်တော်တကယ်မကျွမ်းလို့ပါ။”

စုယွမ် ပြောလိုက်၏။

“အဲ့ဒါဆိုရင်လည်း စမ်းကြည့်ကြမယ်လေ။ ငါတို့နှစ်ယောက်လုံး ငါတို့စိတ်ဝိညာဥ်အာရုံရဲ့တစ်ရာခိုင်နှုန်းကိုသုံးမယ်၊ ဘယ်လိုလဲ။

ယိုချွမ်လီ ပြောလိုက်၏။

“ကောင်းပါပြီလေ။”

စုယွမ်လည်း ခေါင်းညိတ်လိုက်ရတော့၏။

လူတိုင်း၏စူးစမ်းနေသောအကြည့်အောက်တွင်ပင် စုယွမ်နှင့်ယိုချွမ်လီတို့ လေထုအလယ်ပျံသန်းသွားကြသည်။

သူတို့ အမြင့်တစ်နေရာတွင် မျက်နှာချင်းရပ်နေကြ၏။

စုယွမ် သူ၏အသိစိတ်ပင်လယ်ထဲဝင်လိုက်သည်။

စုယွမ်၏အသိစိတ်ပင်လယ်ထဲရှိမြင်ကွင်းမှာ အခြားသူများလို ရှုပ်ထွေးခြင်းမရှိပါပေ။

အသိစိတ်ပင်လယ်တစ်ခုလုံးမှာ မဲမှောင်နေပြီး အမှောင်ထုအလယ်တွင်မူ ခုနစ်ကြယ်တစ်စုသာ လင်းလက်လို့နေ၏။

ထိုလင်းလက်နေသောကြယ်အလင်းတို့က စုယွမ်၏နတ်ဘုရားအာရုံဖြစ်ပြီး ကြယ်ခုနစ်စင်းကမူ စုယွမ်၏စိတ်ဝိညာဉ်အဖွဲ့အစည်းကိုယ်စားပြုဖြစ်ပေသည်။

လူသားများတွင် နာမ်ဝိညာဥ်သုံးခုနှင့် စိတ်ဝိညာဉ်ခုနစ်ခုရှိကြသည်။ စုယွမ်ကတော့ အနှီစိတ်ဝိညာဉ်တို့ကိုသုံးကာ ခုနစ်စဥ်ကြယ်စုကိုဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြင်ပမှစွမ်းအင်တို့ကိုလည်း အဆက်မပြတ်စုပ်ယူနေသောကြောင့် သူ၏စိတ်ဝိညာဥ်ပင်လယ်မှာ ပို၍တောက်ပနေတော့၏။

All Chapters