အခန်း ၁၀၅
Vol. 11 Ch. 105
Chapter 105 : အင်အားစုတည်ဆောက်ခြင်း။
“အစ်မပြောတာ တားမြစ်အခင်းအကျင်းလား။ အဲ့ဒါကတကယ်ခက်တာဗျ။ ကျွန်တော်တောင် ကံကောင်းလို့နားလည်သွားတာ။ ဒါပေမဲ့ ကျွန်တော် ဒါတွေကို အမွေအနှစ်ထဲမှာ ထည့်ရေးထားပါတယ်။ အမွေအနှစ်ရဲ့အပိုင်းကိုးခုမှာ ရေးထားတာပါ။”
စုယွမ် ပြောလိုက်သည်။
ယိုချွမ်လီက ပျော်ရွှင်သွားတော့၏။
“အစ်မ အဲ့ဒါကိုသင်ကြည့်လို့ရမလား။ ထောက်ပံ့မှတ်ပေးပါ့မယ်။”
စုယွမ် ပြန်ပြောလိုက်သည်။
“သေချာပေါက်ရတာပေါ့။ ကျွန်တော် အဲ့ဒါတွေကို ကျမ်းဂန်နန်းဆောင်မှာ ထားထားတယ်။ အစ်မရဲ့ထောက်ပံ့မှတ်နဲ့သွားလဲလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အစ်မဒါတွေကိုမသင်ဖို့အကြံပေးချင်တယ်။ ဒီလိုကိစ္စတွေက ကံကောင်းမှုအပေါ်မူတည်နေတာ။ ဒါပေမဲ့ အစ်မတကယ်အရမ်းသင်ချင်တယ်ဆိုရင်လည်း ပထမပိုင်းကနေစသင်လေ။”
ယိုချွမ်လီက ချက်ချင်းပြောလာ၏။
“ကောင်းတယ်။ ကောင်းတယ်။ ကျေးဇူးတင်ပါတယ်။”
ဤသို့သောစကားဝိုင်းမှာ တောင်သခင်များကို စွံ့အသွားစေ၏။ ပြိုင်ပွဲမှာဘာဖြစ်သွားသနည်း။ ဘာကြောင့်များ ယိုချွမ်လီက စုယွမ်၏ကျင့်စဥ်ကိုသင်ချင်နေရပါသနည်း။
ဝမ့်စစ်မင် ဝင်မေးလိုက်၏။
“တောင်သခင်ယို၊ ပြိုင်ပွဲရလဒ်ကဘယ်လိုဖြစ်သွားတာလဲ။ စုယွမ်က စိတ်ဝိညာဥ်အာရုံအရာမှာ ဘယ်လိုနေလဲ။”
ယိုချွမ်လီလည်း သူမစိတ်ကိုပြန်ထိန်းလိုက်ပြီး ထိုင်ခုံဆီပြန်လာထိုင်လိုက်သည်။ သူမက သက်ပြင်းချ၍ ပြောလာ၏။
“ကျွန်မလည်း စုယွမ်ရဲ့ကျင့်စဥ်တွေကို ဘိုးဘေးဆရာသခင်အမွေတွေနဲ့ ယှဥ်မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်မအမြင်အရတော့ စုယွမ်ဟာကသာတယ်ထင်တာပဲ။ အဲ့ဒီနှစ်ခုကိုသာ ပေါင်းစပ်လိုက်နိုက်ရင် ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အမွေအနှစ်က ပိုပြည့်စုံသွားလိမ့်မှာတော့ အသေအချောပဲ။”
သူမ ခဏရပ်သွားပြီး ထပ်ဆိုလာ၏။
“ဒါပေမဲ့ ဒါက စုယွမ်အတွက်အဆုံးမဟုတ်သေးဘူး။ သူ့ရဲကျင့်ကြံဆင့်ကလည်းတက်လာနိုင်သလို ကျင့်စဥ်တွေကလည်း ထပ်တိုးလာဦးမှာပဲ။ အဲ့ဒီတော့ ကျွန်မလည်း သူရဲ့အကန့်အသတ်ကိုမပြောတတ်ဘူး။”
ဤစကားများကြားတော့ စုယွမ်လည်း လက်ဝေ့ယမ်းလိုက်ပြီး ဆိုလာသည်။
“တကယ်တော့ ကျွန်တော်ရှုံးသွားတာပါ။ ကျွန်တော့နတ်ဘုရားအာရုံက စွမ်းအင်၅၀ရာခိုင်နှုန်းလောက်ကုန်သွားတယ်။ ကျွန်တော့်ဘက်က ပစ်လိုက်တဲ့တိုက်ခိုက်မှုကကျ တောင်သခင်ယိုရဲ့တစ်ထောင်ပုံတစ်ပုံလောက်ကိုပဲထိခိုက်သွားစေတာ။ ပြောရရင် ယှဥ်လို့တောင်ရမနေပါဘူး။”
ယိုချွမ်လီ၏အမူအရာမှာ မကောင်းတော့ပါပေ။
“မင်းက ဘယ်ကျင့်ကြံဆင့်လဲ၊ အစ်မကရော ဘယ်အဆင့်လဲ။ ငါ့အတွက်တော့ မင်းဆီက ဒဏ်ရာရတယ်ဆိုတာ ရှုံးတာပဲ။ နောက်ပြီး အစ်မလည်း မင်းကိုတိုက်ခိုက်တာပဲကို၊ မင်းကဒဏ်ရာလုံးဝရမသွားဘူးလေ။”
တောင်သခင်တို့မှာ အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏မျက်ဝန်းများထဲတွင်လည်း အံ့သြမင်သက်မှုအပြည့်ပါပေ။
စုယွမ်ဟာ ယိုချွမ်လီကို ဒဏ်ရာရအောင်လုပ်နိုင်ခြင်းဆိုသည်က သူ၏စွမ်းပကားကို သက်သေပြနေ၏။ ဤနည်းဖြင့် စုယွမ်၏ကျင့်စဥ်များကလည်း ဘိုးဘေးဆရာသခင်ထက်မနိမ့်ကြောင်း ပြသနေသည်ပင်။
ယိုချွမ်လီလည်း လီယွဲ့ရှင်းဘက် ပြန်ကြည့်၍ပြောလိုက်သည်။
“သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုသာသွားပြီး စုယွမ်ရဲ့ကျင့်စဥ်ကိုသေချာကျင့်ကြံတော့။ တကယ်လို့ တစ်ခုခုအခက်အခဲရှိခဲ့ရင် နတ်ဘုရားအာရုံတောက်ထိပ်ကိုလာပြီး မေးလို့ရတယ်။”
“တောင်သခင်ယိုကို ကျေးဇူးတင်ပါတယ်။”
လီယွဲ့ရှင်းလည်း ကျေးဇူးတင်လိုက်ပြီး စုယွမ်ဘေးလျှောက်သွားလိုက်တော့သည်။
ယခုအခါတွင် စုယွမ်မှာ တပည့်သုံးယောက်တောင်ရှိနေပြီဖြစ်လေ၏။
ဆန့်ကျင်ဘက်အားဖြင့် အခြားတောင်သခင်များတွင်တော့ တပည့်တစ်ယောက်မှမရှိသေးပါပေ။
ထို့နောက် စစ်ဆေးပွဲကို ဆက်လက်၍လုပ်ကြသည်။
စင်ပေါ်သောတက်ရောက်လာသော စတုတ္ထမြောက်တပည့်က မိန်ချမ်လဲ့ဟုအမည်ရ၏။
သူက အားကောင်းလှသည့်သစ်သားမီးနှစ်ခုတွဲဝိညာဉ်ရင်းမြစ်ပိုင်ရှင်ဖြစ်ရာ ဆေးပညာအတွက် သင့်တော်လှသူပေ။
ထောင်ယောင်ယောင်လည်း ပြုံး၍ စုယွမ်ကိုပြောလိုက်သည်။
“မောင်လေးစု၊ မင်း ဒီတစ်ယောက်ကိုတော့ ခိုးလို့မရတော့ဘူး၊ ဟုတ်တယ်မလား။ အစ်မ မင်း ဆေးပညာတတ်တယ်လို့လည်းမကြားမိတော့ ဒီတစ်ယောက်ကတော့ အစ်မဆီပဲရောက်တော့မယ်ထင်တယ်။”
စုယွမ်လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။
မိန်ချမ်လဲ့ကလည်း ချီစုဆောင်းခြင်းအဆင့်ကိုးရောက်နေသူအဖြစ် ရလဒ်ထွက်လာ၏။
ထောင်ယောင်ယောင်လည်း ပြုံးပြ၍ ပြောလိုက်သည်။
“ဆရာမက ဆေးဝါးဆိုင်ရာတောင်သခင်ပါ။ မင်းက ဆေးပညာလမ်းကြောင်းကို လျှောက်ချင်တာဆိုတာပြီးကြားတယ်။ ငါ့ရဲ့တောင်ထိပ်ကလည်း မင်းကို ကြိုဆိုဖို့အဆင်သင့်ပဲ။”
ဤစကားကိုကြားသော်ငြား မိန်ချမ်လဲ့က ချက်ချင်းဦးညွတ်၍ ကျေးဇူးတင်စကားဆိုမလာ၊ ထိုအစား စုယွမ်ဘက်ကို လှည့်သွားလေသည်။
မိန်ချမ်လဲ့၏ဤအပြုအမူက ထောက်ယောင်ယောင်၏နှလုံးသားကို စည်းချက်တစ်ချက်လွဲသွားစေ၏။
စုယွမ် ချောင်းဟန့်၍ ပြောလိုက်သည်။
“မိန်ချမ်လဲ့၊ ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ။ မြန်မြန် တောင်သခင်ကိုအရိုအသေပေးလိုက်လေ။ ယဥ်ကျေးစမ်းပါ။”
မိန်ချမ်လဲ့ကမူ စုယွမ်ဘက်လှည့်၍သာ ဂါရဝပြုလာ၏။
“ဒီတပည့် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုဝင်ချင်ပါတယ်။”
ထောင်ယောင်ယောင်မှာ ရှုပ်ထွေးစွာမေးမိရ၏။
“သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကို ဘာလို့သွားချင်ရတာလဲ။ တောင်သခင်စုက ပြောတော့ ဆေးပညာကိုမသိဘူးဆို။”
“မဖြစ်နိုင်တာ။”
မိန်ချမ်လဲ့မှာ ခေါင်းခါ၍ ငြင်းဆန်လာ၏။
“တောင်သခင်စုရဲ့အမွေအနှစ်တွေထဲ စုယွမ်ရေးသားသောအခြေခံဆေးပညာဆိုတဲ့စာအုပ်ပါပါတယ်။ အဲ့ဒီအထဲမှာ ရာချီတဲ့ဆေးဝါးတွေနဲ့ဆေးဖော်နည်းတွေပါတာပါ။ အဲ့ဒီစာအုပ်ကို သုံးလလောက်လေ့လာပြီးတော့ ကျွန်တော် ဆေးဖော်စပ်နည်းငါးခုလောက်တောင်ရခဲ့ပါတယ်။ အဲ့စာအုပ်ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်လည်း တော်တော်လေးတိုးတက်လာသလိုခံစားရခဲ့ရတာ။တကယ် အပြင်မှာစမ်းမကြည့်ရသေးပေမဲ့ တကယ်သာလုပ်ဖြစ်ရင် အဝါရောင်အဆင့်လောက်ကတော့ အေးဆေးလုပ်နိုင်မယ်လို့ထင်ပါတယ်။”
ထောင်ယောင်ယောင် စုယွမ်ကို ပြန်လှည့်ကြည့်လိုက်ရ၏။
“မင်းတကယ် ဆေးပညာကိုမသိတာရောဟုတ်ရဲ့လား။”
စုယွမ် ရှင်းပြလိုက်သည်။
“ကျွန်တော်က ဆေးပညာနဲ့သစ်မြစ်တွေအကြောင်းနည်းနည်းလေ့လာခဲ့ဖူးတာပါ။ နောက်ပြီး ကျွန်တော့်ခေါင်းထဲ ဆေးဖော်စပ်နည်းတွေ တွေးထားမိရုံပါပဲ။ နောက်ပြီး ကျွန်တော့်အထင်တွေကိုချရေးထားတာလေ။ ကျွန်တော်လည်း စာအုပ်ထဲ ဒါတွေက ကျွန်တော့်အထင်တွေသက်သက်သာဖြစ်ကြောင်း သေချာရေးပြထားပါတယ်။ ပေါက်ကရတွေ တုတ်ထားတာမို့လို့ တကယ်အလုပ်ဖြစ်ပါ့မလားလည်း အာမမခံနိုင်ဘူးဆိုပြီးပေါ့။ အမှန်တိုင်းပြောရရင် ကျွန်တော် တစ်ခါမှတောင်ဆေးဖော်ဖူးတာမဟုတ်တော့ ဆေးပညာကိုတကယ်မသိဘူးလို့ပြောလို့ရပါတယ်။”
သူ ထပ်ပြောလိုက်သေးသည်။
“ကျွန်တော်က အဓိက ကောင်းကင်နဲ့မြေကြီးရဲ့နိယာမကို လေ့လာတာပါ။ ဆေးဝါးတွေထဲက ဂုဏ်သတ္တိတွေကလည်း အဲ့ဒီလို နိယာမတွေနဲ့ဆက်စပ်နေတာလေ။ ကျွန်တော်လည်း အဲ့ဒီလိုနဲ့ ဆေးဖော်စပ်နည်း နည်းနည်းရေးမိသွားတာ။ လက်တွေ့မလုပ်ဖူးတာမို့ အဲ့ဒါတွေက အညွှန်းအနေနဲ့ပဲယူလို့ရမှာပါ။ အလေးအနက်ကြီးလေ့လာစရာမလိုပါဘူး။”
ထောက်ယောင်ယောင်နှင့် မိန်ချမ်လဲ့တို့နှစ်ဦးလုံးမှာ တကယ်ကိုရပ်တန့်သွားရ၏။
မိန်ချမ်လဲ့မှာ မျက်လုံးပြူးကျယ်နေရသည်။
“ဒါတွေက အထင်သက်သက်တွေပဲလား။ မဖြစ်နိုင်တာ၊ အကုန်လုံးက ကျိုးကြောင်းညီညွတ်နေတာလေ။ နည်းနည်းပုံမှန်ထက်ခက်နေရုံပဲကို။”
ထောင်ယောင်ယောင် ချက်ချင်း ပြောလိုက်သည်။
“အစ်မကို အဲ့ဒီစာအုပ်ကိုကြည့်ခွင့်ပေးပါလား။”
စုယွမ်မှာ ကူရာမဲ့သွားရ၏၊ သူ့မှာလည်း ကျောက်စိမ်းပြားတစ်ချပ်ကိုထုတ်၍ ကမ်းပေးနိုင်ရုံသာတတ်နိုင်တော့သည်။
“ဒီမှာပါ။”
စုယွမ် ပြောလိုက်သည်
အကြောင်းအရာများက ထောင်ယောင်ယောင်၏ခေါင်းထဲဝင်ရောက်လာကြ၏။
ထောင်ယောင်ယောင်၏အမူအရာမှ အစပိုင်း မယုံမကြည်ဖြစ်နေသောအမူအရာမှ ထိတ်လန့်သွားသည်အထိပြောင်းလဲသွားရသည်။ ထို့နောက်တွင်တော့ သူမမှာ ဖတ်လေလေ ပို၍အံ့သြလာရပြီး ရုတ်တရက်အလင်းပွင့်သွားခြင်းတစ်ရပ်တောင် သူ့မျက်ဝန်းထဲပေါ်လာရ၏။
အနှီစာအုပ်မှာ ထောင်ယောင်ယောင်ကို တကယ်အလင်းပွင့်သွားစေပါ၏။ စုယွမ်၏ဆေးပညာအပေါ်ကြည့်ရှုသည့်အယူအဆမှာ အလွန်အားကောင်းလှကာပြီး သူမ၏အသိဥာဏ်များနှင့်သေချာစစ်ကြည့်လိုက်လျှင်လည်း သူ့အယူအဆများအားလုံးက မှန်ကန်ကြောင်း သိလိုက်ရ၏။
ဥပမာအားဖြင့်၊ ပုံမှန်ဆေးဝါးဖော်စပ်ရာတွင်သုံးသောကုန်ကြမ်းတို့အစား ပုံဆောင်ခဲတို့ကိုသုံးနိုင်သည်ဆိုသော အယူအဆတို့ဖြစ်သည်။ ထိုသို့ဆိုပါက အာနိသင်လည်းတိုး၍အဆင်ပြေလာနိုင်၏။
ဤသို့သော အကြောင်းအရာမှာ ထောင်ယောင်ယောင်အတွက်တော့ လုံးဝအမြင်သစ်တစ်ခုပါပင်။ သူမသေချာစစ်ကြည့်လိုက်လျှင်လည်း သူရေးထားတာအများစုက မှန်ကန်နေပေသည်။ အသေးစိတ်ရေးထားသည်များက မလိုအပ်ကြောင်းထင်ရသော်ငြား တစ်ဖက်တွင်လည်း တစ်ချက်လွှဲသွားသည်နှင့် မှားယွင်းသွားနိုင်သောကြောင့်သာ ထိုသို့ရေးပေးထားခြင်းပါပေ။
ထောင်ယောင်ယောင်မှာ ရတနာတစ်ခုကိုရှာတွေ့လိုက်သလိုခံစားလိုက်ရ၏။ သို့ဖြစ်ရာ သူမ၏အာရုံမှာ တပည့်များလက်ခံခြင်းအပေါ်ရှိမနေတော့။ သူမက ချက်ချင်း လေ့လာသည့်စိတ်အခြေအနေထဲရောက်သွားပြီး စာအုပ်ကိုသာ သဲကြီးမည်းကြီးဖတ်နေတော့သည်။
စုယွမ် ချောင်းဟန့်၍ သတိပေးလိုက်သည်။
“အဟမ်း။”
သူ ထောင်ယောင်ယောင်ကို နည်းနည်းထိန်းထိန်းသိမ်းသိမ်းနေရန် သတိပေးရခြင်းဖြစ်၏။ အရှေ့တွင် တပည့်များစွာရှိနေသေးသည်လေ။
ထောင်ယောင်ယောင်ကတော့ လက်ကိုသာယမ်း၍ ပြောလာသည်။
“ရှင်တို့သာဆက်လုပ်ကြပါ။ ကျွန်မကို စိတ်မရှိပါနဲ့။”
စုယွမ်မှာ ကူရာမဲ့သွားပြီး မိန်ချမ်လဲ့ကိုသာ ပြန်ကြည့်လိုက်ရသည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကိုလက်ခံပေးပါ။ တောင်သခင်စု။”
မိန်ချမ်လဲ့မှာ ဦးညွတ်၍ တောင်းဆိုလာသည်။
“လာခဲ့ကွာ။”
စုယွမ်လည်း မတတ်နိုင်ဘဲ လက်ခံလိုက်ရ၏။
မိန်ချမ်လဲ့လည်း စုယွမ်ဘေး အပျော်ကြီးအပြေးသွား၍ ဤသို့ဖြင့် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၏ပင်မတပည့်ဖြစ်လာတော့လေသည်။
အခြားတောင်သခင်များမှာ စုယွမ်၏အမွေအနှစ်ချက်ချင်းထလေ့လာလိုက်ချင်ပုံပေါက်နေသောယိုချွမ်လီကိုကြည့်လိုက်၊ လုံးဝနှစ်မြုပ်သွားပြီဖြစ်လေသောထောင်ယောင်ယောင်ကိုကြည့်လိုက်ဖြင့် ရှုပ်ထွေးနေကြတော့သည်။ ထို့နောက် စုယွမ် နောက်တွင်ရှိသော ထိပ်သီးဝိညာဥ်ရင်းမြစ်လေးယောက်ကိုပါ ကြည့်၍ တော်တော်လေးအံ့သြနေရ၏။
စုယွမ်လည်း နေရခက်ပြေအောင် ချောင်းကိုသာဟန့်၍ ပြောလိုက်သည်။
“ဆက်လုပ်ကြတာပေါ့။”
ငါးယောက်မြောက်တပည့်က စင်ပေါ်တက်လာ၏။ ထိုသူမှာ သန်မာသောမီးသတ္ထုနှစ်ခုစပ်ဝိညာဉ်ရင်းမြစ်နှစ်ခုရှိသောကြောင့် ပုံမှန်အတိုင်းဆိုလျှင် လက်နက်ရေးရာတောင်ထိပ်ကို သွားရမှာပင်။
သို့သော် လက်နက်ရေးရာတောင်သခင်ရှီကျန်းမှာ စတင်၍မခေါ်ရဲတော့၊ သူ့မှာ စုယွမ်ကိုသာ လှည့်ကြလာခဲ့သည်။
စုယွမ်၏အမူအရာမှာ တည်ငြိမ်နေဆဲ၊ သူက မသိသလို တိတ်ဆိတ်သာနေနေလေသည်။
“တပည့် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကို ဝင်ချင်ပါတယ်။ တောင်သခင်စု၊ ကျေးဇူးပြုပြီး လက်ခံပေးပါ။”
မျှော်လင့်ထားသည့်အတိုင်း အနှီတပည့်က စုယွမ်ထံ အပြေးသွားတော့သည်။
“မှန်းကြည့်ကြရအောင်၊ ဒီတစ်ခေါက်က စုယွမ်ပြုစုသောအခြေခံလက်နက်သန့်စင်ခြင်းဆိုတဲ့နာမည်နဲ့စာအုပ်ဖြစ်မလား။”
ရှီကျန်းက ရုတ်တရက်ထမေးလာသည်။
စုယွမ် စွံ့အသွား၏။ တောင်သခင်ရှီကျန်းက သူ၏နာမည်ပေးပုံနာမည်အနေအထားပါ ခန့်မှန်းနိုင်သွားပြီပင်။
“ဒီမှာပါ။”
စုယွမ်လည်း စာအုပ်အထူကြီးတစ်ခုကမ်းပေးလိုက်၏။
ရှီကျန်းလည်း လက်လှမ်းယူ၍ ရှေ့နောက် သာမန်လျှံကာ လှန်ကြည့်လိုက်သည်။
“ဟမ်။”
“အရမ်းလည်းမများပါလား။”
ရှီကျန်းတစ်ယောက် ပျော်ရွှင်စွာဖြင့် စဖတ်တော့လေသည်။
လူတိုင်း: “...”
ထို့နောက် အနှီတပည့်ကလည်း စုယွမ်နောက် လာရပ်လေ၏။
ယခုတွင် စုယွမ်ထံ၌ အားကောင်းသောဝိညာဥ်ရင်းမြစ်များရှိတပည့်ငါးယောက်တောင်ရှိသွားချေပြီ။ အနှီသူတို့က သူကိုယ်တိုင်ရွေးချယ်ခဲ့သောသူများဖြစ်သောကြောင့် လူရင်းများဖြစ်လာမည်သာ။ အနာဂတ်တွင် ထိုသူတို့က ယခင်ကတည်းကသုံးခြယ်အကြွင်းမဲ့တောင်ထိပ်တွင်ရှိခဲ့သောလူတို့ထက် ပို၍ နာခံမည်ဖြစ်၏။
ထို့ကြောင့် စုယွမ်က လာသမျှလူလက်ခံနေခြင်းဖြစ်သည်။ သူတို့သာ အင်အားကြီးလာပါက စုယွမ်၏ကိုယ်ပိုင်အင်အားစုဖြစ်မည်ဖြစ်ပြီး လွန်စွာအားကိုရချေမည်။ သူတို့ကို သင်ကြားရန်ဆိုသည်မှာလည်း အချိန်အနည်းငယ်ဖဲ့ပေးရန်သာဖြစ်သည်။ သူက အခြားသူများနှင့်မတူဘဲ အချိန်များစွာကျင့်ကြံဖို့မလိုသည်မို့ သူ့တွင် အချိန်များရှိသည်ပင်။ ထို့အပြင် သူတို့ကို သင်ကြားပေးရင်း ကျော်ကြားမှုအမှတ်များပါ တက်လာနိုင်သည်မို့ တကယ်မဆိုးပါပေ။
နောက်ထပ်ထူးချွန်သောတပည့်သုံးယောက်ကလည်း အံ့သြစရာမရှိ၊ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်သို့ဝင်လာ၏။
ထိုထဲတွင် တပည့်ဟန်ဆောင်ထားသော ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အမျိုးသမီးကျင့်ကြံသူကလည်း ပါဝင်ပေသည်။
ဤသို့ဖြင့် စုယွမ်တွင် တပည့်ရှစ်ယောက်ရှိသွားချေပြီ။
စုယွမ်ကတော့ ထိုသူများအထဲ မိုးကြိုးဝိညာဥ်ရင်းမြစ်ပိုင်ရှင်မရှိတာကို တွေးနေမိ၏။
အမတအကြီးအကဲနန်ကုန်းကလည်း ဆက်၍ဟန်ဆောင်ကာ စုယွမ်တောင်ဆီသို့ ရောက်လာ၏။
စုယွမ်မှာ အမတအကြီးအကဲနန်ကုန်း သူ့ကိုဦးညွတ်လာတာကို မျက်လုံးပြူး၍သာကြည့်နေရပေသည်။သူ စိတ်ထဲရေရွတ်မိလေ၏။
“ဒီဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲက သေမျိုးလောကမှာလာအတွေ့အကြုံယူနေတာလား။ ငါကြားဖူးတာတော့ အဲ့ဒီလိုအကြီးအကဲတွေက သူတို့ရဲ့တာအိုနှလုံးသားကိုထိန်းချုပ်ဖို့ရယ် လောကအကြောင်းသုံးသပ်ဖို့ရယ် သေမျိုးလောကမှာအတွေ့အကြုံယူကြသတဲ့။ သူတို့က ငယ်ရွယ်တဲ့နေရာကနေ အသက်ကြီးတဲ့အထိဘဝတစ်ခုအချိန်လောက်ပုံစံနဲ့ သေမျိုးလောကမှာဟန်ဆောင်ရင်း လောကကြီးရဲ့နိယာမတွေကိုလေ့လာကြတယ်တဲ့။ အမတအကြီးအကဲနန်ကုန်းကလည်း အဲ့ဒီလိုအတွေးများရှိတာလား။ ကျင့်ကြံရေးလမ်းကိုအစကပြန်လျှောက်ပြီးတော့လေ။”
အမတအကြီးအကဲနန်ကုန်းကတောင် ဟန်ဆောင်ချင်မှဖြင့် သူလည်း ပူးပေါင်းပေးလိုက်တော့မည်သာ။ အကယ်၍ နောက်ကျ ရန်သူတစ်ယောက်ယောက်နှင့်တွေ့ပါက သူ့တပည့်ဖြစ်သောအမတအကြီးအကဲနန်ကုန်းကိုသာ ပစ်လွှတ်လိုက်ပေမည်။ သူ့တပည့်ကိုနိုင်မှသာ သူနှင့်တွေ့ရန်အဆင့်မှီမည်ဟူသောအထာမှာ တော်တော်လေးမိုက်သည်ပါပင်။ သူ မျက်နှာပိုးကမန်းကတန်းသပ်လိုက်ရသည်။ သူ့ရုပ်မှာ အူကြောင်ကြောင်နှင့် ဖြစ်နေခဲ့၏။ တော်သေးသည်မှာ မည်သူမျှမမြင်သောကြောင့်သာ။