အခန်း ၁၀၇
Vol. 11 Ch. 107
Chapter 107
စုယွမ်ကတော အမတအကြီးအကဲနန်ကုန်း၏အကြံများကို တစ်ခုမှ မသိပါချေ။
သူ လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး တပည့်တစ်ယောက်ချင်းစီကို သေချာ စောင့်ကြည့်လိုက်၏။
ကုယိုက တိုက်ခိုက်ရေးအပိုင်းကိုရွေးပေသည်။ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန့်တကာအလွန် ထူးချွန်လှပေ၏။ သူက အဆင့်ရှစ်ထိ လျင်လျင်မြန်မြန် ဆက်တိုက်အောင်မြင်သွားပြီး အဆင့်ကိုးကျမှကျရှုံးသွားခဲ့လေသည်။ သို့သော်လည်း သူလက်မလျော့၊ နာရီဝက်မျှဆက်တိုက်ပြန်တိုက်ခိုက်သော်ငြား နောက်ဆုံးတွင် အရှုံးပေးလိုက်ရသည်သာ။
ဤအချင်းအရာကပင် အမွေအနှစ်သာရှိသေးပါက ကုယို၏အဆင့်မှာ ဘိုးဘေးဆရာသခင်၏အမွေကိုအရယူနိုင်လောက်သောအဆင့်နီးနီးရှိကြောင်းသိရှိသွားရ၏။
စုယွမ်လည်း တော်တော်လေးအထင်ကြီးသွားရသည်။
ကုယို ထိုသို့စွမ်းအားကြီးရခြင်းအကြောင်းထဲ စုယွမ်၏ကျင့်စဥ်များကြောင့်လည်း ပါသော်ငြား ထိုကလေးပင်ကိုယ်ကိုက ထူးချွန်လှသောကြောင့်ဆိုသည့်အချက်ကို ငြင်းမရပါပေ။
စမ်းသပ်မှုပြီးသွားချိန်တွင် ကုယိုက ချက်ချင်း ပြန်ထွက်မလာ၊ ထိုအစား လျှို့ဝှက်နယ်မြေ၏အလယ်ရှိငွေဖြူဝိညာဥ်ရေတံခွန်သို့သွားလိုက်၏။
စုယွမ်ကလည်း ထိုနေရာတွင်ရှိနေသည်သာ။
ကုယိုလည်း စုယွမ်ကို မြင်လိုက်ရတော့တုန်လှုပ်သွားပြီး ချက်ချင်း ဦးညွတ်လာတော့၏။
“တောင်သခင်။”
“အမ်း၊ရောက်လာပြီပဲ။ ငွေဖြူဝိညာဥ်ရေတံခွန်ကိုသွားပြီးလေ့လာကြည့်။ အဲ့ဒီအထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့နိယာမ၁၈ခုရှိတယ်။ တစ်ခုလောက်ဖြစ်ဖြစ်နားလည်နိုင်မလားကြည့်ကြည့်လိုက်။”
စုယွမ် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ကုယိုလည်း အလေးနက်ဖြစ်သွားပြီး ရေကန်နားသွားကာ ငွေဖြူဝိညာဥ်ရေတံခွန်ကို လေ့လာတော့သည်။
ရှောင်လီက စုယွမ်ဘေးနားတွင်ပေါ်လာပြီး စူးစမ်းလာ၏။
“အဲ့ဒါ မင်းတပည့်လား။”
“ပြောလို့ရပါတယ်။”
စုယွမ် ပြန်ဖြေလိုက်သည်။
“သူကတော်တော်လေး တော်တယ်။ ပါရမီကလည်းမြင့်တယ်။ တိုက်ခိုက်ရေးစမ်းသပ်မှုတစ်ခုလုံးကိုတောင် အောင်မြင်တော့မလို့။”
ရှောင်လီက အမှီးလေးရမ်းလာ၏။
“ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့နိယာမတွေကိုတော့ သူ နားမလည်နိုင်လောက်ဘူးနော်။”
“မဖြစ်မနေလိုအပ်တာလည်း မဟုတ်ပါဘူး။ “
စုယွမ် ခေါင်းခါလိုက်၏။
“ဒါမရှိတောင် သူ့မှာ လုပ်နိုင်စွမ်းအပြည့်ရှိပါတယ်။”
သူ ခဏရပ်လိုက်ပြီး ကုယိုအကြောင်းဆက်မပြောတော့ဘဲ မေးလိုက်သည်။
“ရှောင်လီ၊ မင်းအပြင်ထွက်ချင်လား။”
“ဟမ်။”
ရှောင်လီလည်း ရုတ်တရက်မို့ ကြောင်အသွားပြီး ချက်ချင်းပြန်ဆိုလာ၏။
“ထွက်ချင်တာပေါ့။ ဒါပေမဲ့ ငါက ဒီနယ်မြေရဲ့ဝိညာဥ်လေ။ ငါ့နယ်မြေကနေထွက်လို့မရဘူး။”
စုယွမ်၏မျက်ဝန်းထဲ ထူးဆန်းသောအကြည့်တစ်ခု ဖြတ်ပြေးသွားသည်။
“ငါ အခုတလောလေ့လာကြည့်နေတာလေ။ ရလဒ်အနေနဲ့ ငါရှာတွေ့ခဲ့တာက ဒီလျှို့ဝှက်နယ်မြေက ရတနာတစ်ခုဆိုတာကိုပဲ။ မင်းကလည်း နယ်မြေရဲ့ဝိညာဉ်မဟုတ်ဘူး၊ရတနာရဲ့ဝိညာဉ်ပဲ။”
စုယွမ် ဖြေးညင်းစွာ ရှင်းပြလိုက်သည်။
“ဘာ။”
ရှောင်လီ၏မျက်လုံးများ ပြူးကျယ်သွား၏။
“ဒါ၊ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
စုယွမ် ခေါင်းညိတ်၍ ပြောလိုက်သည်။
“ငါလည်း အစက မယုံခဲ့ဘူး။ အဲ့ဒါ့ကြောင့် အရင်၂လလုံး လျှို့ဝှက်နယ်မြေရဲ့ကောင်းကင်နဲ့မြေကြီးက နိယာမတွေကို သေချာလေ့လာနေတာ။ ငါ့မှာက ကောင်းကင်နဲ့မြေကြီးရဲ့စည်းချက်တွေကို နားထောင်နိုင်စွမ်းရှိတယ်လေ။ အဲ့ဒီလိုနဲ့ ငါရှာတွေ့ခဲ့တာ၊ ဒီလျှို့ဝှက်နယ်မြေရဲ့စည်းချက်တွေက မပြည့်မစုံနဲ့၊ တမင်လူကဖန်တီးထားတဲ့အတိုင်းပဲ။ ငွေဖြူဝိညာဥ်ရေတံခွန်ကလွှဲပြီး ကျန်တာအားလုံးက အရာဝတ္ထုစစ်စစ်တွေပဲ။”
“ရှင်းရှင်းပြောရရင် ဒါက တအားကြီးမားတဲ့ရတနာကြီးပဲ၊ ငွေဖြူဝိညာဥ်ရေတံခွန်ကို သိမ်းထားတဲ့ရတနာပေါ့။”
စုယွမ် သေချာရှင်းလာပေးလိုက်သည်။
“ဒီတစ်လျှောက်လုံး မင်းငါနဲ့ပဲဆော့နေတယ်ထင်ခဲ့တာ။ မင်းကတော့ တိတ်တိတ်လေး ကျင့်ကြံနေမယ်မထင်ထားဘူး။”
ရှောင်လီမှာ လေးစားမှုအပြည့်ရောင်ပြန်ဟန်နေသော မျက်ဝန်းများဖြင့် ပြောလာ၏။
“စုယွမ်၊ မင်းကတကယ်မိုက်တာ။”
စုယွမ် ချောင်းဟန့်လိုက်သည်။ သူက ဒီတစ်လျှောက်လုံး တကယ်ကစားနေတာကိုတော့ ဝန်ခံမည်မဟုတ်။ သူလည်း ဒီနေရာ၏ကောင်းကင်နှင့်မြေကြီးကတစ်ခုခု မှားနေတာကို မတော်တဆရှာတွေ့ခဲ့တာဖြစ်သည်။ သူ၏လက်ရှိကျင့်ကြံဆင့်နှင့်အတူ၊ တာအိုပညာနှင့်သဘာဝ၏အစွမ်းကြောင့် သူ ဘာမှအားမထုတ်ရဘဲ မြင်နိုင်သွားခြင်းဖြစ်၏။
“အဲ့ဒီတော့ ငါတို့အခု ဘာလုပ်ရမလဲ။”
ရှောင်လီက စိတ်လှုပ်ရှားစွာ မေးလာ၏။
စုယွမ်လည်း ခဏမျှတွေးလိုက်ပြီး ပြောလိုက်သည်။
“ဒီနေရာက ရတနာဆိုမှတော့၊ သန့်စင်လို့လည်းရမှာပဲ။ ဒါပေမဲ့ လွယ်တော့လွယ်မှာမဟုတ်ဘူးပေါ့။”
ရှောင်လီက မျက်တောင်ခတ်လျက် စုယွမ်ဆက်ပြောမည်ကို မျှော်လင့်ချက်အပြည့်ကြည့်နေလိုက်သည်။
“ပထမဆုံးအနေနဲ့ မင်းက လုံးဝပါဝင်ပူးပေါင်းပေးရမယ်။ မင်းက သက်ရှိပုံစံတစ်ခုသက်သက်ပဲ။ မင်း သန့်စင်ခံလိုက်ရတာနဲ့ မင်းနဲ့ပတ်သတ်သမျှအရာတိုင်းက ဆက်ပတ်သတ်တော့မှာမဟုတ်ဘူး။ ဒါက အစောင့်အရှောက်ဝိညာဥ်တွေအတွက် လုံးဝခက်ခဲတဲ့ကိစ္စပဲ။ သူတို့က သူတို့နဲ့တွယ်ညှိနေတဲ့အရာကို ဟိုးနှလုံးအောက်ခြေကအထိ တွယ်တာကြတာ။ ဒါက အဓိကအခက်အခဲပဲ။”
စုယွမ် သက်ပြင်းချလိုက်သည်။
“ဟမ်။”
ရှောင်လီ ရပ်တန့်သွား၏။ သို့သော် သူ တုန့်ဆုတ်စွာဖြင့် ပြောလာလေသည်။
“စုယွမ်၊ မင်းနဲ့သာနေရမယ်ဆိုရင် ... ငါ ကြိုးစားကြည့်ချင်တယ်။”
စုယွမ်လည်း ရှောင်လီ၏အမွှေးလေးများကို ပွတ်သပ်လိုက်ပြီး ခေါင်းခါလိုက်သည်။
“အလိုအလျောက်စိတ်ထဲကဆန့်ကျင့်လာမှာတွေက မင်းအလိုရှိရုံနဲ့ရပ်သွားမှာမဟုတ်ဘူးနော်။ ဒါက မင်းအသက်အိမ်ရဲ့ပင်မနေရာကိုထိမှလေ။ မင်းရဲ့မသိစိတ်ကငြင်းဆန်မိသလို၊ တစ်ကိုယ်လုံးကလည်း ငြင်းဆန်မိမှာပဲ။”
ဤသည်ကိုကြားတော့ ရှောင်လီ အံတင်းတင်းကြိတ်ပြီး ဆိုလိုက်၏။
“အဓိကခန္ဓာက ငြင်းဆန်လာရင်တောင် ငါ ရအောင်သည်းခံပါ့မယ်။ ကြိုးစားကြည့်ရအောင်လေ။”
မြေခွေးလေး၏မျက်ဝန်းများထဲတွင်ကား အပြင်ကမ္ဘာကို တောင်းတနေမှုအပြည့်ပါပင်။
စုယွမ်လည်း လက်ဝေ့လိုက်ပြီး ပြော၏။
“ဒါ့အပြင် ဒီရတနာကပုံစံက သေချာပေါက်ရှုပ်ထွေးလွန်းတဲ့အစီအရင်ပုံစံတွေနဲ့ပြည့်နေမှာပဲ။ ငါလည်း ခက်ခဲမှုအဆင့်ကို မခန့်မှန်းနိုင်ဘူး။ ငါ့ကိုပြောကြည့်၊ ဒီနယ်မြေတစ်ခုလုံးမှာ မင်းလုံးဝမသွားဖူးတဲ့နေရာ၊ ဒါမှမဟုတ် သွားလို့မရတဲ့နေရာရှိလား။”
ရှောင်လီလည်း ခေါင်းကုတ်၍ အတွေးနက်သွား၏။
မကြာမီ သူ၏မျက်ဝန်းများ တောက်ပသွားသည်။
“သိပြီ။ ဘိုးဘေးဆရာသခင် အရင်က ရတနာတွေနဲ့ အမွေတွေထားတဲ့နေရာတော့ရှိတယ်။ နေရာသေးသေးလေးပဲ။ အဲ့ဒီအချိန်တုန်းက ဆရာသခင်က ငါ့ကိုအဲ့ဒီမသွားဖို့ပြောခဲ့တာ။ ငါကလည်း စည်းမဖောက်ရဲတာနဲ့ ဘယ်တုန်းကမှမဝင်ဖူးဘူး။”
စုယွမ်လည်း နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီဆိုရင် အဲ့ဒီနေရာက လျှို့ဝှက်နယ်မြေရဲ့ပင်မကျောရိုးဖြစ်နိုင်တယ်။ ဒီနယ်မြေကြီးတစ်ခုလုံးက မင်းခန္ဓာကိုယ်ဖြစ်တဲ့အတွက်ကြောင့် မင်းမဝင်လို့ရတဲ့နေရာမရှိဘူး။ ဘိုးဘေးဆရာသခင်က တားခဲ့ပေမဲ့လည်း မင်းသာဝင်ချင်ရင် အရမ်းလွယ်တယ်။ သွားပြီးဝင်ကြည့်ရအောင်။”
“ကောင်းပြီ။”
ရှောင်လီ ချက်ချင်း တက်ကြွစွာဖြင့် နေရာတစ်နေရာသို့ ပျံသန်းသွားတော့၏။