အခန်း ၁၀၉
Vol. 11 Ch. 109
Chapter 109
ကုယို ရုတ်တရက် လျှို့ဝှက်နယ်မြေဆီမှ ဖိအားတစ်ခုကိုခံစားလိုက်ရသည်။
မကြာမီ သူ့အသိစိတ်ပြန်ဝင်လာသောအခါတွင်မူ သူဟာ အပြင်ပြန်ရောက်နေလေပြီ။ သုံးဆယ်လေးကတော့ ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေလေ၏။
ကုယိုလည်း သုံးဆယ်လေး၏ခေါင်းကိုပုတ်လိုက်ပြီး ပြုံး၏။
“သွားကြစို့၊ ငါ့အိမ်မှာ ဝိညာဉ်ရေကန်အကြီးကြီးရှိတယ်။ မင်းသာ ငါ့နောက်လိုက်ရင် အစားအသောက်အတွက် စိတ်ပူစရာမလိုဘူး။”
သုံးဆယ်လေးမှာ နှုတ်ခမ်းဆူလျက် သူ့ကို မယုံကြည်သည်မှာအသိအသာပါပင်။
လျှို့ဝှက်နယ်မြေရှိနေရာငယ်လေးထဲတွင်ဖြစ်၏။
လျှို့ဝှက်နယ်မြေ၏အုပ်စိုးသူဖြစ်သောရှောင်လီက ဤမြင်ကွင်းကို မြင်လိုက်ရသည်ဖြစ်ရာ တွေးတောနေမိတော့သည်။
ငါးတစ်ကောင်တောင်မှ မိမိဆုံးဖြတ်ချက်အတိုင်း ဆန္ဒရှိရာကို လှုပ်နိုင်သည်ဖြစ်ရာ သူကတော့ ဘာကြောင့်မရပါသနည်း။
ဘိုးဘေးဆရာသခင်က သူ့ကို ဖန်တီးပေးခဲ့သလို ပျိုးထောင်ပေးခဲ့သော်ငြား ဘိုးဘေးဆရာသခင်ပေးခဲ့သောတာဝန်က ပြီးဆုံးသွားပြီဖြစ်ရာ သူ ဒီလျှို့ဝှက်နယ်မြေကို သန့်စင်ခွင့်ပေး၍ ဖြစ်သည်မလား။ ထိုသို့ဆိုလျှင် သူလည်း ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနိုင်လိမ့်မည်သာ။
စုယွမ်တောင် ဝိညာဉ်ငါးလေးကို အချိန်အကြာကြီးစောင့်ရှောက်ခဲ့သော်ငြား လွတ်လပ်ခွင့်ပေးသေးရာ သူလည်း လွတ်လပ်သင့်သည်ပေ။
သူ တကယ်တော့ တုံ့ဆိုင်း၍ မပြတ်မသားဖြစ်နေသေးသော်လည်း ဝိညာဉ်ငါးလေး၏ရွေးချယ်မှုက သူ့ကို ရှင်းလင်းသွားစေခဲ့သည်။
ကြည့်ရသည်မှာ သုံးဆယ်လေးက စံပြနမူနာဖြစ်သွားသည့်ပုံပေ၊ အခြားသောကျင့်ကြံသူများက ငွေဖြူဝိညာဥ်ရေတံခွန်ကိုလာ၍ နိယာမများကို သုံးသပ်ကြချိန်တွင် ငါးလေးများက အနှီလူများနှင့်ဆက်သွယ်ရန်ပြင်တော့သည်။
ဝိညာဉ်ငါးများစွာက ထိပ်သီးအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်များနှင့် လိုက်သွားရန်ရွေးခဲ့ကြ၏။
ဝိညာဉ်ငါးများ၏ထူးခြားသောစွမ်းရည်ကိုခံစားမိသောကြောင့် အနှီထိပ်တန်းအဆင့်တို့ကလည်း ငါးများကို ကောင်းကောင်းလက်ခံကြလေသည်။
သုံးဆယ်လေးအပါအဝင် ဝိညာဉ်ငါးခုနစ်ကောင်က ထိပ်သီးဝိညာဥ်ရင်းမြစ်များနှင့် စာချုပ်ချုပ်ဆိုပြီး ထွက်သွားကြတော့၏။
လျှို့ဝှက်နယ်မြေ၏ပင်မနေရာတွင်ရှိနေသော စုယွမ်ကတော့ သက်ပြင်းသာချလာလေသည်။
“ကလေးတွေက ကြီးလာကြပြီး အတောင်ပံတွေကလည်း မာကျောလာကြပြီပဲ။ ဒီမှာ သူတို့ကောင်းကောင်းနေရပေမဲ့လည်း အပြင်ကိုစူးစမ်းချင်နေကြပြီ။”
“မင်းက သူတို့အဲ့ဒီလိုရွေးတာကိုမကြိုက်ဘူးလား။”
ရှောင်လီ မေးလိုက်သည်။
စုယွမ် သက်ပြင်းချလာ၏။
“အပြင်လောကက အရမ်းအန္တာရယ်များတယ်။ သူတို့တစ်ခါထွက်သွားပြီးတာနဲ့ ဘယ်တော့မှပြန်မလာနိုင်တော့တာလည်းဖြစ်နိုင်တယ်။ ငါသူတို့ကို အကျိုးအကြောင်းရှင်းပြတဲ့အသံလွှင့်လိုက်ပေမဲ့ ခေါင်းမာနေကြတုန်းပဲ။ တနေ့ကျရင် ငါ သူတို့ရဲ့အလောင်းတွေကိုသွားကောက်ရတာမျိုးတောင် ဖြစ်နိုင်တယ်။”
“အဲ့ဒါဆိုရင် မင်းက ဘာလို့မတားတာလဲ။”
ရှောင်လီမှာ အလွန်သိချင်နေရသည်။
“သူတို့ရဲ့စိတ်အာရုံကမှ ဒီမှာမရှိတော့တာ။ အတင်းဖိအားပေးတာက ဘာအဓိပ္ပါယ်ရှိမှာလဲ။ သူတို့ရဲ့
ကိုယ်ပိုင်ဘဝပဲလေ၊ သူတို့ရွေးချယ်မှုကို လေးစားပေးရမှာပေါ့။ ငါသူတို့ကို ဝိညာဉ်ငါးအဖြစ်ပြောင်းပေးပြီး ပျိုးထောင်းပေးခဲ့တယ်ဆိုတိုင်း အမြဲချုပ်ချယ်ထားလို့ရမှမရတာ။ သူတို့နောင်တမရပါစေနဲ့လို့ပဲမျှော်လင့်ပါတယ်။”
စုယွမ်မှာ ခေါင်းကိုခါလိုက်၍ သူ၏သွင်ပြင်မှာ စိတ်မောမှုများနှင့်ပြည့်နှက်နေသော်ငြား ငါးများကိုတော့ မပိတ်ပင်ခဲ့ပါပေ။
ရှောင်လီလည်း ထိုစကားများကိုကြားတော့ တဖြည်းဖြည်း ဆုံးဖြတ်ချက်မှာ ပို၍ခိုင်မာလာရ၏။ သူသာ အပြင်လောကတွင် သေဆုံးသွားခဲ့လျှင်တောင် ၎င်းက သူ၏ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ဝိညာဉ်ငါးတစ်ကောင်တောင် ရွေးချယ်ရဲသည်ဖြစ်ရာ သူလည်း မကြောက်ရွံ့တော့ပါပေ။
စုယွမ်လည်း လျှို့ဝှက်နယ်မြေ၏ပင်မအပေါ်သာ အာရုံစိုက်ထားသည့်အတွက် ရှောင်လီ၏စိတ်အခြေအနေအပြောင်းအလဲများကို သတိမမူမိ။ တကယ် သူ သေချာစောင့်ကြည့်ရင်တောင် ရှောင်လီ၏ခံစားချက်များကိုမြင်နိုင်ရန်ခက်လှ၏။ အကြောင်းမှာ နောက်ဆုံးတွင် ၎င်းကလည်း မိစ္ဆာအိုကြီးတစ်ကောင်ဖြစ်လေသည်မို့။
“တော်တော်လေးရှုပ်တာပဲ။”
စုယွမ်မှာ အစီအရင်ရှိပုံစံအထပ်ထပ်ကို ကြည့်ရင်းခေါင်းကိုက်လာသလိုတောင် ခံစားလိုက်ရသည်။
အစီအရင်ဟာ ရင်းနှီးသလိုခံစားရသော်ငြား ရင်းနှီသည့်အဆင့်တွင်သာရပ်နေ၏။ ဖြစ်နိုင်သည်မှာ ၎င်း၏ရှုပ်ထွေးမှုကို ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်သာ နားလည်နိုင်မည့်ပုံပါပေ။
သူ အလုပ်နှင့်နားနေဖလှယ်မှုသုံး၍ ရပါမလားကိုလည်း မသေချာ၊ အကြောင်းမှာ သူ၏လက်ရှိနားနေချိန်က ၉၃ရက်သာ ရှိသည်လေ။
ရှောင်လီမေးလိုက်သည်။
“ဘယ်လိုလဲ။ သန့်စင်လို့ရလား။”
“ခက်တယ်။ ဒါပေမဲ့ စမ်းကြည့်ကြတာပေါ့။ ရှောင်လီအသင့်ပြင်ထား၊ ငါတို့တစ်ချက်ကိုင်ကြည့်မယ်။”
စုယွမ်ဟာ ရှောင်လီကိုလှည့်ကြည့်ပြီး ဆိုလိုက်သည်။
“မင်း ငါ့နောက်လိုက်ဖို့ ဆန္ဒရှိလား။ မင်းသာ ဒီမှာနေချင်ရင် အချိန်အကြာကြီးအသက်ရှင်လို့ရမှာ။ ဒါပေမဲ့ ငါနဲ့လိုက်ထွက်လာရင် အန္တရာယ်တွေကြုံတွေ့လာနိုင်တယ်။”
ရှောင်လီမှာ မြူးကြွစွာ ပြုံး၍ ဆိုသည်။
“ရတယ်၊ ငါသိပြီးသားပါ။”
စုယွမ်မှာ ထူးဆန်းသွားပြီး မေးလိုက်ရ၏။
“မင်းက ဘာကိုသိတာလဲ။”
“မင်းကိုပြောမပြဘူး။”
ရှောင်လီ၏အမြှီးလေးမှာ လှုပ်ယမ်းသွားလေသည်။
စုယွမ်လည်း ရှောင်လီကို နက်နက်နဲနဲစိုက်ကြည့်လိုက်ပြီး အလုပ်နှင့်နားနေဖလှယ် စွမ်းရည်ကိုအသက်သွင်းလိုက်၏။
တစ်ခဏချင်းတွင်း လောကကြီးမှာ ပို၍ရှင်းလင်းလာလေသည်။
သူလည်း ဆက်၍ အသက်သွင်းလိုက်ရာ ကျင့်ကြံချိန်မှာ ၁၃၀မိနစ်အထိ ကျုံ့သွား၏။
တာအိုပညာနှင့်သဘာဝကိုလည်း အသက်သွင်းလိုက်သည်။
လောကကြီးရှိကောင်းကင်နှင့်မြေကြီး၏စည်းချက်များက သူ့မြင်ကွင်းထဲပေါ်လာပြီး ရှင်းလင်းလာခဲ့၏။
ခုနစ်စဥ်ကြယ် အစွမ်းကိုလည်း အသက်သွင်းလိုက်သည်။
ကောင်းကင်ရှိခုနစ်စဥ်ကြယ်မှာ တောက်ပလာပြီး ကြယ်အလင်းတို့က ဖြာကျလာလျက် လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်ကိုဖြတ်ကာ စုယွမ်ပေါ်သို့ကျရောက်လာရာ သူ၏ကောင်းကင်နှင့်မြေကြီးအပေါ် အမြင်တို့က ပို၍ရှင်းလင်းလာခဲ့၏။
စုယွမ်လည်း လျှို့ဝှက်နယ်မြေ၏ပင်မနေရာကိုပြန်ကြည့်လိုက်သည်။ အစကရှုပ်ထွေးနေသောအစီအရင်မှာ ပို၍ရှင်းလင်းလာပြီး စုစုပေါင်းအားဖြင့် တားမြစ်အခင်းအကျင်း၁၁၁၈ခုကို စုပေါင်းထားတာဖြစ်၏။
စုယွမ်၏မျက်ဝန်းများ ပြူးကျယ်သွားရသည်။
“ဒါက... ယွမ်ရေကန်က သဘာဝတားမြစ်အခင်းအကျင်းကြီးမလား။”
လျှို့ဝှက်နယ်မြေ၏ပင်မတည်ဆောက်ပုံကလည်း သဘာဝတားမြစ်အခင်းအကျင်းပုံစံအခွဲတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရရာ သူ လုံးဝအံ့သြမှင်သက်သွားရသည်။
သူခန္ဓာကိုယ်ထဲတွင်လည်း အခင်းအကျင်းတစ်ခုရှိရာ ၎င်းနှင့် လျှို့ဝှက်နယ်မြေ၏အခင်းအကျင်းတို့က လိုက်ဖက်ညီနေတော့၏။
သူ့ခန္ဓာမှ စစ်မှန်အနည်အနှစ်များဖြင့်သာ ၎င်းကိုသန့်စင်လိုက်ပါက လွယ်ကူသွားချေမည်။
တိုက်ဆိုင်မှုဆိုဖို့ရာ အလွန်အံ့သြဖွယ်ကောင်းလွန်းပေ၏။
သူက အစကတော့ လျှို့ဝှက်နယ်မြေ၏အစီအရင်က ဘယ်လောက်ခက်သလဲမြင်ချင်ရုံသာ၊ ခက်ခဲမှုအဆင့်ကိုသေချာသိပါက ယခု သူ မတတ်နိုင်သေးလျှင်တောင် ကျင့်ကြံဆင့်မြင့်ချိန်ပြန်လာ၍ ဖြေရှင်းမည်ဟု တွေးထားတာဖြစ်သည်။
စုယွမ်မှာ ခဏမျှ ကြောင်အနေရ၏။ ကိစ္စများက ကောင်းကင်ဘုံက စီစဥ်ပေးသည့်အတိုင်း ချောမွေ့နေလွန်းသည်။ သို့သော် သေချာစဥ်းစားလိုက်ပါလျှင် ၎င်းက တိုက်ဆိုင်မှုမဟုတ်တာလည်းဖြစ်နိုင်၏။
ငွေဖြူဝိညာဥ်ရေတံခွန်ကို ထာဝရတည်တံ့နေရန်အတွက်ဆိုလျှင် ဝိညာဉ်စွမ်းအင်တို့ ဆက်မပြတ်ထောက်ပံ့နေဖို့လိုသည်။ ထိုသို့ဆိုလျှင် ယွမ်ရေကန်ရှိအစီအရင်ထက် ဘယ်အရာကများပို၍ကောင်းမွန်ဦးမည်နည်း။
သူ ယခင်က ငွေဖြူဝိညာဥ်ရေတံခွန်ရှိရေများက ဝိညာဉ်စွမ်းအင်အလွန်ပေါကြွယ်ဝနေရခြင်း၏အကြောင်းကို သိချင်နေရခြင်းဖြစ်သည်။
ယခုတွင်တော့ အကြောင်းပြချက်ကိုသိသွားရချေပြီ။