အခန်း ၁၁၀
Vol. 11 Ch. 110
Chapter 110: လွှင့်မြောအလင်းဘူးသီးခြောက်။
“ရှောင်လီ၊စကြစို့။”
စုယွမ် ဆိုလိုက်သည်။
“အင်း။”
ရှောင်လီလည်း ဘာဆက်ဖြစ်မည်မသိသော်ငြား ချက်ချင်းခေါင်းညိတ်လာ၏။
စုယွမ်၏ကိုယ်ထဲရှိ ဝိညာဉ်သွေးကြော၁၁၈ခုက လှုပ်ရှားလာပြီး နတ်ဘုရားအာရုံနှင့်အတူ စစ်မှန်အနည်အနှစ်များကိုပါ ထုတ်လွှတ်လာသည်။
၎င်းတို့ထဲ အသိစိတ်ပင်လယ်က အဓိကနေရာယူထားသောသွေးကြော၃၆ခုမှာ နတ်ဘုရားအာရုံစွမ်းအင်ကိုများစွာထောက်ပံ့ပေးလာပြီး ရှောင်လီ၏ကိုယ်ထဲသို့ စွမ်းအင်၃၆ချောင်းအသွင်စီးဝင်သွားကြသည်။
ရှောင်လီ၏အမူအရာမှာ လေးနက်သွား၏။ ထိုအချိန်လေးအတွင်း သူ့ခန္ဓာကိုယ်မှာ ဖောက်မြင်နိုင်သည်အထိ ကြည်လင်သွားသည်ဟု ခံစားလိုက်ရသည်။
သူ့မှာ ပထမဆုံးအနေဖြင့် သူ့ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်တို့က ဘယ်လောက်ရှုပ်ထွေးသလဲဆိုတာကို ရှာတွေ့လိုက်ရသည်။ ဝိညာဉ်စွမ်းအင်၃၆ခုက သူ၏မရီဒျာန်ထဲဝင်ရောက်၍လည်ပတ်နေတော့သည်။
သူ၏ခန္ဓာကိုယ်ထဲတွင်လည်း ပုန်းကွယ်နေသောဝိညာဥ်သွေးကြော ၁၁၈ခုရှိနေသည်ပင်။ ဤသို့ဖြင့် တစ်ခုချင်းစီက စုယွမ်ကြောင့် အသက်ဝင်သွားကြလေသည်။
ဤဖြစ်စဥ်တစ်ခုလုံးမှာ ရှောင်လီကို လွန်စွာနေရခက်စေ၏။ ရှောင်လီမှာ မသိလိုက်ဘာသာနှင့် စုယွမ်ကို ရပ်ခိုင်းလိုက်စေချင်သော်ငြား ရှိသမျှခွန်အားအကုန်လုံးဖြင့် သူ့ကိုယ်သူထိန်းနေရသည်။
စွမ်းအင်များကို ကိုယ်တစ်လျှောက်လည်ပတ်ပြီးချိန်တွင် စုယွမ်ဟာ ရှောင်လီ၏အသိစိတ်ပင်လယ်နှင့်ချိတ်ဆက်ထားသောသွေးကြောဆီရောက်ရှိသွား၏။ သူလည်း မြန်မြန် ၎င်းအထဲတိုးဝင်လိုက်သည်။
ရှောင်လီမှာ သူ၏အသိစိတ်ပင်လယ်ထဲတွင် ခရမ်းရောင်ကျောက်လေးတစ်ခုလွှင့်မျောနေကြောင်းမြင်လိုက်ရ၏။
သူ ၎င်းကို တစ်ခုမှမမြင်ဖူးသည်ဖြစ်ရာ စုယွမ် သူ့သွေးကြောများထဲစွမ်းအင်လည်ပတ်လိုက်တော့မှ ပေါ်လာသည်မျိုးဖြစ်နိုင်ပေသည်။
“အဆင်ပြေလား။ ခဏနေရင် နည်းနည်းနာလာနိုင်တယ်။ ဒါပေမဲ့ မြန်မြန်ပြီးသွားမှာပါ။”
“ကိစ္စမရှိဘူး။”
ရှောင်လီ ဆုံးဖြတ်ချက်ခိုင်မာနေချေပြီ။
စုယွမ်လည်း ခေါင်းညိတ်ပြီး ခရမ်းရောင်ကျောက်အပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ ၎င်းကျောက်မှာကား အစီအရင်၁၁၈လွှာဖြင့် အလွန်ရှုပ်နေလေ၏။ တည်ဆောက်ထားပုံမှာ အင်မတန်ရှုပ်ထွေးလှရာ ကြည့်မိသူတို့ ခေါင်းမူသည်တောင်ဖြစ်သွားနိုင်ပေသည်။
သို့သော် စုယွမ်ကတော့ ၎င်းတို့အထဲ သဘာဝတားမြစ်အခင်းအကျင်း၏ပုံစံကို မြင်နေရသည်။ တားမြစ်အခင်းအကျင်းကို ၁၁၈ခါထပ်၍ဆောက်လုပ်ထားသည့်ပုံဖြစ်ရာ စုယွမ်လည်း အခြေခံသဘောနားလည်သဖြင့် နတ်ဘုရားအာရုံကို ၎င်း၏လမ်းကြောင်းများအတိုင်းလည်ပတ်စေလိုက်၏။
“စု၊စုယွမ်၊ ငါဘာလုပ်ရမလဲ။”
ရှောင်လီမှာ အသိစိတ်ပင်လယ်ထဲမှပေါက်ထွက်လာသော နာကျင်မှုအဟုန်ကိုခံစားနေရပြီး ထပြောလိုက်မိသည်။ ခရမ်းကျောက်လေးမှာလည်း အနည်းငယ်တုန်ယင်နေလျက် စုယွမ်ကို လမ်းကြောင်းမမှတ်မိအောင် နှောင့်ယှက်နေ၏။
“စိတ်ကိုလျော့ပြီး၊ မင်းရဲ့နတ်ဘုရားအာရုံကိုလက်ခံလိုက်။ စိတ်မပူနဲ့၊ ဘာဆိုးဆိုးဝါးဝါးမှ မဖြစ်ဘူးနော်။”
စုယွမ်၏အသံမှာ ထူးထူးခြားခြား ပို၍ညင်သာနေလေသည်။
ရှောင်လီ၏စိတ်မှာလည်း တည်ငြိမ်လာပြီး စုယွမ်လုပ်နေသည်များကို ပူးပေါင်းရန် အစွမ်းကုန်ကြိုးစားတော့၏။
တစ်ချိန်တည်းမှာပင် စုယွမ်၏ဒန်ထျန်နှင့်ဆက်နွယ်နေသာဝိညာဥ်သွေးကြော၈၂ခုက မြောက်များစွာသောအနည်အနှစ်များကိုထုတ်ပေးလာပြီး လျှို့ဝှက်နယ်မြေ၏ပင်မနေရာထဲသို့ တိုးဝင်သွားလေသည်။
အစီအရင်မှာ တားမြစ်အခင်းအကျင်း၁
၁၁၈ခုကို ထပ်ထားသည်ဖြစ်ရာ အလွန်ရှုပ်ထွေးလှ၏။ ပုံမှန်ဆိုလျှင် ၎င်းကိုသန့်စင်ချင်ပါက အနည်းဆုံးတော့ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိရန်လိုအပ်သည်ပေ။
သို့သော် စုယွမ်၏စွမ်းအင်က အလွန်လိုက်လျောညီထွေဖြစ်နေရာ အဆင်ပြေသွားလေ၏။
စုယွမ်၏အနည်အနှစ်တို့မှာ အခင်းအကျင်းထဲစီးဝင်ကာ ပထမဆုံးအလွှာထဲရောက်ရှိသွားသည်။
အနည်အနှစ်များက မှန်ကန်စွာစီးဝင်နေပြီး အရာရာကချောမွေ့နေလေသည်။
စုယွမ်လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒုတိယအလွှာနှင့်တတိယအလွှာထဲဝင်ရန်ပြင်လိုက်၏။
ဤဖြစ်စဥ်အတွင်း စုယွမ် စီစဥ်ထားသောဝိညာဉ်ကျောက်တုံးများစွာက သူ၏တားမြစ်အခင်းအကျင်း၁၁၈ခုမှ စုပ်ယူခြင်းခံရလိုက်ချေသည်။
အပြင်ရှိတားမြစ်အခင်းအကျင်းနှင့် ရှောင်လီ၏အသိစိတ်ပင်လယ်မှာ တပြိုင်နက်တည်း သန့်စင်ခံနေရလေ၏။
မည်သည့် ပြဿနာမှ ဖြစ်မလာသေးပေ။
အလွန်လုံခြုံလှသောလျှို့ဝှက်နယ်မြေထဲ မမျှော်လင့်ထားသည့်အန္တာရယ်များဖြစ်လာရန်ကလည်း ရှားလှပါ၏။
စုယွမ်၏စဥ်ဆက်မပြတ်သန့်စင်မှုကြောင့် ၁၁၈မိနစ်အကြာတွင် သူဟာ ရှောင်လီ၏အသိစိတ်ပင်လယ်ရော လျှို့ဝှက်နယ်မြေ၏တားမြစ်အခင်းအကျင်းကိုပါ တစ်ချိန်တည်းတွင် သန့်စင်နိုင်သွားခဲ့သည်။
တစ်ခဏတွင်းချင်းတွင် စုယွမ် ဝိညာဉ်ရတနာနှင့် အလွန်တရာနီးကပ်လှသောအဆက်အသွယ်တစ်ခုကို တည်ဆောက်နိုင်သွားတော့၏။
ရှောင်လီမှာ မူးဝေနေပုံဖြင့် မျက်လုံးလေးများဖွင့်လာပြီး စုယွမ်ကြည့်လာသည်၊ သူ၏မျက်လုံးများကိုကြည့်ခြင်းဖြင့် ရှောင်လီက အသိစိတ်လုံးဝကပ်သေးပုံမပေါ်ပါပေ။
ရှောင်လီ၏ခန္ဓာကိုယ်ကလည်း ထိုခဏတွင်ပြောင်းလဲသွား၏။
ယခင်ကဝိညာဉ်ကိုယ်ထည်သာရှိခဲ့သောရှောင်လီမှာ စုယွမ်၏အနည်အနှစ်နှင့်စိတ်စွမ်းအင်တို့ကြောင့် ခန္ဓာကိုယ်တည်တစ်ခု ဖြစ်ပေါ်လာတော့သည်။ ယခုဆိုလျှင် ရှောင်လီဟာ ခန္ဓာကိုယ်ထည်နှစ်ခုပိုင်ဆိုင်သွားပေပြီ၊ ဝိညာဉ်ကိုယ်ထည်နှင့် အထုအထည်ရှိကိုယ်ထည်ဟူ၍ဖြစ်သည်။
ရှောင်လီလည်း သူ့ခန္ဓာ၏ပြောင်းလဲမှုများကိုခံစားမိသွားပြီး အံ့သြသွားတော့၏။
ထိုအချိန်တွင် စုယွမ် မျက်လုံးမှိတ်လိုက်ပြီး ရရှိလာသောအချက်အလက်များစွာကို လက်ခံယူလိုက်သည်။
ကံကောင်းစွာဖြင့် သူ၏ကျင့်ကြံချိန်က အနည်းငယ်ကျန်နေသေးရာ စုယွမ်လည်း ဝိညာဉ်ရတနာ၏အချက်အလက်များကို နားလည်အောင်လုပ်လိုက်တော့၏။
ဤရတနာ၏အမည်ရင်းကား လွှင့်မြောအလင်းဘူးသီးခြောက် ဖြစ်ပြီး အဆင့်ခြောက်ရှိကောင်းကင်ဘုံအဆင့်ရတနာတစ်ခုဖြစ်လေသည်။ ၎င်းကို လေဟာနယ်အဆင့်ဆရာကြီးများကသာ ထိန်းချုပ်နိုင်တာဖြစ်၏။
ရတနာ၏အသုံးဝင်ပုံမှာ ပစ္စည်းများကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏အံ့ဖွယ်နေရာများကို သိမ်းဆည်းထားနိုင်သည်အထိ စွမ်းအားကြီးမား၏။ ထို့ကြောင့်သာလည်း ငွေဖြူဝိညာဥ်ရေတံခွန်ကို သိမ်းဆည်းထားနိုင်ခြင်းဖြစ်ပေသည်။
ဒုတိယမြောက်အသုံးဝင်ပုံကတော့ ဖိနှိပ်ထားနိုင်ခြင်းဖြစ်သည်။ ကောင်းကင်ဘုံအဆင့်ရှိသောစွမ်းအားများကြောင့် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အောက်ကျင့်ကြံသူအားလုံးက ၎င်းတို့၏စွမ်းအင်ခုနစ်ရာခိုင်နှုန်းလောက်ကို လျော့ကျသွားသည်အထိ ဖိနှိပ်ထားနိုင်၏။
သို့သော် စုယွမ် ၎င်းကို အသက်မသွင်းနိုင်ပါပေ။ သူ့တွင် ထိုရတနာကိုစေခိုင်းနိုင်လောက်သည်အထိ ခွန်အားမကြီးမားသေးသည်လေ။ ထို့ကြောင့် သူ လတ်တလောတွင်တော့ အများဆုံးရွှေအမြူတေအဆင့်နှင်စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အနိမ့်ပိုင်းများကိုသာ ဖိနှိပ်နိုင်လိမ့်ပေမည်။
တတိယမြောက် အသုံးဝင်ပုံကတော့ စုယွမ်မှန်းထားခဲ့သလို ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းပေ။ ဤရတနာတွင် ယွမ်ရေကန်ရှိသဘာဝတားမြစ်အခင်းအကျင်းပါရှိနေသောကြောင့် သေချာပေါက်ကို ဝိညာဉ်စွမ်းအင်ကို လွယ်လင့်တကူစုဆောင်းနိုင်ပေမည်။
ထို့အပြင် စုယွမ် အံ့သြသွားသည်မှာ ဤတတိယစွမ်းအင်ကို သူ အပြည့်အဝအသုံးချနိုင်နေကြောင်းကို ဖြစ်ပေ၏။
သူ အသက်သွင်းလိုက်သည့်အခါ ၎င်းက နှစ်တစ်ရာစာ ဝိညာဉ်စွမ်းအင်တို့ကို တစ်ခါတည်းစုယူသုံးစွဲတာဖြစ်လေရာ စုယွမ်အတွက်တော့ အားသာချက်တစ်ခုဖြစ်တော့သွားလေသည်။
ဤအသုံးဝင်မှုသုံးခုအပြင်၊ အခြားများစွာသောအသုံးဝင်မှုများလည်းရှိသေးသော်ငြား ကြီးကြီးမားမားမဟုတ်တော့ပါပေ။
စုယွမ်ကတော့ ဘိုးဘေးဆရာသခင်က ခန္ဓာကိုယ်စုစည်းခြင်းအဆင့်ခုနစ်ရှိလောက်မည်ဟု ထင်သည်။ ဆရာသခင်အတွက် ဤရတနာက သိုလှောင်ရေးရတနာတစ်ခုသာဖြစ်ခဲ့ပြီး အသုံးသိပ်ဝင်တော့မည်မဟုတ်ခဲ့လောက်၊ ထို့အတွက်သာ အမွေအနှစ်အဖြစ် ကြွင်းကျန်ရစ်ခြင်းဖြစ်ပေမည်။ ဤရတနာက ဘိုးဘေးဆရာသခင် သေဆုံးချိန်ကျန်ရစ်ခဲ့သောအရာမဟုတ်ဘဲ အသက်ရှိစဥ်ကတည်းက ချန်ထားခဲ့သောအရာဖြစ်သည်ပေ။ အကယ်၍ ရတနာကသာ ဆရာသခင်အတွက် အသုံးများစွာ ဝင်ပါက ထိုသို့ချန်ထားခံရမည်မဟုတ်ပါပေ။
ထိုအချိန် ရှင်းလင်းပြတ်သားသောအသံတစ်ခုက စုယွမ်၏အတွေးများကို ဝင်ဖြတ်လာသည်။
“စုယွမ်၊ မင်းအောင်မြင်သွားပြီ။”
ရှောင်လီမှာ အော်ဟစ်ရင်း စုယွမ်၏လက်မောင်းများကြား ပြေးဝင်လာ၏။
စုယွမ်လည်း မြေခွေးလေး၏နူးညံ့သောခန္ဓာကိုယ်ကို ပွတ်သပ်လိုက်ရင်း ပြုံးလိုက်သည်။
“ငါအောင်မြင်သွားပြီ။ မင်းအခုကစပြီး ငါ့နောက်လိုက်မှဖြစ်မယ်နော်။ အခုမှ ပြန်ဆုတ်လို့မရတော့ဘူး။”
“ပြန်မဆုတ်ပါဘူး။”
ရှောင်လီမှာ ခေါင်းလေးကိုမော့ရင်း ပြောလာ၏။
ရှောင်ချိုက်လေးကလည်း ပုန်းကွယ်နေရာကနေထွက်၍ ကြည့်လာသည်။
စုယွမ်လည်း ချီးကျူးပေးလိုက်ပါ၏။
“ရှောင်ချိုက်လေးလည်းတော်တယ်။ ငါ့ကို တစ်ချိန်လုံးကာကွယ်ပေးနေတာ။”
ရှောင်ချိုက်က ပျော်ရွှင်စွာဖြင့် သူ့ဘေးပျံသန်းနေတော့သည်။
ရှောင်လီက မျက်လုံးလိမ့်လိုက်ပြီး ဆိုသည်။
“စုယွမ်၊ ငါက အခုပြန်မွေးဖွားလာပြီ။ အဲ့ဒီတော့ နာမည်အသစ်ရှိသင့်တယ်ထင်တယ်။ ရှောင်လီဆိုတဲ့နာမည်ကအရမ်းသာမန်လျှံကာဆန်လွန်းတယ်။”
“မင်းတွေးထားတဲ့နာမည်ရှိလား။”
စုယွမ် ပြန်မေးလိုက်သည်။
“မရှိသေးဘူး။ မင်း ပေးလေ။”
“စုလီဆိုရင်ရော။”
“လာပြန်ပြီ၊လီဆိုတဲ့နာမည်ကြီးပဲလား။”
“မဟုတ်ဘူး၊ စုလီလေ။”
စုယွမ် သူ့အကြံကို ပြောပြလိုက်သည်။
ရှောင်လီ၏မျက်လုံးများမှာ လင်းခနဲဖြစ်သွားပြီး ခေါင်းညိတ်လာ၏။
“အဆင်ပြေတယ်။”
ထို့နောက် သူက ရှောင်ချိုက်ကို ဝံ့ကြွားစွာပြန်ကြည့်တော့သည်။
ရှောင်ချိုက်ကတော့ အပြစ်ကင်းစင်သလိုလေးသာ ပြန်ကြည့်လာ၏။
ထို့နောက် စုယွမ်မှာ သူနှင့်ပတ်သက်သောစကားဝိုင်းများစွာကို အာရုံခံလိုက်မိသည်။ ထိုထဲမှအချို့ကတော့ တော်တော်လေးကို ပြင်းထန်နေသည်ပေ။
သူ စိတ်အာရုံအစွမ်းကိုဖွင့်လိုက်သည်။
အတွေးများနောက်လိုက်လိုက်တော့ စုယွမ်၏အသိစိတ်အာရုံမှာ ဂိုဏ်းတစ်ဝက်မျှကိုဖြတ်ကျော်ပြီး တောင်ထိပ်တစ်ခုကိုရောက်သွား၏။
၎င်းက သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ပါပေ။
ထိုအချိန် တောင်ထိပ်၏အတွင်းတပည့်နေရာတွင် ကုယိုအပါအဝင် အသစ်ခန့်အပ်ခံထားရသောတပည့်များက အရင်တပည့်ဟောင်းများကို စိန်ခေါ်နေ၏။ တပည့်သစ်တော်တော်များများက ကျရှုံးလျက် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများအပြည့်ဖြစ်နေသည်။
စုယွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ အတွေးအာရုံမြင်ကွင်းပြောင်းလိုက်ရာ ပင်မတပည့်နေရာဆီရောက်သွားသည်။ ထိုနေရာတွင်လည်း သူ့အကြောင်းပြောနေကြသည်ပင်။
မကြာမီ သူ ထပ်ပြောင်းလိုက်ရာ တပည့်ရင်းနေရာသို့ရောက်ရှိသွားပြီး နောက်ဆုံးတွင် ရွှေအမြူတေအဆင့်ရှိ တပည့်ရင်းတစ်ဦးဆီရောက်ရှိသွားလေသည်။
“စိတ်ဝင်စားစရာပဲ၊ ကွယ်ဝှက်တောင်ထိပ်ရဲ့အရင်တပည့်ရင်းရှကွမ်းဝမ်းက ရွှေအမြူတေအဆင့်ရဲ့အမြင့်ဆုံးအပိုင်းကိုရောက်နေပြီပဲ။ သူက ကွယ်ဝှက်တောင်ထိပ်သခင်နေရာကိုလိုချင်နေတာကို။ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့တောင်သခင်တွေက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ရောက်သည်အထိ အရင်းအမြစ်တွေထောက်ပံ့ပေးခံရမှာ။ ဒီလိုဟာတွေကို ရှကွမ်းဝမ်းက အသဲအသန်လိုချင်ပြီး တောင်သခင်နေရာကိုမျက်စိကျနေတော့တာပဲ။ ငါတော့ သူ့အတွက် အတားအဆီးကြီးဖြစ်ပြီထင်ပါရဲ့။”
စုယွမ် နားလည်သွားပေသည်။ သူ အနှီရှကွမ်းဝမ်းက ကွယ်ဝှက်တောင်ထိပ်၏တောင်သခင်နေရာဆိုသည်မှာ မည်သို့သောသူကိုပေးရတာမှန်းမသိကြောင်းသေချာ၏။ သူသာ စာကြည့်တိုက်ရှိကျမ်းစာများကို သေချာဖတ်ဖူးပါလျှင် ထိုအကြောင်းကို သိနိုင်မည်သာ။ သို့သော် အများစုက ကျင့်ကြံရေးဖြင့်သာ ရှုပ်ယှက်ခတ်နေကြသောကြောင့် စာကြည့်တိုက်ကိုသွားရန် အချိန်မရှိကြသည်ပေ။
စုယွမ် နောက်နေရာကိုထပ်ပြောင်းလိုက်တော့ ဂိုဏ်းထဲရှိနေရာတော်တော်များများပေါ်လာ၏။ သူ ဂိုဏ်းထဲရှိလျှို့ဝှက်နယ်မြေတစ်ခုအပေါ်မျက်စိကျသွားပြီး ထိုမြင်ကွင်းကိုရွေးလျက်ရာ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲဒါဇင်ကျော်နှင့် ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများက စုယွမ်၏အနာဂတ်အရင်းအမြစ်ခွဲဝေမှုကို ဆွေးနွေးနေတာကိုတွေ့လိုက်ရသည်။
ထိုသို့အရင်းအမြစ်ထောက်ပံ့ခြင်းများကို သုံးခုခွဲထား၏၊ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုအနိမ့်ဆုံးဖြစ်ပြီး အမြင့်ဆုံးကတော့ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်များဖြစ်ပြီး ဂိုဏ်းက သူတို့ကို အမြင့်မားဆုံးအရင်းအမြစ်ကိုထောက်ပံ့ထားသည်။ ထိုအကြီးအကဲအုပ်စုမှာ စုယွမ်ကိုဘယ်အဆင့်သတ်မှတ်သင့်ကြောင်း အဆက်မပြတ်ဆွေးနွေးနေပြီး တချို့ကတော့ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၏ရှကွမ်းဝမ်းကို သုံးကာ စုယွမ်၏စွမ်းဆောင်ရည်အစစ်ကို မြင်ရမှ အဆင့်သတ်မှတ်ရန်လည်း ပြောနေကြ၏။
စုယွမ်လည်း ဤမြင်ကွင်းများကိုကြည့်ရင်း တဖြည်းဖြည်းကိစ္စတစ်ခုလုံးကို နားလည်လာသည်။ သူက ယခင်က တပည့်အဟောင်းများက တပည့်သစ်များကိုရန်လိုနေရသလဲကိုအံ့သြနေရတာဖြစ်သည်။ သို့သော် ယခုတွင်တော့ ၎င်းက အရင်းအမြစ်များနှင့်ဆိုင်ကြောင်း သိသွားပြီးဖြစ်၏။
“ကျစ်၊ကျစ်၊ စိတ်အာရုံစွမ်းရည်က မထင်ရဘဲ တော်တော်လေး အသုံးဝင်သားဟ။”
စုယွမ် တိတ်တဆိတ်ချီးကျူးလိုက်၏။
သူ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများကိုတောင် တိတ်တိတ်လေးနားထောင်တာတောင်မှ ဘယ်သူမှမရိပ်မိသည်လေ။
သူသာ ဒီစွမ်းရည်မရှိပါက တပည့်သစ်လေးများကို ကူညီပေးမိမည်မဟုတ်။ တပည့်သစ်များအတွက် ပို၍ခံစားရလေလေ၊ ကျင့်ကြံရေးအပေါ်ထက်သန်မှုကလည်း ပို၍တိုးမြင့်လာမည်လေ။
“ရွှေအမြူတေအဆင့်ရှကွမ်းဝမ်းတဲ့လား။ ဒီလူအိုကြီးတွေက ငါ့ကိုတော်တော်မြင့်မြင့်တွေးထားကြတာပဲ။”
စုယွမ် မေးစေ့ကိုသပ်လိုက်သည်။
“ငါတို့ အရင်ဆုံးမသေမျိုးမျိုးစေ့တောင်ကြားဆီပြန်ကြတာပေါ့။ ငါတို့အပြင်ရောက်မှ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ဆီခေါ်သွားပေးမယ်။”
စုယွမ် ကလေးနှစ်ကောင်ကို ပြောလိုက်သည်။
ရှောင်လီကတော့ ချက်ချင်း တတ်ကြွလာတော့သည်။
“အပြင်ကမ္ဘာက ဘယ်လိုမျိုးလဲဟင်။”
စုယွမ် ပြုံးလိုက်သည်။
“မင်း မကြာခင်သိတော့မှာပဲ။”
သူ လျှို့ဝှက်နယ်မြေထဲကထွက်လိုက်၏။
ဤသို့ဖြင့် စုယွမ်ပုံရိပ်က လျှို့ဝှက်နယ်မြေ၏ငွေရောင်ဝင်ပေါက်တွင်ပြန်ပေါ်လာလေသည်။
လက်တစ်ချက်ယမ်းလိုက်ရာ အစိမ်းရောင်ကျောက်စိမ်းဘူးသီးတစ်ခုက လေထဲပေါ်လာ၏။
ထိုကျောက်စိမ်းက စုယွမ်လက်ဖဝါးထံ ပျံသန်းလာပြီး ထို့နောက်တွင် ပျောက်ကွယ်သွားတော့သည်။
သို့သော် လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်ကတော့ မပျောက်ကွယ်ပါပေ။ လွှင့်မြောအလင်းဘူးသီးခြောက်၏အစွမ်းနှင့် သူက အလိုရှိသလို လျှို့ဝှက်နယ်မြေကိုဖွင့်နိုင်မည်သာ။ သူ မသေမျိုးမျိုးစေ့မှထွက်သွားတာကလည်း ဘာကိုမှသက်ရောက်မည်မဟုတ်။ ယခုအတွက်တော့ သူ လျှို့ဝှက်နယ်မြေကို ဒီအတိုင်းသာထားလိုက်ချေမည်။
ဤသို့ဖြင့် စုယွမ်က လေထဲသို့ခုန်တက်ကာ ပျံသန်းသွားလိုက်၏။
စုယွမ် ဖြတ်သွားသည့်နေရာတိုင်းတွင်မူ ကြယ်အလင်းများကပါ လိုက်ပါလာပြီး ကောင်းကင်တစ်ခွင်ကိုလင်းစင်သွားစေလေ၏။