အခန်း ၇၀၉
Vol. 61 Ch. 709
အခန်း ၇၀၉
ချန်ကျဲ့ ပြောလိုက်သည်။
“အင်း ကြိုးစားထား”
ထို့နောက် ချန်ကျဲ့သည် စင်မြင့်ဆီသို့ ဦးတည်လှည့်ထွက်ခဲ့သည်။
ထိုစဉ် တောင်မြို့ တရုတ်ထီးပန်းပင်အောက်၌ ဟွမ်ဝမ်အာသည် သူမ၏ဝမ်းဗိုက်ကို ပွပ်သပ်ရင်း မျက်လုံးအစုံသည်တော့ အနောက်မြို့သို့ ငေးမျှော်ကြည့်နေခဲ့သည်။
သုကျွမ်းသည် သူမ၏ဘေးတွင် ထိုင်နေ၏။
“သခင်မက သခင်ကြီးချန်ရဲ့အခမ်းအနားကို ဒီလောက်ဂရုစိုက်နေတာပဲဟာ ဘာလို့ မသွားလိုက်တာလဲ”
ဟွမ်ဝမ်အာ ခေါင်းခါရမ်းလိုက်သည်။
“မဖြစ်ဘူး။ ဒီနေ့ နန်ပါးထျန်းရောက်လာပြီး ပြဿနာရှာမယ်ထင်ရတယ်။ ငါရှိနေတာက သခင်ကြီးချန်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်ရလိမ့်မယ်။ ပြီးတော့လည်း…”
ဟွမ်ဝမ်အာသည် ဆက်မပြောသေးဘဲ ခဏရပ်သွား၏။ ထို့နောက်မှ ဆက်ပြောသည်။
“သခင်ကြီးဘေးမှာ စူးယွင်ကျင်းရှိနေရင် လုံလောက်ပါပြီ။ ဒီလိုအချိန်မျိုးမှာ သခင်ကြီးက စူးယွင်ကျင်း အဖော်ပြုပေးနေမှာကို ပိုလိုလားတယ်လို့ ငါထင်တယ်”
ထိုအခါ သုကျွမ်းသည် အကြာကြီးတိတ်ဆိတ်သွားပြီး ပြန်ပြောသည်။“သခင်မသာ သခင်ကြီးချန်ကို ပြောလိုက်ရင် သခင်မကို သေချာပေါက် အတူခေါ်သွားမှာပါ”
ဟွမ်ဝမ်အာသည် သုကျွမ်းဘက်သို့ လှည့်ကြည့်လာပြီး ပြောသည်။
“မလိုဘူး။ ငါ အချစ်ခံရဖို့အတွက် မပြိုင်ဆိုင်ချင်ဘူး။ အဲဒီလိုအရာမျိုးအတွက် တခြားသူနဲ့ပြိုင်ဖို့ ငါဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး”
သုကျွမ်း တိတ်ဆိတ်သွား၏။ ခဏကြာပြီးနောက်မှ ပြောလာသည်။
“သခင်မက အများကြီး ပြောင်းလဲသွားပြီ…”
အတိတ်က ဟွမ်ဝမ်အာသည် အချစ်ခံရဖို့အတွက် ယှဉ်ပြိုင်ခြင်းဟူသည့် စကားလုံးကို ထုတ်ပြောလိမ့်မည်ပင် မဟုတ်ပေ။ သို့သော် ယခုတွင်တော့ သူမ၏သခင်မသည်… သာမန်အမျိုးသမီးတစ်ယောက်နှင့် တူနေလေပြီ။
ဖောင်း ဖောင်း ဖောင်း…
မီးရှူးမီးပန်းဖောက်သံများ ထွက်ပေါ်လာခဲ့ပြီး ခြံဝင်းငယ်ထဲသို့ ပြန်သွားပြီးနောက် ဟွမ်ဝမ်အာမှ မေးသည်။
“စပြီလား”
…
နေ့လယ်ခင်း ၁၁နာရီခွဲ၌ မီးရှူးမီးပန်းသံများ ထွက်ပေါ်လာသည်။
ထိုအချိန်၌ ဧည့်သည်အများစုသည် နေရာယူထားပြီးပြီ ဖြစ်သည်။ မရောက်သေးသူများကိုတော့ မစောင့်တော့ပေ။ မီးရှူးမီးပန်းသံများအကြား၌ စစ်ရှီးသည် စင်မြင့်ပေါ် နေရာယူလိုက်သည်။ ဒီနေ့အတွက် စစ်ရှီးသည် အခမ်းအနားမှူးအဖြစ် တာဝန်ယူရမည်ဖြစ်သည်။
စစ်ရှီးသည် ဧည့်သည်များကို အရိုအသေပြုလိုက်ပြီးနောက် စတင်ပြောသည်။
“ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ မျန့်ရွှေစီရင်စုရဲ့ အကြီးအကဲများနဲ့အထင်ကရပုဂ္ဂိုလ်ကြီးများ၊ ခေါင်းဆောင်အားလုံးနဲ့ သခင်ကြီးများ၊ စစ်ရှီးက ငါးဖမ်းကုန်သည်အဖွဲ့အစား အားလုံးကို ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ်”
“ဒီနေ့က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ၁၂ယောက်မြောက် ကုန်သည်အဖွဲ့ခေါင်းဆောင် ချန်ကျိုစစ်၊ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်ရဲ့ ရာထူးဆက်ခံပွဲအခမ်းအနားကျင်းပတဲ့ ရက်ထူးရက်မြတ်ဖြစ်ပါတယ်”
“ငါးဖမ်းကုန်သည်အဖွဲ့ညီနောင်များအားလုံးရဲ့ကိုယ်စား တက်ရောက်လာပေးကြတဲ့ လူကြီးမင်းအားလုံးကို ကျေးဇူးတင်ပါတယ်”
စစ်ရှီး ထပ်မံ၍ အလွန်ရိုကျိုးစွာ အရိုအသေပြုလိုက်သည်။ ထို့နောက် ကိုယ်ကိုပြန်မတ်ပြီး ကြေညာသည်။
“ဒါဆို စကားဦးသန်းတာတော့ ဒီလောက်ပါပဲ။ ဆက်ပြီးတော့ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ခေါင်းဆောင်အသစ် ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်ကို ဖိတ်ခေါ်ပါတယ်”
ထိုအခါ ချန်ကျဲ့သည် အနီးအနားရှိ လှေကားထစ်များမှတစ်ဆင့် စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။
ထိုအခိုက်အတန့်၌ အဓိကစားပွဲဝိုင်းတွင် လျိုလောင်ကွေ့သည် ရယ်မောလျက် ပြောသည်။
“ဒီလူငယ်လေးက အခမ်းအနားကို ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတာပဲ။ ငါ ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်လာတုန်းက စားသောက်ပွဲလေးနည်းနည်းနဲ့ သေရည်များများသောက်ပြီး ပြီးသွားခဲ့တာ။ ကျိုစစ်နဲ့ယှဉ်လိုက်ရင် ငါ့ဟာက ရိုးရှင်းလွန်းနေပါရောလား”
ထိုအခါ ချောင်ဟုန်ယန်မှ မှတ်ချက်ပြုသည်။
“အဲဒါက ခေါင်းဆောင်လျိုက လူမထင်ပေါ်အောင် နှိမ့်ချနေတတ်လို့လေ။ ချန်ကျိုစစ်လို အမြဲ လူထင်ပေါ်အောင်လုပ်နေတဲ့သူနဲ့တော့ ဘယ်တူပါ့မလဲ”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“မဟုတ်တာ မဟုတ်တာပါ မိန်းကလေးဟုန်ယန်။ လူထင်ပေါ်တာက ကောင်းတာပေါ့။ ကျိုစစ်လုပ်ထားတာကို ကြည့်ပါဦး။ အရမ်းစည်ကားသိုက်မြိုက်နေတာ။ နောက်ထပ်အချိန်အတော်ကြာအထိ ကျိုစစ်ရဲ့အခမ်းအနားကို ဘယ်သူမှ လိုက်မမီနိုင်မှာ စိုးမိပါရဲ့”
ထိုအခါ ချောင်ဟုန်ယန်သည်လည်း စင်မြင့်ဘက်သို့ကြည့်လိုက်သည်။ သူမ၏မျက်နှာထက်တွင် အသိအမှတ်ပြုခြင်းတို့ ထင်ဟပ်နေခဲ့သည်။
ချန်ကျဲ့၏အခမ်းအနားသည် ပြောစရာမလိုလောက်အောင် ထူးကဲပြီး လူကိုအမြင်ကျယ်စေပေသည်။ ချန်ကျိုစစ်၏ ဦးနှောက်သည် မည်သို့ အလုပ်လုပ်သည် မသိချေ။ အမြဲလိုလို ဆန်းသစ်သည့် အတွေးအကြံများကို ဖန်တီးနိုင်လေသည်။
လူများစွာတို့သည် တက်တက်ကြွကြွ ဆွေးနွေးပြောဆိုနေကြသည်။
တစ်ချိန်တည်းတွင် စင်နောက်ဘက်၌ ကျောက်ယာသည် လိုက်ကာစတစ်ဖက်ခြမ်းမှ အခမ်းအနားကို ကြည့်ရှုနေခဲ့သည်။ ဤသို့အခမ်းအနားမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးလေရာ အတော်လေး စိတ်ဝင်စားဖို့ကောင်း၏။
သူတို့တွေးတောနေစဉ် ချန်ကျဲ့သည် စင်မြင့်ထက်တွင် ရောက်ရှိနေလေပြီ။
ဧည့်သည်များသည် ချန်ကျဲ့ကို မြင်တွေ့ပြီးနောက်တွင် ချန်ကျဲ့မှာ မည်မျှချောမောခံ့ညားနေကြောင်းကို မထိန်းချုပ်နိုင်စွာ ပြောဆိုမိရလေသည်။
အနက်ရောင်ဝတ်ရုံထက်တွင် ရွှေချည်မျှင်တို့ဖြင့် သားရဲတစ်ကောင်၏ ရွှေမျက်လုံးကို ချည်ထိုးထားရာ နေရောင်အောက်ရှိ ချန်ကျဲ့၏ပုံရိပ်ကို ပို၍ ခမ်းနားထည်ဝါစေသည်။
ထို့ပြင် ချန်ကျဲ့၏ ငယ်ရွယ်သည့် ပွင့်အာစ ပန်းတစ်ပွင့်ကဲ့သို့ အသက်အရွယ်နှင့် သူ၏ချောမောသည့်မျက်နှာကြောင့် အနာဂတ်မျိုးဆက်သစ်များစွာတို့၏ အသွင်အပြင်များထက် များစွာပို၍ ဆွဲဆောင်မှုရှိပေသည်။
ကြည့်ရှုနေကြသည့် ဧည့်ပရိသတ်အပေါင်းမှာ ချန်ကျဲ့၏အသွင်အပြင်ကို မထိန်းချုပ်နိုင်စွာ ချီးမွမ်းမိကြရသည်။
အသက်၁၉နှစ်အရွယ် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟူသည် မျန့်ရွှေတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်အရာဖြစ်သည်။ သူရဲကောင်းများဟူသည် လူငယ်များထဲမှ ထွက်ပေါ်လာသည်ဟူသည့် ဆိုရိုးရှိသော်ငြား ချန်ကျိုစစ်သည် အရမ်းငယ်ရွယ်လွန်းပေသည်။
ချောင်ဟုန်ယန်မှ လျိုလောင်ကွေ့ကို မေးသည်။
“ခေါင်းဆောင်လျို ရှင်ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်တော့ အသက်ဘယ်လောက်လဲ”
လျိုလောင်ကွေ့သည် မျက်နှာထားတည်တည်ဖြင့် ပြန်ပြောသည်။
“၃၆”
ချောင်ဟုန်ယန်မှ ပြောသည်။
“ချန်ကျိုစစ်က ၁၉နှစ်ပဲ ရှိသေးတယ်”
ဤသို့အရွယ်တွင် ဤမျှအောင်မြင်မှုကို ရယူနိုင်ခဲ့ရာ ချန်ကျိုစစ်၏အနာဂတ်မှာ အတိုင်းအဆ အကန့်အသတ် မရှိနိုင်ချေ။
အချို့ဆိုလျှင် မျန့်ရွှေစီရင်စု သေးသေးကလေးမှာ ချန်ကျိုစစ်ကဲ့သို့ စစ်မှန်သည့်နဂါးတစ်ကောင်အတွက် သိမ်နုပ်လွန်းသည်ဟု တွေးမိကြလေသည်။
အားလုံး အတွေးကိုယ်စီ နစ်မြောနေစဉ် ချန်ကျဲ့သည် စင်ပေါ်တွင် ရပ်လျက် အတွင်းအားကို အသုံးပြုကာ ပြောသည်။
“ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ကို ချန်ကျိုစစ် ဂါရဝပြုပါတယ်”
ထို့နောက် ချန်ကျဲ့ ဆက်ပြောသည်။
“ဒီနေ့ အားလုံးလည်း အလုပ်များနေတဲ့ကြားက ကျွန်တော့်ရဲ့ ရာထူးဆက်ခံပွဲအခမ်းအနားကို တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့ကာ နှစ်တစ်ရာကျော်သမိုင်းကြောင်းရှိတဲ့ ကုန်သည်အဖွဲ့တစ်ခုပါ။ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက တံငါသည်ကျောက်သာ့က တံငါသည်မိသားစု၁၀စုနဲ့ ပူးပေါင်းပြီး ဒေသခံတွေကို ဖိနှိပ်မှုကို ဆန့်ကျင်ခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အစပါပဲ။ အဲဒီနောက်တော့ ငါးဖမ်းကုန်သည်အဖွဲ့ဟာ လှေသင်္ဘောငါးရာနီးပါး ပိုင်ဆိုင်လာခဲ့တယ်…”
လူနှစ်ထောင်၊သုံးထောင်ခန့်သော အဖွဲ့အစည်းကြီးကို ဦးဆောင်မည့် ခေါင်းဆောင်တစ်ဦးအဖြစ် ရာထူးဆက်ခံရမည်ဖြစ်ရာ အဘယ်သို့များ တရားဝင်စကားပြောဆိုခြင်းကို ချန်ထားခဲ့နိုင်ပါမည်နည်း။
ချန်ကျဲ့သည် ယခုတွင် ငါးဖမ်းကုန်သည်အဖွဲ့ကို သူ၏အရင်ဘဝက စီမံခန့်ခွဲမှုနည်းလမ်းများအတိုင်း အုပ်ချုပ်စီမံနေခြင်းဖြစ်သည်။
ဤနည်းလမ်းသည် အတော်လေး အဆင့်မြင့်ပါ၏။
ချန်ကျဲ့ စကားပြောနေစဉ် ဝင်ပေါက်ဆီမှ ထိတ်လန့်ဖွယ်အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် ကျယ်လောင်သည့် ဆောင့်မိသံနှင့်အတူ ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက်မှာ စားပွဲတစ်လုံးပေါ်သို့ ပစ်ထုတ်ခံလိုက်ရလေသည်။
စားပွဲသည် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားပြီး ပစ်ထုတ်ခံလိုက်ရသည့် အဖွဲ့သားလေးသည် နာကျင်စွာ ညည်းညူနေသည်။
ရုတ်တရက် ဆူပူမှုကြောင့် အားလုံးသည် ထိတ်လန့်တကြားဖြင့် ဝင်ပေါက်ဘက်သို့ ကြည့်လိုက်ကြသည်။ ရှောင်ဟူနှင့် ကျိုးချူတို့သည် အဖွဲ့သားများကို ဦးဆောင်၍ ဝင်ပေါက်ဆီသို့ သွားနေလေပြီ။ ချန်ကျဲ့လည်း မျက်လုံးမှေးကျုံ့လိုက်သည်။ ဝင်ပေါက်ရှိလူသည် မောက်မာထောင်လွှားစွာ ပြော၏။
“ဟားဟားဟား… ချန်ကျိုစစ် ကြီးကျယ်လိုက်တဲ့အခမ်းအနားကြီးပါလား။ ငါမရှိဘဲနဲ့ မင်းဘယ်လိုများ ခေါင်းဆောင်နေရာကို ဆက်ခံရဲရတာလဲ”
ထိုအသံကိုကြားသည်တွင် အားလုံးသည် ဝင်ပေါက်ရှိ ထိုလူကို လှည့်ကြည့်လိုက်ကြသည်။