အခန်း ၇၁၀
Vol. 61 Ch. 710
အခန်း ၇၁၀
ထို့နောက် နန်ပါးထျန်းသည် အနက်ရောင်ဝတ်လူတစ်စုကို ဦးဆောင်ကာ ပွဲခန်းမထဲ စီးနင်းဝင်ရောက်လာသည်။ ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် အဖွဲ့သားငယ်များအားလုံး ပစ်ထုတ်ခံလိုက်ရ၏။ ထိုအနက်ရောင်လူတစ်စု၏ လက်ထဲမှ ဓားလက်နက်များကို ကြည့်ရုံဖြင့် ဤလူများမှာ ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းမဟုတ်ကြောင်း သိသာလှသည်။
ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျုံ့လိုက်သည်။
ရှောင်ဟူနှင့် ကျိုးချူတို့သည် ရှေ့တက်ပြီး ထိုလူအုပ်စုကို ဟန့်တားရန်ပြင်သည်။ သို့သော် ချန်ကျဲ့မှ ပြောသည်။
“ရှောင်ဟူ ကျိုးချူ”
နှစ်ဦးသား ချက်ချင်း ရပ်တန့်လိုက်၏။ ချန်ကျဲ့သည် နန်ပါးထျန်းကို မျက်လုံးမှေးကျဉ်းလျက် ကြည့်နေပြီးနောက် ပြုံးလိုက်သည်။
“အို ဒါက ခေါင်းဆောင်နန်မဟုတ်လား”
“ကျွန်တော့်ရဲ့ရာထူးဆက်ခံပွဲက တစ်ခုခုလိုနေပါတယ်မှတ်တာ လက်စသတ်တော့ ခေါင်းဆောင်နန်ရဲ့ကောင်းချီးကို လိုအပ်နေတာ ဖြစ်နေတာပဲ။ အခု ခေါင်းဆောင်နန်က ပွဲတက်ရောက်ပြီး ကောင်းချီးပေးလာမှတော့ ကျွန်တော်တို့ကလည်း ဧည့်ခံပေးရမှာပေါ့။ တစ်ယောက်ယောက် ခေါင်းဆောင်နန်အတွက် ထိုင်ခုံယူလာပေးပါဦး။ ခေါင်းဆောင်နန် စားသောက်ပွဲပြီးမှ ပြန်ပေါ့လေ”
ထိုအခါ အားလုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ အားလုံးသည် နန်ပါးထျန်းအား စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။
ကြည့်ပါဦး။ ဒါက ချန်ကျိုစစ်ရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံပဲ။ အခြေအနေတင်းမာနေတဲ့အချိန်မှာတောင် အားသုံးဖြေရှင်းမယ့်အစား လောကဝတ်ကို အရင်အလေးထားဖို့ကြိုးစားတယ်။ သဘောထားကြီးတယ်ဆိုတာ ဒါပဲပေါ့။
သို့သော် ယခုတွင် လူများ စိတ်အဝင်စားဆုံးေသာအရာမှာ နန်ပါးထျန်း၏ ပြန်လည်တုံ့ပြန်မှုဖြစ်သည်။
ထို့ကြောင့် အားလုံး၏အကြည့်များသည် နန်ပါးထျန်းထံ ကျရောက်နေတော့သည်။
နန်ပါးထျန်းမှ ဤအခြေအနေအား မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သူတို့အားလုံး သိချင်နေကြသည်။
နန်ပါးထျန်းသည် မျက်မှောင်ကြုတ်လျက် ကြည့်နေပြီးနောက် မျက်နှာအမူအရာသုန်မှုန်စွာဖြင့် ပြောသည်။
“ချန်ကျိုစစ် သစ္စာဖောက်ကောင်၊ မတရားရာထူးသိမ်းတဲ့ လူယုတ်မာကောင်၊ မင်းဘက်က အသာစီးရနေတယ်ဆိုတာနဲ့ ငါ့ကို ထိန်းချုပ်ရနိုင်မယ်ထင်မနေနဲ့။ ငါဒီကိုလာတာ မင်းရဲ့ရာထူးဆက်ခံပွဲကို တက်ဖို့မဟုတ်ဘူး။ မင်းအသက်ကို နုတ်ယူဖို့လာတာပဲ။ ခွေးကောင် မင်းအောက်ဆင်းလာခဲ့စမ်း”
နန်ပါးထျန်းသည် ချန်ကျဲ့ကို လက်ညှိုးထိုးလျက် အော်ငေါက်၏။ သို့သော်ငြား ချန်ကျဲ့သည် ပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင်နန် ခင်ဗျား ကိုယ့်ကိုယ်ကိုယ် လွန်ခဲ့တဲ့နှစ်ဝက်က ချန်ကျိုစစ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်။ အဲဒီတုန်းက ကျွန်တော်လည်း ခင်ဗျား ခုနကပြောတဲ့စကားနဲ့ ဆင်တူတဲ့စကားကို ပြောခဲ့တယ်လေ”
“ဒါပေမဲ့ အဲဒီတုန်းက စင်ပေါ်မှာရပ်နေတာက အဖေကိုပြန်သတ်တဲ့လူသတ်သမား ဖုန်းရွှမ်နဲ့ သူ့ရဲ့အပေါင်းအပါဖြစ်တဲ့ ခင်ဗျားဖြစ်ခဲ့တာလေ”
“အဲဒီတုန်းက ကျွန်တော့်မှာ တရားမျှတမှုကို ရှာဖွေဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ ခင်ဗျားလို မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတဲ့ သူပုန်တစ်ယောက်က ကျုပ်အိမ်ကိုလာပြီး ခွေးရူးလို ဟောင်ရဲတယ်ပေါ့လေ။ ဘယ်ကနေ သတ္တိတွေရလာတာလဲ ခင်ဗျားက”
နန်ပါးထျန်းမှ ဒေါသတကြီး ပြောသည်။
“မင်း မတရားရာထူးသိမ်းယူတဲ့ သူပုန်ကောင်ကများ ငါ့ကိုအော်ရဲတယ်ပေါ့လေ၊ သေလိုက်တော့”
ထိုစကားတွင် စားပွဲဝိုင်းတစ်ဝိုင်းတွင် ထိုင်နေသည့် လူတစ်ယောက်မှ ထရပ်လာကာ ပြောသည်။
“နန်ပါးထျန်း မင်းရဲ့သတ္တိကိုပဲ ချီးကျူးရမလား ဒါမှမဟုတ် ကိုယ့်အခြေအနေကိုယ် ရှင်းရှင်းလင်းလင်း မသိနိုင်တာကိုပဲ သနားရမလား ငါတကယ်မသိတော့ဘူး။ သခင်ကြီးယဲ့လု ရှိနေတာကိုတောင် မင်းက ဒီလိုနှောင့်ယှက်ရဲတယ်ပေါ့လေ။ မင်းကိုယ်မင်း ဝရမ်းပြေးဆိုတာကိုရော သိသေးရဲ့လား။ မင်းအရမ်းသေချင်နေတယ်ဆိုရင်လည်း ငါ့ကို မညှာတာလို့ဆိုပြီး အပြစ်မတင်နဲ့တော့”
လျိုလောင်ကွေ့သည် နေရာမှ ခုန်ပျံကာ နန်ပါးထျန်း၏ရှေ့၌ ပိတ်ရပ်လိုက်သည်။
နေရာတွင်ထိုင်နေသည့် ယဲ့လုဖုန်းသည် မျက်မှောင်ကြုတ်နေ၏။
နန်ပါးထျန်းရောက်လာတာ ထူးဆန်းနေတယ်။
ချီမုကောမှ ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီး”
ယဲ့လုဖုန်း မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်သည်။
“နန်ပါးထျန်းရဲ့အခြေအနေကို စမ်းသပ်ကြတာပေါ့”
ထိုအခါ ချီမုကောသည်လည်း ဓားကိုကိုင်ဆောင်၍ နန်ပါးထျန်းရှေ့သို့ ခုန်ကျော်သွားကာ လျိုလောင်ကွေ့နှင့်အတူ ပိတ်ရပ်လိုက်သည်။
နန်ပါးထျန်းသည် နည်းနည်းလေးမှ စိုးရိမ်ပူပန်ခြင်းမရှိချေ။ သူသည် သူ၏ရှေ့ရှိ လူနှစ်ယောက်ကို ကြည့်နေပြီး ဘာမှမပြောပေ။ ထိုစဉ် လေဟာနယ်ထဲမှ သံကြိုးဓားတစ်လက် ရုတ်တရက် ထွက်ပေါ်တိုက်ခိုက်လာ၏။
လျိုလောင်ကွေ့နှင့် ချီမုကောတို့သည် ထိတ်လန့်သွားလျက် အမြန် နောက်ဆုတ်ရှောင်တိမ်းလိုက်သည်။ ထို့နောက် ဓား၏လားရာကို ကြည့်လိုက်ကြသည်။
ထိုအခါ မနီးမဝေးရှိ တံစက်မြိတ်ထက်တွင် ထိုင်နေသည့် နှစ်လိုဖွယ်ဆွဲဆောင်မှုဖြင့် လှပသော အမျိုးသမီးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးမှ ပြောသည်။
“မလှုပ်နဲ့။ ငါဒီနေ့ သွေးမမြင်ချင်ဘူး”
ထိုအခါ လျိုလောင်ကွေ့နှင့် ချီမုကောတို့နှစ်ဦးစလုံး တွန့်ဆုတ်သွားကြပြီး အမျိုးသမီးကို တစ်ဖန်ပြန်ကြည့်လိုက်ကြသည်။
အမျိုးသမီးမှ လက်ဟန်ပြလိုက်ရာ သံကြုံးဓားသည် သူမထံ ပြန်လည် ပျံသန်းသွားသည်။
လျိုလောင်ေကွ့တို့နှစ်ဦးမှ ထိတ်လန့်အံ့အားသင့်လျက် ပြောသည်။
“သူက ဟိုနေ့ညက နန်ပါးထျန်းကို လာကယ်သွားတဲ့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်ပဲ”
ထိုအခါ ယဲ့လုဖုန်းသည် မျက်မှောင်ကြုတ်နေပြီး ဘာမှမပြောပေ။ ထို့နောက် အမျိုးသမီးမှ ပြောသည်။
“လူကြီးမင်းတို့ ကျွန်မရဲ့ဆရာတူအစ်ကိုကို ဖြတ်သွားခွင့်ပေးလိုက်ပါ။ ကျွန်မတို့ တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး။ ဒါပေါ့ ရှင်တို့နှစ်ယောက် ကျွန်မကို အနိုင်တိုက်နိုင်မယ်ထင်ရင်လည်း တိုက်ခိုက်လို့ရပါတယ်”
လျိုလောင်ကွေ့နှင့် ချီမုကောသည် လက်သီးကျစ်ကျစ်ဆုပ်လိုက်ရင်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ သူတို့ မတိုက်ခိုက်ရဲပေ။
တစ်ဖက်လူသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်သောကြောင့် သူတို့တွင် အနိုင်ရမည့် ယုံကြည်ချက်မရှိချေ။
သို့သော် ဒီတိုင်းကြီး နောက်ဆုတ်လိုက်ပါကလည်း သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်ပေသည်။
သူတို့နှစ်ဦး ဘေးကျပ်နံကျပ်ဖြစ်နေစဉ် ချန်ကျဲ့မှ ပြောသည်။
“ညီနောင်တို့ ဒီအမျိုးသမီးက ညီနောင်တို့ကို မလှုပ်ရှားဖို့တောင်းဆိုထားမှတော့ ဒီတိုင်းငြိမ်နေလိုက်ကြပါ။ ကြည့်ရတာ ဒီနေ့ကိစ္စက ကျွန်တော်နဲ့ နန်ပါးထျန်းနှစ်ယောက်ကြား ရှင်းရမယ်ထင်ပါတယ်”
ထိုအခါ နန်ပါးထျန်းသည် အမျိုးသမီးကို မကျေမချမ်း စိုက်ကြည့်လျက် ပြောသည်။
“ညီနောင်ချန် ကြည့်ရတာ ငါဒီနေ့တော့ မင်းအတွက် အကူအညီမဖြစ်နိုင်လောက်တော့ဘူး”
ချန်ကျဲ့ ပြုံးလိုက်သည်။
“အစ်ကိုလျို ဒီနေ့ပွဲကို ဧည့်သည်အဖြစ် တက်ရောက်ပေးတာကပဲ ကျွန်တော့်ကို ကူညီပြီးသားဖြစ်နေပါပြီ”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ငါ တကယ်စိတ်မကောင်းပါဘူး ကျိုစစ်။ ဒါပေမဲ့ နန်ပါးထျန်း မင်းရဲ့အဲဒီဆရာတူညီမကို ခေါ်လာရုံနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ အခု မင်းက ဝရမ်းပြေးတစ်ယောက်ပဲ။ ငါတို့ မင်းကို မဟန့်တားရင်တောင်မှ တော်ဝင်နန်းတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
နန်ပါးထျန်းမှ ပြောသည်။
“ဟမ့် ငါဘာလုပ်လုပ် မင်းနဲ့မဆိုင်ဘူး။ ငါဒီနေ့လာခဲ့တာက ကိစ္စတွေကို သေချာဖြေရှင်းဖို့ပဲ။ ချန်ကျိုစစ် မင်းငါ့ကို ပြင်းပြင်းထန်ထန် မတရားထောင်ချောက်ဆင်ခဲ့တယ်။ ဒီနေ့က မင်းပြန်ပေးဆပ်ရမယ့်နေ့ပဲ”
သို့တိုင် ချန်ကျဲ့သည် နန်ပါးထျန်း၏စကားများကြောင့် ဒေါသမထွက်ပေ။ သူ၏အကြည့်များသည် လှပသည့်အမျိုးသမီးထံတွင်သာ ရစ်ဝဲနေခဲ့သည်။
အကြောင်းမှာ သူမ၏ လှပမှုကို နှစ်ခြိုက်သောကြောင့် မဟုတ်ပါဘဲ ထိုအမျိုးသမီးသည် ဟွမ်ဝမ်အာနှင့် အတော်ဆင်တူနေသောကြောင့်သာ ဖြစ်သည်။ သေချာမကြည့်ရှုမိပါက သူမကို ဟွမ်ဝမ်အာ၏အစ်မဟုပင် ထင်မိလောက်ပေသည်။
ထိုအမျိုးသမီးကိုမြင်တွေ့ရသည်တွင် ချန်ကျဲ့ နန်ပါးထျန်း၏ အတွေးတို့ကို နားလည်သွားခဲ့သည်။
ဟွမ်ဝမ်အာကို သူ့ဆရာတူညီမရဲ့ အစားထိုးအဖြစ် လက်ထပ်ထားတာလား။
ထိုသို့တွေးလျက် ချန်ကျဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းသည် မောက်မာထောင်လွှား၍ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲစွာသော အပြုံးဖြင့် ရပ်နေသည်။ ထိုသို့နန်ပါးထျန်းကို မြင်ရသည်တွင် ချန်ကျဲ့ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏။
သခင်ကြီးယဲ့လုရှိနေတာတောင်မှ နန်ပါးထျန်းက ဒီလိုပြဿနာရှာရဲနေတာ သေချာပေါက် ပြင်ဆင်ထားတာရှိလို့ပဲဖြစ်လိမ့်မယ်။
သူ့ရဲ့ဆရာတူညီမရှိတယ်ဆိုပေမဲ့ သခင်ကြီးယဲ့လုကလည်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲလေ။ သူ့ဆရာတူညီမတစ်ယောက်တည်းအင်အားနဲ့ မလုံလောက်တာ ရှင်းနေတာပဲကို သူဒီလိုလာပြီး ပြဿနာရှာရဲတာ သူ့နောက်မှာ ကျောထောက်နောက်ခံတစ်ယောက်ယောက်ရှိနေတယ်လို့ ညွှန်ပြနေတာပဲ။