အခန်း ၇၁၁
Vol. 61 Ch. 711
အခန်း 711
သို့သော် ချန်ကျဲ့သည် အရမ်းလည်း ဂရုမစိုက်ပါချေ။ သူ့တွင် အစီအစဉ်ရှိထားပြီးဖြစ်သည်။ သူ့နောက်တွင် ခရိုင်မင်းသမီးရှိနေပြီး ခရိုင်မင်းသမီး၏လက်အောက်တွင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်ဖြစ်သည့် အားသာ့၊ အားအာ့နှင့် အားစန်းတို့သုံးဦးရှိသည်။
ဤ၇ရက်အတွင်း၌ ချန်ကျဲ့သည် သူ၏တန်ဖိုးကို အပြည့်အဝ ပြသခဲ့ပြီးဖြစ်သည်။
နန်ပါးထျန်းတွင် ဝှက်ဖဲရှိနေလျှင်သော်မှ ချန်ကျဲ့၏နောက်တွင် ခရိုင်မင်းသမီးရှိ၏။ နန်ပါးထျန်းတွင် သူ့ကိုထောက်ပံ့ပေးမည့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သုံးယောက်ရှိလိမ့်မည်ဟု ချန်ကျဲ့ မယုံကြည်ပေ။
သို့ဖြင့် ချန်ကျဲ့သည် နန်ပါးထျန်းကို အရေးမထားဟန်ဖြင့် ကြည့်နေခဲ့သည်။
နန်ပါးထျန်းသည် ချန်ကျဲ့၏ အရေးမထားဟန်သောအပြုအမူကြောင့် ဒေါသထွက်သွားခဲ့ကာ ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်လျက် ပြောသည်။
“ချန်ကျိုစစ် သစ္စာဖောက်လူယုတ်မာကောင်၊ မတရားရာထူးသိမ်းတဲ့ကောင်..
ဒီနေ့က မင်းရဲ့သေနေ့ပဲ”
ချန်ကျဲ့မှ နန်ပါးထျန်းကို ပြောသည်။
“ခေါင်းဆောင်နန် ကျုပ် ခင်ဗျားကို လေးစားမှုထားတဲ့အနေနဲ့ ခေါင်းဆောင်လို့ တပ်ခေါ်ပေးလိုက်မယ်။ ကျုပ်က ရာထူးကို မတရားသိမ်းယူခဲ့တာလို့ ခင်ဗျားပြောတယ်နော်၊ ကျုပ် အဲဒီစကားကို လက်မခံနိုင်ဘူး။ ခင်ဗျားက တော်ဝင်နန်းတော်က အလိုရှိနေတဲ့ ဝရမ်းပြေးပဲ။ ခင်ဗျားလိုလူကများ ကျုပ်ကို ရာထူးမတရားသိမ်းယူတယ်လို့ စွပ်စွဲရဲသလား။ ကျုပ် ရာထူးဆက်ခံတာက အရေးပေါ်လိုအပ်မှုကြောင့်ပဲ။ ဒီလိုမှမလုပ်ရင် ငါးဖမ်းကုန်သည်အဖွဲ့ကြီးတစ်ခုလုံးက ပြန်လမ်းမရှိအောင် ပျက်သုဉ်းသွားတော့မှာမို့လို့ပဲ”
“ပြီးတော့ ဒုတိယအချက်၊ ငါးဖမ်းကုန်သည်အဖွဲ့က လူထုရဲ့နှလုံးသားကို သိမ်းယူနိုင်တဲ့သူက အနိုင်ရတယ်ဆိုတဲ့မူဝါဒကို အမြဲကျင့်သုံးလာခဲ့တာ။ ခင်ဗျား ကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးမှာ ထိုင်နေတုန်းက ဘယ်လိုအကျိုးကျေးဇူးတွေများ ဆောင်ကြဉ်းပေးခဲ့ဖူးလို့လဲ။ ကုန်သည်အဖွဲ့သားတွေအတွက် ဘာကောင်းကျိုးတွေများ လုပ်ဆောင်ပေးခဲ့ဖူးလို့လဲ။ ခင်ဗျားလုပ်သမျှက အဖွဲ့သားတွေကို စွန့်စားခိုင်းပြီး ခွေးလိုဝက်လို ဆက်ဆံတာပဲရှိတာ။ ခင်ဗျားရဲ့အဲဒီလိုလုပ်ကိုင်ပုံမျိုးနဲ့ ဒီနေရာမှာ ဘယ်လိုတောင် လာဟောင်နေရဲသေးတာလဲ။ ခင်ဗျား ငါးဖမ်းကုန်သည်အဖွဲ့သားထောင်ချီရဲ့ဆန္ဒကို မေးကြည့်သင့်တယ် မဟုတ်ဘူးလား”
“ကျုပ်ကို ခေါင်းဆောင်ဖြစ်စေချင်လား ခင်ဗျားကို ခေါင်းဆောင်ဖြစ်စေချင်လားလို့ ခင်ဗျား သူတို့ကို မေးကြည့်လိုက်လေ”
ထိုအခါ နန်ပါးထျန်းသည် သူ၏ပတ်ပတ်လည်တွင် စုဝေးဝန်းရံနေကြသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်၌ ငါးဖမ်းကုန်သည်အဖွဲ့သားများမှ ကြွေးကြော်ကြသည်။
“ကျွန်တော်တို့က ခေါင်းဆောင်ချန်ကိုပဲ ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပါတယ်”
“ဟုတ်တယ်။ ခေါင်းဆောင်ချန်က ကျွန်တော်တို့်ရဲ့ကုန်သည်အဖွဲ့ခေါင်းဆောင်ပဲ။ ကျွန်တော်တို့ ခေါင်းဆောင်ချန်ကိုပဲ အသိအမှတ်ပြုတယ်”
“ဟုတ်တယ် ခေါင်းဆောင်ချန်ကိုပဲ အသိအမှတ်ပြုတယ်”
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုကြသည်။ ထိုစဉ် လူတစ်ယောက်မှ ကြိမ်းမောင်း၏။
“နန်းပါးထျန်း မင်းကိုယ်မင်း ငါတို့ရဲ့ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်တယ်ထင်နေလား။ ထွက်သွားစမ်း”
နောက်တဒင်္ဂ၌ အဖွဲ့သားအားလုံးမှ တစ်ညီတစ်ညွတ်တည်း ဒေါသတကြီး အော်ဟစ်ကြတော့သည်။
“ထွက်သွားစမ်း ထွက်သွား ထွက်သွား”
အတော်ကြာသည်အထိ ခြံဝင်းကြီးတစ်ခုလုံးမှာ “ထွက်သွားစမ်း”ဟူသည့် အသံများဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။ နန်ပါးထျန်း၏မျက်နှာမှာ ဒေါသထွက်လွန်း၍ ဖြူဆုတ်သွားရသည်အထိပင်။ မျက်လုံးအစုံသည်တော့ ဒေါသကြောင့် နီရဲနေ၏။ လူပေါင်းထောင်ချီ၏ “ထွက်သွား”ဟု အော်ဟစ်နှင်ထုတ်ခံရခြင်းသည် အလွန်ဆိုးရွားလှသည့် အရှက်ရမှုကြီးဖြစ်ပေသည်။
ယွီမန်အာသည် အုံကြွအော်ဟစ်နေသည့် အဖွဲ့သားထောင်ချီကို ကြည့်နေရင်း မျက်နှာအမူအရာ ပျက်ယွင်းသွားရလေသည်။ ထို့နောက် နန်ပါးထျန်းကိုကြည့်ပြီး ရေရွတ်၏။
“တကယ်အမှိုက်ကောင်ပဲ”
ယဲ့လုဖုန်းသည်လည်း ချန်ကျဲ့၏ လူအများထံမှ သစ္စာခံမှုအား ရယူနိုင်သည့် အရည်အချင်းကို မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်၌ ကျောက်ယာသည် သူမ၏ရှေ့ရှိ ဆူပူအုံကြွမှုကိုကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့သည်။
“ဒါက စနစ်ရဲ့အင်အားပဲ။ ချန်ကျိုစစ်က အရမ်းအရည်အချင်းရှိတာပဲ။ ငါးဖမ်းကုန်သည်အဖွဲ့ကြီးတစ်ခုလုံးက သူ့ကို ဘယ်လောက်တောင် မြန်မြန်ကြီး နာခံလာလဲ ကြည့်စမ်းပါဦး”
ဒီစနစ်နဲ့ ရူနန်စစ်တပ်တစ်ခုလုံးကို ပြင်ဆင်ဖွဲ့စည်းနိုင်ရင် ငါ့အဖေတော့ အရမ်းကိုမှ အင်အားကြီးမားတဲ့ အင်အားကို ပိုင်ဆိုင်နိုင်တော့မှာပဲ။
နန်ပါးထျန်းသည် ခံနိုင်ရည်မရှိတော့သည်။ သူ့ကိုယ်သူ ဘုရင်တစ်ပါးကဲ့သို့ ပြန်လာနိုင်လိမ့်မည်ဟု တွေးထားခဲ့ပြီး သူ၏စကားတစ်ခွန်းဖြင့်ပင် ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးကို သူ့နောက်တွင် ရပ်တည်စေနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ တရားမျှတမှုရှာဖွေခြင်းအမည်ခံဖြင့် အရှိန်အဝါကြီးမားသည့် ပြန်လာခြင်းအဖြစ် ချန်ကျိုစစ်ကို ရှင်းထုတ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သူ့ကိုယ်သူ မျန့်ရွှေ၏နံပါတ်တစ်အဖြစ် ရပ်တည်နိုင်ကာ သူဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်လည်ရယူနိုင်မည်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုတွင်မူ အားလုံး၏ ဝိုင်ဝန်းနှင်ထုတ်ခြင်းကို ခံနေရလေသည်။
အောက်တန်းစားအဖွဲ့သားတွေကများ ငါ့ကိုအော်ရဲတယ်။ မင်းတို့ အသက်ရှင်ရတာကို စိတ်ကုန်နေကြပြီလား။
နန်ပါးထျန်းသည် အရှက်ရခြင်းသော ခံစားချက်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် ရှက်ရွံ့မှု၊ဒေါသတို့ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
“ချန်ကျိုစစ် ခွေးကောင် သေလိုက်တော့”
ထိုသို့ဆိုလျက် နန်ပါးထျန်းသည် ချန်ကျဲ့ထံ တစ်ဟုန်ထိုး ဦးတည်တိုက်ခိုက်သည်။
နေရာရှိလူအားလုံးသည် စင်မြင့်ထက်သို့ အကြည့်ပြောင်းသွားကြ၏။ ယဲ့လုဖုန်းသည်လည်း မျက်မှောင်သာကြုတ်လျက် ဘာမှမလှုပ်ရှားဘဲ နန်ပါးထျန်းမှ ချန်ကျဲ့ကို တိုက်ခိုက်စေရန် ခွင့်ပြုထားလိုက်သည်။
နန်ပါးထျန်းသည် အေးစက်စက်မြူနှုင်းမှုန်များ သူ၏လက်ဖဝါးမှ ထွက်ပေါ်စေကာ ရေခဲလက်ဝါးသိုင်းဖြင့် ချန်ကျဲ့ကို တိုက်ခိုက်သည်။
ချန်ကျဲ့ စိတ်နှလုံးလေးလံသွား၏။ နောက်ဆုံးတစ်ခေါက်က နန်ပါးထျန်းသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည် မဟုတ်ပါလော။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်နှင့် ယှဉ်တိုက်ရပါက သူ အနိုင်မတိုက်နိုင်လောက်ပေ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ စိတ်နှလုံးမှာ ပို၍လေးလံသွား၏။ သို့သော် သူမကြောက်ရွံ့ပေ။ တန်ပြန်တိုက်ခိုက်ရန် လက်မြှောက်လိုက်သည်။
နဂါးဟိန်းဟောက်သံ ရုတ်ချည်းထွက်ပေါ်လာ၏။ နဂါးနိုင်လက်ဝါးသိုင်းပင်..။
လက်ဝါးသိုင်းကွက်နှင့်အတူ နဂါးဟိန်းဟောက်သံ တစ်ဆက်တည်း ထွက်ပေါ်လာသည်။
အားလုံးမှာ တိုက်ပွဲမြင်ကွင်းတွင် ညှို့ယူဖမ်းစားခံလိုက်ရသည်။ ယွီမန်အာလည်း အံ့ဩသွား၏။
နဂါးနိုင်လက်ဝါးသိုင်း၊ နဂါးနိုင်လက်ဝါးသိုင်းပဲ။
ထိုအခိုက်အတန့်၌ တစ်ချိန်လုံး ကြားမဝင်ဘဲ စောင့်ကြည့်နေသည့် ပြည်နယ်မြို့စောင့်တပ်မှူးပါးထန်သည်လည်း တန့်သွားရပြီး မျက်လုံးအိမ်တို့မှေးကျုံ့လိုက်သည်။
နဂါးနိုင်လက်ဝါးသိုင်းပါလား။ ဒီမှာ ဒီလိုရတနာမျိုးနဲ့ ကြုံတွေ့ရဖို့ မျှော်လင့်မထားမိဘူးပဲ ဟား ဟား…
ထိုသို့အတွေးဖြင့် သူ၏မျက်လုံးအစုံမှာ လောဘဖြင့် တောက်ပလာခဲ့သည်။
ထို့နောက်တွင် ချန်ကျဲ့နှင့် နန်ပါးထျန်းတို့၏ သိုင်းကွက်များ ထိခတ်သွားသည်။ ချန်ကျဲ့ နောက်သို့ နှစ်လှမ်းဆုတ်သွားရသည်။ နန်ပါးထျန်းမှ သူ၏အောင်နိုင်မှုအတွက် ရှေ့ဆက်တိုးလုနီးတွင် သိဒ္ဓိစွမ်းအင်လုံးမှ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားရသည်။
နန်ပါးထျန်းသည် သူ့ထက် ပို၍ အင်အားကြီးသောိငြား အရင်တစ်ခေါက်က ဒဏ်ရာ မပျောက်ကင်းသေးပေ။ သို့ဖြစ်ရာ နန်ပါးထျန်း၏တိုက်ခိုက်စွမ်းရည်သည် အပြည့်အဝ ပြန်မကောင်းသေးချေ။
ထိုသို့ချင့်ချိန်စဉ်းစားပြီးနောက် ချန်ကျဲ့ အပြင်းအထန် တိုက်ခိုက်တော့သည်။
သိုင်းကွက်ဒါဇင်ကျော်ခန့် ဖလှယ်ပြီးနောက်၌ နန်ပါးထျန်းသည် သူ၏သိဒ္ဓိစွမ်းအင်လုံးနှင့်သွေးကြောများ ကွဲအက်ထွက်လုမတတ် နာကျင်ခံစားနေရလေသည်။ သို့ဖြင့် နောက်ပြန်ဆုတ်ချင်သဖြင့် ပြည်နယ်မြို့စောင့်တပ်မှူးကို ကြားဝင်ပေးပါရန် တောင်းဆိုလိုက်သည်။
သို့သော် ချန်ကျဲ့သည် သူ့အား အဘယ်သို့များ အလွယ်တကူ လက်လွှတ်ပေးပါမည်နည်း။ ချန်ကျဲ့သည် နောက်ဆုတ်ရန်ကြိုးပမ်းနေသည့် နန်ပါးထျန်းနောက်သို့လိုက်၍ နဂါးနိုင်လက်ဝါးသိုင်းဖြင့် အဆက်မပြတ် တိုင်ခိုက်သည်။
နန်ပါးထျန်းသည် ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေခဲ့ရရင်း နောက်ဆုံးတွင် အသည်းအသန် ကာကွယ်နေသည့်အခြေအနေသို့ ရောက်ရှိသွားတော့သည်။ ပွဲကြည့်နေသူများသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်ကုန်ကြ၏။ သူတိုသည် နန်ပါးထျန်းမှာ အလွန်တရာ အင်အားကြီးမားလှသည်ဟု ထင်ထားကြခြင်းဖြစ်သည်။ သို့သော် နန်ပါးထျန်းသည်လည်း သာမညောင်ညသာ ဖြစ်နေခဲ့လေသည်။
ကနဦးက စိုးရိမ်ပူပန်နေသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ယခုတွင် ပြုံးရယ်နိုင်ကြလေပြီ။ ချန်ကျဲ့မှ နန်ပါးထျန်းနောက် လိုက်တိုက်ခိုက်နေသည့်မြင်ကွင်းတွင် မထိန်းချုပ်နိုင်စွာ ရယ်မောကြ၏။ ခံစားချက်အခြေအနေကို မြှင့်တင်ပေးတတ်လေ့ရှိသော ရှောင်ဟူသည် လက်သီးလက်တန်းမြှောက်လျက် အော်ပြောသည်။
“ခေါင်းဆောင်ချန် သူ့ကိုရိုက်”
အခြားအဖွဲ့သားများသည်လည်း တစ်ညီတစ်ညွတ်တည်း အော်ကြသည်။
“သူ့ကိုရိုက် သူ့ကိုရိုက် သူ့ကိုရိုက်”
ချန်ကျဲ့ ပြုံးလိုက်ပြီး နန်ပါးထျန်းကို ပြောသည်။
“နန်ပါးထျန်း ခင်ဗျားက အခွင့်အရေးရှိတုန်းကတော့ ဘာမှအသုံးမကျဘူး။ ဒီလိုအကွက်လေးတွေနဲ့များ.. ဝမ်အာက ခင်ဗျားကို အမှိုက်ကောင်လို့ပြောတာ မထူးဆန်းတော့ပါဘူး”
“အားး ချန်ကျိုစစ်၊ ငါမင်းကိုသတ်မယ်”
နန်ပါးထျန်းသည် ချန်ကျဲ့မှ ဟွမ်ဝမ်အာအကြောင်း ပြောလိုက်သည်နှင့် ဒေါသပေါက်ကွဲကာ စွမ်းအင်လည်ပတ်စေရန် အတင်းအကျပ် ကြိုးပမ်းတော့သည်။ ထိုမြင်ကွင်းတွင် ချန်ကျဲ့ ပျော်ရွှင်သွား၏။ သို့ဖြင့် ချက်ချင်းပင် အင်အားအစွမ်းကုန်စုစည်းပြီး နဂါးနိုင်လက်ဝါးသိုင်းဖြင့် အားပြင်းပြင်း တိုက်ခိုက်လိုက်သည်။
ဘုန်း
အသံကျယ်ကြီးနှင့်အတူ ချန်ကျဲ့သည် နန်ပါးထျန်း၏လက်ဝါးသိုင်းကွက်ကြောင့် နောက်သို့ ခြေငါးလှမ်းဆုတ်သွားသည်။ သို့သော် နန်ပါးထျန်းသည်လည်း နဂါးနိုင်လက်ဝါးသိုင်း ထိမှန်သွားခဲ့ကာ သိဒ္ဓိစွမ်းအင်လုံးထိခိုက်သွားပြီး သွေးအန်ထွက်သွားလေသည်။
ထိုအခါ ချန်ကျဲ့သည် လျှပ်စီးခြေလှမ်းသိုင်းကို အသုံးပြုပြီး နန်ပါးထျန်းအနီးသို့ ချက်ချင်း သွားလိုက်သည်။
နန်ပါးထျန်း ထိတ်လန့်သွား၏။ သိဒ္ဓိစွမ်းအင်လုံးထိခိုက်သွားသောကြောင့် ချီစွမ်းအင်ကို အသုံးမပြုနိုင်ရာ ချန်ကျဲ့ သူ့အနီး နီးကပ်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်လေသည်။ ချန်ကျဲ့သည် လက်ဝါးသိုင်းကွက်ကို သူ၏နှလုံးတည့်တည့်သို့ ဦးတည်လျက် ချဉ်းကပ်လာနေသည်။ ဤတစ်ချက်သာ ထိမှန်သွားပါက သူသေရမည်မှာ မလွဲမသွေပင်။
“သေလိုက်တော့”
ချန်ကျဲ့၏မျက်လုံးများမှ ရေခဲတမျှ အေးစက်နေ၏။ သူညှာတာမှုမရှိ တိုက်ခိုက်လိုက်သည်။
နန်ပါးထျန်းသည် တုန်လှုပ်ချောက်ချားစွာဖြင့် မျက်လုံးအစုံ ပြူးကျယ်နေ၏။
“မ မဖြစ်ဘူး…”