အခန်း ၇၁၃
Vol. 61 Ch. 713
အခန်း 713
ထိုအခါ အားလုံးသည် ဟွမ်ကျိုးပြည်နယ်မြို့စောင့်တပ်မှူးကို တစ်ညီတစ်ညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
ဟွမ်ကျိုးပြည်နယ်မြို့စောင့်တပ်မှူး ပါးထန်သည် မြင်းပေါ်တွင် ထိုင်လျက် ယဲ့လုဖုန်းကို သရော်လှောင်ပြောင်ဟန်သော အကြည့်များဖြင့် ကြည့်နေခဲ့သည်။
ယဲ့လုဖုန်း၏အကြည့်များသည်လည်း တည်ကြည်လေးနက်သွားကာ ပါးထန်ကို စိုက်ကြည့်နေခဲ့လျက် စိတ်ထဲမှ တွေးလိုက်သည်။
သူက ဘယ်လိုလုပ်ပြီး မျန့်ရွှေကို ရောက်လာရတာလဲ။
သို့သော်လည်း ယဲ့လုဖုန်းသည် လေးစားမှုဖြင့် လက်သီးယှက်အရိုအသေပြုလိုက်သည်။
“ပြည်နယ်မြို့စောင့်တပ်မှူးကို ဂါရဝပြုပါတယ်”
ပြည်နယ်မြို့စောင့်တပ်မှူး၏ရုံးတော်သည် သာ့ချန်မှ ပြည်နယ်တစ်ခုစီအတွက် တရားဝင်ခန့်အပ်ထားသည့် စစ်တပ်ဖြစ်ပြီး ပြည်နယ်မြို့စောင့်တပ်မှူးသည် လက်ရွေးစင်မြင်းစစ်သည် နှစ်ထောင်ကို အမိန့်ပေးနိုင်ကာ သက်ဆိုင်ရာဒေသအတွင်း ပုန်ကန်မှုများကို နှိမ်နင်းရန် တာဝန်ရှိသည်။
၎င်းစစ်တပ်ကို အုပ်ချုပ်သူ ပြည်နယ်မြို့စောင့်တပ်မှူးသည် အဆင့်၆အရာရှိတစ်ဦးဖြစ်ပြီး ဟွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးသည် အဆင့်၅အရာရှိဖြစ်သည်။ ပြည်နယ်လက်ထောက်တရားသူကြီးသည်လည်း အဆင့်၅အရာရှိဖြစ်သည်။
ထို့ကြောင့် ပါးထန်၏ ရာထူးအဆင့်သည် ယဲ့လုဖုန်းထက် တစ်ဆင့်မြင့်သည်။
ပါးထန်မှ ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီးယဲ့လုက အရမ်းသတ္တိကောင်းတာပဲ”
ထို့နောက် နေရာရှိလူအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး မေးသည်။
“ဒီစည်ကားတဲ့ပွဲတော်ကြီးက ဘာအတွက်များလဲ။ ဘာအတွက် အောင်ပွဲခံနေကြတာလဲ”
ထိုအခါ ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ဒါက ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အသစ်ရဲ့ ရာထူးဆက်ခံပွဲအခမ်းအနားပါ”
“ဟား ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးလေးကိုများ ဒီလောက်ကြီးကြီးကျယ်ကျယ်တွေ လုပ်နေတာပေါ့လေ။ ထောင်လွှားနေပါရောလား။ မသိရင် သူ့ရဲ့ ခေါင်းဆောင်နေရာ ရာထူးဆက်ခံတာကို မျိုးရိုးကြီးတွေရဲ့ အမွေဆက်ခံပွဲလို့ ထင်ကုန်ကြတော့မှာပဲ”
ပါးထန်သည် ထိုသို့ပြောရင်း လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြန်ကာ မေးမြန်းသည်။
“ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အသစ်က ဘယ်သူလဲ”
ချန်ကျဲ့သည် ထိုစကားနှင့် နန်ပါးထျန်း၏ သရော်ဟန်သော အမူအရာကို မြင်တွေ့ရသည်တွင် ဤသည်မှာ သူ့ကို တမင်သက်သက် ပျက်ရယ်ပြုနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် ချန်ကျဲ့သည် ရှေ့ထွက်ကာ လက်သီးယှက်အရိုအသေပြုလိုက်သည်။
“ပြည်နယ်မြို့စောင့်တပ်မှူး ကျွန်တော်က ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အသစ် ချန်ကျိုစစ်ပါ”
ချန်ကျဲ့သည် အရမ်းလည်း မနှိမ့်ချ၊ အရမ်းလည်း မောက်မာထောင်လွှားခြင်းမရှိဘဲ အရိုအသေပြုလိုက်သည်။ ပါးထန်သည် ပြုံးလျက် သူ့ကိုလှည့်ကြည့်လာကာ ပြောသည်။
“ဟားဟားဟား… အဲဒီတော့ မင်းက ငါတို့ခေါင်းဆောင်နန်ကို ချောက်ချပြီး သူ့ရာထူးကို မတရားသိမ်းယူခဲ့တဲ့ အရှက်မရှိတဲ့ကောင်ပေါ့”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ အခြားသူများသည်လည်း ထို့အတူပင်။
ပြည်နယ်မြို့စောင့်တပ်မှူးသည် ရန်ပြုရန် ရောက်လာခြင်းဖြစ်ကြောင်း သိသာလှပေသည်။
ချန်ကျဲ့ ဟန်မပျက်စေဘဲ ပြောလိုက်သည်။
“ပြည်နယ်မြို့စောင့်တပ်မှူးက နန်ပါးထျန်းရဲ့မဟုတ်တမ်းတရားတွေကြောင့် နားလည်မှုလွဲနေတယ်ထင်ပါတယ်။ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်ခဲ့တဲ့သူပါ။ အဲဒါကြောင့် သခင်ကြီးယဲ့လုက သူ့ကို တစ်မြို့လုံး လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ကျွန်တော်က အရေးပေါ်အခြေအနေမှာ ရာထူးဆက်ခံလိုက်ရုံပါပဲ။ ဘယ်လိုလုပ်ပြီး ကျွန်တော်က ပြည်နယ်မြို့စောင့်တပ်မှူးရဲ့ပါးစပ်ထဲမှာ အရှက်မရှိတဲ့ကောင် ဖြစ်သွားရတာပါလဲ”
“ရဲတင်းလိုက်တာ။ နိမ့်ကျတဲ့ဟန့်လူမျိုးတစ်ယောက်ကများ ငါအရာရှိကို ပြန်ခံပြောရဲတယ်တဲ့လား။ ငါ့အထင်တော့ မင်းကသာ မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်နေတဲ့သူထင်တာပဲ”
ပါးထန်သည် ချန်ကျဲ့ကို အလွန်တရာ အထင်အမြင်သေးစွာ ငုံ့ကြည့်နေသည်။
ငါတို့မုလန်လူမျိုးကို ပြန်ခံပြောရဲတဲ့ ဟန့်လူမျိုးက သေရမှာပဲ။
ချန်ကျဲ့မှ လက်သီးယှက်အရိုအသေပြုလျက် ပြန်ပြောသည်။
“ပြည်နယ်မြို့စောင့်တပ်မှူး ဘယ်အရာဖြစ်ဖြစ် သက်သေခိုင်လုံမှ ပြောသင့်ပါတယ်။ သခင်ကြီးက ပြည်နယ်မြို့စောင့်တပ်မှူးဆိုပေမဲ့လည်း လူတစ်ယောက်ကို သက်သေမရှိဘဲ စွပ်စွဲလို့မရဘူးလေ”
ထိုအခါ ပါးထန်သည် ရယ်မော၏။
“ငါက မင်းကို မတရားစွပ်စွဲတယ်တဲ့လား။ ဟား ယဲ့လုဖုန်း ငါမင်းကိုမေးပါရစေ၊ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းခဲ့တယ်ဆိုတဲ့သက်သေ ဘာများရှိလို့လဲ”
ယဲ့လုဖုန်းမှ အရိုအသေပြုလျက် ပြန်ဖြေသည်။
“ပြည်နယ်မြို့စောင့်တပ်မှူး ကျွန်တော့်မှာ သက်သေရှိပါတယ်။ အရင်ဆုံး နန်ပါးထျန်းနဲ့ မိန်ဂိုဏ်းသားတစ်ယောက်ဖြစ်တဲ့ စွင်းထျဲချွေ့နဲ့ ပူးပေါင်းမှုကို သက်သေပြနိုင်တဲ့ စာတစ်စောင် ရှာတွေ့ခဲ့ပါတယ်။ သက်သေက ခိုင်မာပါတယ်။ ပြီးတော့ စစ်လက်နက်ပစ္စည်းတွေ အများကြီးကိုလည်း ရှာတွေ့ခဲ့ပါသေးတယ်။ ဒါတွေအားလုံးက သက်သေတွေပါပဲ”
ပါးထန် မျက်မှောင်ကြုတ်သွားပြီး ယဲ့လုဖုန်းကို ကြည့်နေ၏။
“ငါတော့ အဲဒီစာက ဒီသူခိုးကောင်က နန်ပါးထျန်းကို ချောက်ချဖို့အတွက် ဖန်တီးထားတဲ့စာလို့ ထင်တာပဲ။ ပြီးတော့ အဲဒီစစ်လက်နက်ပစ္စည်းတွေက ပြည်နယ်မြို့စောင့်တပ်မှူးရုံးတော်အတွက် ငါ့ရဲ့တောင်းဆိုမှုကြောင့် နန်ပါးထျန်းက သွန်းလုပ်နေခဲ့တာပဲ”
ယဲ့လုဖုန်း မျက်ခုံးတွ့န်ချိုးသွားရကာ ပြန်ပြောသည်။
“သခင်ကြီး စာက သူကိုယ်တိုင် သူ့လက်နဲ့ရေးထားတာပါ။ စစ်လက်နက်ပစ္စည်းတွေက ပြည်နယ်မြို့စောင့်တပ်မှူးရုံးတော်က ပြည်နယ်အတွင်းမှာ ကိုယ်ပိုင် စစ်လက်နက်ပစ္စည်းအရင်းအမြစ် အမြဲရှိတယ် မဟုတ်ပါလား။ ငါးဖမ်းကုန်သည်အဖွဲ့ဆီကနေ သီးသန့်ဝယ်ယူတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာပါလဲ”
“အို ငါလို ပြည်နယ်မြို့စောင့်တပ်မှူးတစ်ယောက်က စစ်လက်နက်ပစ္စည်းလေး နည်းနည်းလောက် ဝယ်တာကို မင်းလိုစီရင်စုအုပ်ချုပ်ရေးမှူးဆီ အစီရင်ခံနေရဦးမှာလား”
ပါးထန်သည် ယဲ့လုဖုန်းကို စူးစူးရဲရဲစိုက်ကြည့်နေ၏။
မင်းက ယဲ့လုမျိုးနွယ်တစ်ယောက်ဖြစ်နေတာကလွဲလို့ ငါ့ရှေ့မှာ ထောင်လွှားနိုင်စရာ ဘာအကြောင်းမှမရှိဘူး။
ယဲ့လုဖုန်း တိတ်ဆိတ်သွား၏။
ပါးထန်မှ ဆက်ပြောသည်။
“ငါရှင်းလင်းအောင် ပြောလိုက်မယ်။ နန်ပါးထျန်းက ငါ့ရဲ့ပြည်နယ်မြို့စောင့်တပ်မှူးရုံးတော်လက်အောက်က သူလျှိုတစ်ယောက်ပဲ။ သူတကယ်ပဲ မိန်ဂိုဏ်းနဲ့ အဆက်အသွယ်တချို့ရှိခဲ့ရင်တောင်မှ အဲဒါက ရန်သူတပ်ထဲကို စိမ့်ဝင်ပြီး သတင်းအချက်အလက်စုဆောင်းဖို့အတွက်ပဲ”
ထိုအခါ အားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အကြည့်ချင်းဖလှယ်မိကြသည်။
ဒါကြီးက ပေါ်ပေါ်တင်တင် အပြစ်ဆေးပေးနေတာပဲ။
သို့သော် မည်သူမျှ မဆန့်ကျင်ရဲကြပေ။ မုလန်လူမျိုးများ၏ ဩဇာအာဏာကို မေးခွန်းထုတ်ခြင်းငှာ မတတ်နိုင်ပေ။
ယဲ့လုဖုန်းသည် မျက်မှောင်ကြုတ်လျက် ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။ ချန်ကျဲ့သည်တော့ ဟန်မပျက်ချေ။ တည်ငြိမ်အေးဆေးနေ၏။
အကြောင်းမှာ မုလန်လူမျိုးများ၏ ကစားပွဲစည်းမျဉ်းသည် အားကြီးသူမှ အနိုင်ရသည့် စည်းမျဉ်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်သောကြောင့်ပင်။
မုလန်လူမျိုးများသည် ကျွန်ပြုခြင်းတစ်ဝက်၊ မြေရှင်ပဒေသရာဇ်စနစ်တစ်ဝက်သော စနစ်ကို အသုံးပြုကြဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ အားကြီးသူတွင် အကြွင်းမဲ့ထိန်းချုပ်နိုင်စွမ်းရှိသည် ဟူ၍ပင်။ သို့ဖြစ်ရာ ဤကစားပွဲတွင် မိမိအတွက် အင်အားကြီးမားသည့် ကျောထောက်နောက်ခံရှိပါက သက်သေလေးအနည်းငယ်မျှကို လျစ်လျူရှုနိုင်ပေသည်။
ပါးထန်မှ ခပ်တည်တည်ဖြင့် နန်ပါးထျန်းသည် အပြစ်ကင်းပါကြောင်း၊ မိန်ဂိုဏ်းနှင့် အဆက်အသွယ်ရှိခဲ့လျှင်ပင် သတင်းစုဆောင်းရန်အတွက်သာဖြစ်ကြောင်း ပြောခဲ့ခြင်းမှာလည်း ဤသဘောတရားပင်ဖြစ်၏။
ပါးထန်သည် ပေါ်ပေါ်တင်တင် အဖြူအမည်းခြယ်လှယ်နေခြင်းဖြစ်သည့်တိုင် မည်သူမျှ စိန်မခေါ်ဝံ့ကြပေ။
နေရာရှိလူအားလုံးသည် အမျက်ေဒါသကို စိတ်ထဲတွင် မျိုသိပ်လျက် ပါးထန်ကို ကြည့်နေကြသည်။ ပါးထန်သည်လည်း သူတို့ကိုကြည့်၍ ပြောသည်။
“အဲဒီတော့ အခု အခြေအနေက ရှင်းလင်းသွားပြီ။ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ မပူးပေါင်းဘူး။ သူက ငါ့ရဲ့သူလျှိုပဲ။ အဲဒါကြောင့် မင်းတို့ရဲ့သက်သေဆိုတာက ဟာသသက်သက်ပဲ”
“ဒါပေမဲ့ ဒီသက်သေကို အသုံးချပြီးတော့ မင်းက ငါ့သူလျှို ကုန်သည်အဖွဲ့ခေါင်းဆောင်နန်ကို ဖြုတ်ချခဲ့တယ်နော် ယဲ့လုဖုန်း”
ထိုအခါ ယဲ့လုဖုန်းသည် ခေါင်းမော့ကာ ပါးထန်နှင့် အကြည့်ချင်းဆုံလိုက်သည်။ ပါးထန်မှ ပြောသည်။
“မင်းရဲ့ တာဝန်ပျက်ကွက်မှုကို ငါဆက်မလိုက်တော့ဘူး။ ဒါပေမဲ့ ငါ့ရဲ့ခေါင်းဆောင်နန်ကို ချောက်ချစွပ်စွဲပြီး နည်းလမ်းမျိုးစုံသုံးပြီး ရာထူးသိမ်းယူတဲ့ ချန်ကျိုစစ်လို အရှက်မရှိတဲ့ကောင်မျိုးကိုတော့ ငါခွင့်မလွှတ်နိုင်ဘူး။ ဒီသစ္စာဖောက်ကောင်ကို ဖမ်းလိုက်စမ်း”
“ဟုတ်ကဲ့”
ပါးထန်သည် လက်ဝှေ့ယမ်းလျက် သူ၏စစ်သည်များကို ချန်ကျဲ့အား ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။
ပါးထန်၏ မျက်နှာပြောင်တိုက်မှုကို မြင်တွေ့ရသည်တွင် ရှောင်ဟူ၊ ကျိုးချူနှင့် အခြားငါးဖမ်းကုန်သည်အဖွဲ့သားများအားလုံးမှာ သည်းမခံနိုင်ကြတော့ပေ။ သူတို့အော်ဟစ်ကြ၏။
“ငါတို့ခေါင်းဆောင်ကို ဘယ်သူထိရဲလဲ”
ပါးထန် မျက်မှောင်ကြုတ်သွား၏။
“အို မင်းတို့က လူစုပြီး တော်ဝင်နန်းတော်ကို အာခံကြမယ်ပေါ့လေ။ အရမ်းကောင်းတယ်။ သူတို့အကုန်လုံးကို ဖမ်းလိုက်။ သူတို့အကုန်လုံးက မိန်ဂိုဏ်းရဲ့နောက်လိုက်မိစ္ဆာတွေလို့ ငါသံသယရှိတယ်။ အကုန်လုံးဖမ်းလိုက်၊ တစ်ယောက်မှ မကျန်ခဲ့စေနဲ့”
“ဘယ်သူလုပ်ရဲလဲ”
ရှောင်ဟူမှ အော်ပြောသည်။ ရှောင်ဟူသည် ဓားဆွဲထုတ်လိုက်၏။ အခြားငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း အသီးသီး ဓားဆွဲထုတ်လိုက်ကြကာ ပါးထန်နှင့်စစ်သည်များကို ခုခံတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သူတို့၏တုံ့ပြန်မှုကို မြင်သောအခါ ပါးထန်မှ ပြောသည်။
“ကောင်းတယ် အားလုံးပဲမြင်ကြလား။ သူတို့ဓားဆွဲထုတ်ကြတယ်။ ဒါက ပေါ်တင်ပုန်ကန်နေတာပဲ။ စစ်သည်တို့ သူပုန်တွေကို နှိမ်နင်းကြ။ တစ်ယောက်မှ သက်ညှာမပေးနဲ့”