← Chapters

အခန်း ၇၁၄

Vol. 61 Ch. 714

အခန်း ၇၁၄

Vol. 61 Ch. 714

အခန်း 714

ပါးထန်၏အမိန့်စကားတွင် သံချပ်ကာနီစစ်သည်များသည် ဓားဆွဲထုတ်လိုက်ကြသည်။ သံချပ်ကာနီစစ်တပ်တွင် အားအနည်းဆုံးသည် နွဲ့ပျောင်းအရွတ်အဆင့်ဖြစ်ပြီး အားအကြီးဆုံးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် တပ်ဖွဲ့ခွဲခေါင်းဆောင်များအပြင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ဒုတပ်မှူးလည်း ပါဝင်သည်။

အမိန့်တစ်ချက်တွင် စစ်သည်များသည် စစ်ချီတက်မည့် အခင်းအကျင်းသို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

ဤသံချပ်ကာနီစစ်တပ်တစ်ခုတည်းဖြင့် လက်ရှိငါးဖမ်းကုန်သည်အဖွဲ့သားများကို ဖိနှိပ်ရန် လုံလောက်၏။ စစ်တပ်မှ စစ်ချီလာသည်နှင့် ငါးဖမ်းကုန်သည်အဖွဲ့သားများအနေဖြင့် ခုခံတိုက်ခိုက်ရန် ခက်ခဲ‌လိမ့်မည်။

တကယ်တမ်း တိုက်ခိုက်ကြပါက ငါးဖမ်းကုန်သည်အဖွဲ့ကို စောင့်မျှော်နေမည့်အရာမှာ အပြတ်အသတ်ရှုံးနိမ့်ပြီး အစုလိုက်အပြုံလိုက် သေဆုံးခြင်းသာလျှင် ဖြစ်လိမ့်မည်။

ထိုအခိုက်အတန့်၌ ပြည်နယ်မြို့စောင့်တပ်မှူးသည် မြင်းပေါ်မှ ချန်ကျဲ့ကို အထက်စီးဆန်စွာ ငုံ့ကြည့်လျက် ပြောသည်။

“ချန်ကျိုစစ် ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ဒီတိုင်း လိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်၊ အဲဒါဆို ငါ မင်းရဲ့လက်အောက်ငယ်သားတွေကို အပြစ်မတင်တော့ဘူး။ ‌ဒီလူတွေကို မင်း အမိန့်ပေးခိုင်းစေခဲ့တာပဲ။ ဘယ်လိုလဲ”

ပြည်နယ်မြို့စောင့်တပ်မှူးသည် သူ့ကိုယ်သူ ချန်ကျဲ့အတွက် အလွန်တရာမှ ကောင်းကျိုးပြုပေးနေသည့်အလား ထောင်လွှားဟန်သော အကြည့်များဖြင့် ကြည့်နေခဲ့သည်။

ချန်ကျဲ့မှ ပြောသည်။

“ပြည်နယ်မြို့စောင့်တပ်မှူး အကယ်၍ ကျွန်တော် အညံ့မခံဘူးဆိုရင်ရော”

ပြည်နယ်မြို့စောင့်တပ်မှူးမှ ပြောသည်။

“ဒါဆိုလည်း ငါ့ကိုအပြစ်မတင်နဲ့တော့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အထက်က အမိန့်ချထားတဲ့ သူပုန်စုံစမ်းစစ်ဆေးရေးတာဝန်ကို မလုပ်ဆောင်ရသေးဘူး။ မင်းတို့ရဲ့ ‌ဦးခေါင်းထောင်ချီက တော်ဝင်နန်းတော်ကို ဖြေရှင်းချက်ပေးဖို့ အတော်ပဲဖြစ်သွားတာပေါ့”

ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်ပြီး ပြောသည်။

“ပြည်နယ်မြို့စောင့်တပ်မှူးက ကျွန်တော့်ကို အပြစ်ကင်းတဲ့သူကို သတ်လိုက်လို့ အထက်က စုံစမ်းစစ်ဆေးလာမှာကို မကြောက်ဘူးလား”

ထိုစကားတွင် ပြည်နယ်မြို့စောင့်တပ်မှူးသည် ကျယ်လောင်စွာ အော်ရယ်၏။

“စုံစမ်းစစ်ဆေးမယ်တဲ့လား။ ဘယ်သူက ငါ့ကို စုံစမ်းစစ်ဆေး‌ရဲမှာတဲ့လဲ”

“စိစစ်ရေးတမန်တော်”

ချန်ကျဲ့မှ ထိုစကားလုံးတို့ကို ပြောလိုက်သည်နှင့် ပါးထန်သည် ခွက်ထိုးခွက်လှန် အော်ရယ်ပြန်သည်။

“စိစစ်ရေးတမန်တော်တဲ့လား ဟားဟား အဲဒါက ဟန်ပြသက်သက်ပဲ။ တကယ်ပဲ စိစစ်ရေးတမန်တော်က ဟွမ်ကျိုးပြည်နယ်‌ဆီ လာခဲ့ရင်တောင် သူ့ရဲ့အာဏာနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။ သူက အဆင့်၇အရာရှိ စီရင်စုအုပ်ချုပ်ရေးမှူးတွေကိုပဲ စုံစမ်းစစ်ဆေးနိုင်တာ။ ငါ့ကိုစုံစမ်းစစ်ဆေးဖို့ကတော့ ထွီ နောက်ထပ် တော်ဝင်တမန်တော်အသစ် စေလွှတ်ရလိမ့်မယ်”

ပါးထန်မှ မောက်မာထောင်လွှားစွာ ပြောသည်။ ထို့နောက် ချန်ကျဲ့ကို ကြည့်လျက် ဆက်ပြောသည်။

“ပြီးတော့ ငါမင်းကို ပြောပြဖို့ မကြောက်ပါဘူး.. သူတို့ တော်ဝင်တမန်တော်တစ်ယောက် စေလွှတ်လိုက်ရင်တောင်မှ ငါ့ကို နည်းနည်းလေးမှ ထိနိုင်မှာမဟုတ်ဘူး။ ငါ့ကို သူတို့ လက်လှမ်းမမီနိုင်ဘူးလေ”

“ဟားဟားဟား ဟုတ်လား”

ပါးထန်သည် ဝံ့ကြွားစွာပြော၏။ သူ့တွင် ဝင့်ကြွားနိုင်သည့် အဆင့်အတန်းလည်း ရှိပေသည်။ ပြည်နယ်မြို့စောင့်တပ်မှူးဟူသည် ဟွမ်ကျိုးပြည်နယ်တွင် အဆင့်၃အရာရှိဖြစ်သည့်အပြင် သူ့တွင် အားကောင်းသည့် ကျောထောက်နောက်ခံရှိသောကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးပင်လျှင် ဘာမှမလုပ်နိုင်ချေ။

သူ၏ကျောထောက်နောက်ခံသည် အလွန်အားကောင်း၏။

“ဟားဟား ပြည်နယ်မြို့စောင့်တပ်မှူးက အရမ်းဩဇာအာဏာကြီးမားတာပဲဗျာ”

ပါးထန် ဂုဏ်ယူဝံ့ကြွားနေစဉ် အေးစက်စက်ရယ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက် နောက်ဘက်မှ လူလေးယောက်ထွက်ပေါ်လာသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် စိစစ်ရေးတမန်တော် ကျောက်ယာဖြစ်သည်။ ကျန်သုံးယောက်မှာ သူမ၏သက်တော်စောင့်များဖြစ်သည့် အားသာ့၊ အားအာ့နှင့် အားစန်းတို့ဖြစ်သည်။

သက်တော်စောင့်သုံးဦးသည် ပါးထန်အား မျက်နှာမှုန်မှိုင်းစွာဖြင့် ‌ကြည့်နေကြ၏။

ဘယ်လိုအောက်တန်းစားကောင်လဲ။ ခရိုင်မင်းသမီးကိုတောင် စော်ကားပြောဆိုရဲတယ်။ ကြည့်ရတာ အသက်ရှင်ရတာကို စိတ်ကုန်နေပြီထင်တယ်။

ထိုအချိန်၌ ပါးထန်သည်လည်း အနည်းငယ် တွေဝေသွားရကာ ကျောက်ယာတို့ကို ကြည့်လိုက်သည်။

နောက်တဒင်္ဂတွင် ပါးထန်၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။

သူက ဘယ်လိုလုပ်ပြီး ဒီမှာရှိနေရတာလဲ။

ထိုသို့တွေးရင်း ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။

သူ့ကို ချန်ကျိုစစ်က ဖိတ်ထားတာတော့ မဟုတ်ပါဘူးနော်။

ထိုသို့တွေးတောလျက် ပါးထန်၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။ သို့သော်ငြား ပါးထန်သည် မြင်းပေါ်မှ အမြန်ဆင်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။

“ခရိုင်မင်းသမီးကို ဂါရဝပြုပါတယ်”

ပါးထန်သည် မောက်မာထောင်လွှားသူဖြစ်သော်ငြား ရူယန်မင်းသား၏ ခရိုင်မင်းသမီးရှေ့တွင် ရိုင်းပျဝံ့သည်အထိတော့ မမောက်မာရဲပါချေ။

တစ်ပြိုင်နက်တည်းပင် နေရာရှိလူအားလုံးသည် ဝတ်ရုံဖြူဝတ်လူငယ်လေး(ကျောက်ယာ)အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

သူတို့အံ့အားသင့်ရခြင်းမှာ အဓိက အကြောင်းအရင်းနှစ်ချက်ရှိ၏။ ပထမအချက်မှာ ဤချောမောသည့် လူငယ်လေးသည် တကယ်တမ်းတွင် အမျိုးသမီးတစ်ဦးဖြစ်နေခဲ့ခြင်းကြောင့် အဲ့ဩသွားကြခြင်းဖြစ်သည်။

ဒုတိယအချက်မှာ ခရိုင်မင်းသမီးကိုယ်တိုင် ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဤရက်များအတွင်း၌ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် သူတို့ခေါင်းဆောင်၏အခန်းထဲသို့ လူလေးယောက် ဝင်ထွက်သွားလာနေသည်ကို မြင်တွေ့ခဲ့ရပြီး ခေါင်းဆောင်နှင့် ဆွေးနွေးပြောဆိုနေကြသဖြင့် သာမန်သိုင်းလောကသားများဟု ထင်ထားခဲ့ကြသည်။ ဤသို့ အဆင့်အတန်းမျိုးဖြစ်နေမည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

တစ်ပြိုင်နက်တည်းပင် အားလုံး စိတ်သက်သာရာရသွားကြသည်။

ခေါင်းဆောင်မှာ ဒီလိုအားကောင်းတဲ့ ကျောထောက်နောက်ခံရှိနေတာ ပြည်နယ်မြို့စောင့်တပ်မှူးလောက်ကို ဘာကြောက်စရာရှိတော့မလဲ။

ထိုသို့အတွေးဖြင့် အားလုံးသည် ပါးထန်အား မည်သို့ ဆက်လက်ဟန်ဆောင်မည်နည်းဟု စိတ်ဝင်တစား ကြည့်နေကြတော့သည်။

ကျောက်ယာ ပါးထန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ပြည်နယ်မြို့စောင့်တပ်မှူးက အလွန်အကျူး စိတ်ကြီးဝင်နေတာပဲနော်”

“တော်ဝင်နန်းတော်က စေလွှတ်တဲ့ စိစစ်ရေးတမန်တော်ကိုတောင် မျက်လုံးထဲမထည့်ဘူးဆိုတော့ ရှင်က ဘယ်သူ့အင်အားကို မှီခိုအားထားနေတာများလဲ။ မင်းသားချီလား”

ထိုစကားတွင် ပါးထန်မှာ ပို၍ပင် ခေါင်းငုံ့သွားရလေသည်။ သူသည် အမှန်တကယ်ပင် မင်းသားချီ၏အင်အားကို မှီခိုအားထားနေခြင်းဖြစ်သည်။

သာ့ချန်တွင် အင်အားကြီးမားသည့် မင်းသားလေးပါးရှိသည်။ တစ်ဦးမှာ ကျန်းနန်ကို အစိုးရသည့် ရူယန်မင်းသား ပေါ်လော် ထီမုအာဖြစ်သည်။

နောက်တစ်ဦးမှာ ရှီးပေမင်းသား လီစစ်ချီဖြစ်သည်။

သူတို့နှစ်ဦးသည် သူပုန်များကို နှိမ်နင်းခြင်းမှ စစ်ရေးအောင်မြင်မှုများဖြင့် တဖြည်းဖြည်းချင်း မင်းသားရာထူးသို့ ရောက်ရှိခဲ့သူများ ဖြစ်သည်။ သူတို့သည် ငယ်ရွယ်စဉ်က အတူ‌ပူးပေါင်းခဲ့ဖူးသော်ငြား အင်အားအာဏာကြီးမားလာကြသည်နှင့်အမျှ ပဋိပက္ခများဖြစ်ပေါ်လာကာ ယခုတွင် တစ်သက်တာ ရန်သူများဖြစ်သွားကြလေပြီ။

ဟူပေသည် ရှီးပေမင်းသားနှင့် ရူယန်မင်းသားကြားရှိ နှစ်ဦးစလုံး၏ အင်အားအာဏာများတည်ရှိသည့် ဘုံနေရာဖြစ်သည်။

သူတို့သည် အပြန်အလှန် ထိုးဖောက်လွှမ်းမိုးကာ စောင့်ကြည့်စစ်ဆေးနေကြသည်။ ပြည်နယ်မြို့စောင့်တပ်မှူး ပါးထန်သည် ဟွမ်ကျိုးပြည်နယ်ရှိ မင်းသားချီ၏လူ ဖြစ်သည်။။

ယခုတွင် ကျေက်ယာမှ သူ့ကို တည့်တိုးပြောလာခဲ့ရာ ပါးထန်သည် မည်သို့တုံ့ပြန်ရမည်မသိတော့ဘဲ တိတ်ဆိတ်သွားရသည်။

ကျောက်ယာမှ ပြောသည်။

“ရှင်ဘာလို့ စကားမပြောတော့တာလဲ။ ရှင် ခုနကတော့ အရမ်းကြမ်းနေတာ မဟုတ်ဘူးလား”

ထိုအခါ ပါးထန်မှ ပြန်ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော် တကယ် ခရိုင်မင်းသမီးရှိနေတာကို မသိလိုက်လို့ပါ။ ကျွန်တော် ခုနက စကားပြောတာ စိတ်လောသွားခဲ့ပါတယ်”

ကျောက်ယာမှ ပြောသည်။

“စိတ်လောသွားတယ်တဲ့လား။ အနည်းဆုံးတော့ တရုတ်စကားလုံးတွေကို စနစ်တကျ မှန်အောင် ပြောသွားနိုင်သေးတာပဲ”

ထို့နောက် ကျောက်ယာသည် ပါးထန်ကို စေ့စေ့ကြည့်လျက် ဆက်ပြောသည်။

“ရှင် ခုနက ဘာပြောလိုက်တာပါလိမ့်။ ချန်ကျိုစစ်က သူပုန်လို့ ပြောလိုက်တာလား”

ပါးထန်မှ ပြန်ပြောသည်။

“ဟုတ်ပါတယ် ခရိုင်မင်းသမီး၊ အမှန်ပါပဲ”

ကျောက်ယာမှ ပြောသည်။

“ဟုတ်လား။ ဒါပေမဲ့ လူကြီးမင်းချန်က ကျွန်မလူပဲ။ သူက သူပုန်‌ဆိုရင် သေချာပေါက် ကျွန်မလည်း သူပုန်ပဲပေါ့။ ပြည်နယ်မြို့စောင့်တပ်မှူး ရှင် ဘာလို့ ကျွန်မကိုပါ အတူမဖမ်းလိုက်လဲ။ ကျွန်မကလည်း မိစ္ဆာဂိုဏ်းသားပါလို့ တိုင်ကြားလိုက်လေ”

“ကျွန်တော် မလုပ်ရဲပါဘူး”

“ရှင်က မလုပ်ရဲဘူးပြောပေမဲ့ ကျွန်မအမြင်တော့ ရှင်က အတော်လုပ်ရဲကိုင်ရဲပါတယ်။ မင်းသားချီရဲ့အင်အားကို မှီခိုပြီးတော့ ရှင်က ဒီဟွမ်ကျိုးပြည်နယ်မှာ အတော်လေး ထောင်လွှားနေတာပဲ။ ရှင်ပြောကြည့်၊ နန်ပါးထျန်းရဲ့ မိန်ဂိုဏ်းနဲ့ပူးပေါင်းတဲ့သက်သေတွေက ဒီလောက်ခိုင်လုံနေတာကို နန်ပါးထျန်းက ရှင့်ရဲ့သူလျှိုပါဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ အကုန်လုံးကို ဖုံးလို့ရနိုင်မယ်ထင်နေတာလား။ ကျွန်မအထင်တော့ အဲဒီလောက် မရိုးရှင်းနိုင်ဘူးနော်”

ပါးထန်မှ ပြန်ပြောသည်။

“ခရိုင်မင်းသမီး နန်ပါးထျန်းက တကယ်ပဲ ကျွန်တော့်ရဲ့သူလျှိုပါ”

ပါးထန်သည် ကျောက်ယာနှင့် ထိပ်တိုက် မဆန့်ကျင်ဝံ့သော်ငြား နယ်ရုပ်ကောင်းတစ်ခုဖြစ်သည့် နန်ပါးထျန်းကိုလည်း အလွယ်တကူ လက်မလျှော့ချင်ပေ။ သူ မျန့်ရွှေသို့လာရသည့် အကြောင်းအရင်းမှာ ဆေးဘုရင်ရတနာများကို ရယူပြီး မင်းသားချီထံ ပေးအပ်ခြင်းဖြင့် အကျိုးဆောင်မှုကြီး စွမ်းဆောင်နိုင်ရန် မဟုတ်ပါလော။

All Chapters