အခန်း ၇၁၆
Vol. 61 Ch. 716
အခန်း ၇၁၆
ကျောက်ယာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ကောင်းပြီ။ ဆေးဘုရင်ရတနာက လဝက်အတွင်း ထွက်ပေါ်လာလောက်တယ်။ အဲဒီအခါကျ ကျွန်မနဲ့ လိုက်ခဲ့”
ဘေးတွင်ရပ်နေသည့် လျိုလောင်ကွေ့၏မျက်လုံးများ တောက်ပသွား၏။ လျိုလောင်ကွေ့မှ ကျောက်ယာကို လှည့်ကြည့်လာပြီး မေးသည်။
“ခရိုင်မင်းသမီး ဆေးဘုရင်တောင်ကြားကို ကျွန်တော်လည်း အတူလိုက်ပါပေးလို့ရမလား”
ထိုအခါ ကျောက်ယာလည်း လျိုလောင်ကွေ့ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“အမ်းးး ရှင်က မီးလျံသိုင်းကို ကျင့်ကြံတာမလား။ ရတယ်”
ထိုအခါ လျိုလောင်ကွေ့သည် ချက်ချင်း အရိုအသေပြုလိုက်သည်။
“ခရိုင်မင်းသမီးကို ကျေးဇူးတင်ပါတယ်”
လျိုလောင်ကွေ့သည် ဆေးဘုရင်ရတနာအကြောင်းကို အနည်းငယ် သိသည်။ ၎င်းသည် နှစ်သုံးဆယ်လျှင် တစ်ကြိမ် ထွက်ပေါ်လာလေ့ရှိသည်။ နောက်ဆုံးတစ်ကြိမ် ထွက်ပေါ်ချိန်က သူသည် ဆရာဖြစ်သူေနာက်လိုက်ပါခဲ့ပြီး သိုင်းပညာရှင်ကြီးများကို လှေဖြင့် ပို့ဆောင်ပေးခဲ့သည်။ ထိုသိုင်းပညာရှင်ကြီးများသည် ဆေးဘုရင်တောင်ကြားများ ပြန်ထွက်လာပြီးနောက် ဆုလာဘ်များကို ရက်ရက်ရောရော ပေးကမ်းကြသည်။
သူ၏ဆရာသခင်သည်လည်း ထိုက်ဆွေ့ဆေးလုံးသုံးလုံးကို စွန့်ကြဲခဲ့သည်။ သူသည် ထိုဆေးသုံးလုံးကို အားကိုး၍ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
လျိုလောင်ကွေ့သည် ဤဆေးဘုရင်ရတနာကြောင့် အကျိုးအမြတ်ရခဲ့သည် ဆိုနိုင်ပေသည်။ ထိုဆေးဘုရင်ရတနာကြောင့်သာ မဟုတ်ခဲ့ပါက လျိုလောင်ကွေ့သည် ယနေ့သူပိုင်ဆိုင်ထားသည့် စည်းစိမ်ချမ်းသာများကို ပိုင်ဆိုင်နေနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျောက်ယာမှ ဆေးဘုရင်ရတနာသွားယူမည်ဟု ပြောချိန်တွင် လျိုလောင်ကွေ့ ချက်ချင်း စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
မနီးမဝေးရှိ ချောင်ဟုန်ယန်သည်လည်း ထိုစကားများကို ကြားနေခဲ့သည်။ သူမ၏မျက်ခုံးတို့ အနည်းငယ် ပင့်မြှောက်သွား၏။
ဆေးဘုရင်ရတနာတဲ့လား။ ဒီလူတွေက ဆေးဘုရင်ရတနာကို ပစ်မှတ်ထားနေကြတာပဲ။
ဒီလိုက ပိုဒုက္ခများရပြီ။ ဒီနှစ်ရက်ထဲမှာ ဟွမ်ကျိုးပြည်နယ်က သိုင်းပညာရှင်ကြီးတွေ ရောက်လာနေတာ။ တော်ဝင်နန်းတော်ဘက်ကလည်း ဒီကိစ္စကို အာရုံစိုက်နေမယ်လို့ ထင်မထားမိဘူးပဲ။
ထိုသို့တွေးရင်း ချောင်ဟုန်ယန် ချန်ကျဲ့ကို ကြည့်လိုက်သည်။
ကြည့်ရတာ ငါ မဟာမိတ်ရှာထားမှထင်တယ်။ ဆေးဘုရင်ရတနာရှာဖွေတဲ့ကိစ္စမှာ ချန်ကျိုစစ်ရဲ့အခန်းကဏ္ဍကလည်း မသေးပုံပဲ။ ဒီလိုဖြစ်လာမှတော့ ချန်ကျိုစစ်နဲ့ ပူးပေါင်းလိုက်တာပေါ့။
သို့ဖြင့် ချောင်ဟုန်ယန်သည် မိန်ဂိုဏ်းမှ သိုင်းပညာရှင်ကြီးများရောက်လာပါက ချန်ကျဲ့နှင့်တွေ့ကြည့်ပြီး မဟာမိတ်ဖွဲ့ရန် အခွင့်အရေးရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အားလုံးသည် ကိုယ်စီအကြံအစည်များကို တွေးတောနေကြရာ အခြေအနေသည် ခဏတာမျှ ငြိမ်သက်သွား၏။
မကြာမီ၌ အားလုံး နေရာပြန်ယူကာ အခမ်းအနားကို ဆက်လက်လုပ်ဆောင်သည်။ အခမ်းအနားပြီးနောက် ဧည့်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ ချန်ကျဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးဆက်ခံပွဲလည်း ပြီးဆုံးသွားလေပြီ။
အခမ်းအနားသည် လျင်မြန်စွာ ပြီးဆုံးသွားသည်မှာ တစ်နာရီမျှသာ ကြာမြင့်သည်။ မျန့်ရွှေ၏အထင်ကရပုဂ္ဂိုလ်ကြီးများသည် စားသောက်ပွဲကို ပျော်မွေ့ခံစားရန် လာရောက်ခြင်းမဟုတ်သောကြောင့် မထိရသေးသည့် အစားအသောက်များစွာ ကျန်ရစ်နေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ သာမန်ပြည်သူများ စုဝေးလာကြသည်။
ကလေးငယ်များသည် စားပွဲများပေါ်ရှိ အရသာရှိသည့် အစားအသောက်များကို ငေးစိုက်ကြည့်နေကြလျက် မထိန်းချုပ်နိုင်စွာ သွားရည်ကျနေကြသည်။
မည်သည့်အဖွဲ့သားမှ ကလေးများကို စတင်၍ ကြက်သားကင် မျှဝေကျွေးလိုက်သည် မသိပေ။ သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး သာမန်ပြည်သူတစ်အုပ်ကြီးကို ဆွဲဆောင်သွားခဲ့သည်။
ခြုံငုံလိုက်ပါလျှင် ဤသို့စားသောက်ပွဲကြီးမှ အကြွင်းအကျန်များသည် သာမန်ပြည်သူများ၏ နှစ်သစ်ကူးအစားအသောက်များထက်ပင် ပိုမိုသာလွန်ပေသည်။
ထို့ကြောင့် သာမန်ပြည်သူများ စုဝေးရောက်ရှိလာကြ၏။ စားသောက်ပွဲပြီးနောက် စူးယွင်ကျင်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ ချန်ကျဲ့ကို ပြောသည်။
“ယောက်ျား ကျွန်မတို့ ဒီအကြွင်းအကျန်တွေကို ကုန်အောင် မစားနိုင်ဘူးဆိုတော့ အရပ်သားတွေကို ဝေပေးလိုက်ကြမလား။ ပြီးတော့ စပါးကျီထဲမှာ ဆန်အသစ်တွေရောက်တာ တွေ့ခဲ့တယ်။ ရှင် ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်မတို့ သက်ကြီးရွယ်အိုတွေကို ဆန်ဟောင်းတချို့ ဝေပေးကြရအောင်လေ”
စူးယွင်ကျင်း၏အကြံပေးချက်ကို ချန်ကျဲ့မှ ပြန်ပြောသည်။
“ရိက္ခာဝေစခန်းတစ်ခု စီစဉ်ချင်တာလား”
စူးယွင်ကျင်းမှ ပြောသည်။
“ဟုတ်တယ်။ ရိက္ခာဝေစခန်းလေး လုပ်ကြမယ်”
ချန်ကျဲ့ ခဏစဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ ကိုယ့်ဇနီးလေးပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
ချန်ကျဲ့ ထပ်စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“အင်း ဒီအကြံက မင်းရဲ့စိတ်ကူးဆိုတော့ ရှင်မ.. မင်းပဲတာဝန်ယူလိုက်ပါ”
“အာ ကျွန်မလား”
စူးယွင်ကျင်း အံ့ဩသွား၏။ ချန်ကျဲ့မှ အားပေးသည်။
“အင်းလေ။ ကိုယ်တို့ ကလေးလေးမွေးတော့မှာ မဟုတ်လား။ ဒီအလုပ်က ကိုယ်တို့ကလေးလေးအတွက် ကောင်းချီးတွေစုဆောင်းသလိုပဲပေါ့”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“ကောင်းပြီ။ ဒါဆို ကျွန်မ ကြိုးစားလုပ်ကြည့်မယ်”
ချန်ကျဲ့ စူးယွင်ကျင်းကို အခိုင်အမာပြောသည်။
“မင်း သေချာပေါက် လုပ်နိုင်ပါတယ်”
အစီအစဉ်ကို အတည်ပြုပြီးနောက် ချန်ကျဲ့သည် စူးယွင်ကျင်းကို ရိက္ခာပေးဝေရေးတွင် ကူညီရန် လူစီစဉ်ပေးပြီး သူ၏ဂုဏ်သတင်းတိုးတက်စေရေးအတွက် စားသောက်ပွဲမှ ကျန်သည့် အစားအသောက်များကိုလည်း ဝေပေးသည်။
ချန်ကျဲ့သည် အစီအစဉ်များကို လျင်မြန်စွာ ချမှတ်သည်။ ရှောင်ဟူသည် ကျားဖြူတပ်ဖွဲ့ကို ဦးဆောင်ကာ ကုန်သည်အဖွဲ့သခင်မ စူးယွင်ကျင်း၏ လုံခြုံရေးကို တာဝန်ယူသည်။ အတွင်းခန်းမသည် ပစ္စည်းများ ဝေပေးရန်အတွက် တာဝန်ယူသည်။
အားလုံးအသင့်ဖြစ်သောအခါ စူးယွင်ကျင်းသည် ရိက္ခာများဝေပေးရန် ထွက်ခွာခဲ့သည်။
ချန်ကျဲ့ ခဏမျှ အနားယူတော့မည်တွင် ချန်ဟန်ရောက်လာပြီး လျိုလောင်ကွေ့မှ တွေ့ခွင့်တောင်းနေကြောင်း အကြောင်းကြားလာသည်။
ချန်ကျဲ့ ခဏမျှတွေဝေတုံ့ဆိုင်းသွား၏။ လျိုလောင်ကွေ့သည် ပွဲအတွင်း၌ သူ့ကို မချဉ်းကပ်ခဲ့ပေ။ ယခုအချိန်မှ သီးသန့်လာတွေ့ခြင်းမှာ ကိစ္စတစ်ခုခုရှိလိမ့်မည်။ စိုးရိမ်ဖွယ်ကိစ္စတစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ချန်ကျဲ့ ချန်ဟန်ကို ညွှန်ကြားလိုက်သည်။
“ခေါင်းဆောင်လျိုကို အထဲဖိတ်ခေါ်လိုက်ပါ”
ချန်ဟန်သည် ချက်ချင်းထွက်ခွာသွားပြီးနောက် လျင်မြန်စွာပင် ပြန်ရောက်လာခဲ့ပြီး အရိုအသေပြုလျက် ကြေညာသည်။
“ခေါင်းဆောင် ခေါင်းဆောင်လျိုရောက်ပါပြီ”
လျိုလောင်ကွေ့ဝင်လာရာ ချန်ကျဲ့ နှုတ်ဆက်လိုက်သည်။
“အာ အစ်ကိုလျို ယဉ်ကျေးနေဖို့မလိုပါဘူး။ ကျေးဇူးပြုပြီးထိုင်ပါ”
“အားဟန် ငါ့ရဲ့ဖူအာလက်ဖက်ရည်သွားယူလာခဲ့”
“ဟုတ်ကဲ့”
ချန်ဟန်သည် နာခံစွာဖြင့် လက်ဖက်ရည်သွားနှပ်သည်။ အစေခံမိန်းကလေးအားလုံးသည် စူးယွင်ကျင်းနှင့်အတူ ရိက္ခာပေးဝေရန် လိုက်သွားသောကြောင့် လက်ဖက်ရည်နှပ်ခြင်းကို ချန်ဟန်ကိုယ်တိုင် လုပ်ရလေသည်။
ထိုစဉ် လျိုလောင်ကွေ့မှ ပြောသည်။
“လက်ဖက်ရည်သောက်ဖို့ အလျင်မလိုပါနဲ့ဦး။ ငါမင်းကို ကိစ္စရှိလို့ လာရှာတာ”
ထိုအခါ ချန်ကျဲ့သည် လျိုလောင်ကွေ့ကို ကြည့်လိုက်ပြီး ပြောသည်။
“အစ်ကိုလျို အစ်ကိုနဲ့ကျွန်တော်က သေခြင်းရှင်ခြင်းကို အတူဖြတ်ကျော်ခဲ့ဖူးတဲ့လူတွေပဲ။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
လျိုလောင်ကွေ့မှ ပြောသည်။
“ကျိုစစ် မင်းလည်း ဆေးဘုရင်တောင်ကြားထဲဝင်ဖို့ စီစဉ်ထားတာလား”
ဟင်
ချန်ကျဲ့ ထိုမေးခွန်းကြောင့် အံ့ဩသွားခဲ့ပြီး ပြန်မေးလိုက်သည်။
“အစ်ကိုလျို ဒီနေ့လာတာက အဲဒီကိစ္စအတွက်လား”
လျိုလောင်ကွေ့မှ အတည်ပြုသည်။
“ဒါပေါ့။ မဟုတ်ရင် တခြားဘာကိစ္စရှိနိုင်သေးလို့လဲ။ ကျိုစစ် မင်းနဲ့ ခရိုင်မင်းသမီးရဲ့ဆက်ဆံရေးက ဒီလောက်ကောင်းတာ သူ မင်းကို သေချာပေါက် ခေါ်သွားမှာပဲ ဟုတ်တယ်မလား”
ချန်ကျဲ့ ခဏမျှ တွေဝေသွားပြီးနောက် ပြောသည်။
“အမ်း တကယ့်ကိုပဲ ကျွန်တော်လိုက်ရမှာပါ”
လျိုလောင်ကွေ့မှ ပြောသည်။
“ကျိုစစ် မင်းသိတဲ့အတိုင်း ခရိုင်မင်းသမီးက ငါ့ကိုလည်း ခေါ်သွားမယ်လို့ပြောတယ်လေ။ ကြည့်ရတာ ငါတို့တွေ ထပ်ပြီး ဘေးချင်းယှဉ်တိုက်ခိုက်ကြရဦးမယ်ထင်တယ်။ ဆေးဘုရင်ရတနာက အတော်လေး အန္တရာယ်များတယ်ကွ”