← Chapters

အခန်း ၇၁၈

Vol. 61 Ch. 718

အခန်း ၇၁၈

Vol. 61 Ch. 718

အခန်း ၇၁၈

“ခေါင်းဆောင် မိုး မိုးရွာနေပြီ”

ချန်ဟန်၏စကားတွင် ချန်ကျဲ့ရပ်တန့်သွားပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ ယခင်က ကြည်လင်နေခဲ့သော ကောင်းကင်ကြီးသည် ရုတ်ချည်း မည်းမှောင်လာခဲ့ကာ တိမ်တိုက်မည်းကြီးများသည် မြို့ကြီးကို ချေဖွဖျက်ဆီးတော့မည့်အလား သဏ္ဍာန်ဆောင်နေပေသည်။

အဝေး၌ မိုးကြိုးလျှပ်စီးများ မြင်နေရသည်။

ထူထပ်များပြားသည့် လျှပ်စီးကြောင်းများသည် ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ အသွင်ဆောင်နေသည်။

မိုးစတင်ရွာသွန်းလာခဲ့သည်။ လျိုလောင်ကွေ့နှင့် ချန်ကျဲ့သည် တံခါးတွင် ရပ်လျက် လက်ဆန့်ထုတ်ကာ ကျဆင်းလာသည့် မိုးရေစက်များကို ခံစားကြည့်နေသည်။

လျိုလောင်ကွေ့မှ ပြောသည်။

“မိုးရွာနေတယ်။ မိုးတိတ်သွားတာနဲ့ ဆေးဘုရင်တောင်ကြားထွက်ပေါ်လာလိမ့်မယ်”

ချန်ကျဲ့သည် ကောင်းကင်ကိုမော့ကြည့်ရင်း‌ ပြောသည်။

“မျန့်ရွှေမှာ မြစ်ရေသုံးကျန်းတက်တဲ့အထိ မိုးရွာမှာပေါ့…”

လျိုလောင်ကွေ့မှ ပြောသည်။

“အင်း”

ချန်ကျဲ့မှ ပြောသည်။

“အဲ‌ဒါက… သဘာဝဘေးအန္တရာယ်ပဲ”

ချန်ကျဲ့သည် နာကျင်‌ဝမ်းနည်းနေဟန်သော အမူအရာဖြင့် ပြောသည်။ ပုံမှန် မြစ်ရေတက်သည့်ကာလများတွင် မျန့်ရွှေမြစ်သည် ၁ကျန်းကျော်ခန့်သာ ရေတက်လေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ နှစ်ဆပိုမြင့်တက်လေသည်။ မြစ်ကမ်းတစ်လျှောက်နေထိုင်နေသူများ၊ မျန့်ရွှေမြစ်အောက်ပိုင်းရှိ ရွာငယ်လေးများ…

ချန်ကျဲ့၏မျက်နှာထက်တွင် မခံမရပ်နိုင်အောင်သော နာကျင်ဝမ်းနည်းမှုများ ထင်ဟပ်နေသည်။

သို့သော် လျိုလောင်ကွေ့သည်တော့ စိုးရိမ်ပူပန်မှုရှိဟန်မပေါ်ချေ။

“သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲဖို့မဖြစ်နိုင်ဘူး။ သာမန်အရပ်သားတွေအတွက် ကပ်ဘေးကြီးဖြစ်ပေမဲ့ ငါတို့အတွက်ကတော့ အခွင့်အရေးကြီးတစ်ခုပဲလေ”

ထိုစကားအဆုံး၌ ချန်ကျဲ့ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ပြောသည်။

“အစ်ကိုလျို ကျွန်တော် ချောင်ကုန်သည်အဖွဲ့ရဲ့လမ်းကြောင်းတွေကို ငှားချင်တယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ဟမ်”

ချန်ကျဲ့မှပြောသည်။

“ကျွန်တော် စပါး‌နဲ့ပြောင်းစေ့တချို့ဝယ်ချင်တယ်။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ပေါ့”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“စပါးနဲ့‌ေပြာင်းလား။ ဒီနှစ် ဟွမ်ကျိုးမှာ စပါးနဲ့ပြောင်းနှံတွေ အများကြီးပိုလျှံတယ်။ အဲဒီမှာ စိုးရိမ်စရာမရှိဘူး”

ချန်ကျဲ့သည် ဘာမှမတုံ့ပြန်ဘဲ လျိုလောင်ကွေ့ကို ကြည့်နေခဲ့၏။ လျိုလောင်ကွေ့သည်လည်း ချန်ကျဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးနောက် ပြောလာသည်။

“ကောင်းပြီ။ မင်းဆန္ဒအတိုင်းပဲပေါ့။ ကံကောင်းချင်တော့ ငါ့မှာ ဟွမ်ကျိုးပြည်နယ်က စပါးပြောင်းကုန်သည်ကြီးနည်းနည်းနဲ့ လမ်းကြောင်းတချို့ရှိထားတယ်။ အဲဒီကုန်သည်ကြီးတွေက ဒီနှစ် စပါးပြောင်းနှံတွေ အရမ်းအထွက်များနေလို့ ရောင်းမထွက်မှာ စိတ်ပူနေတာ။ ဈေးကွက်ပေါက်ဈေးထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးနဲ့ ဝယ်လို့ရတယ်။ ငါသူတို့ကို ဆက်သွယ်ပေးမယ်”

ချန်ကျဲ့ အရိုအသေပြုလိုက်သည်။

“အစ်ကိုလျိုကို ကျေးဇူးတင်ပါတယ်။ သူတို့မှာ ပမာဏဘယ်လောက်ရှိလဲ။ ကျွန်တော်ယူမယ်”

“မင်း အဲဒီလောက်အများကြီး ကိုင်တွယ်နိုင်လို့လား။ အရေးပေါ်အခြေအနေအတွက် နည်းနည်းဝယ်ထားရင်ပဲ လုံလောက်ပါတယ်ကွ”

ချန်ကျဲ့မှ ပြောသည်။

“များများသိုလှောင်ထားမှ ကျွန်တော့်စိတ်လည်း ပိုအေးချမ်းနိုင်မှာမလို့ပါ”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“ကောင်းပြီ။ ငါ ကုန်သည်ကြီးတွေကို ဆက်သွယ်လိုက်မယ်။ ဒါပေမဲ့ မင်းမှာ အဲဒီလောက်အများကြီး သိုလှောင်ဖို့နေရာရှိလို့လား။ ထားလိုက်ပါလေ.. ငါမင်းကို သိုလှောင်ရုံနည်းနည်းလည်း ငှားပေးလိုက်မယ်။ ခုတလော စီးပွားရေးလည်း သိပ်မကောင်းတော့ သိုလှောင်ရုံတွေလည်း ပစ္စည်းသိပ်မရှိလှဘူး”

“အစ်ကိုလျိုကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့အရိုအသေပြုလိုက်ပြီး လျိုလောင်ကွေ့မှ ‌ဆက်ပြောသည်။

“ဒါပေမဲ့ ကျိုစစ်၊ ငါတို့ ရတနာကိုပဲ အာရုံစိုက်ထားသင့်တယ်။ သဘာဝဘေးအန္တရာယ်အတွက်‌ကတော့… ဒီခေတ်ကြီးမှာ သဘာဝဘေးအန္တရာယ်မကြုံတွေ့ရတဲ့နေရာ ဘယ်နေရာရှိလို့လဲ”

“မင်း အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့။ လိုလိုမယ်မယ် ဆန်စပါးနှံတချို့သိုလှောင်ထားရင်ရပြီ”

ချန်ကျဲ့ အရိုအသေပြုလိုက်ပြီး ပြောသည်။

“အစ်ကိုလျိုကို ကျေးဇူးတင်ပါတယ်။ ကျိုစစ်နားလည်ပါတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ဒါဆို ငါပြန်လိုက်ဦးမယ်”

ချန်ကျဲ့ လက်ဝှေ့ယမ်းလိုက်ရာ ချန်ဟန်သည် ဆီစိမ်စက္ကူထီးတစ်ချောင်းကို ချက်ချင်းကောက်ယူလျက် ချန်ကျဲ့ဆီ ကမ်းပေးသည်။

ချန်ကျဲ့ ထီးကိုဖွင့်လိုက်ပြီး ပြောသည်။

“အစ်ကိုလျို မိုးမစိုအောင် ဒါလေးဆောင်းသွားလိုက်ပါ”

လျိုလောင်ကွေ့သည် ခေါင်းညိတ်လက်ခံကာ ဆီစိမ်စက္ကူထီးကိုဆောင်းလျက် ပြန်သွား‌ခဲ့သည်။

လျိုလောင်ကွေ့ထွက်သွားပြီးနောက်၌ ချန်ကျဲ့သည် ကောင်းကင်ရှိ တိမ်စိုင်မည်းများနှင့် မိုးရေစက်များကို မော့ကြည့်ရင်း သိသိသာသာ မျက်မှောင်ကြုတ်နေတော့သည်။

“ချန်ဟန်.. ကျိုးချူ၊ စစ်ရှီး၊ ချန်ဝမ်၊ ဦးလေးကျုံးနဲ့ လျိုယီးရှိုတို့ကို အစည်းအဝေးလုပ်ဖို့ ငါ့စာကြည့်ခန်းဆီ ဆင့်ခေါ်လိုက်ပါ”

ထိုအခါ ချန်ဟန်မှ ချက်ချင်းတုံ့ပြန်သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ရှောင်ဟူမှာမူ တိုက်ခိုက်မှုကဏ္ဍနှင့်သာ သက်ဆိုင်သူဖြစ်သောကြောင့် မဆင့်ခေါ်တော့ပေ။ ထို့ပြင် စူးယွင်ကျင်းနှင့်အတူ ရိက္ခာဝေရန် လိုက်ပါသွားသည်ဖြစ်သောကြောင့် ရှောင်ဟူကို ပြန်ခေါ်ခြင်းသည် စူးယွင်ကျင်းအတွက် အကာအကွယ်မဲ့သွားစေလိမ့်မည်။

မကြာမီ ကျိုးချူ၊ စစ်ရှီး၊ ချန်ဝမ်၊ ဝူကျုံးနှင့် လျိုယီးရှိုတို့အားလုံး ရောက်လာကြသည်။

သူတို့သည် စာကြည့်ခန်းထဲ ဝင်လိုက်သည်နှင့် စိုးရိမ်ပူပန်မှုအပြည့်သော ချန်ကျဲ့၏မျက်နှာကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။ သူတို့တွေးလိုက်၏။

ဘာကိစ္စကများ ကုန်သည်အဖွဲ့ခေါင်းဆောင်ကို ဒီလောက်အထိ စိတ်သောကရောက်နေစေရတာလဲ။

ထိုစဉ် ချန်ဟန်မှ ပြောသည်။

“ခေါင်းဆောင် အားလုံးရောက်ပါပြီ”

ချန်ကျဲ့ တစ်ချက်လှည့်ကြည့်လာပြီး‌ ပြောသည်။

“အားလုံးထိုင်ကြပါ”

ချန်ကျဲ့သည် သူတို့ကို စကားပြောနေသော်ငြား မျက်လုံးများသည် ပြတင်းပေါက်ထံမှ အကြည့်မလွှဲပေ။

ထို့ကြောင့် သူတို့အားလုံးလည်း ပြတင်း‌ပေါက်ကို လိုက်ကြည့်လိုက်ကြသည်။ ထိုအခါ မိုးရွာသွန်း‌နေသောကြောင့် မှိုင်းညို့နေသည့် နေ့မြင်ကွင်းကိုသာ မြင်တွေ့ရပေသည်။

ဤသို့ အနည်းငယ်မျှသော မိုးရွာသွန်းမှုလေးသည် အဘယ်ကြောင့် ကုန်သည်အဖွဲ့ခေါင်းဆောင်အား ဤမျှအထိ စိတ်သောကရောက်စေသည်ကို သူတို့နားမလည်နိုင်ကြပေ။

ထိုသို့တွေးလျက် သူတို့သည် ချန်ကျဲ့ကို ပြောသည်။

“ခေါင်းဆောင် အခေါ်ရှိပါသလား”

ချန်ကျဲ့ သူတို့ထံ ပြန်လှည့်ကြည့်လိုက်ပြီး ပြောသည်။

“လူကြီးမင်းတို့ မျန့်ရွှေမှာ သဘာဝဘေးအန္တရာယ်ကြီး ကျရောက်တော့မယ်”

ဟမ်။

ထိုအခါ အားလုံးသည် အံ့အားသင့်ကုန်ကြလျက် ချန်ကျဲ့ကို ကြည့်နေကြသည်။

“သဘာဝဘေးအန္တရာယ်လား”

သူတို့၏မျက်နှာအမူအရာများမှာ မယုံကြည်နိုင်ဖြစ်နေကြ၏။ သဘာဝဘေးအန္တရာယ်ဟူသည် ကပ်ဘေးကျရောက်ခြင်းဟု အဓိပ္ပာယ်ရပြီး မျန့်ရွှေစီရင်စုသည် ဤ၂နှစ်၊၃နှစ်အတွင်း၌ မည်သည့်ဘေးအန္တရာယ်မျှ မကျရောက်ဘဲ ဖြတ်သန်းခဲ့ကြရသည်ဖြစ်ရာ သဘာဝဘေးအန္တရာယ်သည် အဘယ်ကြောင့်များ ရုတ်တရက်ကြီး ကျရောက်လာပါမည်နည်း။

ချန်ကျဲ့နှင့် အနီးဆုံးတွင်ထိုင်နေသည့် ဝူကျုံးမှ ပြောသည်။

“ခေါင်းဆောင် သဘာဝဘေးအန္တရာယ်ကျရောက်မယ့်အကြောင်းကို ဘယ်က သိလာတာပါလဲ။ လတ်တလော မျန့်ရွှေမှာ ရာသီဥတုမူမမှန်တာမျိုးလည်း မရှိပါဘူး”

ပြတင်း‌ေပါက်အပြင်ဘက်ရှိ မိုးများကို ကြည့်ပါရန် ချန်ကျဲ့ မေးငေါ့ပြလိုက်သည်။

အပြင်ဘက်ရှိ မိုးရွာသွန်းမှုမှာ မသည်းထန်ပေ။ တဖြောက်ဖြောက် ရွာသွန်းနေခြင်းဖြစ်သည်။

ဝူကျုံးသည် တစ်ချက်ကြည့်ပြီးနောက် ပြောသည်။

“ကျိုစစ် ဒီမိုးဖွဲဖွဲရွာတာလေးက ဘယ်လိုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်မှာလဲ”

အခြားသူများမှလည်း ပြောသည်။

“ဟုတ်တယ်။ ဒီမိုးက ညဆိုရင်ပဲ တိတ်သွားလောက်ပါပြီ”

ထိုအခါ ချန်ကျဲ့ ခဏတိတ်ဆိတ်သွား၏။ ထို့နောက် ပြောသည်။

“အကယ်၍ မိုးမတိတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ”

“ဟမ်”

ထိုစကားတွင် အားလုံးထိတ်လန့်သွားကြသည်။

မတိတ်ဘဲ ရွာမယ်တဲ့လား။

သူတို့သည် အပြင်ဘက်ရှိ မိုးရွာသွန်းမှုကို တစ်ဖန်ပြန်ကြည့်လိုက်ရင်း မျက်နှာအမူအရာများ ပြောင်းလဲကုန်ကြသည်။

မိုးမတိတ်ရင် ရေကြီးတော့မှာ မဟုတ်လား။

ထို့နောက် သူတို့အားလုံး ချန်ကျဲ့ကို ပြန်ကြည့်လိုက်ကြသည်။

“ခေါင်းဆောင် မဟုတ်နိုင်ပါဘူး။ မတိတ်ဘဲ ဆက်ရွာမနေလောက်ပါဘူး။ ဟုတ်တယ်မလား”

ချန်ကျဲ့မှ ပြောသည်။

“မျန့်ရွှေမြစ်ရေ သုံးကျန်းတက်မယ်။ ရေကြီးနဂါးက မိုးတိမ်ပြာတွေထဲ ပုန်းကွယ်နေတယ်။ နှစ်သုံးဆယ်စာ မိုးရေတွေ ရွာသွန်းချပြီးနောက် မျန့်ရွှေမှာ နဂါးထွက်ပေါ်တဲ့အခါ ရတနာသိုက်လည်း ထွက်ပေါ်လာမယ်”

ထိုအခါ လျိုယီးရှိုမှ ရုတ်တရက် မတ်တပ်ထရပ်၏။

“နှစ်သုံးဆယ် နှစ်သုံးဆယ်ရှိသွားခဲ့ပြီ”

“သမားတော်လျို သမားတော်လျို”

သမားတော်လျိုသည် သူတို့ထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး လွန်ခဲ့သည့်နှစ်သုံးဆယ်က လှိုင်းလေတံပိုးများကို သိရှိထားသူဖြစ်ပေသည်။ ထိုအချိန်က သူသည် သမားတော်ငယ်လေးတစ်ဦးဖြစ်ခဲ့ပြီး မြစ်ပြင်မှ ထိုကြောက်မက်ဖွယ်သော မြင်ကွင်းကို ယခုထိတိုင် မေ့မရနိုင်သေးပါချေ။

All Chapters