← Chapters

ကျန်းမင်

Vol. 16 Ch. 160

ကျန်းမင်

Vol. 16 Ch. 160

မိုးမလင်းမီလေးတွင် လိန်ရှင်းနန်သည် မိစ္ဆာကောင်များကို လိုက်လံစုံစမ်းရဦးမည်ဟု အကြောင်းပြချက်ပေးကာ လော့ချန်းချိုးကို အလျင်အမြန်နှုတ်ဆက်ပြီး ထွက်ခွာခဲ့လိုက်တော့သည်။

ယခုအချိန် သူမအလိုချင်ဆုံးမှာ ရင်ထဲ၌ လေးလံပိတ်ဆို့နေသော ခံစားချက်များကို လွတ်လပ်စွာဖောက်ထုတ်ပစ်လို့ရမည့် သီးသန့်နေရာတစ်ခုကို အမြန်ဆုံးရှာဖွေရန်သာ ဖြစ်၏။ တကယ်လို့ သူမသာ ထိုနေရာတွင် ဆက်နေမိမည်ဆိုပါက တင်းကျပ်နေသောနှလုံးသားမှာ ထပ်တောင့်ခံနိုင်စွမ်းမရှိဘဲ ပေါက်ကွဲထွက်ကာ ပေါက်ပေါက်ဆုပ်များကို နေရာအနှံ့ပြန့်ကျဲကုန်တော့မလို ခံစားနေရသည်။

ကိစ္စရပ်များက အတောမသတ်နိုင်အောင် အထိန်းအကွပ်လွတ်နေခဲ့လေပြီ။

သူမသည် တစ်ချိန်က ဆန့်ကျင်ဘက်လိင်တစ်ယောက်နှင့် မိမိ၏ ပထမဆုံးအနမ်းကို မည်သို့သော အခြေအနေမျိုးတွင် ကြုံတွေ့ရမည်နည်းဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် တစ်သက်လုံး အိမ်ထောင်မပြုတော့ဟူသော အတွေးက ရှေ့တန်းရောက်လာခဲ့သဖြင့် သူမ၏ စိတ်ကူးယဉ်မှုများက မှေးမှိန်ပျောက်ကွယ်သွားခဲ့ရ၏။

သို့သော် မည်သူထင်မှတ်ထားပါမည်နည်း။ သူမ၏ပထမဆုံးအနမ်းက ဤမျှလျှင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု။

ပြီးတော့ ဤမျှ ပြဇာတ်ဆန်ဆန် ဝရုန်းသုန်းကားအခြေအနေဖြင့်။

ယောက်ျားတစ်ယောက်ကို ထိုသူ၏ ကာမပိုင်ဇနီးသည် ရှေ့မှောက်တည့်တည့်မှာပင် နမ်းမိသွားခဲ့ခြင်းဖြစ်လေသည်။

မရည်ရွယ်ဘဲဖြစ်သွားခဲ့ခြင်း ဖြစ်သလို ထိုအချိန်က အရှိန်ပြင်းပြင်းဆောင်မိခဲ့သောကြောင့် နှုတ်ခမ်းပင်ကွဲသွားခဲ့ရသဖြင့် အတော်လေးနာကျင်ခဲ့ရသော်လည်း ရင်ထဲတွင် လှုပ်ခတ်စီးဆင်းသွားသော ဓာတ်လိုက်သလို ထုံကျဥ်ကျဥ်ခံစားချက်က ယခုထိတိုင် ကျန်ရစ်နေဆဲဖြစ်လေသည်။

သူတို့ အတူအိပ်စက်ခဲ့ကြသည်။

ဖက်တွယ်မိခဲ့ကြသည်။

နမ်းရှိုက်မိခဲ့ကြသည်။

နောက်ထပ် ဘယ်အဆင့်ထိများ ဆက်သွားရဦးမှာလဲ။

နောက်ထပ် ဘာအဆင့်မျှရှိလာတော့မည် မဟုတ်ချေ။ သူမအနေဖြင့် အနာဂတ်ကိစ္စရပ်များကို ကြိုတင်စိတ်ကူးယဥ်မျှော်လင့်ခြင်းများ မပြုလုပ်သင့်တော့ပါ။ တစ်ဖက်လူသည် တခြားတစ်ပါးသောမိန်းမတစ်ယောက်၏ ခင်ပွန်းသည်ဖြစ်နေကြောင် သတိကပ်သင့်ပေသည်။

စည်းခြားမှုကို ထိန်းသိမ်းထားခြင်းက လူတိုင်းအတွက် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

လိန်ရှင်းနန်သည် မိမိကိုယ်ကိုယ် ဤသို့ အကြိမ်ကြိမ်သတိပေးနေခဲ့သော်လည်း စိတ်အာရုံများမှာ ရှုပ်ထွေးနောက်ကျိနေခဲ့ပြီး ဦးနှောက်ထဲတွင် အကြောင်းအရာများစွာပြည့်နှက်နေကာ ဘာတစ်ခုကိုမှ ကွဲကွဲပြားပြား ‌တွေးတောနိုင်စွမ်းမရှိတော့။

"စိတ်ပျက်ဖို့ကောင်းလိုက်တာ။"

သူမ ရုံးတော်အိမ်ဝင်းဆီသို့ ရောက်ရှိချိန်တွင် စိတ်ကိုလွှတ်ချကာ ရူးသွပ်သွားသည့်အလား ဆံပင်များကို ခပ်ပြင်းပြင်းဆွဲဖွလိုက်မိတော့၏။

ပုံမှန်အချိန်တွင် တည်ငြိမ်အေးဆေးလှသော အထက်အရာရှိတစ်ယောက်အနေဖြင့် ဤမျှလောက်အထိ ဖရိုဖရဲဖြစ်ဖူးခြင်း မရှိခဲ့ချေ။ ယခုအချိန်တွင်တော့ သူမ၏ဘဝကြီးမှာ ခန့်မှန်းရခက်လှသော ဝဲဂယက်ကြီးတစ်ခုထဲသို့ မျောပါသွားခဲ့ပြီး အောက်ခြေမရှိဘဲ အသက်ရှူကျပ်လောက်အောင် ကူကယ်ရာမဲ့ ဆွဲနှစ်ခံနေရသကဲ့သို့။

လိန်ရှင်းနန်သည် လေးလံဖိစီးနေသောစိတ်ခံစားချက်များ သက်သာလိုသက်သာငြား နံရံကို ခြေထောက်ဖြင့် အကြိမ်ရေအနည်းငယ် ကန်ကျောက်လိုက်မိသည်။

"အရာရှိလိန်"

ထိုအချိန်တွင် နောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ခေါ်သံ ထွက်ပေါ်လာခဲ့သည်။

လိန်ရှင်းနန်သည် နေတောင်မထွက်သေးသော မနက်ခင်းချိန်ခါတွင် မည်သူမျှ နိုးလာလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့သဖြင့် ဖွထားသောဆံပင်များကို သပ်ရပ်အောင် အလျင်အမြန် ပြန်လည်ပြင်ဆင်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။

ထိုသူမှာ ယွမ်ဝမ်ချန်၏ ဂျူနီယာညီမ‌‌လေးဖြစ်သူ ကျန်းမင်ပင်။

"ဒဏ်ရာတွေသက်သာအောင် အခန်းထဲမှာပဲနေရမှာမဟုတ်ဘူးလား။ ဘာလို့ အပြင်ကိုထွက်လာတာလဲ။"

လိန်ရှင်းနန်မှာ အစပိုင်းတွင် ရှက်စိတ်ဖြင့် ပါးပြင်လေးများ နွေးခနဲဖြစ်သွားခဲ့သော်လည်း တစ်ဖက်လူက သပ်ရပ်တင်းရင်းသော နေ့ခင်းဝတ်စုံကို အပြည့်အစုံဆင်ယင်ထားသည်အားမြင်တော့ သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤကျန်းမင်ကို သူမ ယွင်ချန်မြို့ညကင်းလှည့်အဖွဲ့ထဲတွင် အကြိမ်အနည်းငယ် မြင်တွေ့ဖူးခဲ့သည်။

သူမအကြောင်းကိုတော့ နက်နက်ရှိုင်းရှိုင်း သိထားခြင်းမရှိပါပေ၊

ပုံမှန်အားဖြင့်တော့ စီနီယာဖြစ်သူ ယွမ်ဝမ်ချန်နှင့်သာ ခွဲမရအောင်ပူးကပ်နေလေ့ရှိသည့် မိန်းကလေးဟုသာ တွေးထင်ခဲ့သည်။

အပြစ်သားမုန့်ချင်လွတ်မြောက်သွားပြီး မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားခဲ့ရခြင်းအတွက် ဤမိန်းကလေးသည် အကြီးမားဆုံးတရားခံဖြစ်သောကြောင့် လိန်ရှင်းနန်သည် လက်ရှိတွင်တော့ သူမအပေါ် သိပ်အမြင်မကြည်လှ။

"အပြင်လမ်းလျှောက်ထွက်ရင်း လေကောင်းလေသန့်ရှူနေတာပါ"

ကျန်းမင်က အနည်းငယ်ပြုံးလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။"

အရာရှိလိန်မှာရော စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခုများ ရှိနေလို့လား"

"ဘာမှမရှိပါဘူး။"

လိန်ရှင်းနန် စကားထပ်မပြောလိုတော့သဖြင့် အခန်းထဲကိုဝင်ဖို့ ခြေလှမ်းပြင်လိုက်သည်။

"ရှင့်ကြည့်ရတာ တစ်ယောက်ယောက်ကို သ‌ဘောကျနေမိပြီထင်တယ်"

ထိုအမျိုးသမီး၏ ဖျော့တော့သောမေခွန်းသံက နောက်ကွယ်မှ လွင့်ပျံလာခဲ့၏။

လိန်ရှင်းနန် ခြေလှမ်းများ တုံ့ခနဲဖြစ်သွားခဲ့ပြီး နောက်သို့လှည့်ကာ အေးစက်တင်းမာသောအသံဖြင့် တုံ့ပြန်သည်။

"မိန်းကလေးကျန်း၊ ရှင်က သူတစ်ပါးရဲ့ပုဂ္ဂိုလ်ရေးရာကိုစပ်စုရတာ ဒီလောက်တောင်ဝါသနာပါတာလား။ ဒါဆိုရင် ကျွန်မဘက်ကလည်း မေးပါရစေဦး၊ ဒီတစ်ခေါက် မုန့်ချင်လွတ်မြောက်သွားတော့ရော ရှင်ဘယ်လိုခံစားခဲ့ရသလဲ"

"အခု မိစ္ဆာကောင်အဖြစ်တောင် ပြောင်းလဲသွားပြီလို့ ကြားတော့ရော ဘယ်လိုခံစားချက်များရှိသလဲ။"

"ဘာပဲဖြစ်ဖြစ် ရှင်တို့နှစ်ယောက်က တစ်ချိန်က စေ့စပ်ထားခဲ့ကြဖူးပြီး အတူတူကြီးပြင်းလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပဲ မဟုတ်လား။"

လိန်ရှင်းနန်၏ သံသယငွေ့ထူထဲသော မေးခွန်းများကို ဆက်တိုက်ရင်ဆိုင်လိုက်ရသော်လည်း ကျန်းမင်၏အမူအရာမှာ ရှူးရှူးရှားရှားဒေါသထွက်ခြင်း မရှိခဲ့ချေ။ သူမ၏အကြည့်များက ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့ပြီး တိုးတိုးလေး ပြန်မေးလာခဲ့သည်။

"အရာရှိလိန်က ကျွန်မမုန့်ချင်ကို တမင်တကာလွှတ်ပေးခဲ့လို့ သူမိစ္ဆာကောင်ဖြစ်သွားရတယ်လို့ ထင်နေတာလား"

"ဒီကိစ္စရဲ့ နောက်ကွယ်ကအမှန်တရားကို သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာပါ။"

လိန်ရှင်းနန်က ထို့သို့ပြောအပြီး နောက်သို့လှည့်ကာ အိမ်ခန်းထဲသို့ ဝင်သွားခဲ့တော့သည်။

နောက်တွင်ကျန်ခဲ့သော ကျန်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခပ်တိုးတိုးအသံဖြင့် ဆိုပြန်သည်။

"တကယ်လို့ ရှင် တစ်စုံတစ်ယောက်ကိုသဘောကျတယ်ဆိုရင် ရဲရဲဝံ့ဝံ့သာ ခြေလှမ်းစဖို့ပြင်လိုက်ပါ။ အချိန်နှောင်းသွားမှ ရမဲ့နောင်တကို စောင့်ဆိုင်းမနေပါနဲ့"

လိန်ရှင်းနန် ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သော်လည်း ဘာစကားမှပြန်ပြောမနေတော့ဘဲ ထွက်လာခဲ့လိုက်သည်။

လီနန်ခယ့်တစ်ယောက် ဌာနဆီသို့ ရောက်ရှိလာချိန်တွင် ယုန်မလေးမုန့်သည် ကြီးမားပြည့်ရွှမ်းသော ပေါက်စီပူပူနှစ်လုံးကို ပလုတ်ပလောင်းဝါးမြိုနေခဲ့ပြီး ဝိုင်းစက်လှသော နို့နှစ်ရောင်မျက်နှာလေးမှာ ပိုလို့ပင် ပြည့်ဖောင်းလုံးဝိုင်းလျက်ရှိလေ၏။

"အစ်မလိန်ကောဘယ်မှာလဲ။"

"အစောကြီးကတည်းက ထွက်သွားပြီ၊ မိစ္ဆာကောင်နောက်လိုက်ပြီး စုံစမ်းမလို့တဲ့။"

မိန်းကလေးက ပလုတ်ပလောင်းဖြင့် ဗလုံးဗထွေးဆိုသည်။

"ဒီလောက်အစောကြီးလား။"

လီနန်ခယ့်က တအံ့တသြဆိုသည်။

ယုန်မလေးမုန့်သည် အရှေ့မှလက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ ပါးစပ်ထဲမှ အစားအစာများကို အကုန်အစင်မျိုချပြီးနောက်တွင်မှ သူမကဆိုသည်။

"အင်း၊ ဘာလို့ ဒီလောက်အစောကြီးထွက်သွားလဲတော့ ကျွန်မလည်းမသိဘူး။ ကျွန်မကတော့ မထနိုင်ဘူးဆိုပြီး အတင်းဆက်အိပ်နေခဲ့တာပဲ"

"မင်းတော်တော်ပျင်းတာပဲ"

"ရှင်လည်းအတူတူပါပဲ။"

ထိုမိန်းကလေးက မျက်စောင်းထိုးလျက်ဆိုသည်။

လီနန်ခယ့်က စားပွဲပေါ်မှ များပြားလှသောအစားအသောက်များကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။

"ဒါနဲ့ ဟို ယွမ်ဝမ်ချန်နဲ့ ကျန်းမင်တို့ရော။"

"သူတို့နှစ်ယောက်စလုံး သူတို့အခန်းထဲမှာပဲ"

"အတော်မျက်နှာပြောင်ကြတဲ့ဟာတွေ၊ ပြဿနာတွေပတ်ရှာပြီးတော့ မဆိုင်တဲ့လူတွေကို ဒိုင်ခံရှင်းခိုင်းထားတယ်။ သူတို့ကျ အခန်းထဲမှာ‌ နေမြင့်တဲ့ထိနားနေကြတယ်ပေါ့"

လီနန်ခယ့် ခပ်ငေါ့ငေါ့ပြောလိုက်သည်။

ယုန်မလေးမုန့်က ဆိုသည်။

"လူကြီးလူကောင်းတစ်ယောက်ကို ရှင့်ရဲ့ သေးသိမ်တဲ့စံနှုန်းတွေနဲ့ လာပြီးမတိုင်းတာပါနဲ့။ ယွမ်ဝမ်ချန်က အစက အစ်မလိန်နဲ့အတူ မိစ္ဆာကောင်နောက်ကိုအတူလိုက်ဖို့ ပြင်ခဲ့တာ၊ ဒါပေမဲ့ အဲ့ဒီကျန်းမင်ဆိုတဲ့သူက သူ့ကို လုံးဝမသွားခိုင်းဘူး။ ဘာတွေသွားပြောလိုက်သလဲတော့ ကျွန်မလည်းမသိဘူး။ ယွမ်ဝမ်ချန်တစ်ယောက် နေခဲ့ရတာပဲ"

"အဲ့လိုလား။"

လီနန်ခယ့်၏ မျက်လုံးအကြည့်များ အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။

"ဒီအမျိုးသမီးက တကယ်ကို ထူးဆန်းတာပဲ။"

"တကယ် ထူးဆန်းတာ။ မနေ့ညကဆိုရင် သူတို့အချင်းချင်း ရန်ဖြစ်နေကြတာကိုတောင် ကျွန်မကြားခဲ့ရသေးတယ်။"

ယုန်မလေးမုန့်က ပေါက်စီကို တစ်ကိုက်ထပ်ကိုက်ဝါးရင်း ဆိုလိုက်သည်။

"ရန်ဖြစ်ကြတယ်ဟုတ်လား ဘာအကြောင်းလဲ။"

ယုန်မလေးမုန့်သည် လက်ထဲမှပေါက်စီကို သုံးလေးကြိမ်လောက်ဝါးပြီး မျိုချလိုက်ပြီးမှ မျက်လုံးလေးမှိတ်လျက် အပျင်းကြောဆန့်လိုက်ပြီးနောက် ခပ်ဖြည်းဖြည်းပြောပြလာသည်။

"ကြားရသလောက်တော့ ယွမ်ဝမ်ချန်က အဲ့ဒီမိစ္ဆာကောင်ကို မြန်မြန်သတ်ပစ်ချင်နေတာ၊ ဒါပေမဲ့ ကျန်းမင်ကသူ့ကို မသတ်ခိုင်းဘူး။ ကျန်တာတော့ ကျွန်မလည်း သေသေချာချာနားမလည်ပါဘူး"

"စိတ်ဝင်စားဖို့ကောင်းသားပဲ။"

လီနန်ခယ့် ပြုံးလိုက်မိသည်။

တစ်ယောက်က အတင်းအကျပ်သတ်ချင်နေပြီး တစ်ယောက်က မသတ်ဖို့တားနေတယ်တဲ့လား။ တကယ်ပဲ ဘာတွေကြံစည်နေကြတာလဲ။

မိမိရှေ့မှ အာဟာရအပြည့်အစားအသောက်များနှင့် ဆူဖြိုးပြည့်ရွှမ်းနေသော မိန်းကလေးကိုကြည့်ပြီး လီနန်ခယ့် မနေနိုင်စွာဝင်တားမိသည်။

"တော်ရုံလောက်စားစမ်းပါ။ မင်းဒီ့ထက်ပိုဝလာဦးမယ်"

"ဝဝပိန်ပိန် ရှင်နဲ့ဘာဆိုင်လဲ၊ ရှင့်မိန်းမထင်လို့လား"

မိန်းကလေးသည် ပျင်းရိငြီးငွေ့နေသော လေသံလေးဖြင့် သူ့ကို အားရအောင်ရန်လုပ်ပြီးနောက် ထပ်အိပ်ဖို့အချိန်ရသေးသည်ဟုတွက်ချက်ကာ ကျေနပ်စွာထထွက်သွားလေတော့၏။

"ငါအစ်မလိန်ကို သွားရှာမလို့၊ မင်းတကယ်မလိုက်တော့ဘူးလား"

လီနန်ခယ့် လှမ်းအော်လိုက်သည်။

"မလိုက်ဘူး။"

အအိပ်အစားတွင်တော့ ဆုံးဖြတ်ချက် အင်မတန်ပြတ်သားလှပေသည်။

ထွက်ခွာသွားသော ထိုမိန်းကလေး၏ကျောပြင်ကို ကြည့်ရင်း လီနန်ခယ့်သည် အနောက်ဆောင်တွင် ဤသို့သောယုန်မလေးတစ်ကောင်လောက် ထည့်ထားလို့ရလျှင်လည်း မဆိုးလှဟု တွေးလိုက်မိသည်။

အနည်းငယ်ပျင်းရိတတ်သော်လည်း အနည်းဆုံးတော့ မွေးလာမည့်ကလေးအတွက် အာဟာရပြည့်စုံလုံလောက်ဖို့ အလွန်ပင် အာမခံချက်ရှိလေသည်။

လိန်ရှင်းနန်နောက်သို့လိုက်ရန် ရုံးတော်ခြံဝင်းအပြင်သို့ ခြေချလိုက်သည်နှင့် ရင်းနှီးနေသော သေးသွယ်လှပသည့် ခန္ဓာကိုယ်လေးတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုအမျိုးသမီး၏ ခါးလေးမှာ သေးသွယ်နုနယ်လှသဖြင့် လက်တစ်ဝါးစာမျှသာ ရှိပုံရပြီး သူမ၏ ဖြောင့်စင်းရှည်လျားလှသော ခြေတံများပေါ်တွင် စစ်ဖိနပ်အမြင့်များကို စီးနင်းထားခဲ့သည်။ မျက်နှာတစ်ဝက်ကို ငွေရောင်မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားခဲ့ပြီး မြင့်မားစွာစည်းနှောင်ထားသော မြင်းမြီးဆံပင်နှင့်အတူ သူမသည် လျှို့ဝှက်နက်နဲသော ခံစားချက်တစ်ခုကို ပေးစွမ်းရုံသာမက ထင်ရှားသောဆွဲဆောင်မှုကိုလည်း ထုတ်လွှတ်နေခဲ့၏။

"ကျွန်တော်ကတော့ ခင်ဗျားကျွန်တော့်ကို သုံးလို့ပြီးတာနဲ့ ရာသက်ပန်စွန့်ပစ်သွားပြီလား ထင်ထားခဲ့တာ"

လီနန်ခယ့်က လှမ်းစနောက်လိုက်သည်။

နျဲ့ယင်းက လက်ပိုက်ကာရပ်နေရင်း တည်ငြိမ်စွာဆို၏။

"ကျွန်မ ဒီကထွက်သွားရတော့မယ်"

"မင်းသမီးရှန်းယွမ်အလောင်းကို ထပ်မရှာတော့ဘူးလား။ ဒီအတိုင်း မြို့တော်ပြန်ပြီး အစီရင်ခံစာတင်မယ်ဆိုရင် ခင်ဗျား ခေါင်းပြုတ်သွားလိမ့်မယ်နော်။"

လီနန်ခယ့် တအံ့တသြဆိုလိုက်သည်။

နျဲ့ယင်းက ပြောသည်။

"ကျွန်မ အထက်ကပို့လွှတ်လိုက်တဲ့ သိမ်းငှက်ပျံသဝဏ်လွှာကို လက်ခံရရှိထားပြီးပြီ၊ ဒီအမှုကိစ္စကို အခြားလူတစ်ယောက်က လွှဲပြောင်းယူလိမ့်မယ်တဲ့။ ဒါပေမဲ့ အဲ့ဒါကဘယ်သူလဲဆိုတာကိုတော့ ကျွန်မလည်း မသိသေးဘူး။ လက်ရှိကတော့ အမိန့်ကိုနာခံရုံပါပဲ။"

All Chapters