ဘယ်ဆီဘယ်ဝယ်
Vol. 16 Ch. 151
လီနန်ခယ့်မှာ အူကြောင်ကြောင်ဖြစ်သွားခဲ့ရပြီး နားထင်ကို တူဖြင့်တစ်ချက်ထုလိုက်သည့်အလား နားထဲတွင် ဆူညံလို့နေလေတော့သည်။
ဘယ်ကဘယ်လို ဖြစ်သွားရတာလဲ။
ပျောက်ဆုံးနေတဲ့ အဲ့ဒီမယ်မယ်ကြီးကို ငါကိုယ်တိုင် မိုးနီကမ္ဘာထဲပို့လိုက်တာတဲ့လား။ အဲ့ဒါကြောင့် လူအင်အားဘယ်လောက်သုံးသုံး ရှာမတွေ့နေတာကိုး။ ဒီမိုးနီကမ္ဘာက ငါ့ကို တမင်သက်သက် လာစမ်းနေတာလား။
"ဘယ်မှာလဲ အဲ့ဒီမိန်းကလေး အခုဘယ်မှာလဲ"
လီနန်ခယ့်သည် မင်္ဂလာဦးခန်းဆောင် ပတ်ပတ်လည်ကို ရူးသွပ်စွာရှာဖွေပါသော်လည်း အရိပ်အယောင်မျှပင် မမြင်တွေ့ရပေ။
မင်းသမီးရှန်းယွမ်က ပြောသည်။
"အပြင်ထွက်သွားတာပဲ"
လီနန်ခယ့် တောင့်တင်းသွားခဲ့ရပြီး ပိတ်ထားသောတံခါးကို လက်ညှိုးထိုးကာ တုန်ယင်နေသော လေသံဖြင့် ဆို၏။
"မင်းပြောချင်တာက အဲ့မိန်းကလေး မိုးနီကမ္ဘာထဲထွက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်လား"
"ဟုတ်တယ်။"
ထိုအမျိုးသမီးက ခေါင်းကို ညင်သာစွာညိတ်ပြသည်။
ထိုအချိန်တွင် လီနန်ခယ့်၏ဦးခေါင်းမှာ မူးနောက်သွားခဲ့ရပြီး ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူ အသိစိတ်ပြန်ဝင်လာသောအခါ အမျိုးသမီး၏ရှေ့သို့ အပြေးအလွှားသွားလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းဘာလို့ သူ့ကိုမတားခဲ့တာလဲ။ မိုးနီကမ္ဘာက အန္တရာယ်များမှန်း မင်းသိရက်သားနဲ့ ဘာလို့ ဒီမိန်းကလေးကို အပြင်ထွက်ခွင့်ပေးလိုက်ရတာလဲ"
မင်းသမီးရှန်းယွမ်က မတတ်နိုင်ဟန်ဖြင့် ဆို၏။
"မိုးတိတ်သွားတဲ့ အချိန်မှာ တံခါးကိုဖွင့်လို့ရတယ်လေ။ ကျွန်မလည်းသူ့ကို တားနိုင်တဲ့နည်းလမ်းမရှိဘူး"
"မင်း ငါ့တုန်းကကျ အခန်းထဲပြန်ရောက်အောင် အတင်းဆွဲခေါ်နိုင်ခဲ့တာပဲ"
"ရှင်ကရှင်လေ မတူဘူး။ ကျွန်မရှင့်ကိုကယ်နိုင်တာက ရှင်နဲ့ကျွန်မက နှလုံးသားချင်းပေါင်းစပ်ထားသူတွေမလို့။ အဲ့မိန်းကလေးကိုတော့ ကျွန်မလည်း ထိန်းချုပ်နိုင်တဲ့စွမ်းရည်မရှိဘူး"
မင်းသမီးရှန်းယွမ်က အကြောင်းရင်းကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပြီး ပွင့်လင်းကြည်လင်သောမျက်လုံးများတွင် မည်သည့်လှည့်စားမှုကိုမှ မတွေ့ရနိုင်ပေ။
"တောက်"
တစ်ဖက်လူသည် သူ့ကိုလိမ်ညာရန် အကြောင်းပြချက်မရှိကြောင်း လီနန်ခယ့်သိသည်။ သူ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခေါင်းကိုသာ လက်နှစ်ဖက်နှင့် ထုရိုက်မိ၏။
ဘာကြောင့်မှန်း နားမလည်နိုင်။
ထိုမိန်းကလေးကို သူကိုယ်တိုင် မိုးနီကမ္ဘာထဲ ဘယ်လိုပို့လို့ပို့လိုက်မှန်း သူလည်းမမှတ်မိနိုင်။
သေနတ်နဲ့ပစ်လိုက်မိတာမျိုးလား။
လီနန်ခယ့်သည် အံကိုတင်းတင်းကြိတ်ကာ သေနတ်ကိုဆွဲထုတ်ပြီး မေးလိုက်သည်။
"အဲ့ဒီမိန်းကလေး အခုဘယ်မှာလဲ။"
သူ မိုးနီကမ္ဘာထဲသို့ နောက်တစ်ကြိမ်ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်ရလေပြီ။
အရေးကြီးဆုံးအလုပ်မှာ မယ်မယ်ကြီးကိုရှာဖွေရန် ဖြစ်သည်။ သူမသာ တစ်ခုခုဖြစ်သွားခဲ့ပါက သူ့အပြစ်ပါနေမှန်း ဘယ်သူမှမသိနိုင်လျှင်တောင် သူကိုယ်တိုင်ကတော့ စိတ်အေးအေးနေနိုင်လိမ့်မည်မထင်။
"အဲ့ဒါတော့ ကျွန်မလည်းမသိဘူး"
ထိုအမျိုးသမီးက အားနာဟန်ဖြင့် ဆို၏။
လီနန်ခယ့် ခေတ္တမျှကြောင်ကြည့်နေပြီးမှ သံသယမကင်းသောမျက်လုံးများဖြင့် မေးသည်။
"မင်းမှာ စိတ်အာရုံစွမ်းအင်မရှိဘူးလား။"
မင်းသမီးရှန်းယွမ်၏ မျက်နှာလှလှပေါ်တွင် ဝမ်းနည်းနာကျင်ဟန်အရိပ်အယောင် အနည်းငယ်လွှမ်းလာခဲ့သည်။
"အဲ့ဒီမိန်းကလေး ဒီအခန်းထဲကနေထွက်သွားပြီးတဲ့နောက် ကျွန်မနဲ့သူကြား အဆက်အသွယ်ပြတ်သွားတော့တာပဲ။"
"လွန်ခဲ့တဲ့နှစ်ရက်လုံးလုံး ကျွန်မစိတ်အာရုံအစွမ်းနဲ့ အနီးအနားကို သေသေချာချာရှာဖွေခဲ့ပေမဲ့ လူကို အရိပ်အယောင်တောင်မတွေ့ရဘူး။ ကျွန်မလက်လှမ်းမမီတဲ့နေရာအထိ ထွက်သွားသလား။ ဒါမှမဟုတ် သေများသွားသလား မသိနိုင်ဘူးရယ်"
လီနန်ခယ့်မှာ နေရာတွင် အကြောင်သားရပ်နေမိပြီး စိတ်အာရုံမှာလည်း မှုန်မှိုင်းလေးလံသွားရ၏။
သေသွားပြီ ဟုတ်လား။
ထိုမယ်မယ်ကြီးဆိုသူမှာ ကျင့်ကြံရေးအကြောင်းကို နကန်းတစ်လုံးမှပင်သိပုံမပေါ်။ လက်တွေ့ကမ္ဘာတွင်ပင် သူမကိုယ်သူမ ကာကွယ်ခုခံဖို့ရာ အားအင်သတ္တိမရှိလှဟန်တွင် ဤသို့ ကြောက်မက်ဖွယ်မကောင်းဆိုးဝါးများပြည့်နှက်နေသော မိုးနီကမ္ဘာတွင် အကောင်းအတိုင်းရှိနေဖို့ကား မဖြစ်နိုင်သလောက်ပင်။
မင်းသမီးရှန်းယွမ်၏ အာရုံခံအကွာအဝေးထက် ပိုဝေးဝေးရောက်နေသလားဟု ထင်ရအောင်ကလည်း ထိုမျှဝေးဝေးလံလံသွားနိုင်မည့်ပုံမပေါ်လှ။
မိန်းကလေး အခက်ကြုံနေရခြင်းသာ ဖြစ်ပေမည်။
လီနန်ခယ့်သည် အပြင်ထွက်ကာ လူကိုချက်ချင်းလိုက်ရှာဖို့ပြင်ပါသော်ငြား မိုးနီကား တစ်ဖန်ထပ်မံရွာသွန်းနေပြန်လေပြီ။ မိုးနီရွာနေချိန်တွင် တံခါးကို ဘယ်လိုဖွင့်ဖွင့်မရနိုင်သောကြောင့် ထိုင်ခုံပေါ်တွင်သာ ခြေပစ်လက်ပစ်ထိုင်ချပြီး အရှေ့သို့ ဗလာကျင်းနေသောမျက်လုံးများဖြင့် ငေးနေမိသည်။
သွားပြီ။
ဒီတစ်ကြိမ်တော့ အားလုံးကုန်ပြီ။
လီနန်ခယ့်သည် လက်နှစ်ဖက်ဖြင့်ခေါင်းကိုအုပ်ကိုင်ကာ ငုံ့ထိုင်နေမိသည်။ စိတ်အစဥ်မှာ မိုးရာသီကောင်းကင်ကဲ့သို့ အုံ့မှိုင်းနေပြီး သူ့နှလုံးသားထဲ ဓားသေးသေးလေးတစ်ချောင်းလှည့်နေသလို စူးနင့်ကာနေရခက်လှသည်။
ဒီလောက်ပြည့်စုံလှပတဲ့ မိန်းကလေးက ဒီလိုပဲသေသွားရမှာလား။
မိမိကိုယ်ကို အပြစ်တင်စိတ်က နာကျင်မှုနှင့်နောင်တတို့ရောယှက်ကာ တိုးပွားလာခဲ့သည်။
မရေမတွက်နိုင်သော ခံစားချက်များက ရင်ဘတ်ထဲမွှေနှောက်ကာ နာကျင်အောင့်သက်နေရသည်။
ဤကိစ္စက သူ့အတွက်နစ်နာစရာမရှိသလို ခံစားမနေသင့်သည့်အရာဖြစ်ပါသော်ငြား နောက်ဆုံးတော့လည်း ထိုမိန်းကလေးကို ဤသို့ အသက်အန္တရာယ်တွင်းထဲရောက်အောင် တွန်းပို့လိုက်မိသူမှာ သူဖြစ်သည်။
တမင်ရည်ရွယ်လိုက်ခြင်းမရှိလျှင်ပင် သူ့ပယောဂတော့မကင်းစင်ပေ။
မင်းသမီးရှန်းယွမ်က လီနန်ခယ့်ဆီသို့လျှောက်ကာ သူ့အင်္ကျီအနားစလေးများကို ဖြန့်သပ်ပေးရင်း နူးညံ့စွာနှစ်သိမ့်၏။
"ယောက်ျားရယ်၊ ဒါကအရှင့်အပြစ်လည်းမဟုတ်ပါဘူး။ မိုးနီပယောဂကြောင့် သေဆုံးနစ်နာခဲ့ရသူတွေမှ တစ်ပုံကြီးကို။ နစ်နာသူတွေဆိုတာ အခုလည်းရှိနေမှာဖြစ်သလို နောက်လည်း ရှိနေဦးမှာပဲ။ အဲ့မိန်းကလေးလည်း အသက်ရှင်နေရင်ရှင်နေဦးမှာပါ"
လီနန်ခယ့် သူ့ကိုယ်သူ လှောင်ရယ်ချင်စိတ်ဖြင့် ပြုံးမိသည်။
ဤသို့သောအခြေအနေတွင် တစ်ဖက်လူ အသက်ရှင်နိုင်ချေမှာ နည်းလွန်းလှလေပြီ။
သို့သော် စစ်စစ်ပေါက်ပေါက်တွေးတောကြည့်လျှင်တော့ ဤမိုးနီကမ္ဘာထဲသို့ ဘာကြောင့်ရယ်မှန်းမသိ ရောက်လာနိုင်ခဲ့သော သူမသည်လည်း သာမန်လူတစ်ယောက် ဟုတ်ချင်မှဟုတ်ပေမည်။
ဤမိုးနီကမ္ဘာထဲတွင် မှော်ဆန်ဆန် အသက်ရှင်နေနိုင်ဆဲလည်း ဖြစ်နိုင်သည်ပင်။
ထိုအချက်ကိုတွေးမိတော့ လီနန်ခယ့်၏ မှုန်မှိုင်းနေသောနှလုံးသားမှာ ပြန်လည်တက်ကြွသက်ဝင်လာကာ မင်းသမီးရှန်းယွမ်ကိုမေးလိုက်သည်။
"ဒီမိုးနီ ဘယ်အချိန်လောက်ရပ်မှာလဲ"
"အမှန်တော့မရှိဘူး။ တစ်ခါတလေ ၁၂နာရီလောက်ထိကြာတတ်ပြီး ၃နာရီလောက်ပဲရွာတဲ့အခါတွေလည်း ရှိတယ်"
မင်းသမီးရှန်းယွမ်က ဆိုသည်။
လီနန်ခယ့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မိုးရပ်သွားတဲ့အခါ မင်းငါ့ကိုလှမ်းသတိပေးလို့ရမလား။ ဘာပဲဖြစ်ဖြစ် လိုက်တော့ရှာကြည့်ချင်သေးတယ်"
"ဟုတ်ပြီလေ" မင်းသမီးရှန်းယွမ်က လက်ခံသည်။
"ကျေးဇူးပါ"
"ရပါတယ် ဖေဖေကြီးရှင့်"
"..."
လီနန်ခယ့် အရှက်ပြေချောင်းဟန့်လိုက်ပြီး သိပ်သည်းစွာရွာသွန်းနေဆဲဖြစ်သော မိုးနီများကို ပြတင်းမှတစ်ဆင့်ကြည့်ကာ ထပ်မေးလိုက်သည်။
"သူအသက်ရှင်နေသေးပြီး မိုးနီတွေလည်း ရွာနေတုန်းဆိုရင် မိုးနီတွေနဲ့ထိမိလို့ အန္တရာယ်တစ်ခုခုဖြစ်နိုင်လား"
မင်းသမီးရှန်းယွမ်က ခေတ္တမျှတိတ်ဆိတ်စဥ်းစားနေပြီးမှ ခေါင်းကိုယမ်းလာသည်။
"ကျွန်မလည်းမသိဘူးရယ်"
လီနန်ခယ့် လေးလံစွာသက်ပြင်းချကာ သူ့ဘာသာ ရေရွတ်မိတော့၏။
"ဘေးကင်းနေဖို့ပဲမျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့မယ်မယ်ကြီးရယ်"
...
နောက်တစ်နေ့မနက်စောစောတွင် လီနန်ခယ့် ညကင်းလှည့်တပ်ဖွဲ့ဌာနဆီ ရောက်ခဲ့သည်။
မိစ္ဆာဖမ်းဖို့ လူစုစီစဥ်နေသော လိန်ရှင်းနန်တစ်ယောက် သူ့ကိုမြင်သော် မကျေမနပ်ဖြင့်ဆိုလာ၏။
"ရက်နည်းနည်းလောက်နားပါဦးလို့ ပြောထားတယ်မလား။ ဘာလို့ အပြေးအလွှားရောက်လာပြန်တာလဲ။ ကျွန်မနဲ့သမားတော်လော့ကို စကားထပ်များရအောင်မလုပ်နဲ့နော်"
"ကျွန်တော်လည်း အဲ့ဒီသွေးမိစ္ဆာကိုခြေရာခံဖို့လာခဲ့တာ။ ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့တာဝန်ကို ကျေပွန်ရမှာပဲလေ။ တချို့လူတွေလို အပျင်းထူနေလို့မဖြစ်ဘူးပေါ့"
လီနန်ခယ့်က တဝါးဝါးသမ်းဝေနေသော ယုန်မလေးမုန့်ကိုလှမ်းကြည့်ကာ ပြုံးတုံ့တုံ့ဆို၏။
ယုန်မလေးမှာ အူကြောင်ကြောင်ဖြစ်သွားသော်လည်း သူမကို အဓိပ္ပာယ်ပါပါလှမ်းကြည့်နေသော အမျိုးသား၏အကြည့်ကြောင့် စူပုပ်သွားရတော့၏။
"ဘယ်သူကအပျင်းထူနေလို့လဲ"
မိန်းကလေးက သူမ၏ ပုံ့ပုံ့အိအိရင်ဘတ်ကြီးကိုပုတ်ကာ ဂုဏ်ယူစွာဆိုသေးသည်။
"ကျွန်မလောက်ဇွဲရှိတဲ့သူ ထပ်ရှာကြည့်စမ်းပါ"
အပုတ်ခံလိုက်ရသည့်နေရာက တလှုပ်လှုပ်။
လီနန်ခယ့် အကြည့်ကိုအမြန်လွှဲကာ တိုးတိုးရေရွတ်မိသည်။
"ခေါင်းမူးလိုက်တာနော်"
"ဟုတ်ပြီ နန်ခယ့်၊ ရှင်အရင်သွားနားချေ။ နောက်ပြီး ရှင့်အတွက်ချထားတဲ့တာဝန်တွေ မရှိသေးဘူး။ ဒါကြောင့် ကျွန်မတို့နဲ့အတူလိုက်စရာလည်း မလိုသေးဘူး"
လိန်ရှင်းနန်ကတော့ အမျိုးသား၏ ခန္ဓာကိုယ်အခြေအနေကို စိုးရိမ်နေမိဆဲပါပင်။
လီနန်ခယ့်က အပြုံးဖြင့်ဆို၏။
"အစ်မလိန်က ကျွန်တော့်ကို လိုက်မလာစေချင်ဘူးဆိုတော့လည်း တစ်ယောက်တည်းပဲ ခွဲသွားရတော့မှာပေါ့လေ"
"ရှင်ကတော့နော်"
အမျိုးသား၏ တဇွတ်ထိုးအကျင့်ကြောင့် လိန်ရှင်းနန်မှာ မတတ်သာစွာသက်ပြင်းချမိသည်။ သူမ နှုတ်ခမ်းကိုကိုက်ကာ အချိန်အတော်ကြာ လေးလေးနက်နက်စဥ်းစားပြီးမှ ခပ်တည်တည်ဆိုလိုက်၏။
"ဒါဆိုလည်းလိုက်ခဲ့ နောက်မှာပြတ်ကျန်မနေခဲ့စေနဲ့နော်"
"ဟုတ်ပါပြီဗျာ"
လီနန်ခယ့်က ဆန်ကောက်နေသည့်ကြက်ကလေးအလား ခေါင်းကို တဆတ်ဆတ်ညိတ်သည်။
နီးနီးကပ်ကပ်လိုက်ပါဆိုသည့် စကားတွင် မနေ့က သူမ၏ခါးကိုဖက်ကာ ထပ်ကြပ်မကွာတိုက်ပွဲဝင်ခဲ့သောအခြေအနေကို ပြန်သတိရလိုက်ပြီး သူ့နှလုံးသားမှာ ရှုပ်ထွေးသွားရ၏။ လိန်ရှင်းနန်သည်လည်း ထိုအဖြစ်ကို ပြန်မြင်ယောင်မိသွားချိန်ဖြစ်ကာ အကြည့်ချင်းဆုံလိုက်မိချိန်တွင် နှစ်ဦးလုံး မလုံမလဲသာ အကြည့်လွှဲမိကုန်ကြသည်။
အမျိုးသမီး၏ပါးနုနုလေးများက ပန်းသွေးရောင်သမ်းကာ နှလုံးခုန်သံက မြန်ဆန်ကျယ်လောင်လျက်။
ရှက်ကိုးရှက်ကန်းအခြေအနေကို ပြန်လည်ဖာထေးဖို့ လီနန်ခယ့် ဘေးလူများကို လှည့်မေးလိုက်သည်။
"စကားမစပ် ယွမ်ဝမ်ချန်တစ်ယောက်ရော"
"သူ့ဂျူနီယာညီမလေးကို ပြန်သွားခေါ်နေတယ်"
လိန်ရှင်းနန်သည် ခံစားချက်မျးကို ပြန်လည်တည်ငြိမ်စေပြီးနောက် လီနန်ခယ့်အား သွေးမိစ္ဆာနှင့်ပက်သက်သော အသေးစိတ်အချက်အလက်များကို ပြန်လည်ပြောပြပေးလိုက်သည်။
မိစ္ဆာအဖြစ်ကူးပြောင်းသွားသော ထိုကုန်သည်၏အမည်မှာ မုန့်ချင်ဖြစ်သည်။ တစ်ချိန်က မော့ချင်ခရိုင်တွင် ရဲမက်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ကာ ဒေသခံဂိုဏ်းဂဏများနှင့် လျှို့ဝှက်ပူးပေါင်း၍ မိုးနီရောင်းချခြင်းများကို လာဘ်ပေးလာဘ်ယူလုပ်ခဲ့သောကြောင့် တင်းကျပ်သောစုံစမ်းစစ်ဆေးရေးကို ရင်ဆိုင်ခဲ့ရသည်။
ထိုသူ့ကို ယွမ်ဝမ်ချန်နှင့် ဂျူနီယာညီမလေး ကျန်းမင်တို့က တိမ်တိုက်မြို့တော်သို့ နောက်ထပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် အစောင့်အကြပ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းမင်နှင့် မုန့်ချင်တို့မှာ ဇာတိတူနယ်သားများဖြစ်ကြပြီး ငယ်စဉ်ကတည်းကပင် စေ့စပ်စုလျာထားခံရသူများပင်။
မုန့်ချင်ထွက်ပြေးနိုင်ခဲ့သည့် အကြောင်းရင်းမှာ လမ်းခရီးတွင် ယွမ်ဝမ်ချန်အဝေးသို့ ရောက်ရှိနေစဉ် သူက အတက်ရောဂါ ဖြစ်ချင်ယောင်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။
သူသည် ကျန်းမင်ကိုလှည့်စားပြီး ထိပ်တုံးများကိုဖွင့်ခိုင်းခဲ့ကာ သူမကိုတိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့ခြင်းပင်။
အလျင်စလိုပြန်ရောက်လာသော ယွမ်ဝမ်ချန်လည်း မဆိုင်းမတွပင် သူ့နောက်အမီလိုက်ခဲ့ပါသည်။
သူတို့သည် လိုက်ရင်းဖမ်းရင်း တောနက်တစ်ခုထဲတွင် ထိပ်တိုက်ဆုံကာ တိုက်ခိုက်ခဲ့ကြသည်။ ဒေါသအဟုန်ကြောင့် မဆင်ခြင်နိုင်တော့သော ယွမ်ဝမ်ချန်သည် သူ၏ စွမ်းအားအားလုံးကို အဆင်အခြင်မဲ့ အသုံးချခဲ့ပြီး မုန့်ချင်အား ဓားသွားဖြင့် သေလောက်သည်အထိ ထိုးခုတ်မိလိုက်တော့၏။
ထို့နောက် ကျန်ခဲ့သောညီမလေး၏ဒဏ်ရာများကို စိုးရိမ်ကြီးစွာဖြင့် ချောက်နက်ထဲပြုတ်ကျသွားခဲ့သော တရားခံ၏အလောင်းအား သူ ပြန်လှည့်မကြည့်အားခဲ့ပေ။
နောက်တစ်နေ့တွင် မုန့်ချင်နှင့် အလွန်ဆင်တူသောပုံရိပ်တစ်ခုကို သူဖျတ်ခနဲမြင်လိုက်ရသည်။ သင်္ချိုင်းလူသားအဖြစ် ပြန်လည်နိုးထလာခြင်းဖြစ်မည်ဟု တွက်ဆကာ ချက်ချင်းလိုက်ရှာခဲ့ပါသော်လည်း ခြေရာမခံနိုင်ခဲ့။
"အစောင့်အကြပ်နဲ့ ရာဇဝတ်သားက ငယ်ချစ်တွေတဲ့လား"
အမှုအကြောင်း အသေးစိတ်ကြားသိပြီးနောက် လီနန်ခယ့်ဆွံ့အသွားခဲ့ရသည်။ ဤမျှတုံးအထူးဆန်းသောကိစ္စမျိုးကို သူတစ်ခါမှမကြားစဖူး။