အပျိုကြီးပဲလုပ်
Vol. 16 Ch. 152
ကွေ့ကောက်နေသော တောနက်လမ်းလေးအတိုင်း နာရီဝက်ခန့် လျှောက်လှမ်းလာခဲ့ပြီးနောက် သူတို့အဖွဲ့သည် ယွမ်ဝမ်ချန်ပြောပြထားသော တောနက်တစ်နေရာသို့ ရောက်ရှိလာခဲ့ကြ၏။
ဤနေရာရှိသစ်ပင်များသည် အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းလှသဖြင့် နေရောင်ခြည်သည်ပင် ဖျော့ဖျော့ပါးပါးသာ ထိုးဖောက်ဝင်ရောက်နိုင်လေသည်။
ရှေးဟောင်းသက်ရှည်သစ်ပင်ကြီးများနှင့် ခက်ဖြာရောယှက်နေသော သစ်ကိုင်းများသည် သူတို့ကို တွန့်လိမ်အုပ်မိုးလျက်သား။
ထောင်ချောက်တစ်ခုပမာ ချောင်းမြောင်းစောင့်ကြိုနေကြသော မိစ္ဆာအငွေ့အသက်များသည် လေးလံထူပိတ်စွာ လွှမ်းမိုးပျံ့နှံ့နေ၏။
လိန်ရှင်းနန်သည် လီနန်ခယ့်ကို ထောက်ချောက်ကျင်းတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ဆိုသည်။
"ကျွန်မတို့ ဒီနေရာကို တစ်ခါလာပြီး စစ်ဆေးထားပြီးသား၊ ရှင်လည်း ဒီနေရာကို ချင်ချင်ရဲ့ မိုးနီအိပ်မက်ထဲမှာ မြင်ဖူးထားတာဆိုတော့ ရင်းနှီးနေလိမ့်မယ်။ ကျွန်မတို့ အတွင်းထဲထိဆင်းရှာခဲ့ပေမဲ့ အလောင်းကိုမတွေ့ခဲ့ရသလို မိစ္ဆာအငွေ့အသက်လည်း နည်းနည်းတောင်မတွေ့ခဲ့ရဘူး"
လီနန်ခယ့်သည် ပြိုကျပျက်စီးနေသော ထောက်ချောက်ကျင်းကို စူးစမ်းကြည့်လိုက်သည်။
ကလေးမလေးချင်ချင်၏ မိုးနီအိပ်မက်ထဲတွင်မူ သူသည် ဤကျင်းထဲ၌ ထိုမိန်းကလေးကို ရှာဖွေတွေ့ရှိခဲ့ပြီး အိပ်မက်ဆိုးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
သို့သော် အိပ်မက်ထဲကနှင့်နှိုင်းယှဉ်ပါက လက်ရှိကမ္ဘာထဲက ထောင်ချောက်ကျင်းမှာ ပိုမို ပျက်စီးယိုယွင်းနေခဲ့သည်ပင်။
၎င်းသည် မုဆိုးများ တူးထားခဲ့ပြီးနောက် တဖြည်းဖြည်း စွန့်ပစ်ခံလိုက်ရသော သက်တမ်းရှည် ထောက်ချောက်ကျင်းဟောင်းတစ်ခု ဖြစ်ရမည်။ မြေနေရာအနေအထားကို ကြည့်ရသလောက် ၎င်းသည် အထောက်အခံမပါသော မြေကျင်းသက်သက်တစ်ခုသာဖြစ်ပြီး ကြောက်လန့်နေသောကလေးမလေးတစ်ယောက် မတော်တဆပြုတ်ကျဖို့ အလွန်လွယ်ကူပေမည်။
"အတွင်းထဲဝင်ကြည့်ရအောင်။"
လီနန်ခယ့်သည် အလင်းဖြာပုတီးလုံးကိုယူကာ ကျင်းထဲသို့ခုန်ဆင်းသွားလေတော့၏။
လိန်ရှင်းနန်သည်လည်း သူ့နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
သူတို့ ကျင်းထဲသို့ဝင်ဝင်ချင်းမှာပင် မြေပြင်ပေါ်ရှိ ကြီးမားလှသော သွေးကွက်ကြီးတစ်ခုက သူတို့အကြည့်ကို ချက်ချင်းဆွဲခေါ်လိုက်နိုင်၏။
လီနန်ခယ့်သည် အလင်းဖြာပုတီးလုံးကို သွေးကွက်အနားသို့ သယ်ဆောင်လာခဲ့ပြီး လက်ဖြင့်တို့ထိကြည့်ကာ ခွဲခြမ်းစိတ်ဖြာသည်။
"ဒါက မုန့်ချင်ရဲ့သွေးတွေပဲဖြစ်မယ်။ ဒီလောက်သွေးတွေအများကြီးထွက်ထားတာ မိုးနီမပါဘဲအသက်ဆက်ရှင်ဖို့ မဖြစ်နိုင်ဘူး"
"ယွမ်ဝမ်ချန်ပြောသလိုဆိုရင် အဲ့ဒီအချိန်တုန်းက သူ မုန့်ချင်ရဲ့နှလုံးတည့်တည့်ကို ဓားနဲ့ထိုးစိုက်လိုက်နိုင်ပြီး လူက ကျင်းထဲကို နောက်ပြန်ပြုတ်ကျသွားခဲ့တာ"
လိန်ရှင်းနန်သည် ထိုအမျိုးသား၏ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သွေးကွက်ကိုအတူကြည့်နေရင်း တိုးတိုးပြောပြလာ၏။
"ဒါပေမဲ့ သူက ကျန်းမင်ရဲ့ဒဏ်ရာတွေကို စိုးရိမ်နေခဲ့လို့ လူသေမသေ သေသေချာချာမစစ်ဆေးခဲ့ဘူး။ တကယ်လို့ သူသာ အဲ့ဒီတုန်းက ပိုပြီးစေ့စေ့စပ်စပ်လေးကြည့်ခဲ့မယ်ဆိုရင် မိစ္ဆာပေါ်လာစရာအကြောင်းလည်းမရှိဘူး။"
ထိုအမျိုးသမီး၏ စကားလုံးများထဲတွင် အပြစ်တင်လိုဟန်နှင့် ယူကျုံးမရဖြစ်မှုတို့ ရောယှက်ပါဝင်နေခဲ့သည်။
မည်သို့ပင်ဆိုစေ ယွမ်ဝမ်ချန်သည် သူမအသိအမှတ်ပြုရသော ညကင်းလှည့်ဌာန၏ လူငယ်အနည်းစုထဲမှ တစ်ယောက်အပါအဝင်ဖြစ်သဖြင့် ဤသို့အမှားကြီးကိုမှပြုလုပ်ခဲ့သည်ဟု လက်မခံလိုလှ။
လီနန်ခယ့်သည် ဘေးမှသင်းပျံ့လာသော လတ်ဆတ်ချိုမြိန်သည့်ရနံ့လေးအား ရှူရှိုက်ရင်း ရယ်သွမ်းသွေးမိသည်။
"လူရယ်လို့ဖြစ်လာမှတော့ အမှားမကင်းနိုင်ပါဘူး။ အထူးသဖြင့် ညကင်းလှည့်ဌာနလို အလွန်တိကျရတဲ့အလုပ်မျိုးမှာပေါ့။ ခင်ဗျားရော တစ်ခါမှမမှားခဲ့ဘူးလို့ ပြောနိုင်လား။ ကျွန်တော်တော့ ယုံမှာမဟုတ်ဘူးနော်"
"ကျွန်မ မမှားဖူးဘူး။" လိန်ရှင်းနန်က ပြတ်သားစွာပြောလိုက်သည်။
"တကယ်ကြီးလား။"
"ရှင်မယုံရင် ကြိုက်တဲ့သူသွားမေးကြည့်လို့ရတယ်"
မိန်းမလှသည် ထိုအမျိုးသား၏ မယုံသင်္ကာမေးခွန်းကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ရသည်။ ရင်ကော့ကာ အာမခံပြီးမှ သူမ အနည်းငယ်တွန့်ဆုတ်တုံ့ဆိုင်းသွားပြီး ပါးပြင်များနီမြန်းလျက်ဆို၏။
"အနည်းဆုံးတော့ ကျွန်မ ကြီးကြီးမားမားမမှားဖူးပါဘူး။"
"အစ်မလိန်က အဲ့လောက်တောင်တော်တာပဲလား"
လီနန်ခယ့်သည် ဖားရမည့်အချိန်ကို သိတတ်စွာဖြင့် နှုတ်သွက်လျှာသွက် ချီးကျူးစကားဆိုလိုက်သည်။
"တော်စမ်းပါ"
ထိုအမျိုးသမီးက သူ့ကို ရှုတည်တည်စိုက်ကြည့်လိုက်၏။
အလင်းဖြာပုတီးလုံး၏ ဝင်းဝါသော အလင်းရောင်အောက်တွင် ထိုအမျိုးသမီး၏ နူးညံ့လှပသော မျက်နှာပြင်လေးမှာ ပန်းရောင်သန်းနေခဲ့ပြီး သူမ၏ ဝင်းပသောအသားအရေကို ပိုမိုတောက်ပထင်းလင်းစေနေရာ လီနန်ခယ့်မှာ ခေတ္တငေးမောမိသွားရ၏။
ဟယ့်ပန်ကျွင်း၊ မယ်မယ်ကြီးနှင့် မင်းသမီးရှန်းယွမ်တို့ကဲ့သို့သော ပြစ်မျိုးမှဲ့မထင်လှပသော အမျိုးသမီးများကို မကြာမကြာ မြင်တွေ့နေရပါသော်ငြား သူ့အထက်လူကြီးမှာလည်း သူတို့ထက်လျော့မနေပါဟု သူတွေးမိဆဲပင်။
သူမသည် စူးရှထင်ရှားသော အရောင်အသွေးရှိသည့် နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ပင် အေးစက်မွှေးပျံ့လှသည်ပင်။
ငေးမောကြည့်ရှုရာတွင် လှပအေးချမ်းနိုင်ပါသော်ငြား အနားကပ်ဖို့ကြိုးစားလျှင်တော့ ဆူးများဖြင့်အရင်တွေ့ရမည်ပင်။
သို့သော် ကာကွယ်ထားသောဆူးများကို ရုပ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ နှလုံးသားငယ်လေးထဲတွင် လှိုင်းထန်နေသော စိတ်အားထက်သန်မှုများကို ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
"အစ်မလိန်၊ ခင်ဗျား အိမ်ထောင်ပြုဖို့စဉ်းစားဖူးလား။"
လီနန်ခယ့်သည် ရုတ်တရက်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုကြောင့် ထိုမေးခွန်းကို ဘာမှမစဉ်းစားဘဲ မေးလိုက်မိသည်။
လိန်ရှင်းနန်သည် ထိုစကားကိုအကြားတွင် တောင့်တင်းသွားခဲ့ရပြီး သူမ၏ ဖြူဝင်းသောပါးပြင်လေးများပေါ်တွင် ရှက်သွေးရိပ်များ ချက်ချင်းပေါ်လာခဲ့သည်။ ထို့နောက် နှုတ်ခမ်းသားနုနုလေးကို ဖိကိုက်လိုက်ပြီး သူ့ကိုမျက်လုံးလှန်ကြည့်ကာ ဆို၏။
"အဲ့ဒါရှင့်အလုပ်မဟုတ်ပါဘူး"
"ကျွန်တော်က ဒီတိုင်း အပျော်မေးကြည့်တာပါ။"
လီနန်ခယ့်က အိုးတိုးအမ်းတမ်းရယ်မောလိုက်ပြီး တခြားနေရာများကို လှည့်လည်စစ်ဆေးရန်ထွက်လာခဲ့လိုက်သည်။
ထိုအမျိုးသမီးသည် နီမြန်းနေဆဲဖြစ်သော မျက်နှာလှလှလေးဖြင့် နေရာတွင်တင် ကြောင်အမ်းအမ်းဖြစ်လျက် ကျန်နေခဲ့ရသည်။ ပြင်းထန်လှသော နှလုံးခုန်သံမှာ ကျဉ်းမြောင်းလှသော ထောင်ချောက်ကျင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သော်လည်း ထို့နောက်တွင် တစ်စုံတစ်ခုကိုသတိရသွားခဲ့ပြီး ရှက်သွေးဖြန်းနေသောမျက်နှာမှာ ညှိုးငယ်မှေးမှိန်သွားခဲ့ရ၏။
လီနန်ခယ့်သည် ကျင်း၏ထောင့်တိုင်းကို နေရာလပ်မကျန် စစ်ဆေးခဲ့သော်လည်း သဲလွန်စအများကြီးတော့ မရရှိလိုက်ပေ။
"တစ်နည်းအားဖြင့်ပြောရရင် မုန့်ချင်က မိုးနီကိုသောက်ပြီးပြီးချင်းမှာ မိစ္ဆာအဖြစ် ချက်ချင်းအသွင်မပြောင်းသွားခဲ့ဘူး။ ဒါက သူသောက်လိုက်တဲ့အရာက မိုးနီရေသန့်ဖြစ်နေတာလား။"
လီနန်ခယ့် သူ့ထင်မြင်ချက်ကို တင်ပြလိုက်သည်။
လိန်ရှင်းနန်က ခေါင်းကို ညင်သာစွာညိတ်ပြ၏။
"ဒီအချက်က ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ မိုးနီရေသန့် ဟုတ်ဟုတ်မဟုတ်ဟုတ် မိစ္ဆာကမိစ္ဆာပဲဆိုတော့ ကွာခြားချက်သိပ်မရှိပါဘူး"
လီနန်ခယ့်သည် မိုးနီကမ္ဘာနှင့်ပတ်သက်ပြီး သူစိုးရိမ်နေသောကိစ္စများကိုလည် ရှင်းပြလို့မရသောကြောင့် မေးခွန်းသာမေးလိုက်သည်။
"ခင်ဗျားရဲ့ အတွေ့အကြုံအရဆိုရင် သွေးမိစ္ဆာတွေဒဏ်ရာရတဲ့အခါ များသောအားဖြင့် ဘယ်မှာပုန်းတတ်ကြလဲ။"
"သူတို့ထဲက အများစုကတော့ သူတို့အသွင်ပြောင်းခဲ့တဲ့ မူလနေရာကိုပဲ ပြန်သွားတတ်ကြတာ။"
လိန်ရှင်းနန်က ခေတ္တမျှစဥ်းစားပြီး ပြန်လည်ဖြေကြားလာသည်။
"ဒါပေမဲ့ တချို့ကတော့ ပိုပြီးအမှောင်ကျ ချောင်ကျတဲ့နေရာတွေမှာ ပုန်းနေတတ်ကြတယ်။ ကျွန်မတို့ ဒီနေရာပတ်ပတ်လည်မှာ ဖီးနစ်သွေးခေါင်းလောင်းတွေကို တပ်ဆင်ထားပြီးပြီ။ မိစ္ဆာဖြတ်သန်းသွားတာနဲ့ တစ်ပြိုင်နက် အငွေ့အသက်ကျန်ခဲ့လိမ့်မယ်။ သူတုန်းချီခရိုင်ကနေ ထွက်မသွားသရွေ့တော့ အများဆုံး ငါးရက်အတွင်း သူ့ရဲ့တည်နေရာကို ခြေရာခံနိုင်ပါတယ်။"
ငါးရက်ဟုတ်လား။
လီနန်ခယ့်သည် ခန့်မှန်းခြေရက်ကိုကြားပြီး အနည်းငယ် စိုးရိမ်သွားခဲ့မိသည်။
မင်းသမီးရှန်းယွမ်က ထိုမိစ္ဆာသည် လုံးဝအသွင်မပြောင်းသေးကြောင်း ပြောထားခဲ့သဖြင့် ငါးရက်ဆိုသောအချိန်သည် အထိနာနေသောမိစ္ဆာအား ပြန်လည်နာလန်ထူရန် အချိန်ပေးလိုက်သလိုဖြစ်သွားမလားဟု သူစိုးရိမ်မိခြင်းပင်။
"ကောင်းပြီ၊ ကျွန်တော်တို့ ဒီထဲကအရင်ထွက်ကြတာပေါ့"
လီနန်ခယ့်သည်လည်း ပုံမှန်အတိုင်း စုံစမ်းရှာဖွေရန်မှလွဲ တခြားရွေးချယ်စရာလည်းမရှိတော့ပေ။
သူတို့ ကျင်းအပေါ်သို့ ပြန်တက်ခါနီးတွင် လီနန်ခယ့်တစ်ယောက် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ သူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ဟန်ရပြီး မြေကြီးအက်ကွဲကြောင်းများထဲသို့ ငုံ့ကြည့်ကာ ငွေရောင် အရာဝတ္ထုသေးသေးလေးတစ်ခုကို ကောက်ယူလိုက်၏။
သေသေချာချာ ကြည့်ရှုလိုက်သောအခါ ၎င်းသည် ကျိုးပဲ့နေသော နားကပ်တစ်ခု ဖြစ်နေခဲ့သည်။
ထိုနားကပ်တွင် ပုလဲလုံးလေးတစ်လုံး ပါရှိနေ၏။
"ဘာကြီးလဲ"
အမျိုးသားက ထိုပစ္စည်းကိုစူးစိုက်ကြည့်ရင်း ငြိမ်သက်နေသည်အားမြင်သဖြင့် လိန်ရှင်းနန် စူးစမ်းလိုစွာ မေးလိုက်မိသည်။
ဤသည်မှာ ချင်ချင်၏နားကပ်လည်း ဖြစ်နိုင်ခြေမရှိ၊ အခြေခံလူတန်းစား ကလေးမလေးတစ်ယောက်က ဒီလိုနားကပ်ကို ပန်နိုင်လိမ့်မည်မဟုတ်။
လီနန်ခယ့်သည် ခေတ္တမျှ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် ထိုနားကပ်ကို သိမ်းဆည်းကာ အမျိုးသမီးကိုလှည့်ကြည့်လျက် ခပ်ပြုံးပြုံးဖြင့်ဆို၏။
"ဘာမှမဟုတ်ပါဘူး။ ခင်ဗျား တစ်သက်လုံးအိမ်ထောင်မပြုရင်ကောင်းမှာပဲလို့ ကျွန်တော်တွေးမိလို့ပါ"
"ကျွန်မ အိမ်ထောင်ပြုတာမပြုတာ ရှင့်ကိစ္စမဟုတ်ပါဘူး"
လိန်ရှင်းနန်၏ မျက်နှာမှာ ဒေါသကြောင့် နောက်တစ်ကြိမ်နီမြန်းသွားခဲ့ရပြန်သည်။
"ကျွန်မရှေ့မှာ ဒါမျိုး ပုဂ္ဂိုလ်ရေးကိစ္စတွေ နောက်ထပ်မပြောပါနဲ့"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ၊ ကျွန်တော်မှားပါတယ် အစ်မ"
လီနန်ခယ့်သည် ရိုးသားကျိုးနွံစွာ ပြန်လည်တောင်းပန်လေသည်။
သူတို့ ကျင်းထဲကထွက်လာပြီးနောက် လီနန်ခယ့်က ရုတ်တရက်မေးလာ၏။
"ဒါနဲ့ ပြီးခဲ့တဲ့တစ်ခေါက်ကပျောက်ဆုံးသွားတဲ့ မိုးနီရေတွေကိုရော ရှာတွေ့ပြီလားအစ်မ"
"ရှာတွေ့ပါပြီ။"
လိန်ရှင်းနန်သည် ထိုအမျိုးသား၏ပုခုံးပေါ်မှ မြေမှုန့်များကို သဘာဝကျကျသပ်ဖယ်ပေးရင်း အသံငြိမ်ငြိမ်ဖြင့်ဆိုသည်။
"အဲ့ဒါတွေကို ဂူတစ်ခုထဲမှာ ရှာတွေ့ခဲ့တာ။ ဒါပေမဲ့ စိတ်မကောင်းစရာက မိုးနီအိုးတွေအားလုံး ကျိုးပဲ့ကုန်ပြီး မိုးနီလည်း အကြွင်းအကျန်တချို့ပဲကျန်တော့တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဌာနချုပ်ကို အစီရင်ခံစာတင်လို့ရသွားတာပေါ့။"
သူမ၏အဖြေကို ကြားလိုက်ရသောအခါ လီနန်ခယ့် စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။
သူဖန်တီးခဲ့သော အတုအယောင်မြင်ကွင်းသည် လိန်ရှင်းနန်တို့တစ်ဖွဲ့လုံးကို အောင်အောင်မြင်မြင် လှည့်စားနိုင်ခဲ့ပုံရသည်။
သူ့ရှေ့က ကြိုးကြိုးစားစား အလုပ်လုပ်နေရှာသော အထက်လူကြီးကိုကြည့်ရင်း လီနန်ခယ့်သည် အပြစ်ရှိစိတ်ဖြင့် ရှက်ရွံ့သွားခဲ့မိ၏။ မကြာခင်အချိန်အတွင်း အရာအားလုံးကို ဖွင့်ဟဝန်ခံသင့်လေပြီလားဟု တွေးတောရင်း သူငြိမ်ကျသွားခဲ့သည်။
တစ်ခါတရံတွင် လိမ်ညာမှုများ ဖုံးကွယ်ထားမှုများ ပိုမိုများပြားလာလေလေ အရာအားလုံး ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲပေါ်လွင်သွားသည့်အခါ ထိခိုက်အနာတရများကို ပြန်လည်ကုစားရန် ပိုမိုခက်ခဲလေလေ ဖြစ်တတ်သည်။
သို့သော် သူမအနေဖြင့် အမှန်တရားကို မည်မျှအထိ လက်ခံနိုင်လောက်မည်နည်းဆိုသည်ကို သူမသိသောကြောင့် ပြောမပြနိုင်သေးခြင်းပင်။
"မင်းသမီးကြီးက မနေ့က ကျွန်မကိုတိတ်တိတ်လေးလာရှာပြီး မိုးနီနည်းနည်းတောင်းခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်မမပေးလိုက်ဘူး။ တကယ်လည်း ကျွန်မဆီမှာမရှိတာကိုး။"
လိန်ရှင်းနန်က အတွေးများရှုပ်ထွေးနေဟန်ဖြင့် ပြောပြလာသည်။
"သူဘာလို့မိုးနီကိုလိုချင်ရမှန်း ကျွန်မလည်းမသိဘူး"
လီနန်ခယ့်သည် မနေ့က ဇနီးသည်ပြောပြသော မင်းသမီးကြီး၏နာမကျန်းမှုအကြောင်း ပြန်သတိရသွားပြီး ပေါ့ပေါ့ပါးပါးပင် ပြောပြလိုက်သည်။
"ရောဂါကုသဖို့ဖြစ်လိမ့်မယ် ထင်ပါတယ်။"
ရောဂါကုသဖို့ ဟုတ်လား။
လိန်ရှင်းနန် အံ့အားသင့်သွားခဲ့ရသည်။
လီနန်ခယ့်သည် ဒီတစ်ခေါက်တော့ ဘာမှ ဖုံးကွယ်မထားတော့ဘဲ မင်းသမီးကြီး၏အခြေအနေကို သူသိသလောက် အကြမ်းဖျင်းပြောပြလိုက်သည်။
အမျိုးသမီးမှာ သူပြောသမျှကို တအံ့တသြနားထောင်ကာ ခါးသက်စွာညည်းညူ၏။
"တော်ဝင်မိသားစုရဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး မိုးနီကိုလက်လွတ်စပယ်သုံးနေရသလား။ ဒါဆိုရင် အဲ့ဒီ စည်းကမ်းတွေဥပဒေတွေက ဘယ်သူ့အတွက်ထုတ်ထားတာတဲ့လဲ"
...