← Chapters

အမုန်းဆုံးချစ်သူ

Vol. 16 Ch. 153

အမုန်းဆုံးချစ်သူ

Vol. 16 Ch. 153

ညကင်းလှည့်ဌာနသို့ ပြန်လည်ရောက်ရှိလာချိန်တွင် နေဝင်ရီတရောအချိန်သို့ ရောက်ရှိနေလေပြီ။

ယွမ်ဝမ်ချန်သည် သူ၏ ဂျူနီယာညီမလေးကျန်းမင်ကို ခေါ်ဆောင်လာခဲ့ပြီးဖြစ်၏။

ကျန်းမင်သည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိပုံရပြီး ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားမှာ သာမန်မျှသာဖြစ်သော်လည်း သူမ၏ အသားအရေမှာ အလွန်ဖြူဝင်းကြည်စင်လှသည်။

ထိုမိန်းကလေးရထားသောဒဏ်ရာများမှာ အတော်လေး ပြင်းထန်ပုံရ၏။

အဓိကအားဖြင့် အတွင်းဒဏ်ရာများဖြစ်ကြပြီး နာလန်ထူဖို့အတွက် အချိန်အတော်ကြာပြန်လည်ကုစားရန် လိုအပ်ပေမည်။

လိန်ရှင်းနန်သည် သူမ အေးအေးဆေးဆေးနားနေနိုင်ရန် အခန်းတစ်ခုကို ရှင်းလင်းပေးခဲ့ပြီး အမှု၏ အသေးစိတ်အချက်အလက်များကို ထပ်မံမေးမြန်းခဲ့သည်။ ထိုအမျိုးသမီးသည် လိန်ရှင်းနန်မေးသမျှကို အမှန်အတိုင်း ပြန်လည်ဖြေကြားခဲ့ပြီး ဝန်ခံချက်တိုင်းမှာ ယွမ်ဝမ်ချန်ကိုမေးခဲ့တုန်းကနှင့် တစ်ထပ်တည်းတူညီနေခဲ့သည်ပင်။

လီနန်ခယ့်သည် စစ်ဆေးမေးမြန်းမှုအား ဘေးကနေ အေးစက်စွာစိုက်ကြည့်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် နားကပ်တစ်ဖက်တည်းသာ ဝတ်ဆင်ထားသည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ထို တစ်ဖက်တည်းသောနားကပ်သည် သူကျင်းထဲတွင် ကောက်ရခဲ့သောနားကပ်နှင့် တစ်ထေရာတည်း တူညီနေခဲ့၏။

မေးမြန်းမှု ပြီးဆုံးသွားပြီးနောက် လီနန်ခယ့်က ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်သည်။

"မိန်းကလေးကျန်း၊ မုန့်ချင်ပြုတ်ကျသွားတဲ့ကျင်းထဲကို မင်းရောဆင်းခဲ့သေးလား"

ကျန်းမင်က ခေါင်းခါပြ၏။

"မဆင်းခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်မဒဏ်ရာရနေခဲ့တာ။ ကျွန်မရောက်လာတဲ့အချိန်မှာ စီနီယာအစ်ကိုက မုန့်ချင်ကို မတော်တဆသတ်မိပြီးသွားပြီ။ ကျွန်မရဲ့ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်နေလဲဆိုတာ မြင်တော့ စီနီယာအစ်ကိုက ကျွန်မကိုအမြန်ကုသပေးဖို့ အနီးအနားကရွာတစ်ခုကို ချက်ချင်းခေါ်သွားခဲ့တာ။ မုန့်ချင်ရဲ့ ရုပ်အလောင်းကိုတော့ ကျွန်မတို့သွားမကြည့်ဖြစ်ခဲ့ကြဘူး။ နောက်တစ်နေ့ကျမှ စီနီယာအစ်ကိုက မုန့်ချင်နဲ့တူတဲ့လူကို ပြန်မြင်ခဲ့တယ်လို့ပြောတာကြောင့် ကျွန်မတို့လည်းမုန့်ချင်ကို သင်္ချိုင်းလူသားဖြစ်သွားပြီပဲလို့ ထင်ခဲ့ကြတာ။ ဒီလို မိစ္ဆာအဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ ဒါတွေအားလုံးက ကျွန်မအပြစ်တွေပါပဲ။

ထိုအမျိုးသမီး၏ခေါင်းမှာ စိတ်ပျက်အားလျော့စွာ ငုံ့ဝင်သွားခဲ့ပြီး ဖြူဖျော့သောမျက်နှာထက် အပြစ်ရှိစိတ်များ ထင်ဟပ်လာတော့သည်။

ယွမ်ဝမ်ချန်သည် နံရံကို လက်သီးဖြင့်တစ်ချက်ထိုးကာ နောင်တအပြည့်ဖြင့် ဆို၏။

"တကယ်လို့ အဲ့ဒီတုန်းက ငါသာ ကျင်းထဲဆင်းပြီး သေချာကြည့်ခဲ့ရင် အခုလိုဘေးအန္တရာယ်မျိုး ကြုံရမှာမဟုတ်ဘူး။"

လိန်ရှင်းနန်က တည်ငြိမ်စွာပြောလိုက်သည်။

"ကိစ္စတွေက ဒီအခြေအနေထိရောက်နေပြီဆိုတော့ ကျွန်မတို့အနေနဲ့ မြန်နိုင်သမျှအမြန်ဆုံး အဲ့ဒီမိစ္ဆာကို ဖမ်းဆီးပြီး သတ်ပစ်ဖို့ပဲရှိတော့တယ်။ ကျွန်မ တိမ်တိုက်မြို့တော်ကိုလူလွှတ်ပြီး ဒီကိစ္စကို အကြောင်းကြားလိုက်မယ်။ မကြာသေးခင်က တုန်းချီခရိုင်က ကိစ္စတွေအရမ်းရှုပ်ထွေးနေတာမလို့ တပ်ကူတောင်းဖို့တော့လိုတယ်"

"ကျေးဇူးတင်ပါတယ် အရာရှိလိန်။"

ယွမ်ဝမ်ချန်က ကျေးဇူးတင်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။

အမှန်တော့ အထက်မှ အထူးတလည်တာဝန်ချထားခြင်းလည်း မရှိသောကြောင့်လိန်ရှင်းနန်အနေဖြင့် ဤမိစ္ဆာအမှုကို စိုးရိမ်နေစရာမလိုပေ။ သို့သော် ဤမျှတက်ကြွထက်သန်စွာ ကူညီပေးနေသဖြင့် တစ်ဖက်မှပေါ့ဆသူလည်း နောက်ပိုင်း အပြစ်ပေးခံရနိုင်ချေ လျော့နည်းသွားပေမည်။

လီနန်ခယ့်သည် အခြေအနေကို သိပ်ဘဝင်မကျသော်ငြား ဘာမှထပ်မမေးဘဲ လိန်ရှင်းနန်နှင့် အခန်းပြင်ထွက်လာခဲ့လိုက်ကြသည်။

ယွမ်ဝမ်ချန်သည်လည်း သူတို့နောက်ကနေ လိုက်ပါလာ၏။

သူတို့ ခြံဝင်းပြင်ဆီရောက်သောအခါ လီနန်ခယ့် ရုတ်တရတ်ထမေးလိုက်သည်။

"ညီအကိုယွမ်၊ ခင်ဗျားကြည့်ရတာ မိန်းကလေးကျန်းကို အတော်လေးဂရုစိုက်ပြီး နှစ်သက်ပုံရတယ်။ ဘယ်တော့ယူဖြစ်ကြမလဲ"

"ဗျာ"

အတွေးနက်နေဟန်ရှိသော ယွမ်ဝမ်ချန်သည် လီနန်ခယ့်ကို အူကြောင်ကြောင်ဖြင့် မော့ကြည့်လိုက်ပြီးနောက် မျက်နှာနီမြန်းသွားခဲ့ရသည်။

"ကျွန်တော်နဲ့ ညီမလေးတို့ကြား ဘာမှမရှိပါဘူး။ အစ်ကိုလီ အဲ့လိုလျှောက်မစပါနဲ့"

အငိုက်မိသွားသော တုံ့ပြန်မှုကြောင့် လီနန်ခယ့်သည် အခြေအနေကို အတည်ပြုနိုင်လိုက်ပြီး ပြုံးလျက် ဆက်မေးလိုက်သည်။

"မိန်းကလေးကျန်းနဲ့ မုန့်ချင်တို့က ဇာတိတူရုံတင်မကဘဲ ငယ်စဉ်ကတည်းက စေ့စပ်သ‌‌ဘောတူထားခဲ့ကြသူတွေလို့ကြားတယ်။ အဲ့ဒါ အမှန်ပဲလား"

ယွမ်ဝမ်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပျက်ယွင်းသွားခဲ့ရသည်။

သို့သော် အတင်းပြုံးပြလာပြီး ဆို၏။

"ဒါတွေက အတိတ်ကကိစ္စတွေပါ။ အဲ့ဒီ စေ့စပ်သဘောတူပွဲကဖြင့် ပျက်သွားတာကြာပါပြီဗျာ"

"ဪ အဲ့လိုဆိုကောင်းတာပေါ့လေ"

လီနန်ခယ့် နှုတ်ခမ်းကို ဆတ်ခနဲတွန့်လိုက်မိ၏။

ယွမ်ဝမ်ချန်သည် လီနန်ခယ့်တစ်ယောက် သူ့ကိုယ်‌ရေးကိုယ်တာများကို ဒီ့ထက်ပို စပ်စုမေးမြန်းလာမည်အား စိုးရိမ်ပုံဖြင့် အကြောင်းပြချက်တစ်ခုပေးကာ အခန်းဆီသို့ တက်သုတ်ရိုက်ပြန်သွားတော့လေသည်။

လိန်ရှင်းနန်သည် တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားနေရပြီး မေးလိုက်သည်။

"ပြဿနာတစ်ခုခုရှိလို့လား"

"အခုထိတော့ မရှိသေးပါဘူး။"

လီနန်ခယ့်က ခေါင်းခါပြလိုက်ပြီးနောက် သူမကို ဖိတ်ခေါ်လိုက်သည်။

"အစ်မလိန်၊ ခင်ဗျား ဒီည အနှိပ်ခံချင်တယ်မဟုတ်လား။ ကျွန်တော်နဲ့အတူတူ ပြန်လိုက်ခဲ့ပါလား။ ကျွန်တော့်ဇနီးက ညစာပြင်ဆင်ပြီးလောက်ပြီ။"

"မလိုက်တော့ပါဘူး၊ ကျွန်မ ရေအရင်ချိုးချင်လို့။ ခဏနေမှ လိုက်လာခဲ့မယ်။"

လိန်ရှင်းနန်သည် လက်သန်းလေးဖြင့် ဆံနွယ်စများကို နားရွက်နောက်သို့သပ်တင်ကာ ထိုအမျိုးသား၏ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။ ထို့နောက် တိုးတိုးလေးဆို၏။

"လမ်းမှာ ဂရုစိုက်သွားပါ။"

"ကောင်းပါပြီ။"

သူမ မလိုက်ချင်ဟန်ရသဖြင့် လီနန်ခယ့်သည်လည်း ထပ်မံ၍ အတင်းအကျပ်မတိုက်တွန်းတော့ချေ။

ထိုအမျိုးသား၏ နောက်ကျောပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လိန်ရှင်းနန်၏ လှပသောမျက်ဝန်းများထက် ရှုပ်ထွေးမှုများနှင့် ဇဝေဇဝါအတွေးများ ပြည့်နှက်လာခဲ့၏။

"သူကဘာလို့ ငါ့ကို အိမ်ထောင်မပြုစေချင်ရတာလဲ။ ဒီစကားနောက်ကွယ်မှာ ဘာအရိပ်အမြွက်များပါနေတာလဲ"

ထိုအမျိုးသမီးသည် တုန်ယင်နေသောရင်ဘတ်ကို လက်ဖြင့်အသာအုပ်ကာ အချိန်အတော်ကြာ အတွေးများနေခဲ့မိ၏။

ရိုးရှင်းအေးချမ်းလှသော အဆောင်ခန်းတွင်း၌ ပိုင်ရူယွဲ့သည် ပြတင်းပေါက်နားတွင်ရပ်နေခဲ့ပြီး မျက်မှောင်ကို ပြင်းစွာကြုတ်ထားခဲ့သည်။

မယ်မယ်ကြီးပျောက်ဆုံးသွားသည့် ကိစ္စမှာ တဖြည်းဖြည်း ပို၍ထူးဆန်းလာခဲ့သည်။ မပြောကောင်းမဆိုကောင်း လူဆိုးများလက်ထဲ သတ်ဖြတ်ခံလိုက်ရပြီး ခေါင်းတလားထဲတွင် မြုပ်နှံခံထားရလျှင်ပင် အခုအချိန်ဆိုလျှင် တူးဖော်တွေ့ရှိနေသင့်ပြီဖြစ်၏။

သို့သော် အခုအချိန်အထိ လက်ကောက်တစ်ခုမှတစ်ပါး ဘာမှရှာမတွေ့သေးချေ။

ဤတုန်းချီခရိုင်သေးသေးလေးထဲတွင် လူတစ်ယောက်လုံးကို ရှာတွေ့နိုင်ဖို့မှာ နန်းမြို့တော်ထက်ပင် ပိုမိုခက်ခဲနေခြင်းကား အထူးတဆန်းနိုင်ကာ သံသယဝင်ချင်စရာ။

သို့သော် သူမ လက်ရှိစိုးရိမ်နေသောအရာမှာ လော့ချန်ချိုး၏အကြံပြုချက်ဖြစ်သည်။

သံယောဇဉ် အချစ်ကြိုးမျှင်များကို ဖြတ်တောက်ခြင်း။

ဒါက သူမရောဂါကို တကယ်ကုသပေးနိုင်ပါ့မလား။

သို့သော် ရောဂါထလာချိန်တိုင်း ကြုံတွေ့ရတတ်သော အရှက်ရမှုများနှင့် အားကိုးရာမဲ့မှုများကို ပြန်လည်အမှတ်ရမိသောအခါ ပိုင်ရူယွဲ့သည် လက်သီးနှစ်ဖက်ကိုသာ တင်းတင်းဆုပ်ထားမိရင်း နှလုံးသားထဲ မရေရာသော ဝေခွဲမရမှုများ ပြည့်နှက်လာသည်။

အချိန်အတော်ကြာပြီးနောက် သူမ၏ သစ္စာရှိကိုယ်ရံတော် အမျိုးသမီးဘက်သို့လှည့်ကာ မေးလိုက်သည်။

"လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲ"

"ရှင်"

ထိုကိုယ်ရံတော်အမျိုးသမီးသည် အရှင်မင်းသမီးကို ဇဝေဇဝါပြန်ကြည့်ကာ အချိန်တစ်ခဏလောက် ဘာပြောလို့ပြောရမှန်းမသိ ကြောင်အနေခဲ့၏။

ပိုင်ရုယွဲ့က ထပ်မေးလိုက်၏။

"လူတစ်ယောက်ကို ဘယ်လိုချစ်ရမှာလဲ။"

ယခုအခါ ကိုယ်ရံတော်အမျိုးသမီးမှာ တကယ်ဆွံ့အသွားခဲ့ရလေပြီ။

မြင့်မြတ်လှတဲ့ တော်ဝင်မင်းသမီးကြီးတစ်ယောက်အနေနဲ့ လက်အောက်ငယ်သားကို အချစ်ရေးအကြံဉာဏ်တောင်းတာ သင့်တော်ပါရဲ့လား။

ပြီးတော့ ဒီကိုယ်ရံတော် ဘယ်လိုသိနိုင်မှာလဲရှင်။

သို့သော် သခင်ဖြစ်သူက အရေးတယူမေးမြန်းနေခြင်း ဖြစ်သဖြင့် ကိုယ်ရံတော်အမျိုးသမီးသည် စိတ်တင်းထားပြီး အဖြေတစ်ခုကို ဖန်တီးဖြေဆိုလိုက်ရသည်။

"လူတစ်ယောက်ကို သဘောကျရာကနေ တဖြည်းဖြည်းနစ်ဝင်သွားတာမျိုးက အချစ်ပါပဲ မင်းသမီးကြီဂ"

ပိုင်ရူယွဲ့ ခဏစဉ်းစားပြီးနောက် ထပ်မံ မေးမြန်းလိုက်သည်။

"ဒါဆိုရင် ချစ်မိသွားပြီးတဲ့နောက် သံယောဇဉ်ကြိုးမျှင်တွေကို အမြန်ဆုံးနည်းနဲ့ ဘယ်လိုဖြတ်တောက်ရမလဲ။ ငါချစ်သူတစ်ယောက် ရသွားတယ်ဆိုပါစို့။ အဲ့ဒီချစ်သူကို ဘယ်လိုနည်းနဲ့ ချက်ချင်းပြန်ဖြတ်ပစ်လို့ရမလဲ"

"ဒါကတော့..."

ကိုယ်ရံတော်အမျိုးသမီး၏ ခေါင်းမှာ စတင်ကိုက်ခဲလာခဲ့ရပြီ ဖြစ်သည်။

တစ်ဖက်လူမေးနေသော မေးခွန်းသည် သူမ၏ နားလည်နိုင်စွမ်းနယ်ပယ်ကို လုံးဝကျော်လွန်နေခဲ့လေပြီ။

အချိန်အတော်ကြာစဉ်းစားပြီးနောက် သူမ ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုမိသည်။

"တကယ်လို့ မင်းသမီးကြီးက အရမ်းမုန်းတဲ့လူကိုမှ ချစ်သူတော်လိုက်မယ်ဆိုရင်တော့ သူ့ကို အမြန်ဆုံးဖြတ်ပစ်နိုင်လိမ့်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်ကမုန်းလက်စရှိထား‌တော့ ထင်သလောက် မခက်ခဲနိုင်ဘူး မဟုတ်ပါလား"

မှန်တာပေါ့။

ကိုယ်ရံတော်အမျိုးသမီး၏ ထက်မြက်သောအဖြေကို ကြားလိုက်ရသောအခါ ပိုင်ရူယွဲ့၏ မျက်လုံးလှလှများ တလက်လက်တောက်ပလာခဲ့သည်။

လုံးဝဥဿုန် မုန်းတီးရွံရှာလှသော ယောက်ျားတစ်ယောက်ကို ခဏလောက်ချစ်ပစ်လိုက်ပြီး ထို့နောက်တွင်မှ ပြန်လည်စွန့်ပစ်မုန်းတီးလိုက်မည်။ ဘယ်လောက်လွယ်ကူလေသနည်း။

ပိုင်ရူယွဲ့ ဘယ်လိုတွေးတွေး ထိုအကြံဉာဏ်မှာ အလွန်စိတ်ချရပြီး ပါးနပ်လှသည်ဟုသာ မြင်မိသည်။

သို့သော် ကျန်နေသော မေးခွန်းတစ်ခုမှာ...

သူမ ဘယ်သူ့ကို ရွေးချယ်ရမည်နည်း။

All Chapters