← Chapters

သဝန်တိုတတ်တဲ့ ဇနီးသည်

Vol. 16 Ch. 154

သဝန်တိုတတ်တဲ့ ဇနီးသည်

Vol. 16 Ch. 154

"ဟတ်ချိုး"

လီနန်ခယ့်သည် နှာခေါင်းကိုပွတ်လိုက်ပြီး ချဉ်စော်နံနေသော ရှာလကာရည်ဆမ်း မုန်လာဥချဉ်တစ်ဖတ်ကို ကောက်ယူကာ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"မိန်းမ၊ မင်းဒီနေ့ ဂျင်းနဲ့ကြက်သွန်မြိတ်တွေ အများကြီးထည့်လိုက်တာလား။ ကိုယ်နှာပဲဆက်တိုက်ချေနေတယ်"

"ကျွန်မ မထည့်ပါဘူးနော်"

လော့ချန်းချိုးက တူထိပ်လေးကိုကိုက်ထားပြီး ဟိုဟိုဒီဒီစဥ်းစားနေဟန်ရှိသည်။ ထို့နောက် မျက်လုံးလှလှလေးများကို တမင်တကာကျဥ်းမြောင်းလိုက်ပြီး ပြုံးရွှင်သောမျက်နှာဖြင့် ဆို၏။

"ယောက်ျားရဲ့အချစ်ကံတွေ နိုးထလာတာဖြစ်မှာပေါ့။ ကွယ်ရာမှာ ရှင့်အကြောင်းတွေးနေတဲ့ မိန်းကလေးတစ်ယောက်ယောက်ရှိနေလို့ ဖြစ်ရမယ်။"

ဇနီးဖြစ်သူ၏ စနောက်စကားအဆုံး လီနန်ခယ့် ခပ်တိုးတိုးတုံ့ပြန်မိသည်။

"ဒါတော့ ဖြစ်နိုင်သလိုရှိတယ်။ အစ်မလိန်များ တွေးနေလို့လားပဲ။ ကိုယ်တစ်နေ့က သူ့ကို မတော်တဆဖက်လိုက်မိသေးတယ်။ ဒီနေ့လည်း အဲ့လိုမရေမရာခံစားချက်မျိုး ထပ်ဖြစ်ခဲ့သေးတယ်။ ‌တော်တော်လေးနေရခက်တာပဲ"

အမျိုးသားက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ညည်းညူလာလေသည်။

လော့ချန်းချိုးမျက်နှာထက်မှ အပြုံးလေးက ခေတ္တမျှခဲသက်သွားပြီး ပုံမှန်အတိုင်း ပြန်ထိန်းလိုက်ရသည်။

ညစာစားပွဲမှာ အသံများတိတ်ကျကာ ငြိမ်သက်သွားရ၏။

တစ်အောင့်အကြာတွင် လော့ချန်းချိုးက စကားစလာသည်။

"ရှင် အစ်မလိန်ကိုများ အနိုင်ကျင့်နေတာလား ယောက်ျား"

"ကိုယ်သူ့ကိုအနိုင်မကျင့်ပါဘူး။ သူဘယ်တော့အိမ်ထောင်ပြုမှာလဲလို့ မေးလိုက်ရုံတင်"

လီနန်ခယ့်က ခပါဝါးဝါးပြောလိုက်သည်။ ဇနီးဖြစ်သူ တူထိပ်ကိုသာအသာကိုက်နေကာ အစားအသောက်ကို မထိသေးသည်ကိုမြင်တော့ အရွက်တစ်ဖတ်ကိုယူပြီး သူမပန်းကန်ထဲထည့်ပေးလိုက်သည်။

"ရော့ အသီးအရွက်တွေများများစား အာဟာရဖြစ်တယ်"

လော့ချန်းချိုးက မျက်လုံးများကိုနှိမ့်ချလိုက်သည်။

"အဲ့လိုမေးတော့ အစ်မလိန် ဘယ်လိုဖြေသလဲ"

"ရှင်ရော အိမ်ကမိန်းမနဲ့ ဘယ်တော့ကွာရှင်းမှာလဲလို့ ပြန်မေးတယ်လေ"

လီနန်ခယ့်က ပုခုံးတွန့်ပြလိုက်သည်။

ခင်ပွန်းဖြစ်သူ ပြောင်တိပြောင်စပ်လုပ်နေသည်ကို သူမသိပေသည့် လေးနက်စွာထပ်မေးလိုက်သည်။

"အဲ့တော့ ယောက်ျားကရော ဘယ်လိုဖြေလိုက်လဲ"

အမျိုးသမီး၏ ဆောင်းရေပြင်လို တည်ငြိမ်ကြည်လင်သောမျက်လုံးများမှာ တောင်ထိပ်တွင် မြူနှင်းငွေ့များအုပ်ဆိုင်းနေသလို တစ်မျိုးတစ်မည် ဝေဝါးမှုန်မှိုင်းနေခဲ့၏။

လီနန်ခယ့်က စကားမပြန်။

"ယောက်ျား"

လီနန်ခယ့်က သူမပန်းကန်ထဲမှ မတို့ထိရသေးသော ဟင်းရွက်ဖတ်လေးကိုကြည့်ကာ ဆိုသည်။

"တွေ့လား၊ မင်းဒီနေ့ ရှာလကာရည်ထည့်တာများပါတယ်ဆို၊ ချဥ်စုတ်နေရောပဲ"

(သဝန်တိုနေတယ်လို့ သွယ်ဝိုက်ပြောနေတာပါ / Zun)

"ကျွန်မမေးတာဖြေပါ"

အမျိုးသမီးက သူ့ကို မလွဲမဖယ်စိုက်ကြည့်နေခဲ့သည်။ ဇနီးသည်၏မျက်နှာမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အလျဥ်းကင်းစင်ကာ သူ့ဆီမှအဖြေစကားကို မကြားမချင်း မျက်နှာသေဖြင့်စောင့်နေမည့်ပုံရှိသည်။

လော့ချန်းချိုးတစ်ယောက် ပုံမှန်မဟုတ်စွာ ခေါင်းမာပြနေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပါပေ။

ခင်ပွန်းဖြစ်သူ၏ ပေါ့တီးပေါ့ပြက်ဟာသလေးတစ်ခွန်းထဲ စိတ်ရင်းတချို့ပါရှိနေမလားဟု မရမက တူးထုတ်ဖော်လှပ်ချင်သည့်ဟန်ရှိ၏။

ငါစနောက်တာများ လွန်သွားပြီလား။

လီနန်ခယ့်မှာ စိုးရိမ်စိတ်စဝင်လာရသည်။

လေထုကြီး တဖြည်းဖြည်းခဲသက်တင်းမာလာချိန်မှ လော့ချန်းချိုး၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ ရေခဲမျက်နှာဖုံးကို အရည်ဖျော်ချလိုက်သည့်အလား ညင်ညင်သာသာရယ်မောကာ အကြည့်ကိုလွှဲဖယ်သွားလေသည်။

"ယောက်ျားက အစအနောက်ခံနေရရင် အရမ်းချစ်စရာကောင်းတာပဲ။ အခု ကျွန်မသဝန်တိုနေတယ်လို့ ရှင်ထင်သွားတာမလား"

လီနန်ခယ့်က ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ ထမင်းကိုပါးစပ်ထဲသို့ အမြန်သွတ်ထည့်လိုက်သည်။

"ဖြည်းဖြည်းစားပါ ယောက်ျား။"

လော့ချန်းချိုးသည် ငရုတ်သီးနီတောင့်များကို တူဖြင့်အပြည့်ညှပ်ကာ လီနန်ခယ့်၏ပန်းကန်ထဲသို့ထည့်ပေးလိုက်ရင်း ဆိုသည်။

"မြန်မြန်စားရင် ဝမ်းတွင်းပူထတတ်တယ်"

"ကျေးဇူးပါ မိန်းမ"

လီနန်ခယ့်သည် သူ့မိန်းမတူထိပ်ဖျားမှ သွားရာများကို ဖျတ်ခနဲသတိထားလိုက်မိ၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် လော့ချန်းချိုးသည် လက်ထဲမှပန်းကန်လုံးနှင့် တူကို စားပွဲပေါ်ချထားလိုက်ပြီး လက်ပိုက်ကာ အမျိုးသားအား လေးလေးနက်နက်ကြည့်လာလျက်ဆို၏။

"ကျွန်မ တကယ်သဝန်မတိုပါဘူး။"

"ဪ ဟုတ်လား"

လီနန်ခယ့်မှာ ရုတ်တရတ်ချေပလာသောစကားကြောင့် ခေတ္တကြောင်အမ်းသွားခဲ့ပြီးမှ တုံ့ပြန်လိုက်နိုင်သည်။

သို့သော် ဤကဲ့သို့သော ဝတ်ကျေတန်းကျေဆန်လှသည့် တုံ့ပြန်ပုံက လော့ချန်းချိုးကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

"ယောက်ျားက ကျွန်မကိုမယုံဘူးလား"

"ဗျာ"

"ကျွန်မ သဝန်မတိုပါဘူးဆို"

"ဪ"

လီနန်ခယ့် သတိမထားမိစွာပင် ဪဟုထပ်ပြောလိုက်မိပြီးမှ ချက်ချင်းပင် သတိဝင်လာခဲ့ပြီး ပြုံးလျက် ဆိုလိုက်သည်။

"မနောက်ပါနဲ့၊ ကိုယ့်ဇနီးက ကမ္ဘာပေါ်မှ အလိမ္မာဆုံး စိတ်ထားအနူးညံ့ဆုံး အတွေးအခေါ်အကောင်းဆုံးဇနီးပဲဟာ။ ဘယ်လိုလုပ် သဝန်တိုမှာတဲ့လဲ"

လော့ချန်းချိုးသည် ခင်ပွန်းဖြစ်သူကို မယုံသင်္ကာ စိုက်ကြည့်နေခဲ့ပြီးမှ ပန်းကန်လုံးနှင့်တူကိုပြန်ယူကာ ဆက်လက်စားသောက်လေသည်။

လီနန်ခယ့် သက်ပြင်းချလိုက်မိ၏။

ကိုယ့်ယောက်ျားကိုယ် သဝန်တိုတာပဲဟာ၊ ဘာများရှက်စရာရှိလို့ အဲ့လောက်ငြင်းနေရတာလဲ။

မိန်းမတွေဟာ တကယ်ကို မျက်နှာမပျက်ဖို့အရေး အားကြိုးမာန်တက်ကြိုးစားကြတာပဲ။

လီနန်ခယ့် ဤမျှပြောဆိုပြီး ကိစ္စပြီးသွားလောက်ပြီထင်သော်ငြား နောက်တစ်စက္ကန့်တွင် အမျိုးသမီးက ပန်းကလေးပွင့်လန်းလာသလို လှလှလေးပြုံးကာ ဆိုလေသည်။

"ယောက်ျား၊ ရှင်လည်း အခုဆိုရင် ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်ဖြစ်နေပြီ။ နောင်ကျရင် ကိုယ့်ဘာကိုယ် ချက်ပြုတ်စားသောက်တတ်အောင် သင်ယူရမယ်နော်။"

လီနန်ခယ့် ကြောင်အမ်းသွားခဲ့ရသည်။

ဘာတွေဖြစ်ကုန်တာလဲ။

တံခါးဝတွင် စားစရာပိုးကောင်များ ငုံ့ကိုင်းရှာဖွေနေသော ငန်းမကြီးသည် မီးဖိုခန်းမှအဖြစ်ကို မြင်လိုက်ရသောအခါ မနေနိုင်စွာ တဂွက်ဂွက်အော်မြည်လှောင်ပြောင်မိလေသည်။

ထို့နောက်တွင် သူမသည် အုတ်ခဲတစ်ခဲဖြင့် လွှဲထုခြင်းခံလိုက်ရပြီး သတိမေ့သွားခဲ့သည်။

လိပ်ကြီးသည် အလိုက်သိစွာပင် ထုတ်ထားသောခေါင်းကို အခွံထဲသို့ ဂရုတစိုက် ပြန်လည်ရုပ်သိမ်းလိုက်တော့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဤအချိန်၌ လိန်ရှင်းနန်ရောက်လာခဲ့သည်။

သူမ နှုတ်ဆက်စကားပင်မဆိုရသေး လော့ချန်းချိုးက ပြုံးရွှင်နေသောမျက်နှာဖြင့် ဝမ်းပန်းတသာဆိုလေသည်။

"အစ်မလိန်၊ ဒီညနှိပ်ရတာ အချိန်အတော်ကြာလိမ့်မယ်။ ကျွန်မတို့အိမ်မှာ နောက်တစ်ညလောက် ထပ်အိပ်သွားပါလား။"

လိန်ရှင်းနန်၏ ချယ်ရီနှုတ်ခမ်းလွှာလေး တအံ့တသြ ပွင့်ဟသွားခဲ့သည်။

"ဒီမှာ နောက်တစ်ခေါက်ထပ်အိပ်ရမယ် ဟုတ်လား။"

...

ညဉ့်နက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားခဲ့ပြီး လရောင်သည် ဒီရေကဲ့သို့ စီးဆင်းထွန်းလင်းနေခဲ့သည်။

လိန်ရှင်းနန်သည် နှိပ်နယ်မှုပြီးဆုံးသွားပြီးနောက် ဝေဝါးသောအသိစိတ်ဖြင့်ပင် ပြီးခဲ့သည့်တစ်ခါကကဲ့သို့ ကုတင်၏ အတွင်းအကျဆုံးဘက်၌ ကပ်လျက်အိပ်စက်ခဲ့လိုက်၏။

ထိုအမျိုးသားနှင့် အရင်က ကုတင်တစ်ခုတည်းတွင် နှစ်ကြိမ်တိုင်တိုင် အတူတူအိပ်စက်ခဲ့ဖူးသဖြင့် လိန်ရှင်းနန်သည် ယခုအကြိမ်တွင် အထူးတလည်ပင် စိတ်လှုပ်ရှားခြင်းမရှိတော့ချေ။ အနည်းငယ်ပင် ကျင့်သားရနေသလိုခံစားချက်ဖြင့် ဟန်လုပ်တည်ကြည်နေနိုင်သော်ငြား ရင်ခုန်ရှက်ရွံ့မှုများကတော့ ပျောက်ကွယ်မသွားသေးပေ။

ထိုအမျိုးသားက မီးပိတ်ပြီး ခုတင်တစ်ဖက်တွင် လှဲလျောင်းအိပ်စက်လိုက်သည့်နောက်တွင် သူမ၏ခန္ဓာကိုယ်မှာ မသိစိတ်၏ဖိအားဖြင့် တောင့်တင်းသွားခဲ့ရပြန်သည်။

နှလုံးခုန်သံမှာ ခန္ဓာကိုယ်ထဲတွင် ထူးထူးခြားခြား လှုပ်ရှားတုန်ယင်နေခဲ့၏။

လော့ချန်းချိုးက သူတို့နှစ်ဦးကြားတွင် ခြားအိမ်နေပါသော်ငြား သူမသည် ကျောပြင်ငယ်ကို‌ အေးစက်သောနံရံဘက်သို့ တိုးကပ်ထားရင်း သူတို့နှစ်ဦးအား တတ်နိုင်သလောက် နေရာပေးနေမိသည်။

လီနန်ခယ့်ကတော့ ဤအဖြစ်ကို ကျင့်သားရနေခဲ့ပြီးလေပြီ။

မည်သို့ပင်ဆိုစေ သုံးယောက်အတူအိပ်စက်ခြင်းဟူသည် ခုတင်တစ်ခုထက် ပူးကပ်အိပ်စက်ခြင်းမှလွဲ တခြားဘာလှုပ်ရှားမှုမှပါမလာနိုင်သော အဖြစ်မျိုးပါပေ။

မျက်လုံးမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည်နှင့် မိုးလင်းသွားပေလိမ့်မည်။

သူတို့လှဲလျောင်းပြီး မကြာမီမှာပင် လော့ချန်းချိုး၏ နူးနူးညံ့ညံ့စကားသံကို မထင်မှတ်ထားစွာ ကြားလိုက်ရလေသည်။

"ယောက်ျား၊ ရှင့်ကိုယ်က ဘာလို့ ဒီလောက်အေးစက်နေရတာလဲ။ နည်းနည်းချမ်းနေသလား"

ချမ်းတယ်ဟုတ်လား။

ဒီရာသီဥတုကြီးမှာ ဘယ်လိုချမ်းရမှာလဲ။

လီနန်ခယ့်သည် ပုံမှန်အပူချိန်ရှိသော သူ၏ခန္ဓာကိုယ်ကို ပြန်လည်တို့ထိကြည့်လိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့ရသည်။ သူ စကားပြန်ပြောတော့မည့်အချိန်မှာပင် ဇနီးသည်၏စိုးရိမ်တကြီးအသံ ထပ်ထွက်လာပြန်၏။

"ကျွန်မ စောင်တစ်ထည်သွားယူပေးရမလား။ အအေးမိမသွားစေနဲ့ဦးနော် ယောက်ျား။"

"ရပါတယ်၊ ကိုယ်မချမ်းပါဘူး။"

လီနန်ခယ့်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။

"ရှင့်ခန္ဓာကိုယ်က ဒီလောက်အေးစက်နေတာကို မချမ်းဘူးလို့ပြောနေသေးတာလား။"

လော့ချန်းချိုးက အနည်းငယ် မကျေမနပ်ဖြစ်သွားပုံရသည်။

"ယောက်ျားရယ်၊ ရှင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံက အားနည်းလွန်းလို့ ပုံမှန်အ‌အေးဒဏ်လောက်ကိုတောင် မခံနိုင်ဘူးလေ။ ပြီးခဲ့တဲ့တစ်ခါကလို အအေးမိသွားရင် ဒုက္ခရောက်လိမ့်မယ်။ ကျွန်မ စောင်တစ်ထည်သွားယူလိုက်တာ ပိုကောင်းပါလိမ့်မယ်"

ငါ့ခန္ဓာကိုယ်က အားနည်းတယ်ဟုတ်လား။

မိန်းမလှလေးကို ခုတင်ပေါ်ခေါ်တင်ပြီး ငါ့ကိုအားနည်းတယ်လို့ ပေါ်တင်ပြောနေတာ သွယ်ဝိုက်သိက္ခာချနေတာ မဟုတ်ဘူးလားကွ။

ပြီးတော့ ငါဘယ်တုန်းက အအေးမိဖူးလို့လဲ။

လီနန်ခယ့်သည် ပြန်ငြင်းမရသောအခြေအနေတွင် မပျော်မရွှင်ဖြစ်သွားခဲ့ရသော်လည်း ဇနီးသည်က အတင်းအကျပ်တောင်းဆိုနေသဖြင့် မတတ်သာစွာ သဘောတူလိုက်ရ၏။

"ဟုတ်ပါပြီ၊ ကိုယ်ပဲသွားယူလိုက်ပါ့မယ်။ ဒီဘက်အခြမ်းကနေ ကုတင်ပေါ်ကဆင်းရတာ ပိုအဆင်ပြေတယ်။"

"အင်း" အမျိုးသမီးက မတုန်မလှုပ်လေး တုံ့ပြန်သည်။

"ဪ ကျွန်မမေ့တော့မလို့"

လီနန်ခယ့် ကုတင်ပေါ်ကထခါနီးတွင် လော့ချန်းချိုးက ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဟန်ဖြင့် ဆို၏။

"စိတ်မကောင်းပါဘူး ယောက်ျားရယ်။ စောင်တွေက ဒီနေ့လျှော်တဲ့ထဲပါသွားတယ်"

"စောင်တွေအကုန်လုံးလား"

"အင်း။"

"ဒါဆိုရင်"

မူလက လီနန်ခယ့်သည် "ထားလိုက်ပါတော့" ဟု ပြောချင်ခဲ့သော်လည်း မှောင်ပိတ်နေသောမြင်ကွင်းတွင် ဇနီးသည်၏မျက်ဝန်းများထဲက အေးစက်စက် သတိပေးအရိပ်အယောင်ကို ရှင်းလင်းစွာခံစားလိုက်ရသည်။ သူ ခဏလောက်စဥ်းစားလိုက်ပြီး တည့်တည့်သာဆိုလိုက်တော့၏။

"ကိုယ်မင်းကိုဖက်ပြီး အိပ်လိုက်မယ်လေ"

"အဲ့လိုလုပ်လို့ မဖြစ်ပါဘူး‌နော်။"

လော့ချန်းချိုး၏ လေသံမှာ အရှက်သည်းသွားဟန်ဖြင့် တတ်နိုင်သမျှ တိုးတိုးလေးဆို၏။

"ဒီညတော့ မလုပ်ပါနဲ့၊ အစ်မလိန် ရှိနေတာကို။"

မသိရင် အရင်က ခဏခဏဖက်အိပ်ခဲ့ဖူးတဲ့အတိုင်း ပြောနေတော့တာပဲ။

လီနန်ခယ့်က သူမစကားအတိုင်းသာလိုက်ပြောရင်း ပြန်အိမ်တော့မည့်အချိန်တွင် ဇနီးသည်၏ အသံတိုးတိုးကို တစ်ဖန်ကြားလိုက်ရပြန်သည်။

"ယောက်ျား၊ မနက်ဖြန် ရှင်ဈေးသွားဝယ်ရင် ကိုယ်စားချင်တာကိုယ်ဝယ်ခဲ့နော်၊ အရင်လို ကျွန်မအကြိုက်တွေ ထည့်စဥ်းစားပေးမနေနဲ့တော့ သိလား"

လီနန်ခယ့်၏ မျက်နှာအမူအရာမှာ တစ်မျိုးဖြစ်သွားကာ ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"အစ်မလိန် အိပ်ပျော်နေပြီပဲဟာ၊ ရပါတယ်။"

"အိပ်ပျော်နေပြီလား။"

လော့ချန်းချိုးသည် အားနာတုံ့ဆိုင်းစွာပင် တိုးတိုးလေးဆိုလာ၏။

ထို့နောက် အနောက်သို့လှည့်လိုက်ပြီး လေသံဖွဖွလေးဖြင့် ခေါ်ကြည့်လိုက်သည်။

"အစ်မလိန်၊ အိပ်ပျော်နေပြီလား။"

လိန်ရှင်းနန်က ဘာအသံမှ ပြန်မပြုလာခဲ့ချေ။

ပြီးခဲ့သည့်တစ်ခါက အရှက်ရဖွယ်ရာဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီးနောက် သူမသည် တစ်ထပ်တည်းသောအမှားကို ဒုတိယအကြိမ် ထပ်မံမှားယွင်းလိမ့်မည်မဟုတ်။

တစ်ဖက်လူ အိပ်ပျော်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် လော့ချန်းချိုးတစ်ယောက် ဘာအသံမှ ထပ်မပြုတော့ချေ။

သို့သော် ဖက်ဖို့စောင့်နေသည့် ခင်ပွန်းဖြစ်သူကိုတော့ ကျောခိုင်းထားမြဲဖြစ်၏။

တိတ်ဆိတ်မှုက ခေတ္တကြီးစိုးသွားခဲ့ပြီးနောက် လီနန်ခယ့်သည် စမ်းသပ်သည့်အနေဖြင့် လက်တစ်ဖက်ကို အသာဆန့်ထုတ်လိုက်ပြီး သူ့ဇနီး၏ နူးညံ့လှစွာသောခါးလေးကို ညင်သာစွာဖက်တွယ်လိုက်သည်။ သူ့လက်က ထိုခါးသွယ်သွယ်ကို တို့ထိမိလိုက်သည့်အချိန်တွင် သူမ၏ ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်ရင်သွားသည်ကို ရှင်းလင်းစွာခံစားလိုက်ရ၏။

လီနန်ခယ့် ပျော်ရွှင်မြူးထူးသွားခဲ့ရသည်။

သဝန်တိုတတ်တာ ကောင်းပါတယ်၊ သဝန်တိုတတ်တဲ့ ဇနီးသည်က ချစ်ဖို့အကောင်းဆုံးပဲ။

လီနန်ခယ့်သည် ပိုမိုရဲတင်းလာခဲ့ပြီး လော့ချန်းချိုး၏ နွယ်ပင်ကဲ့သို့ နွဲ့‌ပျောင်းသွယ်လျသောခါးလေးကို သူ၏ လက်မောင်းများဖြင့် တင်းတင်းရစ်ပတ်ထားလိုက်ကာ လူတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်သည်။ အဝတ်အစားများ ကြားခံနေဆဲဖြစ်သော်လည်း အမျိုးသမီး၏ နှင်းပွင့်ကဲ့သို့ နူးညံ့ချောမွေ့သည့်အသားအရည်ကို သိသိသာသာ ခံစားနေရဆဲပင်။

All Chapters