အံ့ဖွယ်ဆေးကောင်းတစ်လက်
Vol. 16 Ch. 158
"ဘာလို့မလုပ်ရဲရမှာလဲ"
လီနန်ခယ့်၏ စည်းကျော်လာသောစကားလုံးများကိုကြားသော် ဟယ့်လန်ရှောင်း ကပျာကယာဖြင့် နောက်သို့ဆုတ်သွားရသည်။ လက်နှစ်ဖက်က ရင်ဘတ်ကိုယှက်ကာဖုံးထားပြီး မျက်လုံးများကို ထိုအမျိုးသားထံမှ မလွှဲဖယ်ရဲ။ သနားစဖွယ်မျက်နှာနုနုလေးမှာ ရှက်သွေးဖြင့်နီရဲနေသဖြင့် အသွင်အပြင်ကို ပိုလို့ပင်ဆွဲဆောင်မှုရှိစေသကဲ့သို့။
လီနန်ခယ့်မှာ နည်းနည်းလောက်လှုပ်ရှားလိုက်သည်နှင့် ဒဏ်ရာများက ပြင်းစွာနာကျင်ကိုက်ခဲလာရသည်။ အသွေးအသားတွင်း အကောင်ပလောင်များ စုပြုံထိုးကိုက်နေသည့်အလား မခံမရပ်နိုင်အောင် တဆစ်ဆစ်နာကျင်နေသည်။
"ကျွန်တော်ရှင်းပြလည်း ခင်ဗျား ဘာများနားလည်မှာမလို့လဲ"
အမျိုးသားက အံကိုတင်းတင်းကြိတ်ကာ စိတ်ရှည်ရှည်ထားပြီး ရှင်းပြလာသည်။
"ဘာပဲဖြစ်ဖြစ် ဒီနားကိုသာအရင်လာစမ်းပါ။ ကျွန်တော်တစ်ချက်စစ်ရုံစစ်ကြည့်မှာ၊ ခင်ဗျားကိုဘာမှမလုပ်ဘူး"
ဟယ့်လန်ရှောင်းက ခေါင်းကို တွင်တွင်သာခါသည်။
"မလာဘူး"
အမျိုးသား အမျိုးသမီးကြားရှိ စည်းခြားမှုကိုတော့ သူမကောင်းကောင်းနားလည်ထားဆဲဖြစ်သည်။
လီနန်ခယ့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"တစ်ချက်လေးကြည့်ရုံပဲကို အဲ့လောက်တောင်ခက်ခဲနေတာလား"
အမျိုးသား စိတ်မရှည်စွာ ထရပ်လာတော့မည်ကိုမြင်တော့ ဟယ့်လန်ရှောင်းတစ်ယောက် လူသားစားပန်းပွင့်များရှိရာသို့ တည့်တည့်ပြေးဝင်သွားလေသည်။
ထိုပန်းပွင့်များ၏အန္တရာယ်ကို ယခုလေးတင် မျက်မြင်ကြုံတွေ့ခဲ့ရသောကြောင့် ထိုနည်းလမ်းကို ပါးနပ်စွာရွေးချယ်လိုက်ခြင်းပင်။ လူစားပန်းပွင့်များသည် သူမကို ထိတောင်ထိလိမ့်မည်မဟုတ်ဘဲ လီနန်ခယ့်ကိုသာ တိုက်ခိုက်မည်ကို သူမသိထား၏။ သူမ ဤနေရာတွင်ရှိနေသရွေ့ ထိုအမျိုးသား သူမကို အနိုင်ကျင့်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် မည်သူမှထင်မှတ်မထားသည်ကား သူမ ထိုလူစားပန်းပွင့်ခင်းကြီးထဲ ခြေချလိုက်သည်နှင့် လှပစွာငြိမ်သက်နေသော သစ်ရွက်များက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ပြင်းစွာလှုပ်ရွနိုးကြားလာကြသည်။
ထို့နောက် ဝတ်ဆံများကွဲဟကာ ထိုအက်ကွဲကြောင်းထဲမှ မျက်လုံးကြီးများပေါ်ထွက်လာကြပြီး ဟယ့်လန်ရှောင်းအား ပြူးနေအောင်စိုက်ကြည့်လာကြတော့၏။
အမျိုးသမီးမှာ ထိုမြင်ကွင်းကြောင့် ကြောင်အသွားရသည်။
သူမဘက်က မတုံ့ပြန်နိုင်လိုက်မီ သွေးနီရောင် ပန်းပင်စည်များက မြေအောက်မှဖောက်ထွက်လာပြီး သူမ၏ သေးသွယ်ဖြူဝင်းလှသော ခြေသလုံးလေးများကို တင်းကျပ်စွာရစ်ပတ်လျက် တစ်ကိုယ်လုံးကို ဇောက်ထိုးဆွဲတင်လိုက်တော့သည်။
"အမလေး"
ဟယ့်လန်ရှောင်း အလန့်တကြားထအော်မိသည်။
မီတာဝက်မျှကျယ်ဝန်းသော လူစားပန်းပွင့်ပါးစပ်ပြဲကြီးများသည် မြေအောက်မှ ထွက်ပေါ်လာပြီး ဖြူဖျော့နေသော ထိုအမျိုးသမီးကို ဝါးမြိုရန် ဦးတည်လာခဲ့သည်။
"မြန်မြန် အဝတ်ကိုချွတ်ချလိုက်"
အခြေအနေကို အမြန်သတိပြုမိသွားသော လီနန်ခယ့်က ကျယ်လောင်စွာအော်ဟစ်လာသည်။
သို့သော် ဇောက်ထိုးဆွဲခံထားရသောအမျိုးသမီးမှာ အဝတ်ကိုချွတ်ချဖို့ပင်အားအင်မရှိခဲ့။ ကံကောင်းထောက်မစွာဖြင့် လီနန်ခယ့်၏အပြင်ဝတ်ရုံမှာ သူမနှင့် အတော်ချောင်ချိပွယောင်းနေသောကြောင့် ဇောက်ထိုးဆွဲခံလိုက်ရချိန်တွင် သူမ၏လက်မောင်းများမှတစ်ဆင့် လျှောကျလာခဲ့၏။
ဤသည်ကို သတိပြုမိသွားသော ဟယ့်လန်ရှောင်းက အဝတ်မြန်မြန်ကျွတ်ကျအောင် လက်မောင်းများကို ဆန့်တန်းလိုက်သည်။
ပလွတ်
အမျိုးသမီးလည်း မြေပြင်ပေါ်သို့ တပါတည်းပြုတ်ကျလာခဲ့၏။
ကြမ်းတမ်းခက်ထန်ကာ ဆာလောင်မွတ်သိပ်နေဟန်ရှိသော လူစားပန်းပွင့်ကြီးများသည်လည်း သူတို့၏ နဂိုမူလပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ နေရောင်ခြည်အောက်တွင် ပန်းပွင့်လှလှလေးများအဖြစ် ပွင့်လန်းယိမ်းနွဲ့လျက် ရှိကြကုန်၏။
လီနန်ခယ့် စိတ်မောစွာသက်ပြင်းချလိုက်ပြီး နဖူးပေါ်မှချွေးများကို သပ်ချလိုက်သည်။
ကြောက်စရာကောင်းလှချည့်။
"ဖူး ဖူး"
ဟယ့်လန်ရှောင်းသည် ပါးစပ်တွင်ပေကျံသွားသော သဲနှင့်မြေကြီးစများကို လက်ဖမိုးဖြင့်ပွတ်သုတ်ရင်း တဖူးဖူးအသံထွက်ကာ တွားသွားရွေ့လျားလာသည်။ လက်မောင်းတွင် ခြစ်ရာအချို့ရှိထားပါသော်လည်း ဘာမှတော့ကြီးကြီးမားမားထိခိုက်မထား။ မျက်နှာလှလှလေးကတော့ သဲများနှင့် ပေတလူးဖြစ်လျက်။
"ဘာလို့ထွက်မလာသေးတာလဲ"
လီနန်ခယ့် မျက်စိရှေ့မှ တစ်ဖန်တုံးလုံးလေးဖြစ်နေရှာသော မိန်းကလေးအား စိတ်မရှည်လက်မရှည်ထအော်လိုက်သည်။
"ဘာလို့ထွက်လာရမှာတုန်း"
ဟယ့်လန်ရှောင်းကတော့ ထိုလူဆိုးအနားကို လုံးဝမကပ်ဖို့ ဆုံးဖြတ်ထားဟန်ပင်။
အဝတ်မပါပဲနေရခြင်းက ထိုသူ့ထံမှ အနိုင်ကျင့်ခံရခြင်းထက်တော့ သာပေလိမ့်မည်။
လီနန်ခယ့်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
ဤအမျိုးသမီးသည် ယုန်မလေးမုန့်ထက် ပိုပြီးတုံးအဟန်ပေါ်သော်ငြား အရူးလုပ်ရလွယ်သည့်ပုံတော့မဟုတ်။ အသိဉာဏ်ဆိုင်ရာလွဲချောက်မှုများ ရှိနေသော်ငြား ထင်ထားတာထက်တော့ ပါးပန်သည်။
သူတို့ ဒီအတိုင်းသာဆက်သွားနေလျှင် လူကိုအမိဖမ်းပြီး အိမ်ပြန်နိုင်ဖို့က လွယ်တော့မည်မထင်။
နေစမ်းပါဦး။
အဝတ်မပါသောခန္ဓာကိုယ်ကို လက်မောင်းဖြင့်ရစ်ပတ်ပြီး နိုင်သလောက်ကာကွယ်ဖို့ကြိုးစားနေသည့် အမျိုးသမီးအားကြည့်ရင်း လီနန်ခယ့်စိတ်ထဲ အတွေးတစ်ခုကလက်ခနဲပြေးဝင်လာသည်။
မဟုတ်မှ အဝတ်အစားဝတ်မထားတဲ့သူဆို အာရုံမခံနိုင်ကြတာမျိုးလား။
လီနန်ခယ့် တွေးလေလေ ပိုလို့ဖြစ်နိုင်ချေရှိလေလေဟု ခံစားလာရသည်။
ဤသို့ဖြင့် နောက်စကားတစ်လုံးမှထပ်ပြောမနေတော့ဘဲ ဒဏ်ရာများဆီမှ နာကျင်ယားယံမှုကိုသည်းခံကာ အဝတ်အစားများကို စချွတ်လေတော့သည်။
"ရှင်ဘာလုပ်နေတာလဲ"
လီနန်ခယ့်၏လှုပ်ရှားမှုကိုမြင်သော် ဟယ့်လန်ရှောင်းမှာ အနည်းငယ်ရှုပ်ထွေးသွားဟန်ရှိသည်။ သို့သော် ချက်ချင်းပင် သဘောပေါက်သွားဟန်ဖြင့် တုန်ယင်စွာဆိုလာ၏။
"ရှင် အနားကပ်မလာနဲ့နော်။ အဝတ်တွေဝတ်မထားလည်း ရှင်ကတော့ သူတို့ဆီကစားခံရဦးမှာပဲ"
ဟဲဟဲ
လီနန်ခယ့်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး သူ့အဝတ်အစားများကို အကုန်အစင်ချွတ်ကာ မြေပြင်ကိုပစ်ချပြီးနောက် လူစားပန်းပွင့်များဆီသို့ ရဲရဲကြီးလျှောက်လှမ်းလာလေတော့သည်။
ရှဲရှဲ
ငြိမ်သက်နေသော လူစားပန်းပင်များ တစ်ဖန်ပြန်လည်လှုပ်ရှားသက်ဝင်လာကြသည်။
ထိုလှုပ်ရှားမှုကိုမြင်တော့ လီနန်ခယ့် မျက်နှာပျက်သွားသည်။ ထို့နောက် အန္တရာယ်ပြုရန်ပြင်လာသော ထိုပန်းခင်းဘေးမှ ဝေးဝေးခွာကာ အော်ဆဲလိုက်သည်။
"မင်းတို့ကငါ့ကို လာကစားနေကြတာပေါ့လေ။ ငါကျဘာလို့ အနားကပ်မရတာလဲ။ မင်းတို့က လူလူချင်း ခွဲခြားဆက်ဆံတာလား"
အားရကျေနပ်အောင် ရန်တွေ့ဆဲဆိုပြီးနောက် သူလည်း ရွေးချယ်စရာမရှိသည့်အဆုံး အင်္ကျီများကိုသာ ပြန်ကောက်ဝတ်လိုက်ရတော့သည်။
"အခု ထွက်လာလိုက်တော့" လီနန်ခယ့်က မျက်နှာမည်းကြီးဖြင့် ဟိန်းဟောက်သည်။
ဟယ့်လန်ရှောင်းမှာ အကြိမ်ကြိမ်အော်ဟစ်ကြိမ်းမောင်းခံရပြီးနောက် မယ်မယ်ကြီးတစ်ပါးအနေဖြင့် ဒေါသလည်းထွက်ကာ ဝမ်းလည်းနည်းလာရသည်။ နှုတ်ခမ်းသေးသေးလေးက စူထော်လို့နေပြီး အော်ဟစ်ငိုယိုခြင်းမပြုသော်လည်း မျက်လုံးထဲမှမျက်ရည်များ ရစ်ဝဲအိုင်ထွန်းလာလေပြီ။
ထို သနားစရာရုပ်ရည်လေးက လီနန်ခယ့်၏ဒေါသများကို ငြှိမ်းသတ်လိုက်နိုင်ဟန်ရှိ၏။
ဘုရားရေ၊ ချစ်စရာကောင်းလိုက်တဲ့ ဒီမိန်းကလေးကို ငါ ငိုအောင်အနိုင်ကျင့်လိုက်မိပြီလား။
မိမိ၏ တဇွတ်ထိုးလုပ်ရပ်များကို ပြန်လည်တွေးတောမိသောအခါ လီနန်ခယ့်သည် သူ့ကိုယ်သူ သတိလက်လွတ် ဒေါသထွက်သွားခဲ့မိမှန်း သိလိုက်ရသည်။ ဒဏ်ရာများဆီမှ ပြင်းထန်လှသောနာကျင်မှုများနှင့်အတူ သူသည် ကူကယ်ရာမဲ့စွာ မြေပြင်ပေါ်သို့ ပြန်လည်ပစ်လှဲချလိုက်ပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲ တွေးတောနေလိုက်တော့၏။
မယ်မယ်ကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သဖြင့် လောလောဆယ်တွင် စွန့်စားမှုများ ထပ်မံပြုလုပ်ရန် မလိုအပ်တော့ချေ။
လက်ရှိတွင် သူမကို အပြင်ကမ္ဘာသို့ပြန်ပို့ရမည့်နည်းကို ရှာဖွေဖို့ရန်နှင့် သူ့ကိုယ်ပိုင်စွမ်းအားများကို တိုးမြှင့်ဖို့ရန် လိုအပ်သည်။
အပြင်ကမ္ဘာတွင် မိစ္ဆာကောင်များနှင့် သင်္ချိုင်းလူသားများကို တတ်နိုင်သလောက် ရှင်းလင်းသတ်ဖြတ်ခြင်းဖြင့် ဆန်းကြယ်လှသော လက်နက်ဆုလာဘ်များကို ရယူရမည်။ သို့မဟုတ် ဤမိုးနီအိပ်မက်ကမ္ဘာ ထဲမှတစ်ဆင့် မိမိနှင့်ကိုက်ညီမည့် ကျင့်စဉ်အချို့ကို ရှာဖွေဖော်ထုတ်ရမည်။
ဘာကြောင့်ရယ်မသိသော်လည်း အရင်တစ်ခေါက်က ထို ခေါင်းသယ်ထားသောသတို့သမီးကို သူသတ်လိုက်နိုင်ပြီး လက်တွေ့ကမ္ဘာသို့ပြန်သွားချိန်တွင် စွမ်းရည်များတိုးမြင့်သန်မာလာသည်ကို ခံစားမိရ၏။
သူ၏ ဓားထုတ်ခုတ်လွှဲခြင်းကျင့်စဥ်မှာလည်း အမြန်နှုန်း၊ အားအင်နှင့် ထိရောက်မှုစွမ်းအား အားလုံးပေါင်း အဆင့်သစ်တစ်ခုဆီသို့ တိုးမြင့်သွားခဲ့ရသည်။
ဆိုလိုသည်မှာ မိုးနီအိပ်မက်ကမ္ဘာထဲမှ မကောင်းဆိုးဝါးများကို အနိုင်ယူတိုက်ခိုက်ခြင်းဖြင့် လက်တွေ့ကမ္ဘာမှ တိုက်ရည်ခိုက်ရည်ကို တိုးမြှင့်နိုင်ခြင်းဖြစ်သည်။
ဤကမ္ဘာနှစ်ခုကား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်သက်ရောက်မှုရှိနေသည်။
"ဒီမှာ"
သူ အတွေးများနေစဥ် ဟယ့်လန်ရှောင်းက သတိကြီးစွာဖြင့် အနားကပ်လာပြီး ပွင့်ဖတ်အချို့ကို အမျိုးသားဆီသို့ ပစ်ပေးလိုက်သည်။
လူစားပန်းပွင့်မှ ပွင့်ဖတ်များပင်။
"ဘာအတွက်လဲ"
သူ့ကို ခုနလေးတင်မှ အသေသတ်မတတ် ကြမ်းတမ်းစွာရန်ပြုခဲ့သော ပွင့်ဖတ်များကိုမြင်တော့ လီနန်ခယ့်မျက်နှာ နည်းနည်းရှုံ့သွားသည်။ ထိုပန်းပွင့်များကို အမျိုးသမီးကတော့ အေးအေးဆေးဆေးသာ ခြွေယူနိုင်ခဲ့သည်ပင်။
ဟယ့်လန်ရှောင်းက သူ့ဒဏ်ရာများကိုကြည့်ပြီး စိုးရိမ်တကြီးဆိုသည်။
"ဒီပန်းတွေက ဒဏ်ရာတွေကိုကုသပေးနိုင်တယ်။ ရှင်စမ်းစားကြည့်"
"တကယ်လား"
"အင်း၊ ကျွန်မစားကြည့်ပြီးပြီ"
ဟယ့်လန်ရှောင်းက ခေါင်းညိတ်ထောက်ခံသည်။
သူမသည် ခန္ဓာကိုယ်ကို ပြန်လည်ကာကွယ်ရန် ပန်းခင်းထဲကျွတ်ကျကျန်ရစ်သော အမျိုးသား၏အပြင်ဝတ်ရုံကိုပြန်လည်ကောက်ယူကာ ပြန်မဝတ်ပဲ ကာရုံသာကာရံထားသည်။
ထိုအမျိုးသား ပြန်လည်ခုန်အုပ်ဖို့ပြင်လာလျှင် သူမ အဝတ်ကိုလွှင့်ပစ်ကာ ပန်းခင်းထဲပြန်ပြေးဝင်ဖို့အသင့်ပင်။
လီနန်ခယ့် သူမ၏လက်မောင်းကိုကြည့်လိုက်သည်။ ခုနလေးတင်မှ ခြစ်ရာခိုက်ရာများဖြင့် သွေးစို့နေခဲ့သောလက်မောင်းသည် အခုတော့ အမာရွတ်လေးတစ်ခုပင်မကျန် ကျောက်စိမ်းသားအလားချောမွတ်ကြည်စင်လျက်။
သူ ပန်းပွင့်ဖတ်လေးကိုဖဲ့ကာ ပါးစပ်ထဲအသာထည့်လိုက်သည်။
ရိုးရိုးသားသားဝန်ခံရလျှင် အရသာတော့အတော်ရှိသည်ပင်။
သို့သော် လူစားပန်းပွင့်၏ ကြောက်မက်ဖွယ်ကောင်းလှသော အသွင်အပြင်ကို ပြန်တွေးမိသောအခါ စိတ်ထဲတွင် အနည်းငယ်တော့ ရွံရှာမိဆဲဖြစ်သည်။
ဟယ့်လန်ရှောင်း ညာပြောခဲ့ခြင်း မဟုတ်ပေ။ ပန်းပွင့်ဖတ်က လည်ချောင်းထဲသို့ ရောက်ရှိသွားပြီးနောက် လီနန်ခယ့်သည် တစ်ကိုယ်လုံးတွင် နွေးထွေးလှသော စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်ကို ချက်ချင်းခံစားလိုက်ရပြီး ဒဏ်ရာများ၏ နာကျင်ကိုက်ခဲမှုများမှာ သိသိသာသာ လျော့ပါးသွားခဲ့ကာ နေရထိုင်ရ အတော်လေးသက်သာသွားခဲ့ရ၏။
"အံဖွယ်ဆေးစွမ်းကောင်းပါလား"
လီနန်ခယ့်လည်း ထပ်ပြီးတွန့်ဆုတ်မနေတော့ချေ။ ဟယ့်လန်ရှောင်း ဆွတ်ခူးပေးခဲ့သော ပွင့်ဖတ်များအားလုံးကို ပါးစပ်ထဲပစ်ထည့်ပြီး ဝါးစားပစ်လိုက်ရာ တစ်ကိုယ်လုံးအနှံ့ ထိခိုက်ရှရာများသည် မျက်စိရှေ့မှာတင် လျင်မြန်စွာပျောက်ကင်းသွားခဲ့ပြီး အသားအရည်မှာ ပကတိအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့တော့၏။
ဟယ့်လန်ရှောင်း၏မျက်လုံးလေးများကား အပြုံးနှင့်အတူ ကွေးညွှတ်သွားခဲ့သည်။
"တွေ့လာ ကျွန်မမညာပါဘူးဆို"
လီနန်ခယ့်သည် မိမိရှေ့မှ ကလေးမလေးအလား ဖြူစင်ကြည်လင်စွာပြုံးရယ်နေသော မဟာကျန်းမင်းဆက်၏ တော်ဝင်မယ်မယ်ကြီးကိုကြည့်လိုက်ပြီး ခံစားချက်များ ရှုပ်ထွေးသွားခဲ့ရတော့၏။
"မင်းတကယ်ကို ကြင်နာတတ်တာပဲ။ ကံကောင်းလို့ ငါနဲ့တွေ့ခဲ့လို့သာပေါ့။ တခြားယောက်ျားသာဆိုရင် မင်းကို ရောင်းစားသွားလောက်ရောပေါ့"
"ကျွန်မက အဲ့လောက်မတုံးပါဘူး"
အမျိုးသမီးကတော့ သူ၏ ရင့်သီးသောမှတ်ချက်ကို မကျေမနပ်ဖြစ်သွားဟန်ပင်။
ထိုစဥ် အမျိုးသားက သူမအား စူးစူးစိုက်စိုက်ကြည့်လာသဖြင့် ဟယ့်လန်ရှောင်း မသိလိုက်စွာ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့မိပြန်သည်။
လီနန်ခယ့် မတတ်သာဘဲ ရယ်မောလိုက်မိသည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်ခင်ဗျားကို အနိုင်မကျင့်ပါဘူး။ ခုနကကိစ္စအတွက် တကယ်ပဲတောင်းပန်ပါတယ်၊ အရမ်းလန့်သွားတယ်မလား၊ တကယ်တော့ ကျွန်တော်က စိတ်အပူလွန်သွားလို့ပါ"
"ရှင်ဘာကြောင့် စိတ်ဆိုးနေလဲ ကျွန်မသိပါတယ်"
ထို့နောက် ခဏမျှတိတ်ကျသွားပြီး ဟယ့်လန်ရှောင်းက မျက်လုံးလေးများကို ဟိုဟိုဒီဒီပို့ကာ ရှက်ကြောက်စိုးထိတ်စွာ ဆိုလေသည်။
"အဲ့နေ့က ကျွန်မလည်း ရှင့်ခေါင်းကိုရိုက်ရုံကလွဲလို့ တခြားရွေးချယ်စရာမရှိခဲ့ဘူး။ အရမ်းလန့်တော့ အသိစိတ်လွတ်သွားပြီး ကိုက်လည်းကိုက်မိခဲ့သေးတယ်"
ခေါင်းကို ရိုက်ခဲ့သေးတာလား။
လီနန်ခယ့် ကြက်သေသေကာ သူ့နဖူးသူပြန်စမ်းမိသည်။
ထိုနေ့က သတိလစ်မေ့မျောသွားပြီး ပြန်သတိရလာချိန်တွင် နဖူးထက် ပတ်တီးတစ်ခုရှိနေခဲ့သည်ကို သူပြန်သတိရလိုက်မိ၏။ ထိုနေရာတွင် ဒဏ်ရာတစ်ခုရှိနေခဲ့ဟန်ပင်။
အမှန်တကယ်ပင် ဤအမျိုးသမီးက သူ့ခေါင်းကိုရိုက်ခဲ့သည်တဲ့လေ။
အတော်လေး ပြင်းပြင်းထန်ထန် ရိုက်ချခဲ့တာပဲ။
သို့သော် သူကိုယ်တိုင်ကလည်း အဝတ်အစားများကို ဆုတ်ဖြဲခဲ့မိသောကြောင့် ထိုက်တန်သောအပြစ်ဒဏ်ဟုသာ ယူဆရပေတော့မည်။
အမျိုးသမီး၏ နောင်တရနေသောပုံစံလေးကြောင့် စတွေ့တုန်းက သူမဘာလို့ပတ်ပြေးနေခဲ့လဲဆိုတာ လီနန်ခယ့် နားလည်သွားသည်။
သူမ ထိုနေ့ကရိုက်ခဲ့သည့်ကိစ္စအတွက် သူလက်စားချေမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်မည်။
"အဲ့နေကဘာတွေဖြစ်ခဲ့လဲဆိုတာ အတိအကျပြန်ပြောပြဦး"
လီနန်ခယ့် ထိုမေးခွန်းကို ထပ်မေးလိုက်သည်။
ဟယ့်လန်ရှောင်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူစိတ်မဆိုးသည်ကို မြင်သောအခါ တိုးတိုးလေးဆိုလာခဲ့သည်၊
"ရှင်က ရုတ်တရက် ကျွန်မဆီကိုအတင်းပြေးဝင်လာပြီး အဝတ်အစားတွေကို ဆုတ်ဖြဲပစ်ခဲ့တာလေ။ ပျာယာခတ်နေတဲ့ကြားထဲက ကျွန်မ ကျောက်ခဲတစ်လုံးကိုရှာတွေ့ပြီး ရှင့်ကိုထုချလိုက်တာ။ ပြီးတော့ ရှင့်ရဲ့ လက်ကောက်ဝတ်ကိုလည်း ကိုက်လိုက်သေးတယ်။ အဲ့မှာ သွေးတွေအများကြီးထွက်လာပြီး ကျွန်မတချို့ကို မျိုချမိသွားတယ်"
"အဲ့နောက်တော့ရော"
"အဲ့ဒီနောက်ပိုင်း ရှင်ဘာတွေထပ်အရူးထတာလဲမသိ၊ အင်္ကျီအိတ်ထဲက အဖြူရောင်ပုလင်းလေးတစ်လုံးကို ထုတ်ပြီး မော့သောက်ချလိုက်တာပဲ။သောက်လည်းပြီးတော့ ရှင့်ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီလာပြီး အရမ်းပူပြင်းတောက်လောင်လာခဲ့တာ"
မိုးနီရေပဲ။
လီနန်ခယ့် ထိုအခါမှ နားလည်သွားတော့သည်။
ထိုပုလင်းနှစ်လုံးလုံးမှ မိုးနီရေများကို သူအကုန်သောက်ခဲ့မိသည်ဆိုလျှင် ဤနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာမူမမှန်ဖြစ်နေသည်မှာ အံ့သြစရာမရှိတော့။
"နောက်တော့ရော"
အမျိုးသားက ထပ်မေးလာသည်။
ဟယ့်လန်ရှောင်းကဆိုသည်။
"အဲ့ဒီနောက်ပိုင်းမှာ ရှင့်ခန္ဓာကိုယ်ကနေ အရမ်းတောက်ပတဲ့ အနီရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး ကျွန်မ သတိမေ့သွားခဲ့တာပဲ"
ထိုအမျိုးသမီး၏ အဖြေများမှတစ်ဆင့် လီနန်ခယ့်သည် အရေးကြီးသော အချက်သုံးချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ပထမတစ်ချက်၊ အမျိုးသမီးက သူ့သွေးကိုသောက်ခဲ့မိသည်။
ဒုတိယတစ်ချက်၊ သူ မိုးနီရေတွေအများကြီး သောက်လိုက်မိသည်။
တတိယတစ်ချက်၊ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
ဤအခြေအနေများကြောင့်ပင် မယ်မယ်ကြီးသည် သူနှင့်အတူ မိုးနီအိပ်မက်ကမ္ဘာထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် လီနန်ခယ့် ပိုစိုးရိမ်မိသည်မှာ မယ်မယ်ကြီး၏အပျိုစင်ဘဝကို သူဖျက်ဆီးမိခဲ့ခြင်းရှိမရှိသာ ဖြစ်လေသည်။