အခန်း ၉၂
Vol. 10 Ch. 92
အခန်း (၉၂) လူသိရှင်ကြား တရားဝင်ကြေညာချက်၊ ဘက်ပေါင်းစုံမှ တုံ့ပြန်မှုများ
ရှုချွမ်းက ကျန်းယန်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် သူ့ကိုယ်သူ အခန်းအောင်း၍ သီးသန့်ကျင့်ကြံနေခဲ့သည်။
၎င်းက သူ၏ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်ရန်အတွက်သာမကဘဲ ယခုခရီးစဉ်မှ ရရှိခဲ့သည့် အကျိုးအမြတ်များကို ပြန်လည်စုစည်းရန်လည်း ဖြစ်သည်။
သူက ဤခရီးစဉ်မှ အရာများစွာကို ရရှိခဲ့ပြီး ထိုပစ္စည်းအားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ အစီအစဉ်မရှိဘဲ ပစ်ထည့်ထားခဲ့မိခြင်း ဖြစ်သည်။
ထို့ကြောင့် ဤသီးသန့်အချိန်ကို အသုံးချကာ ပစ္စည်းများကို တစ်ခုပြီးတစ်ခု စနစ်တကျ ပြန်လည်စီစဉ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ အခန်းအောင်း ကျင့်ကြံနေသည့် အချိန်အတောအတွင်းမှာပင်...
ရွှေရောင်ရှေးဟောင်းနန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အရှေ့ပိုင်းဒေသတစ်ခွင်သို့ ဟုန်းဟုန်းတောက် ပျံ့နှံ့သွားခဲ့လေသည်။
ထိုက်ယိမြင့်မြတ်နယ်မြေ၏ တိုက်ရိုက်တပည့် ရှုချွမ်း
ရှေးဟောင်းနန်းတော်၏ စမ်းသပ်မှုအတွင်း သူကရှေးဟောင်းမျိုးနွယ်စု၏ သခင်လေးနှင့် ထျန်းယန်ဂိုဏ်း၏ သူတော်စင် တို့ကို သတ်ဖြတ်ခဲ့သည်။
ထို့အပြင် သူက ဓားတစ်ချက်တည်းနှင့် ပါရမီရှင်နှစ်ရာကျော်ကိုပင် အနိုင်ယူနိုင်ခဲ့သေးသည်။
နောက်ပိုင်းတွင် ထျန်းယန်ဂိုဏ်းချုပ်က ကိုယ်တိုင်ကိုယ်ကျ ကလဲ့စားချေရန် ရောက်ရှိလာခဲ့သော်လည်း ကောင်းကင်ဘုရင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်ကြီး၏ လက်မောင်းတစ်ဖက်ကိုပင် ရှုချွမ်းက တိုက်ရိုက် ဖြတ်တောက်လိုက်သေးသည်။
ဤအံ့ဖွယ်လုပ်ရပ်များက အရှေ့ပိုင်းဒေသတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဂယက်ရိုက်ခတ်မှုကြီး ဖြစ်ပေါ်စေခဲ့သည်။
အချိန်တိုအတွင်းမှာပင် ရှုချွမ်းဆိုသည့် နာမည်မှာ အရှေ့ပိုင်းဒေသရှိ သိုင်းပညာရှင်များကြားတွင် အမြဲတမ်း ရေပန်းစားနေသည့် အဓိကပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တော့သည်။
လူအတော်များများက အံ့အားသင့်သွားကြသလို နက်နက်ရှိုင်းရှိုင်းလည်း နားလည်သွားကြသည်...
ဤအရှေ့ပိုင်းဒေသတွင် နောက်ထပ် ထိပ်တန်းပါရမီရှင်တစ်ယောက် ပေါ်ထွက်လာပြန်ပြီဟူ၍ပင်။
သို့သော်လည်း သိုင်းပညာရှင်အချို့ကမူ ဤအချက်ကို လှောင်ပြောင်ခဲ့ကြသည်။
၎င်းက အမှန်တရားဖြစ်နိုင်သည်ဟု သူတို့ လုံးဝ မယုံကြည်ကြပေ။
အမည်မသိ တိုက်ရိုက်တပည့် ရှုချွမ်းက အံ့ဖွယ်ပါရမီရှင်နှစ်ယောက်ကို သတ်ဖြတ်ပြီး ပါရမီရှင်နှစ်ရာကို အနိုင်ယူနိုင်မည်တဲ့လား။
ပြီးတော့ ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ လက်မောင်းကိုတောင် ဖြတ်ပစ်နိုင်ပါ့မလား။ ကမ္မနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် ထိုသို့လုပ်နိုင်ရန် မဖြစ်နိုင်သည်မဟုတ်ပါလား။
ဤလူများက ရှုချွမ်းအတွက် နာမည်ကြီးလာစေရန် ဂိုဏ်းတွေဘက်က လုပ်ကြံထုတ်ပြန်ထားသည့် သတင်းအတုများသာ ဖြစ်သည်ဟု ယူဆကြသည်။
သို့သော်လည်း သုံးရက်ခန့်အကြာတွင် အရှေ့ပိုင်းဒေသတစ်လွှား၌ နောက်ထပ် သတင်းတစ်ပုဒ် ထပ်မံပျံ့နှံ့သွားခဲ့ပြီး မကြုံစဖူး ထိတ်လန့်ဖွယ်ရာတစ်ခုကို ထပ်မံဖြစ်ပေါ်စေခဲ့ပြန်သည်။
အံ့မခန်းလှသော အရည်အချင်း၊ ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာတို့ကြောင့် ကျန်းယန်တောင်ထိပ်တပည့် ရှုချွမ်းကို ထိုက်ယိမြင့်မြတ်နယ်မြေ၏ ကိုးယောက်မြောက် "သူတော်စင်" အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သည်။
ဒီသတင်း ပျံ့နှံ့သွားသည့်အချိန်တွင် ရှုချွမ်း၏ ဂုဏ်သတင်းက မယုံနိုင်လောက်အောင် မြင့်တက်သွားခဲ့ရသည်။
အရှေ့ပိုင်းဒေသ၏ နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်သည့်အတိုင်း ထိုက်ယိမြင့်မြတ်နယ်မြေသည် သမိုင်းကြောင်းအရ အမြဲတမ်း 'သူတော်စင်' ကိုးဦးကို ရွေးချယ်လေ့ရှိသည်။ ဤကိုးဦးကို ရွေးချယ်ပြီးပြီဆိုလျှင် ထိုက်ယိမြင့်မြတ်နယ်မြေ၏ အနာဂတ် "အရှင် အစစ်အမှန်" ပေါ်ထွက်လာတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူက ဤကိုးဦးထဲမှသာ ထွက်ပေါ်လာမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မရေတွက်နိုင်သောလူများစွာက ရှုချွမ်းဆိုသည့် နာမည်ကို ရွတ်ဆိုနေကြသည်။
လဲ့ယန် တောင်ထိပ် ပေါ်တွင်မူ သီးသန့်ကျင့်ကြံခြင်းကို ခုတင်မှ အဆုံးသတ်လိုက်သည့် ယန်ရှန်း သည်လည်း ဤသတင်းကို ကြားသိလိုက်ရသည်။
သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါ မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် မှင်တက်နေခဲ့ရသည်။
"ဘာလို့လဲ... ဘာလို့ သူဖြစ်နေရတာလဲ"
"ငါက သူ့ထက်စာရင် ဘာတွေများ လိုအပ်နေလို့လဲ"
"ဘာလို့ ငါက သူတော်စင် ဖြစ်ခွင့်မရတာလဲ"
"ဒါ အားလုံး သူ့ကြောင့်ပဲ... ဒါ အားလုံး ရှုချွမ်းကြောင့်ပဲ၊ သူက ငါ့ရဲ့အရာအားလုံးကို လုယူသွားတာ"
ယန်ရှန်းက စကားလုံးများကို ထပ်တလဲလဲ ရေရွတ်နေပြီး မူလချီများ သွေဖည် မည့် လက္ခဏာများပင် ပြသလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လီဝူကျိက အချိန်မီ သတိပြုမိသွားသဖြင့် သူ ချီသွေဖည်ခြင်း ဘေးမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
...
အခြားတစ်ဖက်တွင်မူ သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် အဆင့်၅ တွင် ရှိသည့် လူငယ်တစ်ယောက်သည် တောင်တန်းကြီးထဲတွင် မိစ္ဆာသားရဲများကို အမဲလိုက်နေခဲ့သည်။
"မကြာခင်ပဲ... ငါသာ ဒီအစောင့်မိစ္ဆာသားရဲကို သတ်နိုင်ရင် အဲဒီဂူထဲက မြေကြီး အဆီအနှစ်နို့ရည် တွေက ငါ့အပိုင် ဖြစ်လာတော့မှာ၊ ဒီအဆီအနှစ်နို့ရည်ကို ရတာနဲ့ ငါ သေချာပေါက် တိုက်ရိုက်တပည့်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"
သူက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများထဲမှ နတ်ဘုရားဆန်သော အလင်းတန်းများ ဖြာထွက်နေခဲ့သည်။
သူက ချူဖန် ပင် ဖြစ်သည်။
ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင်တွင် အခွင့်အလမ်း ကောင်းကို ရှာမတွေ့ခင်ကတည်းက စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို နေရာတိုင်းမှ အခွင့်အရေးများကို လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
တစ်လကျော်ကြာ ရှာဖွေပြီးနောက်တွင် သူကအခွင့်အရေးများစွာကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့သည်။
ဒါက အခွင့်အရေးများစွာကို မှတ်တမ်းတင်ထားသည့် ထိုလျှို့ဝှက်ဆန်းကြယ်သော စာအုပ်အပေါ် သူ၏ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့သည်။
ထိုအခိုက်အတန့်မှာပင် သူက တာဝန် အတွက် ရောက်ရှိလာကြသည့် တပည့်အချို့ထံမှ ရှုချွမ်းတစ်ယောက် သူတော်စင် ဖြစ်သွားပြီဟူသော သတင်းကို ကြားသိလိုက်ရသည်။
"ဘာလဲ... သူတော်စင် နေရာက အစားထိုးခံလိုက်ရပြီ ဟုတ်လား"
"ရှုချွမ်း... ဒီလူက ဘယ်သူလဲ၊ ငါ ဘာလို့ အရင်က တစ်ခါမှ မကြားဖူးရတာလဲ"
"ဒါဆို... ကောင်းကင်အဆင့် ကျင့်စဉ်တစ်ပိုင်းတစ်စကို သူ့များ ရသွားတာလား"
"တောက်... ညစ်ပတ်လိုက်တာ"
သူက ပထမဆုံးတွင် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ သူ၏မျက်နှာက ချက်ချင်းပင် ဒေါသရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။
အကယ်၍ ရှုချွမ်းက ကောင်းကင်အဆင့်ကျင့်စဉ်ကို တကယ်ပဲ ယူသွားခဲ့သည်ဆိုလျှင် ၎င်းက သူ၏သူတော်စင်ရာထူးကို လုယူသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို သိရှိနိုင်ရန် မြင့်မြတ်နယ်မြေသို့ ချက်ချင်း ပြန်ရမည်။
ဒါက သူ့အတွက် အလွန်အရေးကြီးလှသည်။
သူက သူ့ရှေ့ရှိ မိစ္ဆာသားရဲကို အမြန်ဆုံး သတ်ဖြတ်လိုက်ပြီး ဂူထဲမှ မြေကြီး အဆီအနှစ်နို့ရည်ကို ယူကာ မြင့်မြတ်နယ်မြေသို့ အလျင်အမြန် ပြန်လာခဲ့တော့သည်။
...
ထျန်းယန်ဂိုဏ်း..
ထျန်းယန်ဂိုဏ်းသို့ အသည်းအသန် ထွက်ပြေးလွတ်မြောက်လာခဲ့သည့် ဂိုဏ်းချုပ်လင်ဖုန်းက ဤသတင်းကို ကြားရပြီးနောက် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ပြတ်တောက်သွားသည့် လက်မောင်းဆီမှ စူးရှသော ဝေဒနာက ရှုချွမ်းကို သတ်ပစ်ရန် သူ၏စိတ်ပိုင်းဖြတ်မှုကို ပိုမိုပြင်းထန်လာစေသည်။
သူက သူတော်စင် ဖြစ်နေပါစေ ရှုချွမ်းက သေကိုသေရမည်။
"ငါ့အတွက် သွားစုံစမ်းစမ်း... ရှုချွမ်းရဲ့ နောက်ခံအကုန်ကို ရှာဖွေစမ်း၊ သူနဲ့ ပတ်သက်တဲ့လူမှန်သမျှ အကုန်သေရမယ်၊ ပြီးတော့ အဲဒီ စုမြောင်ရင်ကိုလည်း စုံစမ်း၊ သူကရော ဘာလို့ ငါ့သားကို သတ်ချင်ရတာလဲ"
သူက သွားကိုကြိတ်ရင်း မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် အမိန့်ပေးလိုက်သည်။
ဤခရီးစဉ်တွင် သူက ရှုချွမ်းကို မသတ်နိုင်ခဲ့သည့်အပြင် သူ၏သိက္ခာအားလုံးလည်း မြေခခဲ့ရသည်။
သူခေါ်ဆောင်သွားသည့် အကြီးအကဲများအားလုံးလည်း အဖမ်းခံလိုက်ရသည်။
သူတို့ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ပိုပြီး အရေးကြီးသည်မှာ ယခုအခါ သူက ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ထွက်ပြေးစဉ်က ရှုချွမ်း၏ ဓားချက်ကြောင့် လက်မောင်းတစ်ဖက် ပြတ်တောက်သွားခဲ့ရသည်။
၎င်းက ဓားကိုင်သည့် ညာဘက်လက်မောင်း မဟုတ်သော်လည်း ယခုအခါ သူ၏အင်အားက အကြီးအကျယ် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူတို့ထျန်းယန်ဂိုဏ်းကို အကဲခတ်နေကြသည့် ရန်သူများကလည်း မနည်းလှပေ။
ဤမျှလောက် အကြီးအကဲများစွာ ဆုံးရှုံးသွားပြီး သူ၏အင်အားကလည်း ထိခိုက်သွားခဲ့ရာ အနာဂတ်တွင် ထိုလူများ၏ ဖိနှိပ်ခြင်းကို သူ သေချာပေါက် ခံရပေလိမ့်မည်။
ထျန်းယန်ဂိုဏ်း၏ တိုးတက်မှုသည်လည်း နောင်ကာလအတန်ကြာအထိ ကန့်သတ်ခံထားရပေလိမ့်မည်။
သူ ပိုတွေးမိလေ ပို၍ဒေါသထွက်လာလေဖြစ်ရာ ဤအရာအားလုံး၏ တရားခံဖြစ်သော ရှုချွမ်းကို သတ်ပစ်ရန် ထိုက်ယိမြင့်မြတ်နယ်မြေသို့ နောက်ထပ်တစ်ကြိမ် သွားရောက်တိုက်ခိုက်ချင်စိတ်များ ပေါက်ဖွားလာခဲ့သည်။
သို့သော်လည်း သူ မလုပ်နိုင်ပေ။
ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်၏ ခွန်အားက လွန်စွာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
သူ၏ အကောင်းဆုံး အခြေအနေမှာတောင်မှ ထိုလူကို မယှဉ်နိုင်ခဲ့ရာ ယခုကဲ့သို့သော အခြေအနေမျိုးတွင်မူ ပြောနေစရာပင် မလိုတော့ပေ။
"ဂိုဏ်းချုပ်... စိတ်အေးအေးထားပါ"
"ဒေါသထွက်နေရုံနဲ့ ဘာပြဿနာမှ ပြေလည်မသွားဘူး"
ဘေးနားရှိ ထျန်းယန်ဂိုဏ်း၏ မဟာအကြီးအကဲက သူ့ကို နှစ်သိမ့်လိုက်သည်။
"ငါက ဘယ်လိုလုပ် စိတ်မတိုဘဲ နေနိုင်မှာလဲ၊ ငါ့သားက သေသွားပြီ၊ ငါ့ဂိုဏ်းက အကြီးအကဲတွေက အဖမ်းခံလိုက်ရတယ်၊ ပြီးတော့ ငါက လူငယ်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ လက်မောင်းတစ်ဖက်တောင် ဖြတ်တောက်ခံလိုက်ရသေးတယ်"
"ဒါပြီးရင် ငါက အရှေ့ပိုင်းဒေသမှာ ဘယ်လိုမျက်နှာနဲ့ ဆက်ပြီး ရပ်တည်ရတော့မှာလဲ"
ဂိုဏ်းချုပ်လင်ဖုန်းက သွားကိုကြိတ်ရင်း မှောင်မိုက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော့်မှာ အဲဒီရှုချွမ်းကို သတ်နိုင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်"
မဟာအကြီးအကဲက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
"ဘာအစီအစဉ်လဲ... အမြန်ပြောစမ်း" ဂိုဏ်းချုပ်လင်ဖုန်းက အလျင်စလို တိုက်တွန်းလိုက်သည်။
သူသည် ခံစားခဲ့ရသော အရှက်ရမှုများကို ဆေးကြောရန်အတွက် ရှုချွမ်းကို သတ်ပစ်ရန် အသည်းအသန် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ဒီတစ်ခေါက် ရွှေရောင်ရှေးဟောင်းနန်းတော် ခရီးစဉ်မှာ ရှေးဟောင်းမျိုးနွယ်စုရဲ့ သားရဲနတ်ဘုရားမျိုးနွယ်စုသခင်လေးလည်း ရှုချွမ်းလက်ချက်နဲ့ သေသွားခဲ့တယ်မဟုတ်လား၊ ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းနိုင်ပါတယ်"
"မကြာခင်မှာ အရှေ့ပိုင်းဒေသရဲ့ တာအိုဖလှယ် ပွဲကျင်းပတော့မယ်၊ ရှုချွမ်းကို သူတော်စင် ရာထူးနေရာမှာ ပိုပြီး ခိုင်မာလာစေဖို့ ထိုက်ယိမြင့်မြတ်နယ်မြေက ရှုချွမ်းကို ပါဝင်ဆင်နွှဲဖို့ သေချာပေါက် စေလွှတ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့အင်အားစုနှစ်ခုက တပည့်တွေ ပူးပေါင်းလိုက်ရင် သူ့ကို သေချာပေါက် သတ်နိုင်လိမ့်မယ်"
"ဒါ့အပြင် ရှောင်ချန်ကလည်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီး ကမ္မနယ်ပယ် အဆင့်၅ ကို ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ပြီ၊ သူရှိနေရင် ရှုချွမ်းက သေချာပေါက် သေရမှာပဲ"
မဟာအကြီးအကဲက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ရှောင်ချန် ဟုတ်လား... သူ တံခါးပိတ် ကျင့်ကြံတာ ကနေ ထွက်လာပြီလား"
လင်ဖုန်း ကြားလိုက်ရသောအခါ သူ၏မျက်နှာတွင် အံ့သြဝမ်းသာရိပ်များ ပေါ်ထွက်လာခဲ့သည်။
ထိုရှောင်ချန်ဆိုသည့် လူငယ်မှာ ကြီးမားလှသော နောက်ခံလဲရှိသည်။
သူက အလယ်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုတစ်ခုမှ လာသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သာမန်ရက်များတွင် သူကိုယ်တိုင်ပင်လျှင် ထိုလူငယ်ကို မည်သည့်အရာမှ လုပ်ရန် အမိန့်မပေးဝံ့ပေ။
အကယ်၍ ထိုလူငယ်သာ လှုပ်ရှားပေးမည်ဆိုလျှင် ရှုချွမ်းကို သတ်ရန် အမှန်တကယ်ပင် ဖြစ်နိုင်ပေလိမ့်မည်။
"ကောင်းတယ်... ဒါဆိုရင် ရှေးဟောင်းမျိုးနွယ်စုက လူတွေကို ဆက်သွယ်ဖို့ လူတစ်ယောက်ကို အမြန်ဆုံး စေလွှတ်လိုက်၊ ငါကိုယ်တိုင် အခုပဲ ရှောင်ချန်ဆီ သွားပြီး သူ့ရဲ့ အကူအညီကို တောင်းလိုက်မယ်"
ဂိုဏ်းချုပ်လင်ဖုန်း၏ မျက်နှာက ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်စလို တိုက်တွန်းလိုက်တော့သည်။
ကလဲ့စားချေရန် မျှော်လင့်ချက်ကို မြင်လိုက်ရသဖြင့် သူ သဘာဝကျစွာပင် လက်လျှော့မည်မဟုတ်ပေ။
ရှုချွမ်းအပေါ်ထားရှိသည့် သူ၏မုန်းတီးမှုကမူ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူသည် ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်အပေါ် ထားရှိသည့် မုန်းတီးမှုအားလုံးကိုပါ ရှုချွမ်းဆီသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ သူသည် နောက်ထပ် အနှစ်တစ်ရာကြာလျှင်ပင် ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်ကို ဘယ်တော့မှ အနိုင်မယူနိုင်သောကြောင့် ဖြစ်သည်။
မြင့်မြတ်နယ်မြေအရှင်၏ ခွန်အားက လွန်စွာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
တကယ့်ကို အရှေ့ပိုင်းဒေသတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။