အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) ကမ္မနယ်ပယ် ကျွမ်းကျင်သူကို ဓားဖြင့်သတ်ခြင်း
"အရမ်းကောင်းတယ်၊ မင်းငါ့ကို ဒီလောက်အံ့သြစရာကြီး ပေးလိမ့်မယ်လို့ ငါမထင်ထားဘူး"
"စိတ်မပူပါနဲ့၊ ဒီကောင်းကင်အဆင့် လက်နက်ကို ငါရပြီးတာနဲ့ မင်းကို မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှုမရှိဘဲ သေဆုံးခွင့်ပေးမယ်"
ချင်းဝူ၏ မျက်လုံးထဲမှ လောဘများက ပိုမိုပြင်းထန်လာခဲ့သည်။
ထို့နောက် သူက သူ၏လက်နက်ကို ထိန်းချုပ်ကာ ရှုချွမ်းကို စတင်တိုက်ခိုက်လိုက်တော့သည်။
ကောင်းကင်အဆင့် လက်နက်များက အလွန်အစွမ်းထက်လှသည်။
အကယ်၍ ကမ္မနယ်ပယ်ချင်းတူညီပြီး ကောင်းကင်အဆင့်လက်နက်ကို ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်ပါက သူ လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။
ဒါပေမယ့် အခုတော့ ဒီကောင်းကင်အဆင့် လက်နက်က နိဗ္ဗာနနယ်ပယ် အဆင့် ၁ မျှသာရှိသေးတဲ့ လူငယ်တစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိနေသေးတာမို့ လက်နက်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ဦးမှာ မဟုတ်ပေ။
သူ့အနေဖြင့် လုံးဝ အနိုင်ယူ ပြီး သိမ်းပိုက်နိုင်သည်ဟု ယူဆထားသည်။
"ဒီလိုရတနာမျိုးနဲ့ဆိုရင် ငါ့ရဲ့ မီးလျှံတောင်ကြားက ပိုမြင့်တဲ့အဆင့်ကို ရောက်မှာ သေချာတယ်"
ဤအရာကို တွေးမိသောအခါ သူသည် နတ်ဘုရားသတ်ဓားကို ရယူရန် ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။
သို့သော်လည်း ဤကမ္မနယ်ပယ် သိုင်းပညာရှင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ရှုချွမ်းကအလွန်ပင် တည်ငြိမ်နေခဲ့သည်။
ထို့နောက် ရှုချွမ်း၏ လက်ထဲတွင် ကိုင်ဆောင်ထားသော နတ်ဘုရားသတ်ဓားကရုတ်တရက် ကောင်းကင်ယံသို့ မြှင့်တက်သွားခဲ့သည်။
၎င်းပေါ်လာသည့် အခိုက်အတန့်တွင် မီးလျှံတောင်ကြားတစ်ခုလုံးသည် အဆုံးမဲ့ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရသည်။
ပြီးတော့ နတ်ဘုရားသတ်ဓားက ဤငရဲဘုံလေး၏ တစ်ခုတည်းသော နိယာမ ဖြစ်လာခဲ့သည်။
ရှုချွမ်း အမိန့်ပေးသရွေ့ ဤငရဲဘုံအတွင်းရှိ အရာအားလုံးကို ဖြတ်တောက်ချေမှုန်းနိုင်သည်။
"ကောင်းကင်ဖြတ်တောက်ခြင်း"
ဒီအချိန်မှာပဲ ရှုချွမ်း၏ နှုတ်ခမ်းဖျားမှ ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်တစ်ခုက လေထုထဲသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဤသတ်ဖြတ်လိုစိတ်ကို ခံစားမိသူတိုင်း၏ စိတ်ဝိညာဉ်များမှာ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားကြရသည်။
ခန်းမဝင်ပေါက်တွင် ရပ်နေသော ဟုန်တုအကြီးအကဲပင်လျှင် အံ့သြသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။
သူကိုယ်တိုင်ပင် ဤဓားချက်မှ ခြိမ်းခြောက်မှုအရိပ်အယောင်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
"နတ်ဘုရားသတ်ဖြတ်ခြင်း"
ခန်းမထဲတွင် ကျယ်လောင်လှသော အော်ဟစ်သံများ ထပ်မံပေါက်ကွဲသွားခဲ့သည်။
နတ်ဘုရားသတ်ဓားသိုင်းပညာ
၎င်းသည် ရွှေရောင်ရှေးဟောင်းခန်းမမှ ရှုချွမ်း ရရှိခဲ့သော နတ်ဘုရားသတ် ဓားသိုင်းပညာ ဖြစ်သည်။
အဘိုးကြီးနန်၏ အမွေအနှစ်ကို ရရှိပြီးနောက်တွင် ဤဓားသိုင်းပညာ အပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
၎င်းသည် စမ်းသပ်ကွင်းတွင် သူအသုံးပြုခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလှသည်။
သို့သော်လည်း သူ့တွင် ထိုစွမ်းအားကို ထုတ်ဖော်ပြသရန် အခွင့်အရေး တစ်ခါမှ မရှိခဲ့ပေ။
ဒါပေမယ့် ဒီနေ့တွင်မူ...
သူသည် ကမ္မနယ်ပယ် အဆင့်၂ရှိ အစွမ်းထက် သော ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရန်အတွက် ဤဓားသိုင်းကို အသုံးပြုလိမ့်မည်။
အမှန်စင်စစ် ရှုချွမ်းက ၎င်းကို မည်သည့်ချန်လှပ်မှုမျှမရှိဘဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သူ၏စကားလုံးများ ကျဆင်းသွားသည်နှင့် အမျှ ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ် အော်ရာများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးပင် မှောက်ခုံလန်မတတ် ဖြစ်သွားခဲ့ရသည်။
ဤဓားချက်က ရှုချွမ်း၏ နားလည်မှု အားလုံးကို သယ်ဆောင်ထားပြီး ကောင်းကင်နှင့် မြေကြီး၏ သတ်ဖြတ်လိုစိတ်များကို ဝါးမြိုကာ ရန်သူအားလုံးကို ဖိနှိပ်ချုပ်ချေလိုက်သည်။
ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်လှသော စွမ်းအားများ ပျံ့နှံ့သွားပြီး လေကိုပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။
အပြင်ဘက်တွင် ဟုန်တုအကြီးအကဲက ဤဓားချက်ကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
"သူတော်စင်သားတော်... သူက..."
"သူ တကယ်ပဲ ချင်းဝူကို သတ်နိုင်မှာလား"
ယခင်က ရှုချွမ်းက ချင်းဝူကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ပြောခဲ့သော်လည်း ဟုန်တုအနေဖြင့် အနည်းငယ် မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင်တော့ ထိုသူနှစ်ဦးကြား၌ ကြီးမားလှသော ကျင့်ကြံခြင်းနယ်ပယ်ကြီးတစ်ခုလုံး ကွာခြားနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ရှုချွမ်းက နတ်ဘုရားသတ်ဓားသိုင်းကို ထုတ်ဖော်လိုက်ပြီးနောက်တွင် သူ၏ ယခင်အတွေးများမှာ စတင်တုန်လှုပ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤဓားချက်က လွန်စွာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသောကြောင့်ပင်။
အပြင်ဘက်တွင်လည်း ရှုရှင်းလီက ခန်းမထဲသို့ သွေးဆာနေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာသည့် ရှုချွမ်းကို ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
ဒါက သူမ၏ အစ်ကိုကြီး ဖြစ်သည်။
ဤလောကတွင် ကျန်ရှိနေသည့် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးသားချင်း။
"အစ်ကိုကြီးက တကယ်ကို သန်မာတာပဲ..." သူမက ပျော်ရွှင်သော အပြုံးလေးဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဤအရာအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
မကြာမီမှာပင် နတ်ဘုရားသတ်ဓားနှင့် ချင်းဝူ၏ ဓားရှည်တို့ အပြင်းအထန် ရိုက်ခတ်မိသွားကြတော့သည်။
"ဘုန်း..."
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ချင်းဝူက သူ၏ဓားရှည်ကြီး နှစ်ပိုင်းပြတ်သွားသည်ကို ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။
ထို့တင်မကသေးဘဲ နတ်ဘုရားသတ်ဓားက ၎င်းဓားရှည်ကို ဖြတ်တောက်ပြီးနောက်တွင်လည်း ၎င်း၏အရှိန်အဟုန်မှာ လျော့ပါးမသွားဘဲ သူ့ထံသို့ ဆက်လက်ဦးတည်လာခဲ့သည်။
"ဘာ..." ချင်းဝူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သူ၏ ကမ္မနယ်ပယ် မူလချီများဖြင့် မြှင့်တင်ထားသည့် မြေကြီးအဆင့် ဓားရှည် က နတ်ဘုရားသတ်ဓား၏ အမြန်နှုန်း ကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
သို့သော် ထိုထိတ်လန့်မှုမှ မရုန်းထွက်နိုင်မီမှာပင် သေမင်း၏ အန္တရာယ်အရိပ်အယောင်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
"မကောင်းတော့ဘူး" သူက မသိစိတ်အရ တားဆီးရန် ကြိုးစားလိုက်သော်လည်း နတ်ဘုရားသတ်ဓားက မြန်ဆန်လွန်းလှပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက သူ့ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သေမင်း၏ ခြိမ်းခြောက်မှုအောက်တွင် ချင်းဝူက သူ၏ မူလချီအားလုံးကို ထုတ်လွှတ်လိုက်ရုံသာမက သွေးလောင်ကျွမ်းခြင်းလျှို့ဝှက်ကျင့်စဉ် ကိုပါ အသုံးပြုကာ ရောက်ရှိလာသည့် နတ်ဘုရားသတ်ဓားကို တားဆီးရန် ကြိုးစားခဲ့သည်။
ဘာဖြစ်လို့လဲဆိုတော့ ဤဓားချက်ကို မတားဆီးနိုင်ပါက သူ သေချာပေါက် သေဆုံးရလိမ့်မည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်သည်။
ဒါက ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ထူးခြားသော အာရုံခံစားမှုပင်။
သို့သော်လည်း ၎င်းက လုံးဝ အဓိပ္ပာယ်မရှိခဲ့ပေ။
"ခုတ်ပစ်စမ်း" ရှုချွမ်း၏ အသံက ထပ်မံထွက်ပေါ်လာသည်။
ထို့နောက် နတ်ဘုရားသတ်ဓားမှ သာ၍ ကြောက်မက်ဖွယ်ကောင်းသော ဓားချီများ ထွက်လာခဲ့သည်။
ချက်ချင်းပင် ၎င်းက ချင်းဝူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး သူ၏ ခုခံကာကွယ်မှုအားလုံးကို ရိုက်ချိုးပစ်လိုက်တော့သည်။
"ဖူး..."
ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ချင်းဝူက ဤဓားချက်အောက်တွင် သွေးမြူမှုန်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရတော့သည်။
ထို့နောက် သွေးမြူမှုန်များထဲမှ စိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး အသည်းအသန် ထွက်ပြေးရန် ကြိုးစားတော့သည်။
ချင်းဝူ၏ စိတ်ဝိညာဉ်တွင် ယခုအချိန်၌ အတွေးတစ်ခုသာ ရှိတော့သည် ထွက်ပြေးရန်။
အတတ်နိုင်ဆုံး ဝေးဝေးသို့ ထွက်ပြေးရန်။
သူ၏ စိတ်ဝိညာဉ်သာ မသေဆုံးပါက သူ အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးသည်။
မီးလျှံတောင်ကြားမှ လူများ သေဆုံးသွားခြင်း ရှိမရှိကိုမူ သူ ဂရုမစိုက်နိုင်တော့ပေ။
သို့သော် ရှုချွမ်းက သူ့ကို ဤအခွင့်အရေး ပေးလိမ့်မည်မဟုတ်ကြောင်း ရှင်းလင်းလှပေသည်။
နောက်ထပ် ဓားချက်တစ်ခုနှင့်အတူ ချင်းဝူ၏ စိတ်ဝိညာဉ်သည် တိုက်ရိုက် ကြေမွသွားခဲ့ပြီး ရှုချွမ်း၏ ဓားချက်အောက်တွင် လုံးဝ ပျက်စီးသွားခဲ့ရတော့သည်။
ဓားချက် နှစ်ချက်တည်းနှင့်တင် ကမ္မနယ်ပယ် ကျွမ်းကျင်သူတစ်ဦး အသတ်ခံလိုက်ရသည်။
ခန်းမထဲရှိ လူတိုင်းက ဤမြင်ကွင်းကို ကြည့်ကာ သူတို့ကိုယ်သူတို့ မယုံကြည်နိုင်ဘဲ မှင်သက်ငေးမောနေကြသည်။
တစ်ပြိုင်နက်တည်းမှာပင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
"တောင်ကြားသခင်... သေသွားပြီလား..."
အချိန်အတော်ကြာမှ အကြီးအကဲတစ်ဦးက သတိဝင်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့၏ မျက်လုံးထဲတွင် ကမ္မနယ်ပယ် အဆင့်၂ရှိသည့် တောင်ကြားသခင်မှာ လွန်စွာ အစွမ်းထက် သော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ စီရင်စုအနည်းငယ်အတွင်း မည်သူမျှ သူ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ရန်သူဂိုဏ်းအချို့၏ ဂိုဏ်းချုပ်များပင် သူ၏အောက်တွင်သာ ရှိကြသည်၊ မဟုတ်လျှင် ထိုဂိုဏ်းများ၏ ဝန်းရံမှုအောက်တွင် မီးလျှံတောင်ကြား ဤမျှကြာအောင် ရပ်တည်နိုင်ခဲ့မည် မဟုတ်ပေ။
သို့သော်လည်း တစ်ချိန်က ဝင့်ကြွားလှသော တောင်ကြားသခင်က နိဗ္ဗာနနယ်ပယ် အဆင့်၁ရှိသည့် လူငယ်တစ်ဦး၏ လက်ထဲတွင် သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ထို့အပြင် မည်သည့် တုံ့ပြန်ခုခံနိုင်စွမ်းမျှမရှိဘဲ ပြိုင်ဘက်ကင်းသော အနေအထားဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
ဤကဲ့သို့သော အစွမ်းက မီးလျှံတောင်ကြားမှ လူများကို စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
အချို့သော သတိမြန်သူများမှာ ချက်ချင်းပင် ထွက်ပြေးရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တောင်ကြားသခင် သေဆုံးသွားပြီဖြစ်၍ မီးလျှံတောင်ကြားက သေချာပေါက် သုတ်သင်ခံရတော့မည်ကို သူတို့ သိနေကြသောကြောင့်ပင်။
သို့သော် ရှုချွမ်းက ဤလူများကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိပေ။
ဘေးအန္တရာယ်ကို အမြစ်ကနေ နှိမ်နင်းရမည်ဟူသော သဘောတရားကို သူ အလွန် ကောင်းမွန်စွာ နားလည်ထားသည်။
ရှုချွမ်းက သူ၏လက်ကို မြှောက်လိုက်ရာ ကောင်းကင်ယံက ချက်ချင်းပင် အရောင်ပြောင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန်များနှင့်အတူ နီရဲတောက်လောင်သွားခဲ့သည်။
ထို့နောက် အဆုံးမရှိသော နေမင်းအစစ်အမှန်မီးတောက် များက ကြွေကျလာသော ကြယ်တံခွန်များကဲ့သို့ မီးလျှံတောင်ကြားရှိ လူတိုင်းအပေါ်သို့ တိကျစွာ ကျရောက်သွားခဲ့တော့သည်။
တစ်ခဏချင်းအတွင်းမှာပင် မီးလျှံတောင်ကြားတစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ဟိန်းထွက်သွားခဲ့ပြီး တကယ့် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မီးလျှံများအောက်မှ မည်သူမျှ မလွတ်မြောက်နိုင်ခဲ့ကြပေ။
သူ့ဘေးတွင်လည်း ရှုရှင်းလီနှင့် ရှုထုံတို့သည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ဝဲလျက် အလွန်အမင်း ကျေနပ်အားရမှုကို ခံစားနေကြရသည်။
"အဖေ... အမေ... သမီးတို့ ကလဲ့စားချေပေးနိုင်ခဲ့ပြီ"
စိုက်ပျိုးသမျှ ရိတ်သိမ်းရစမြဲပင်။ ဤအရာအားလုံးက သူတို့၏ ထိုက်တန်သော ကံကြမ္မာပင် ဖြစ်သည်။
ကျယ်ပြန့်လှသော မီးလျှံတောင်ကြားက နေမင်းအစစ်အမှန်မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် မကြာမီမှာပင် ငြိမ်သက်သွားခဲ့တော့သည်။
၎င်းက နှစ်ပေါင်းထောင်ချီ၍ လက်ဆင့်ကမ်းလာခဲ့သော မီးလျှံတောင်ကြားသည် ယနေ့တွင် လုံးဝပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ပျက်စီးမှုကို ပြုလုပ်ခဲ့သည့် ရှုချွမ်းကမူ သူ့ရှေ့မှ အရာအားလုံးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ဤကမ္ဘာကြီးက ဤကဲ့သို့ပင် ဖြစ်သည်။
သန်မာ သူက အားနည်းသူကို ဝါးမြိုပြီး အားနည်းသူများမှာ စိတ်ကြိုက် နင်းခြေနိုင်သည့် ပုရွက်ဆိတ်များမျှသာ ဖြစ်သည်။
ဤအရာများကို မည်သူမျှ ဂရုစိုက်နေမည် မဟုတ်ပေ။
"သွားကြစို့" သူက နတ်ဘုရားသတ်ဓားကို ပြန်လည်သိမ်းဆည်းရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
ထို့နောက် သူက ရှုရှင်းလီနှင့် ရှုထုံတို့ကို ခေါ်ဆောင်ကာ ရထားလုံးပေါ်သို့ နောက်လှည့်မကြည့်ဘဲ တက်ရောက်ကာ မောင်းနှင်ထွက်ခွာသွားခဲ့တော့သည်။
"ဟုန်တုအကြီးအကဲ... ကျန်တဲ့ ကိစ္စတွေကို ရှင်းလင်းပေးပါဦး" ရှုချွမ်းက ဆိုသည်။
"ဟုတ်ကဲ့ပါ သူတော်စင်သားတော်" ဟုန်တုက ခေါင်းညိတ်ထူးလိုက်ပြီး ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
ထို့နောက် သူက ပြတ်သားစွာ လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအော်ရာ များက လှိမ့်ဆင်းလာသည့် ရေ တံခွန်ကြီးကဲ့သို့ မီးလျှံတောင်ကြား တည်ရှိရာနေရာဆီသို့ ဦးတည်ကျရောက်သွားခဲ့တော့သည်။
"ဘုန်း... ဘုန်း..."
ရထားလုံးထဲရှိ ရှုချွမ်းနှင့် အခြားသူများမှာမူ သူတို့၏နောက်ကွယ်မှ နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများကိုသာ ကြားလိုက်ရတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် မီးလျှံတောင်ကြားက အပူချိန်မြင့်မားလှသော မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။