← Chapters

နှင်းဆီနီ

Vol. 011 Ch. 502

နှင်းဆီနီ

Vol. 011 Ch. 502

အနီရောင်လိပ်ပြာ ရှိနေသည့်အတွက် ချန်းဖန်သည်လည်း သည်နားပတ်လည်တွင် ရှိနေမည်သာ ဖြစ်၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက် သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သည်။ ချန်းဖန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် သူကသာ သူ့ကိုယ်သူ ပုန်းကွယ်လိုလျှင် ဝမ်လင်းအတွက် ရှာရန်ခက်ပေလိမ့်မည်။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်လို့နေ၏။ သူက လက်နှစ်ဖက်ယှက်၍ အနီရောင်လိပ်ပြာကို နှုတ်ဆက်ဟန်ပြုကာ ကျယ်လောင်စွာ ပြောလိုက်၏။ “မတွေ့တာကြာပြီ … ရောင်းရင်းကျင့်ကြံသူ အနီရောင်လိပ်ပြာ …”

သူမက ဝမ်လင်းကို နက်နက်နဲနဲ ကြည့်၍ မျက်စိတစ်မှိတ်အတွင်း ထိုတောင်ကနေ ပျောက်ကွယ်သွားပြီး ဝမ်လင်းရှေ့ ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့သည်။

သူမက နီးကပ်လာပြီးနောက် သူမ၏ ဗလာဟင်းလင်းဖြစ်မှုနှင့် အသိကင်းမဲ့နေသည့် မျက်လုံးက ဝမ်လင်းစိတ်ထဲ၌ ထင်းမှတ်သွားတော့သည်။ သူ့အသွင်က အလွန်ရုပ်ဆိုးလို့ သွား၏။ သူက အနီရောင် လိပ်ပြာမည်သို့ ဖြစ်ပျက်ခဲ့သည်ကို ကြားသိခဲ့ရပြီး ဖြစ်၏။

သို့သော် သည်နေ့က သူသည် သူမနှင့် တိုက်ပွဲပြီးနောက် အစစ်အမှန် ပြန်တွေ့ရခြင်းပင်။

ဝမ်လင်းက အနီရောင်လိပ်ပြာ မျက်လုံးထဲ၌ သေဆုံးခြင်း တစ်ခုကိုသာ တွေ့မြင်နေရသည်။

ခုလက်ရှိ အနီရောင်လိပ်ပြာက လှပနေဆဲဖြစ်သော်လည်း ဝမ်လင်းက သူမ၏ တစ်ခါက ကောင်းကင်သမီးတော် ဖြစ်ခဲ့သည့် ဂုဏ်ယူမောက်မာမှုများကို ထပ်မံ၍ မတွေ့မြင်ရတော့ချေ။

အတိတ်တုန်းက အနီရောင်လိပ်ပြာသည် ရွှမ်ယွဲ့၏ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သူ၊ ကောင်းကင်၏ သမီးတော်အဖြစ် သတ်မှတ်ခံရပြီး နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သူ တစ်ယောက်ပင်။ ထိုအချိန်တုန်းက သူမက ဝမ်လင်းကို ပုရွတ်ဆိတ်တစ်ကောင် အဖြစ်သာ ထင်မှတ်ခဲ့ပြီး သူတို့၏ သေးငယ်သော တွေ့ကြုံမှုကနေ တစ်ဆင့် ပြတ်သား ကြီးကျယ်သည့် တိုက်ပွဲပင် ဖြစ်လာခဲ့ရဖူးသည်။

သည်လိုကိစ္စမျိုး ဖြစ်ပျက်ခဲ့သော်လည်း ဝမ်လင်း စိတ်ထဲ၌ သူမကို လေးစားနေမိတုန်းပင်။ သည်လေးစားမှုက ရန်သူတစ်ယောက်အပေါ် အသိအမှတ်ပြုမှု မည်လေ၏။

အတိတ်တုန်းက ရန်သူကို ခုလိုပုံစံမျိုးဖြင့် တွေ့နေရခြင်းက ဝမ်လင်းကို သက်ပြင်းချမိစေသည်။

အတိတ်တုန်းကနှင့် ခုအချိန် သူမကို နှိုင်းယှဉ်ကြည့်နေရင်း အရင်တုန်းက ဂုဏ်ယူဝင့်ကြွားခဲ့သည့် အနီရောင်လိပ်ပြာကို ပြန်မြင်နေမိသည်။ သူမလိုလူမျိုးများနှင့် တိုက်ခိုက်ရခြင်းက သူ့ကျင့်ကြံမှုအဆင့်ကို ရှေ့သို့ ပိုရောက်စေနိုင်သည် မဟုတ်လား။

ဝမ်လင်းက သက်ပြင်းချမိ၏။ သူက သူ့စိတ်ထဲရှိ အတွေးများကို ပြန်မျိုသိပ်၍ အနီရောင်လိပ်ပြာကို ကြည့်ကာ အော်ပြောလိုက်သည်။ “ချန်းဖန် … ထွက်လာခဲ့တော့ …”

အနီရောင်လိပ်ပြာက ကောင်းကင်ထက်သို့ စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်နေရင်း မတ်တတ်ရပ်လို့နေ၏။

ချန်းဖန်အသံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။ “စန်နူး … ငါ ဒီနေ့မင်းနဲ့ တိုက်ခိုက်ဖို့ အချိန်မရှိဘူး …။ ငါတို့ စိတ်ဝိညာဉ်တောင်မှာ ပြန်တွေ့ကြမယ် …”

ဝမ်လင်းက ရုတ်တရက်လှည့်၍ အကွာအဝေးတစ်ခုရှိ တောင်တစ်လုံးထံသို့ ကြည့်လိုက်သည်။ ထိုတောင်ကနေ အနက်ရောင် မြူခိုးများ ထွက်ပေါ်နေပြီး စိတ်ဝိညာဉ်တောင် ရှိရာသို့ တုန်လှုပ်ဖွယ်နှုန်းဖြင့် တစ်ဟုန်ထိုး သွားနေလေ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့၍ စိတ်ဝိညာဉ်တောင်သို့ သွားရန် ဟန်ပြင်လိုက်၏။

“အနီရောင်လိပ်ပြာ … နင်က စန်နူးနဲ့ ထပ်ပြီး မတိုက်ခိုက်ချင်ဘူးလား …။ ငါ ဒီနေ့နင့်ကို ဒီအခွင့်အရေး ပေးလိုက်မယ် …။ သူ့ကို သတ် …” ချန်းဖန်အသံက အကွာအဝေး တစ်ခုကနေ လွင့်ပြယ်လာပြီးနောက် သူက ပျောက်ကွယ် သွားတော့သည်။

“စန်နူး …။ ဒါက မင်းရဲ့ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့တဲ့ အခွင့်ကောင်းပဲ။ မင်း သူနဲ့ နေလိုက်ပါ …။ ငါက ငါ့စိတ်ဝိညာဉ် အပိုင်းအစ ပြန်ရတာနဲ့ မင်းနဲ့ တိုက်ခိုက်ဖို့ လာခဲ့မယ် …”

အနီရောင်လိပ်ပြာ မျက်လုံးထဲရှိ ဗလာကင်းမှုက ပျောက်ကွယ်သွားပြီး တိုက်ပွဲဆာလောင်စိတ် အစားထိုး ဝင်လာခဲ့သည်။ သူမက ဝမ်လင်းရှေ့သို့ လှုပ်ရှားလိုက်ပြီး သူ့ကိုပိတ်ဆို့ကာ အနီရောင် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်၏။

တစ်ချိန်တည်းမှာပင် အားကောင်းသော အော်ရာက အနီရောင်လိပ်ပြာထံ နေ ပျံ့နှံ့လို့လာ၏။ သည်အော်ရာက ဝမ်လင်းထက် လုံးဝအားနည်းနေခြင်း မရှိဘဲ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များပါ ပါဝင်လို့နေသည်။

သူမ၏ ကျင့်ကြံမှုအဆင့်က ခုထိ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မရောက်သေးသော်လည်း သိပ်တော့ မလိုတော့ချေ။

“စန်နူး …” အနီရောင်လိပ်ပြာထံ ကနေ အေးစက်အသံ ထွက်ပေါ်လာသည်နှင့် အတူ သူမ၏ အေးတိအေးစက် အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာလေ၏။

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား ပြီးနောက် သူမကို ကြည့်သည်။ သူက ချန်းဖန်ကိုရှာရန် အလျင်မလိုချေ။ သူက စိတ်ဝိညာဉ်တောင်က သည်နေရာတွင် ရှိနေလိမ့်မည်လို့ မမျှော်လင့်ထားပေ။ သူတို့က ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ထဲမှာ အမှန်တကယ် ဖြစ်နေခဲ့မည်ဆိုပါက စိတ်ဝိညာဉ်တောင်က တည်ရှိနေတော့မည် မဟုတ်ပေ။

သို့ရာတွင် ခုချိန်၌ သူက စိတ်ဝိညာဉ်တောင်ကို လှမ်းမြင်ခဲ့ရသည့်အခါ၌ ကိစ္စတစ်ခုလုံးက ထူးဆန်းလို့နေသည်ကို ခံစားမိလိုက်၏။ ချန်းဖန်ကတော့ သူ့ကို ထားခဲ့၍ ၎င်းတောင်သို့ သွားရောက်၍ ထောက်လှမ်းလိုနေ၏။

အနီရောင်လိပ်ပြာ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူမက အနီရောင်ဓားကို ဝှေ့ယမ်းလိုက်၏။ ဓားက သူမလက်ထဲကနေ ပျံသန်းထွက်သွားပြီး ဝမ်လင်းဦးခေါင်း ရှိရာသို့ အလင်းတန်းအလား တိုးဝင်လာခဲ့၏။

ဝမ်လင်းက နောက်သို့ ဆုတ်လိုက်၏။ သည့်နောက် သူက သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ သူက အလံကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အတားအဆီးများစွာက ပျံသန်းထွက်လာကြပြီး သူ့ရှေ့တွင် ဒိုင်းအကာအကွယ် တစ်ခုကဲ့သို့ ဖြစ်ပေါ်သွားလေ၏။

အနီရောင်ဓားက အကာအကွယ် အလွှာများပေါ်သို့ ကျရောက်လာသည့်အခါ ပြင်းထန်သော တုန်ခါမှုများကို ဆက်တိုက် ဖြစ်ပေါ်စေ၍ သည်ဧရိယာတစ်လျှောက် ပဲ့တင် ထပ်သွားလေတော့၏။

အနီရောင်လိပ်ပြာက ရှေ့သို့ လျင်မြန်စွာ တိုးဝင်လာနေ၏။ အနီရောင် ရေခဲအပိုင်းတစ်ခုက သူမလက်ထဲတွင် ရှိလို့နေသည်။ အနီရောင်ရေခဲက အေးစက်မှုအော်ရာကို ထုတ်လွှတ်နေပြီး သည်ဧရိယာတစ်ခုလုံးက ယင်းအော်ရာနှင့် ဖုံးလွှမ်းသွားတော့၏။

အနီရောင်လိပ်ပြာက နီးကပ်လာစဉ်တွင် သူမ၏ တိုက်ပွဲဝင်စိတ်ဆန္ဒက ခဏတာ ပျောက်ကွယ်သွား၍ နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခုကို ပြသလာခဲ့သည်။ သူမက နီးကပ်လာနေရင်း တုန်ယင်စွာ ပြောလိုက်၏။

“ငါ့ကို သတ်ပါ …”

သူမပါးစပ်ထဲကနေ ဖျော့တော့သော အသံတစ်ခု ထွက်ပေါ်လာ၏။ သို့သော် သူမမျက်လုံးထဲရှိ ဝမ်းနည်းမှုုကတော့ ပြန်ပျောက်ကွယ်သွားပြီး အားကောင်းသော တိုက်ပွဲဆန္ဒက ပြန်အစားထိုးဝင်လာခဲ့၏။

သူမက အစွမ်းကုန် အသုံးပြု၍ ဝမ်လင်းထံသို့ တိုးဝင် လာခဲ့တော့သည်။

ဝမ်လင်းနှလုံးသားက တုန်ယင်လို့နေသည်။ သူက အနီရောင်လိပ်ပြာ၏ အသံကို ကြားလိုက်သည့်အခါ သူမထံသို့ ကြည့်နေသော သူ့အကြည့်က ရှုပ်ထွေးလို့သွား၏။

အနီရောင်လိပ်ပြာက သူမ၏ ဆင်ခြင်တုံ အသိဉာဏ် လုံးဝ ဆုံးရှုံးသွားခဲ့ပြီး မဟုတ်လား။ ကြည့်ရသည်မှာ သူမထံ၌ ကောင်းစွာ ဖုံးကွယ်ထားသည့် ဆင်ခြင်သိအမျှင်တန်း တစ်ခု ရှိနေသေးသည့်ပုံပင်။

အနီရောင်လိပ်ပြာက အလွန်မောက်မာလှသူ ဖြစ်သည်။ သူမ၏ ဝင့်ကြွားမှုက အရိုးထဲကနေ လာခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာ ရှိနေသည့်အရာပင်။ သူမက မွေးလာကတည်းက နှင်းဆီပန်း တစ်ပွင့်ကဲ့သို့ ဂုဏ်ယူစွာ မွေးဖွားလာခဲ့သူ ဖြစ်၏။

သူမက သည်အသိဉာဏ် အမျှင်တန်းကို ကောင်းစွာသိမ်းထားပြီး ချန်းဖန်၏ ခွေးတစ်ကောင်လို အသက်ရှင်သန်ရသည့်ထက် သေဆုံးချင်နေပေသည်။

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့ထံသို့ တိုးဝင်လာနေသည့် အနီရောင်လိပ်ပြာနှင့် မျက်နှာချင်း ဆိုင်လိုက်၏။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အနားအဆီးအခိုးငွေ့ အမျှင်တန်းများက တောက်ပသွားပြီး သူ့လက်၌ လာရောက်စုဝေးလေ၏။

သည့်နောက် ပေသုံးဆယ်ခန့်ရှည်သည့် လှံရှည်တစ်လက်က သူ့လက်ထဲ၌ ပေါ်လာခဲ့တော့သည်။

လှံရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ဝမ်လင်းမျက်လုံးများက လင်းလက်လို့နေသည်။ သည့်နောက် သူက အနီရောင်လိပ်ပြာကို ကြည့်၍ သူမထံသို့ လှံရှည်ဖြင့် ထိုးသွင်းလိုက်လေ၏။

သည်ထိုးသွင်းချက်ကြောင့် ဖြစ်ပေါ်လာသည့် အသံက တစ္ဆေရာချီ ညည်းသံများနှင့်ပင် ဆင်တူလို့ နေသေးသည်။ လှံထိပ်ကနေ ထွက်ပေါ်လာသည့် အသံက သည်ဧရိယာ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

သူမက အနီရောင်ရေခဲပိုင်းကို ရုတ်တရက် သူမနှဖူးပေါ်သို့ ဖိချလိုက်သည်။ သည်အခိုက်တွင် သူမနှဖူးကနေ အနီရောင် တောက်ပလာပြီးနောက် အနီရောင် ရေခဲလွှာများက သူမနဖူးထက်ကနေ ပျံ့နှံ့လာပြီး အနီ‌ရောင် ဒိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

သည်ဒိုင်းက အေးစက်မှု အော်ရာများနှင့် ဖုံးလွှမ်းလို့နေ၏။ သည်ဒိုင်းကနေ ရောင်ပြန်ဟပ်လာသည့် အလင်းများက သူမကို ပိုမိုလှပစေနေသည်။ ခုလက်ရှိ သူမက ကောင်းကင်ဘုံ စစ်သည်တော် တစ်ယောက်အလား ထင်မှတ်ရလေ၏။ သည့်နောက် ဒိုင်းက အနီ‌ရောင် တောက်ပလာပြီး အနက်ရောင် ကျာပွတ်တစ်ခုက သူမလက်ထဲ၌ ပေါ်လာခဲ့လေ၏။

“စိတ်ဝိညာဉ်ကျာပွတ် …” သည်ကျာပွတ်က သူမ ဝမ်လင်းနှင့် ရင်ဆိုင်ရန် ချန်းဖန် ပေးထားခဲ့ခြင်းပင်။

အနီရောင်လိပ်ပြာ၏ မျက်လုံးများက ထူးဆန်းအလင်းများကို ထုတ်လွှတ်နေပြီး သူမက လက်ထဲရှိ ကျာပွတ်ကို ဆက်ခနဲ လှုပ်ယမ်းလိုက်သည်။ ထိုအခါ ကျာပွတ် ဖြတ်ကျော်သွားသည့် တစ်လျှောက်တွင် တစီစီအသံများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့တော့၏။ ကျာပွတ်က နဂါးတစ်ကောင်ကဲ့သို့ ဝမ်လင်းထံသို့ အလင်းတန်းပမာ တိုးဝင်လာသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက် သူက လှံရှည်ကို တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။ သူက နောက်သို့ဆုတ်၍ ချိပ်တံဆိပ်တစ်ခုကို ဖန်တီးပြီး တစ်စုံတစ်ခုကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်ပါဝင်သည့် လေပြင်းတစ်ခုက လှံထိပ်ဖျားကနေ ထိုးထွက်လို့သွား၏။

စိတ်ဝိညာဉ်ကျာပွတ်နှင့် လှံရှည်တို့က ထိတွေ့မိကြသည်။

ဘုန်း …။

သည်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကနေ တုန်ခါလှိုင်းများ ထွက်ပေါ်လို့သွားလေသည်။ လေပြင်းက တုန်ခါလှိုင်းများ အားလုံးကို အနီရောင်လိပ်ပြာထံသို့ တွန်းထုတ်ပစ်လေ၏။

သည်အရာများ အားလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းပင်။ စိတ်ဝိညာဉ်ကျာပွတ်က လှံရှည်နှင့် ထိခိုက်မိသည့်အခိုက်တွင် ၎င်းက သူမလက်ထဲကနေ ပျံထွက်သွားတော့၏။ စိတ်ဝိညာဉ်ကျာပွတ်က အနက်ရောင်အလင်းတန်း တစ်ခုကဲ့သို့ လှုပ်ရှားသွားပြီး တုန်ခါလှိုင်းများကို ဖြတ်ကျော်ကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။

ပေါက်ကွဲသံတစ်ခုနှင့် အတူ ဝမ်လင်းက နောက်ဘက် ပေတစ်ထောင်ခန့်သို့ အမြန်ဆုတ်လိုက်သည်။ သူ့မျက်လုံးထဲ၌ ထူးဆန်းအလင်းများ ထုတ်လွှတ်နေပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျာပွတ် …”

သည်ကျာပွတ်ကို တစ်ခါတုန်းက သူရခဲ့ဖူးသည်။ သို့သော် သူက ၎င်းကို ရယူပြီးမှ ပြန်ပေးခဲ့လိုက်ရ၏။ ခုချိန်၌ သူက သည်ကျာပွတ်ကို ထပ်မံ၍ တွေ့ရှိပြန်သည်။ သူက သည်တစ်ကြိမ်တွင်တော့ ၎င်းကို သိမ်းယူရတော့မည် ဖြစ်၏။

အနီရောင်လိပ်ပြာက လေကြမ်းကြောင့် နောက်သို့ ဆုတ်သွားခဲ့ရ၏။ သူမအနီရောင်ဒိုင်းကနေ အေးစက်သော အော်ရာက ထွက်ပေါ်လာပြီးရှေ့သို့ ချဲ့ထွက်သွားတော့၏။ အက်ကွဲသံများ လှိုင်းများကပင် ကြားရပြီး ကြမ်းကြုတ်သည့် ရေခဲရုပ်များက သူမရှေ့ရှိ လေထဲတွင် ပေါ်လာခဲ့သည်။

သည်အေးစက်သည့် အော်ရာက တုန်ခါလှိုင်းများကိုပင် အေးခဲသွားစေ၏။

ဝမ်လင်းမျက်လုံးက အေးစက်လာပြီး သူက ဒိုင်းကို စူးစိုက်ကြည့်လိုက်၏။

အနီရောင်လိပ်ပြာက လက်မြှောက်ကာ သူမရှေ့ရှိ ရေခဲရုပ်ကို ညွှန်လိုက်သည်။ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ရေခဲရုပ်များ၏ အပြင်အလွှာတွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။ သည်အက်ကြောင်းများက ရူးသွပ်ဖွယ် ချဲ့ထွင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ရေခဲရုပ်များပေါ်၌ ချောမွတ်သည့်မျက်နှာပြင် ဟူ၍ မရှိတော့ချေ။ ပေါက်ကွဲသံတစ်ချက်နှင့် အတူ ၎င်းတို့က ပြန့်ကျဲပြိုပျက် သွားကြတော့သည်။

“ငါ့ကို သတ်ပါ …” အနီရောင် လိပ်ပြာအသွင်က ရုန်းကန်နေရဟန် ဖြစ်ပေါ်နေ၏။ သူ့မျက်နှာက နာကျင်မှုနှင့် ပြည့်နေခဲ့သည်။

သည်အခိုက်တွင် သူမပတ်လည်တွင် ကျာပွတ်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလပြီးနောက် အေးစက်စက် အော်ရာလှိုင်းများကို ထုတ်လွှတ်လို့နေ၏။

ဝမ်လင်းက အနီရောင်လိပ်ပြာကို ကြည့်၍ တိတ်တဆိတ် ခေါင်းညိတ်ပြသည်။ သူက သိုလှောင်အိတ်ထဲက ပုဆိန်တစ်ခုကို ထုတ်ယူလိုက်၏။ သည်ပုဆိန်ပေါ်လာ ပြီးချင်းချင်း ကောင်းကင်က နက်မှောင်လို့လာခဲ့သည်။ အလင်းအားလုံးက သည်ပုဆိန်သွားပေါ်၌ စုဝေးလာကြလေ၏။

ဝမ်လင်းရှိ ပုဆိန်ထံကနေ ခရမ်းရောင် လျှပ်စီးတန်းမျှင်များ လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ထံကနေ အက်ကွဲသံများ ဆက်တိုက် ထုတ်လွှတ်လို့လာ၏။ သည်အခိုက်တွင် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့် တိုက်ပွဲစိတ်ဆန္ဒက သူ့စိတ်ထဲ၌ ပေါ်ထွက်လာခဲ့သည်။

သည်ပုဆိန်က ဘီလူးနတ်ဆိုးကလန် ဘိုးဘေးမသေခင် ဆင့်ခေါ်ခဲ့သည့် အရာဖြစ်သည်။ ၎င်းက ကျောက်နိုင်ငံ၏ အလောင်းကောင် ကလန်အောက်ခြေတွင် ပိတ်လှောင်ထားသည့် ဘီလူးနတ်ဆိုးကလန် တည်ထောင်သူ ဘိုးဘေး၏ လက်နက်ပင် ဖြစ်သည်။ ဝမ်လင်းက ၎င်းပုဆိန်ကို ရလာပြီးနောက် ပုံမှန်အားဖြင့် သူ့မူလခန္ဓာကိုယ် အသုံးပြုရန် ရည်ရွယ်ထားခဲ့ပေသည်။ သို့ရာတွင် ခုချိန်၌ ကောင်းကင်ဘုံဓားက သူ့ဓားစိတ်ဝိညာဉ်မရှိသည့် အတွက် အင်ပြည့်အားပြည့် စွမ်းအင်ကို ထုတ်ဖော်နိုင်ခြင်း မရှိဖြစ်နေသည်။ သူက စိတ်ဝိညာဉ်ဆယ်သန်း အလံကိုလည်း အသုံးမပြုချင်သည့် အတွက် သူ့စွမ်းအားပြည့် ထုတ်ဖော်ရန် သည်ပုဆိန်က အကောင်းဆုံးလက်နက် ဖြစ်လို့နေခဲ့သည်။

အနီရောင်လိပ်ပြာက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း ပါးစပ်ဟလာခဲ့သည်။ အနီရောင်အလင်းတန်း တစ်ခုက သူမပါးစပ်ထဲကနေ ထွက်ပေါ်လာပြီး အနီရောင်နှင်းဆီ သလင်းကျောက်အသွင်သို့ ဖြစ်တည်သည်။ သည်နှင်းဆီက သူမရှေ့၌ စတင် မျောလွင့်လာခဲ့သည်။

ထို့နောက် ၎င်းနှင်းဆီက ပွင့်ဟလို့လာ၏။ ၎င်းက ဖူးပွင့်လာချင်းချင်း အနီရောင် အခိုးငွေ့တစ်ခုက ၎င်းပန်းပွင့်ကနေ ထွက်ပေါ်လာပြီး အနီရောင်လိပ်ပြာနှင့် ချွတ်ဆွတ်တူသည့် ပုံရိပ်တစ်ခုက သည်အခိုးငွေ့ကြားတွင် ပေါ်ထွက်လာခဲ့သည်။

သည်ပုံရိပ်က ဝင့်ကြွားခြင်းနှင့် ပြည့်နှက်လို့နေသည်။ ၎င်းက ဝမ်လင်းသိရှိခဲ့သော အတိတ်တုန်းက အနီရောင်လိပ်ပြာနှင့် တစ်ပုံစံတည်းပင်။

“စန်နူး … အခုလုပ်တော့ …” အနီရောင် အခိုးငွေ့ကြားရှိ အနီရောင်လိပ်ပြာက ဂုဏ်ယူ ဝင့်ကြွားခြင်းများ ပြည့်နေပြီး ဝမ်လင်းကို ကြည့်လို့နေလေ၏။

***

All Chapters